ကျမ်းစာက သဘောထားကြီးအောင်၊ သည်းခံစိတ်မွေးနိုင်အောင် ကူညီပေးသလား
“သဘောထားကြီးခြင်း၊ သည်းခံစိတ်မွေးခြင်းက လူတွေကို ငြိမ်းချမ်းသင့်မြတ်စေတယ်။”—သည်းခံစိတ်ရှိခြင်း အခြေခံမူများဆိုင်ရာ ယူနက်စကို ကြေညာချက်၊ ၁၉၉၅ ခုနှစ်။
ဆန့်ကျင်ဘက်အနေနဲ့ သဘောထားမကြီးရင်၊ သည်းခံစိတ်မရှိရင် တခြားသူတွေကို ပမာမခန့် လုပ်လာနိုင်တယ်။ အဲဒီကတစ်ဆင့် အမုန်းတွေပွား၊ အမုန်းစကားတွေ ဖြန့်၊ ခွဲခြားဆက်ဆံ၊ အကြမ်းဖက်တဲ့အထိတောင် ဖြစ်လာနိုင်တယ်။
သဘောထားကြီးခြင်း၊ သည်းခံစိတ်ရှိခြင်းနဲ့ပတ်သက်ပြီး လူတွေ အမြင်မတူကြပြန်ဘူး။ သဘောထားကြီးသူတစ်ယောက်ဖြစ်ဖို့ တခြားသူတွေ ဘာလုပ်လုပ် သဘောတူရမယ်၊ အားပေးထောက်ခံရမယ်လို့ တချို့ ယုံကြည်ကြတယ်။ တခြားသူတွေကျတော့ ကျမ်းစာမှာ ထောက်ခံထားတဲ့ အမြင်မျိုး ရှိကြတယ်။ တခြားသူရဲ့ ကိုယ်ပိုင်စံနှုန်းနဲ့ ယုံကြည်ချက်တွေကို သဘောမတူရင်တောင် သူ့ရဲ့ လွတ်လပ်စွာလုပ်ပိုင်ခွင့်ကို လေးစားတဲ့သဘောထားပါ။
ကျမ်းစာက အခုခေတ် လူတွေကို သဘောထားကြီးအောင်၊ သည်းခံစိတ်ရှိလာအောင် တကယ်ပဲ ကူညီပေးနိုင်သလား။
သည်းခံမှုအပေါ် ကျမ်းစာအဆို
သည်းခံစိတ်မွေးဖို့ ကျမ်းစာမှာ အခုလို အားပေးထားတယ်– “ခင်ဗျားတို့ရဲ့ အကျိုးသင့်အကြောင်းသင့်သဘောကို လူတိုင်း သိမြင်စေပါ။” (ဖိလိပ္ပိ ၄:၅) လူတွေကို ထောက်ထားစာနာဖို့၊ ရည်ရည်မွန်မွန် မျှမျှတတ ပြုမူဆက်ဆံဖို့ အားပေးနေတာပါ။ ဒီအကြံပြုချက်ကို လိုက်နာသူတွေက တစ်ဦးတစ်ယောက်ရဲ့ အကျင့်စရိုက်စံနှုန်းတွေကို သဘောတူထောက်ခံပြီး လိုက်လုပ်တာမျိုး မရှိကြပေမဲ့ သူ့ ရွေးချယ်မှုအတိုင်း ပြုမူကျင့်ကြံနေတာကိုတော့ မတားဆီးကြဘူး။
ဘုရားသခင်ကတော့ လူသားတွေအတွက် ကျင့်ဝတ်စံနှုန်း သတ်မှတ်ပေးထားပါတယ်။ ကျမ်းစာမှာ ဒီလိုဆိုတယ်– “ဘယ်အရာ ကောင်းတယ်ဆိုတာ ဘုရားသခင် ပြောပြပြီးပြီပဲ။” (မိက္ခာ ၆:၈) အခုလို လမ်းညွှန်ချက် ပေးတာကလည်း လူသားတွေ အကောင်းဆုံးဘဝရနိုင်ဖို့ပါ။—ဟေရှာယ ၄၈:၁၇၊ ၁၈။
ဘုရားသခင်က ကျွန်တော်တို့ကို တခြားသူတွေအပေါ် စီရင်ပိုင်ခွင့် မပေးထားပါဘူး။ “ပညတ်ပြဋ္ဌာန်းရှင်၊ တရားသူကြီးက တစ်ပါးပဲ ရှိတယ်။ . . . ခင်ဗျားတို့ကျတော့ ဘယ်သူမို့လို့ လူလူချင်းကို တရားစီရင်ရသလဲ” လို့ ကျမ်းစာဆိုတယ်။ (ယာကုပ် ၄:၁၂) ဘုရားက ကျွန်တော်တို့တစ်ယောက်စီကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ပေးထားသလို၊ အကျိုးဆက်ကိုလည်း ကိုယ်တိုင်ပဲ တာဝန်ယူရမှာဖြစ်တယ်။—တရားဟောရာ ၃၀:၁၉။
လေးစားမှုအပေါ် ကျမ်းစာအဆို
