သတိနဲ့ စောင့်နေကြပါ
ကိုဗစ်ကြောင့် လူ ၆ သန်းကျော် သေဆုံး—ဒါနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာအဆိုက ဘာလဲ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အဆိုအရ ၂၀၂၂၊ မေ ၂၃ ရက်အထိဆိုရင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူပေါင်း ၆.၂၇ သန်း ရှိခဲ့ပြီ။ ဒါပေမဲ့ ၂၀၂၂၊ မေ ၅ ရက်မှာ ထုတ်ပြန်တဲ့ သတင်းအရ အဲဒီအရေအတွက်ထက် ပိုများနိုင်တယ်လို့ WHO ခန့်မှန်းတယ်။ ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း “ကိုဗစ်-၁၉ ကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ သေဆုံးခဲ့သူပေါင်း ၁၄.၉ သန်းခန့် ရှိတယ်။” ဒီလို ဝမ်းနည်းစရာ အဖြစ်ဆိုးတွေနဲ့ပတ်သက်ပြီး ကျမ်းစာအဆိုက ဘာလဲ။
ကပ်ရောဂါဆိုးတွေ ဖြစ်မယ်လို့ ကျမ်းစာမှာ ကြိုဟောထား
“နောက်ဆုံးကာလ” လို့ခေါ်တဲ့ အချိန်ကာလအတွင်းမှာ အစာခေါင်းပါးမှုတွေ၊ “အနာရောဂါ ကပ်သင့်ခြင်း” ဒါမှမဟုတ် ကပ်ရောဂါဘေးတွေ ဖြစ်မယ်လို့ ယေရှု ကြိုဟောခဲ့တယ်။—လုကာ ၂၁:၁၁၊ ခေတ်သုံးမြန်မာ သမ္မာကျမ်းစာ။ ၂ တိမောသေ ၃:၁။
ယေရှုရဲ့ ကြိုဟောချက်တွေ အခုအချိန်မှာ ပြည့်စုံနေပါတယ်။ ပိုသိနိုင်ဖို့ “‘နောက်ဆုံးကာလ၊’ ‘အဆုံးပိုင်းကာလ’ ရဲ့ နိမိတ်က ဘာလဲ” ဆောင်းပါးကို ဖတ်ပါ။
ကျမ်းစာကနေ နှစ်သိမ့်မှု ရရှိနိုင်
“ဘုရားသခင်ဟာ . . . နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ အရှင်ပဲ။ ကျွန်တော်တို့ ဆင်းရဲဒုက္ခအမျိုးမျိုး ခံရတဲ့အခါ ဘုရားသခင် နှစ်သိမ့်ပေးတယ်။”—၂ ကောရိန္သု ၁:၃၊ ၄။
ချစ်ရသူကို သေခြင်းမှာ ဆုံးရှုံးသွားသူများစွာဟာ ကျမ်းစာကနေ နှစ်သိမ့်မှု ရကြတယ်။ ပိုသိနိုင်ဖို့ “ဝမ်းနည်းပူဆွေးမှုကို ရင်ဆိုင်ဖြေရှင်းခြင်း—ယခု လုပ်ဆောင်နိုင်ရာ” ဆောင်းပါးနဲ့ “ဝမ်းနည်းပူဆွေးသူများအတွက် အကောင်းဆုံး အကူအညီ” ဆောင်းပါးကို လေ့လာကြည့်ပါ။
ကျမ်းစာမှာ ရေရှည်ဖြေရှင်းနည်းကို ဖော်ပြထား
“နိုင်ငံတော် လာပါစေ။ အလိုတော်ဟာ ကောင်းကင်မှာ ပြည့်စုံသလို ကမ္ဘာမြေမှာလည်း ပြည့်စုံပါစေ။”—မဿဲ ၆:၁၀။
“ပြည်သူပြည်သားတွေက ‘နေမကောင်းဘူး’ လို့ မညည်းရတော့” မယ့် အခြေအနေမျိုး ဖြစ်အောင် “ဘုရားသခင်ရဲ့ နိုင်ငံတော်” က မကြာခင် လုပ်ဆောင်ပါတော့မယ်။ (မာကု ၁:၁၄၊ ၁၅။ ဟေရှာယ ၃၃:၂၄) ကောင်းကင်မှာ တည်ရှိတဲ့ အစိုးရအကြောင်း၊ ဘာတွေ လုပ်ဆောင်ပေးမယ့်အကြောင်း သိနိုင်ဖို့ ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ ဗီဒီယိုကို ကြည့်ပါ။
ကျမ်းစာ အဆိုတွေကို ထပ်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်။ ဒီလို လုပ်မယ်ဆိုရင် သင်နဲ့ သင့်မိသားစုဟာ သမ္မာကျမ်းစာမှာပါတဲ့ အကြံဉာဏ်ကောင်းတွေ၊ ကတိတော်တွေကနေ အကျိုးရရှိပါလိမ့်မယ်။