မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံမှန်ဘဝ ပြန်ရနိုင်ပါဦးမလား။ ကပ်ရောဂါကာလပြီးတဲ့နောက် အပြောင်းအလဲတွေကို ရင်ဆိုင်နိုင်ဖို့ ကျမ်းစာ ဘယ်လို ကူညီပေးနိုင်သလဲ

ပုံမှန်ဘဝ ပြန်ရနိုင်ပါဦးမလား။ ကပ်ရောဂါကာလပြီးတဲ့နောက် အပြောင်းအလဲတွေကို ရင်ဆိုင်နိုင်ဖို့ ကျမ်းစာ ဘယ်လို ကူညီပေးနိုင်သလဲ

 “ကျွန်မတို့အားလုံး ပုံမှန်ဘဝမျိုး ပြန်လိုချင်ကြတယ်။”—အိန်ဂျလာ မာကဲလ်၊ ဂျာမန် ဝန်ကြီးချုပ်။

 တစ်ကမ္ဘာလုံး ကိုဗစ် ၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့နေလို့ သင်လည်း အဲဒီလို တွေးမိမှာပဲ။ “ပုံမှန်” ဘဝဆိုတာ ဘာလဲ။ လူတွေ ဘာလုပ်ချင်ကြသလဲ။

  •   အရင်လို ပြန်နေထိုင်ချင်ကြတယ်။ တစ်ယောက်ကို တစ်ယောက် ဖက်ပြီး နှုတ်ဆက်လို့ ရတဲ့၊ ခရီးထွက်လို့ ရတဲ့ ဘဝမျိုး ပြန်လိုချင်ကြတယ်။ “ပုံမှန်ဘဝအတိုင်း ပြန်နေထိုင်တယ်” ဆိုတာ “စားသောက်ဆိုင် ထိုင်တာ၊ ကဇာတ်ရုံ သွားတာ စတာတွေကို” ဆိုလိုတယ်လို့ ဒေါက်တာ အန်သိုနီ ဖော်ချီ a ပြောတယ်။

  •   ဘဝကို တိုးတက်စေချင်ကြတယ်။ အရင်ကထက် ပိုကောင်းတဲ့ “ပုံမှန်ဘဝသစ်” စဖို့ အခွင့်ကောင်းပဲဆိုပြီး လူတချို့ ယူဆကြတယ်။ ဖိစီးမှုများတဲ့ အလုပ်၊ လူလူချင်း နှိမ်တာ၊ စိတ်ကျန်းမာရေး ချို့ယွင်းမှု များလာတာတွေကို ဒီလောကထဲကနေ ဖယ်ရှားပစ်ရမယ်လို့ ထင်ကြတယ်။ “ကပ်ရောဂါက လက်ရှိလောကကို ပြန်တွေးတောဖို့၊ ပြန်ဆန်းသစ်ဖို့၊ ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေး ရစေတယ်” လို့ ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို တည်ထောင်သူ ကလော့ဇ် ရွှက် ဆိုတယ်။

 ကပ်ရောဂါကြောင့် အထိနာခဲ့ကြလို့ “ပုံမှန်” ဘဝ ပြန်ရဖို့ မဖြစ်နိုင်တော့ဘူးဆိုပြီး ယူဆသူတွေလည်း ရှိတယ်။ လူအတော်များများ အလုပ်ပြုတ်သွားတယ်။ အိမ် ဆုံးရှုံးသွားတယ်။ ကျန်းမာရေး ထိခိုက်သွားတယ်။ အဲဒါတွေထက် ချစ်ရသူတွေ သေဆုံးသွားတာက ပိုဆိုးတယ်။

 ကပ်ရောဂါကာလပြီးသွားတဲ့နောက် ဘဝဟာ ဘယ်လို ပြန်ဖြစ်မလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ (ဒေသနာ ၉:၁၁) ဒါပေမဲ့ အရှိကို အရှိအတိုင်း ရှုမြင်ပြီး ဘာပဲဖြစ်ဖြစ် ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ကျမ်းစာ ကူညီပေးနိုင်တယ်။ ဒါ့အပြင် သေချာတဲ့ အနာဂတ်၊ တစ်ခါမှ မတွေးဖူးတဲ့ အနာဂတ်မျိုး ဖြစ်လာမယ်လို့လည်း ကျမ်းစာက ဖော်ပြတယ်။

