မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

Pawel Gluza/500Px Plus/Getty Images

သတိနဲ့ စောင့်နေကြပါ

နှစ် ၅၀ အတွင်း တောရိုင်းတိရစ္ဆာန် ၇၃ ရာခိုင်နှုန်း လျော့နည်းလာ—ကျမ်းစာအဆိုက ဘာလဲ

နှစ် ၅၀ အတွင်း တောရိုင်းတိရစ္ဆာန် ၇၃ ရာခိုင်နှုန်း လျော့နည်းလာ—ကျမ်းစာအဆိုက ဘာလဲ

 ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၉ ရက်မှာ ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့က လူတွေကြောင့် တောရိုင်းတိရစ္ဆာန်တွေ ထိခိုက်မှုနဲ့ပတ်သက်ပြီး စိုးရိမ်စရာ သတင်းတစ်ခု ထုတ်ပြန်တယ်။ “နှစ် ၅၀ (၁၉၇၀-၂၀၂၀) အတွင်း စောင့်ကြည့်ခံ တောရိုင်းတိရစ္ဆာန် အရေအတွက်ဟာ ပျမ်းမျှ ၇၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်” လို့ ဖော်ပြထားတယ်။ “နောက်ငါးနှစ်အတွင်း ဘာတွေလုပ်ဆောင်မလဲဆိုတာက ကမ္ဘာမြေပေါ်က သက်ရှိတွေရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးလိမ့်မယ်။ ဒါက ပုံကြီးချဲ့ပြီး ပြောနေတာ မဟုတ်ဘူး” လို့လည်း သတိပေးထားတယ်။

 ဒီလိုသတင်းတွေကြောင့် လူတွေ စိုးရိမ်ထိတ်လန့်သွားတာ မဆန်းပါဘူး။ ကျွန်တော်တို့ဟာ လှပတဲ့ ကမ္ဘာမြေကို ချစ်ကြတယ်၊ တောရိုင်းတိရစ္ဆာန်တွေ ပျောက်ကွယ်သွားတာမျိုး မဖြစ်စေချင်ဘူး။ ဒီလိုခံစားရတာက ကျွန်တော်တို့ရဲ့ ပင်ကိုစိတ်မှာ တိရစ္ဆာန်တွေကို ကြည့်ရှုစောင့်ရှောက်ချင်စိတ် ဘုရား ထည့်သွင်းထားလို့ပါ။—ကမ္ဘာဦး ၁:၂၇၊ ၂၈။ ပညာအလိမ္မာ ၁၂:၁၀

 အခုလို စဉ်းစားမိနိုင်တယ်– ‘ကမ္ဘာ့တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်ပေးနိုင်ပါ့မလား။ ဒါနဲ့ပတ်သက်ပြီး ကျမ်းစာအဆိုက ဘာလဲ။’

အနာဂတ် မျှော်လင့်ချက်

 တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ထိန်းသိမ်းဖို့ လူသားတွေ ဘယ်လောက်ပဲ ကြိုးစားကြိုးစား တကယ်တမ်း စောင့်ရှောက်ပေးနိုင်သူကတော့ ဘုရားသခင်ပါပဲ။ ဗျာဒိတ် ၁၁:၁၈ မှာ ဘုရားသခင်က “ကမ္ဘာမြေကို ဖျက်ဆီးတဲ့သူတွေကို ဖျက်ဆီး” မယ်လို့ ကြိုပြောထားတယ်။ ဒီကျမ်းပိုဒ်ကနေ အချက်နှစ်ခု သိရတယ်။

  1.  ၁။ လူတွေကြောင့် ကမ္ဘာမြေ လုံးလုံးပျက်စီးသွားတဲ့ အဖြစ်မျိုး ဘုရား ခွင့်ပြုမှာ မဟုတ်ဘူး။

  2.  ၂။ မကြာခင် ဘုရားသခင် ကြားဝင်ဖြေရှင်းပေးတော့မယ်။ ဘယ်လိုသိရသလဲ။ လူ့သမိုင်းတစ်လျှောက်မှာ အခုအချိန်လောက် လူတွေရဲ့လက်ချက်နဲ့ တိရစ္ဆာန်တွေ အန္တရာယ်ကျရောက်နေတာမျိုး မရှိခဲ့ဘူးလို့ပါ။

 ဒီပြဿနာကို ဘုရား ဘယ်လို ဖြေရှင်းပေးမလဲ။ ကောင်းကင်မှာတည်ထောင်တဲ့ နိုင်ငံတော်အစိုးရကို သုံးပြီး ဖြေရှင်းပေးမှာ ဖြစ်တယ်။ (မဿဲ ၆:၁၀) ဒီအစိုးရက ကမ္ဘာတစ်ခုလုံးကို အုပ်ချုပ်မယ်။ နာခံမှုရှိတဲ့ လူသားတွေကို ကမ္ဘာ့တောရိုင်းတိရစ္ဆာန်တွေကို ကြည့်ရှုစောင့်ရှောက်တတ်ဖို့ လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်တယ်။—ဟေရှာယ ၁၁:၉