သတိနဲ့ စောင့်နေကြပါ
နိုင်ငံရေးသမားတွေကို လူတွေ အယုံအကြည် ကင်းမဲ့လာ—ကျမ်းစာအဆိုက ဘာလဲ
၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း နိုင်ငံအများစုမှာ ရွေးကောက်ပွဲတွေ ကျင်းပကြမယ်။ ဒါပေမဲ့ လူအများစုကတော့ နိုင်ငံရေးသမားတွေကို အယုံအကြည် ကင်းမဲ့နေပြီ။
‘နိုင်ငံရေးသမားအများစုက ပြည်သူလူထုရဲ့အကျိုးထက် ကိုယ့်အကျိုးအတွက် နိုင်ငံရေးမှာ ပါကြတာ’ ဆိုပြီး အမေရိကန်နိုင်ငံသားအများစု ပြောကြတယ်။ a—ဖျူးသုတေသနစင်တာ (Pew Research Center)၊ စက်တင်ဘာ ၁၉၊ ၂၀၂၃။
လူငယ်အများစုလည်း နိုင်ငံရေးသမားတွေကို အယုံအကြည် မရှိကြတော့ဘူး။
“ဆယ်ကျော်သက်တွေကို စစ်တမ်းကောက်ယူကြည့်တဲ့အခါ သူတို့က ပြဿနာရဲ့အဖြေကို ရချင်ပေမဲ့ နိုင်ငံရေးသမားတွေက ဖြေရှင်းနည်းတွေ မပေးကြဘူးလို့ ပြောပြကြတယ်။”—နယူးယောက်တိုင်းမ်၊ ဇန်နဝါရီ ၂၉၊ ၂၀၂၄။
“နိုင်ငံရေးသမားတွေထက် လူမှုမီဒီယာမှာ လူကြိုက်များတဲ့သူတွေကိုပဲ လူငယ်တွေ ပိုယုံကြည်ကြတယ်လို့ စစ်တမ်းတစ်ခုအရ သိရတယ်။”—ကိုရီးယားတိုင်းမ်၊ ဇန်နဝါရီ ၂၂၊ ၂၀၂၄။
ပိုကောင်းတဲ့အနာဂတ်ရရှိဖို့ နိုင်ငံရေးသမားတွေကို ယုံကြည်ကိုးစားလို့ရပါသလား။ ဘယ်သူ့ကို ယုံကြည်နိုင်သလဲ။
ချင့်ချိန်ပြီး ယုံပါ
လူတစ်ယောက်ကို ယုံလို့ရမရ ဂရုတစိုက် အကဲခတ်တာ ကောင်းတယ်။ ကျမ်းစာမှာလည်း အခုလိုဆိုတယ်– “ရိုးအတဲ့သူက ပြောသမျှ ယုံတတ်တယ်။ အမြော်အမြင်ရှိသူကတော့ ခြေလှမ်းတိုင်းကို စဉ်းစားဆင်ခြင်တတ်တယ်။”—ပညာအလိမ္မာ ၁၄:၁၅။
ကိုယ်ရရှိတဲ့ သတင်းအချက်အလက် မှန်မမှန် သိနိုင်ဖို့ “သတင်းမှားတွေရဲ့ အန္တရာယ်ကို ကာကွယ်နိုင်ပုံ” ဆောင်းပါးကို ဖတ်ပါ။
စိတ်ရင်းကောင်းပြီး ရိုးသားဖြောင့်မတ်တဲ့ နိုင်ငံရေးသမားတွေတောင် ဖြစ်ချင်တာမှန်သမျှ မလုပ်နိုင်ကြဘူး။ ဒါကြောင့် ကျမ်းစာမှာ အခုလို သတိပေးထားတယ်–
“လူတို့၏ခေါင်းဆောင်များကို မကိုးစားကြနှင့်။ အဘယ်လူသားမျှ သင်တို့ကို မကယ်တင်နိုင်။”—ဆာလံ ၁၄၆:၃၊ ခေတ်သုံးမြန်မာသမ္မာကျမ်း၊၊
ယုံကြည်စိတ်ချလို့ရတဲ့ ခေါင်းဆောင်
ယုံကြည်စိတ်ချရဆုံး၊ စွမ်းဆောင်နိုင်စွမ်း အပြည့်ဝဆုံး ယေရှုခရစ်ကို ခေါင်းဆောင်အဖြစ် ဘုရားသခင် ခန့်အပ်ထားတယ်လို့ ကျမ်းစာဆိုတယ်။ (လုကာ ၁:၃၂၊ ၃၃) ယေရှုဟာ ကောင်းကင်မှာ အခြေစိုက်တဲ့ ဘုရားသခင်နိုင်ငံတော်အစိုးရရဲ့ ဘုရင် ဖြစ်တယ်။—မဿဲ ၆:၁၀။
ယေရှုကို ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ၊ ကျွန်တော်တို့ ရင်ဆိုင်ကြုံတွေ့နေတဲ့ ပြဿနာတွေကို သူ ဘယ်လိုဖြေရှင်းပေးမလဲ။ အဖြေသိချင်ရင် “ဘုရားသခင့်နိုင်ငံတော် ဘုရင်က ဘယ်သူလဲ” နဲ့ “ဘုရားသခင့်နိုင်ငံတော်က ဘာတွေ လုပ်ဆောင်ပေးမလဲ” ဆောင်းပါးတွေကို ဖတ်ပါ။
a ဖျူးသုတေသနစင်တာ၊ “အမေရိကန်ရဲ့နိုင်ငံရေးအပေါ် ပြည်သူလူထုရဲ့ အပျက်သဘောထား၊” စက်တင်ဘာ ၂၀၂၃။