ကိုဗစ် ၁၉ ကပ်ရောဂါနဲ့ပတ်သက်ပြီး အမြင်မှန် ရှိပါ

 “လောကစနစ် နိဂုံးပိုင်း” မှာ “ကပ်ရောဂါဘေးတွေ” ဖြစ်လာမယ်လို့ ကျမ်းစာမှာ ရှေးကတည်းက ကြိုဟောထားတယ်။ (လုကာ ၂၁:၁၁။ မဿဲ ၂၄:၃) ဖြစ်လာမယ်လို့ ကျမ်းစာမှာ ကြိုဟောထားတဲ့ စစ်၊ မြေငလျင်၊ အစာခေါင်းပါးမှု စတဲ့ နိမိတ်တွေထဲမှာ ကိုဗစ် ၁၉ ကပ်ရောဂါလည်း ပါဝင်တယ်။

 ဒါကို သိထားခြင်းရဲ့ အကျိုးကျေးဇူး။ လက်ရှိ ကပ်ရောဂါ အခြေအနေတွေ သက်သာလာနိုင်ပေမဲ့ “အလွန် ခက်ခဲကျပ်တည်း” တဲ့ ကာလမှာ ကျွန်တော်တို့ အသက်ရှင်နေတယ်လို့ ကျမ်းစာက သတိပေးတယ်။ (၂ တိမောသေ ၃:၁) ဒါကို သိထားတာက လက်ရှိအခက်အခဲတွေကြား အမြင်မှန် ရှိစေတယ်။

 ကျမ်းစာက လက်ရှိ ခက်ခဲကျပ်တည်းတဲ့ ခေတ်ဟာ စပ်ကူးမပ်ကူးအချိန်မှာ ရောက်နေတယ်ဆိုတဲ့ အမြင်မှန် ရှိစေတယ်။ ဘယ်လို အကူးအပြောင်းမျိုးလဲ။

ကပ်ရောဂါကာလပြီးတဲ့နောက် မထင်ထားတဲ့ အနာဂတ်

 ကြုံနေရတဲ့ အခက်အခဲတွေအပြင် ပိုကောင်းတဲ့ ကမ္ဘာ ဖြစ်လာဖို့ နီးပြီလို့လည်း ကျမ်းစာက ကြိုဟောထားတယ်။ ဘုရားသခင်သာ ပြုလုပ်ပေးနိုင်တဲ့၊ လူ့အစိုးရတွေ လုံးဝ လက်လှမ်းမမီနိုင်တဲ့ အနာဂတ်မျိုး ဖြစ်လာတော့မယ်။ “ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်း ရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။”—ဗျာဒိတ် ၂၁:၄

 “အရာခပ်သိမ်းကို ငါ အသစ်ဖန်ဆင်းနေတယ်” လို့ ယေဟောဝါဘုရား b ကတိပေးတယ်။ (ဗျာဒိတ် ၂၁:၅) ကပ်ရောဂါကြောင့် ပိုဆိုးလာတဲ့ ကမ္ဘာ့ပြဿနာတွေကို ဘုရားသခင် ဖြေရှင်းပေးမယ်။ အောက်ပါအတိုင်း ဘုရား လုပ်ဆောင်ပေးမယ်။

  •   စိတ်ရော ကိုယ်ခန္ဓာပါ ဒေါင်ဒေါင်မြည် ကျန်းမာလာမယ်။ သေခြင်း ရှိတော့မှာ မဟုတ်ဘူး။—ဟေရှာယ ၂၅:၈။ ၃၃:၂၄

  •   ဖိစီးမှုနဲ့ ပင်ပန်းနွမ်းလျမှု ကင်းတဲ့၊ စိတ်ကျေနပ်မှု ပေးတဲ့ အလုပ်အကိုင်တွေ ရှိလာမယ်။—ဟေရှာယ ၆၅:၂၂၊ ၂၃

  •   ဆင်းရဲမွဲတေမှု၊ ငတ်မွတ်ခေါင်းပါးမှု မရှိတော့ဘဲ လူတိုင်း ကောင်းစားကြွယ်ဝလာမယ်။—ဆာလံ ၇၂:၁၂၊ ၁၃။ ၁၄၅:၁၆

  •   စိတ်ဒဏ်ရာတွေ သက်သာပျောက်ကင်းသွားမယ်။ ကွယ်လွန်ခဲ့တဲ့ ချစ်ခင်ရသူတွေ အသက်ပြန်ရှင်လာတာကို မြင်တွေ့ရမယ်။—ဟေရှာယ ၆၅:၁၇။ တမန်တော် ၂၄:၁၅

 ဒါကို သိထားခြင်းရဲ့ အကျိုးကျေးဇူး။ “အဲဒီမျှော်လင့်ချက်ဟာ ကျွန်တော်တို့အတွက် ကျောက်ဆူးလို ခိုင်ခံ့မြဲမြံနေတယ်” လို့ ကျမ်းစာက ဆိုတယ်။ (ဟီဘရူး ၆:၁၉) ဒီလို ပိုကောင်းတာတွေကို မျှော်လင့်ထားတဲ့အတွက် ကျွန်တော်တို့ ကြံ့ကြံ့ခံ ရပ်တည်နိုင်တယ်။ ခက်ခဲတဲ့ အခြေအနေကို ရင်ဆိုင်ဖို့၊ စိုးရိမ်သောက နည်းစေဖို့၊ စိတ်တည်ငြိမ်ပျော်ရွှင်ဖို့ ကူညီပေးတယ်။

 ဒါပေမဲ့ ကျမ်းစာကတိတွေကို ယုံကြည်လို့ ရပါ့မလား။ “သမ္မာကျမ်းစာ—ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်” ဆောင်းပါးကို ကြည့်ပါ။

ကပ်ရောဂါကာလပြီးတဲ့နောက် စပ်ကူးမပ်ကူးအချိန်အတွင်း လိုက်နာရမယ့် ကျမ်းစာအခြေခံမူများ

  •   အသက်ကို တန်ဖိုးထားပါ

     ကျမ်းချက်။ ‘ဉာဏ်ပညာက ကာကွယ်ပေးတယ်။’—ဒေသနာ ၇:၁၂

     သက်ဆိုင်ပုံ။ အဖျားရောဂါ နည်းစေဖို့ ဉာဏ်ပညာရှိရှိ ဆုံးဖြတ်လုပ်ကိုင်ပါ။ ကိုယ့်ဒေသအခြေအနေကို သိထားပါ။ ကျန်းမာရေးနဲ့ ဘေးကင်းရေး လမ်းညွှန်ချက်၊ ဒေသတွင်း ရောဂါကူးစက်နှုန်း၊ ကာကွယ်ဆေး အပြည့်အဝ ထိုးထားတဲ့ နှုန်းကို သိထားပါ။

  •   သတိရှိရှိ နေပါ

     ကျမ်းချက်။ “ဉာဏ်ပညာရှိသူက သတိကြီးတယ်။ မကောင်းမှုကို ရှောင်တတ်တယ်။ လူမိုက်ကတော့ တဇောက်ကန်း လုပ်တတ်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချလွန်းတယ်။”—ပညာအလိမ္မာ ၁၄:၁၆

     သက်ဆိုင်ပုံ။ ကျန်းမာနေဖို့ အမြဲ ဂရုစိုက်ပါ။ ကိုရိုနာ ဗိုင်းရပ်စ်ဟာ အချိန်အတော်ကြာ ဆက်ရှိနေဦးမယ်လို့ ကျန်းမာရေး ပညာရှင်တွေ ယူဆကြတယ်။

  •   စိတ်ချရတဲ့ သတင်းအချက်အလက်ကိုပဲ လက်ခံပါ

     ကျမ်းချက်။ “ရိုးအတဲ့သူက ပြောသမျှ ယုံတတ်တယ်။ အမြော်အမြင် ရှိသူကတော့ ခြေလှမ်းတိုင်းကို စဉ်းစားဆင်ခြင်တတ်တယ်။”—ပညာအလိမ္မာ ၁၄:၁၅

     သက်ဆိုင်ပုံ။ အကြံပြုချက်တွေကို အသေအချာ စစ်ဆေးပြီးမှ လိုက်နာပါ။ သင့်ရဲ့ ရွေးချယ်မှုက အရေးကြီးတယ်။ သတင်းအမှားတွေကို ယုံပြီး လိုက်နာရင် ကျန်းမာရေး ထိခိုက်နိုင်တယ်။

  •   အပြုသဘော ရှိပါ

     ကျမ်းချက်။ “အရင်ခေတ်က အခုခေတ်ထက် ပိုကောင်းတယ်” လို့ မပြောပါနဲ့။ အဲဒီလိုပြောတာက ဉာဏ်ပညာ ရှိရာ မရောက်ဘူး။”—ဒေသနာ ၇:၁၀

     သက်ဆိုင်ပုံ။ လက်ရှိအခြေအနေမှာ နေတတ်အောင် ကြိုးစားပါ။ ကပ်ရောဂါ မတိုင်ခင်က အခြေအနေကို တသသဖြစ်နေတာ၊ ကပ်ရောဂါ စည်းကမ်းချက်တွေကြောင့် မလုပ်နိုင်ခဲ့တာတွေကိုပဲ တနုံ့နုံ့ တွေးနေတာကို ရှောင်ပါ။

  •   တခြားသူတွေကို လေးစားပါ

     ကျမ်းချက်။ “လူအမျိုးမျိုးကို လေးစားကြပါ။”—၁ ပေတရု ၂:၁၇

     သက်ဆိုင်ပုံ။ ကပ်ရောဂါနဲ့ ဆိုးကျိုးတွေကို တုံ့ပြန်ပုံချင်း မတူကြဘူး။ တခြားသူတွေရဲ့ အမြင်ကို လေးစားပါ။ ဒါပေမဲ့ ကိုယ့်ဆုံးဖြတ်ချက်အတိုင်း လိုက်နာပါ။ ကာကွယ်ဆေး မထိုးတဲ့သူ၊ အသက်ကြီးသူ၊ ရောဂါအခံ ရှိသူတွေကို ထောက်ထားစာနာပါ။

  •   စိတ်ရှည်ပါ

     ကျမ်းချက်။ “မေတ္တာဟာ စိတ်ရှည်တတ်တယ်။”—၁ ကောရိန္သု ၁၃:၄

     သက်ဆိုင်ပုံ။ အရင်တုန်းက ပုံမှန်လုပ်ခဲ့တာတွေကို မလုပ်ရဲတော့ဘူးလို့ ပြောတဲ့သူတွေကို နားလည်ပေးပါ။ ကပ်ရောဂါ စည်းကမ်းချက်တွေကို ဖြေလျှော့လိုက်တဲ့အတွက် ကိုယ်လုပ်ချင်တဲ့အရာတွေကို လုပ်တဲ့အခါမှာလည်း စိတ်ရှည်ပါ။

ကပ်ရောဂါကို ခံရပ်နိုင်ဖို့ ကျမ်းစာ ကူညီပေးပုံ

 တောက်ပတဲ့ အနာဂတ်အကြောင်း ကျမ်းစာကတိတွေက ယေဟောဝါသက်သေတွေကို စိတ်သက်သာရာ ရစေတယ်၊ ကပ်ရောဂါကိုပဲ အာရုံမစိုက်ဖို့ ကူညီပေးတယ်။ ဒါ့အပြင် ပုံမှန် စုဆုံဝတ်ပြုဖို့ ကျမ်းစာ မိန့်မှာတာကို လိုက်နာပြီး အချင်းချင်း ထောက်မကြတယ်။ (ဟီဘရူး ၁၀:၂၄၊ ၂၅) ကပ်ရောဂါကာလအတွင်း ဗီဒီယို ချိတ်ဆက်မှုနဲ့ ကျင်းပတဲ့ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေကို လာတက်ဖို့ လူတိုင်းကို ဖိတ်ခေါ်ပါတယ်။

 ဒီခက်ခဲတဲ့အချိန်မှာ ယေဟောဝါသက်သေတွေနဲ့ အတူစုဝေး ဝတ်ပြုတဲ့အတွက် အကျိုးခံစားရတယ်လို့ လူအတော်များများ ယူဆကြတယ်။ ဥပမာ၊ ကိုဗစ် ၁၉ ရောဂါကူးစက်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်က ဗီဒီယို ချိတ်ဆက်မှုနဲ့ ကျင်းပတဲ့ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေး တက်ဖို့ ဖိတ်ခေါ်ခံရတယ်။ သူဟာ ကျန်းမာရေး ချို့တဲ့နေပေမဲ့ ဒီအစည်းအဝေးတွေကြောင့် စိတ်သက်သာရာရတယ်။ “ကိုယ့်မိသားစုလိုပဲ ခံစားတယ်။ ကျမ်းစာ ဖတ်တဲ့အခါ ကျွန်မ စိတ်ငြိမ်သက်လာတယ်။ ကိုယ့်ပြဿနာကိုပဲ တွေးနေမယ့်အစား အနာဂတ် မျှော်လင့်ချက်ကို အာရုံစိုက်တတ်လာတယ်။ ဘုရားနဲ့ ရင်းနှီးချင်တဲ့ ဆန္ဒ အခုမှပဲ ပြည့်သွားလို့ ကျေးဇူးတင်လိုက်တာ” ဆိုပြီး သူ ပြောတယ်။

a ဓာတ်မတည့်မှုနဲ့ ကူးစက်ရောဂါဆိုင်ရာ ယူအက်စ် အမျိုးသားတက္ကသိုလ် ဒါရိုက်တာ။

b ယေဟောဝါဆိုတာ ကျမ်းစာမှာပါတဲ့ ဘုရားသခင့်နာမည် ဖြစ်တယ်။—ဆာလံ ၈၃:၁၈