“လူအမျိုးမျိုးကို လေးစားကြပါ” လို့ ကျမ်းစာ ဆိုတယ်။ (၁ ပေတရု ၂:၁၇) ဒါကြောင့် ကျမ်းစာစံနှုန်းအတိုင်း နေထိုင်ဖို့ ရွေးချယ်သူတွေက လူတိုင်းကို လေးလေးစားစား ဆက်ဆံကြတယ်။ သူတို့ယုံကြည်ရာ၊ ဘဝပုံစံ ဘယ်လိုပဲရှိရှိ လေးစားကြတယ်။ (လုကာ ၆:၃၁) ဒါပေမဲ့ တခြားသူတွေ ထင်မြင်ယူဆသမျှ၊ ယုံကြည်သမျှကို သဘောတူတယ်၊ သူတို့ဆုံးဖြတ်သမျှကို ထောက်ခံတယ်ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ဘူး။ တစ်ချိန်တည်းမှာ တခြားသူတွေကို မလေးမစား၊ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူဆက်ဆံမယ့်အစား ယေရှုရဲ့ပြုမူဆက်ဆံပုံကို အတတ်နိုင်ဆုံး တုပကြပါလိမ့်မယ်။
ဥပမာ၊ တစ်ခါတုန်းက အမျိုးသမီးတစ်ယောက်နဲ့ ယေရှု ဆုံတယ်။ အဲဒီအမျိုးသမီးနဲ့ ပေါင်းသင်းနေတဲ့ လူဟာ သူ့ခင်ပွန်းမဟုတ်ဘူး။ အဲဒီအမျိုးသမီးရဲ့ ဘဝပုံစံကိုကော၊ သူ ကိုးကွယ်တဲ့ ဘာသာကိုပါ ယေရှု သဘောမတူပေမဲ့ သူ့ကို လေးလေးစားစား ပြောဆိုခဲ့တယ်။—ယောဟန် ၄:၉၊ ၁၇-၂၄။
ယေရှုလိုပဲ ခရစ်ယာန်တွေလည်း မိမိတို့ရဲ့ ယုံကြည်ချက်အကြောင်း နားထောင်ချင်သူတွေကို “အလွန်လေးစားတဲ့သဘော” နဲ့ရှင်းပြဖို့ အသင့်ရှိကြတယ်။ (၁ ပေတရု ၃:၁၅) ဒါပေမဲ့ တခြားသူတွေကို ကိုယ့်ခံယူချက်တွေ အတင်းမသွတ်သွင်းဖို့၊ ယုံကြည်ချက်မတူသူတွေ အပါအဝင် “လူအားလုံးနဲ့ ပြောဆိုဆက်ဆံတဲ့အခါ” ခိုက်ရန်မဖြစ်ဘဲ “သိမ်မွေ့တဲ့သူ” ဖြစ်ဖို့ ခရစ်ယာန်တွေကို ကျမ်းစာ ညွှန်ကြားထားတယ်။—၂ တိမောသေ ၂:၂၄။
မုန်းတီးမှုအပေါ် ကျမ်းစာအဆို
ကျမ်းစာက ကျွန်တော်တို့ကို “လူအားလုံးနဲ့ သင့်မြတ်စွာနေဖို့” ပြောထားတယ်။ (ဟီဘရူး ၁၂:၁၄) သင့်သင့်မြတ်မြတ်နေဖို့ ကြိုးစားသူတွေက မုန်းတီးစိတ်ကို တွန်းလှန်တယ်။ ကိုယ့်စံနှုန်းတွေအတိုင်း နေထိုင်ရင်း တခြားသူတွေနဲ့ အေးချမ်းသင့်မြတ်အောင် ကြိုးစားတယ်။ (မဿဲ ၅:၉) ကိုယ့်အပေါ် မကောင်းတဲ့ ရန်သူတွေကိုတောင် ကြင်ကြင်နာနာ ဆက်ဆံပြီး မေတ္တာပြဖို့ ခရစ်ယာန်တွေကို ကျမ်းစာ အားပေးထားတယ်။—မဿဲ ၅:၄၄။
လူ့ဂုဏ်သိက္ခာကျစေတဲ့၊ တခြားသူတွေကို ဒုက္ခပေးတဲ့ လုပ်ရပ်တွေကို ဘုရားသခင် “မုန်းတီး၊” “ရွံရှာ” ကြောင်း ကျမ်းစာမှာ ဖော်ပြထားတာ မှန်ပါတယ်။ (ပညာအလိမ္မာ ၆:၁၆-၁၉) ဒါပေမဲ့ မကောင်းတဲ့လုပ်ရပ်တွေအပေါ် မနှစ်မြို့လွန်းတဲ့စိတ်ကို ဖော်ပြဖို့ “မုန်းတီး” ဆိုတဲ့ စကားရပ်ကို သုံးထားတာပါ။ မကောင်းတဲ့ဘဝလမ်းစဉ်ကို ပြောင်းလဲပြီး ဘုရားစံနှုန်းအတိုင်း နေထိုင်ချင်တဲ့ လူတွေကို ဘုရားသခင် လိုလိုလားလား ခွင့်လွှတ်တယ်၊ ကူညီပေးတယ်လို့ ကျမ်းစာ ဆိုတယ်။—ဟေရှာယ ၅၅:၇။
သည်းခံစိတ်ထားခြင်း၊ လေးစားမှုရှိခြင်းဆိုင်ရာ ကျမ်းချက်များ
တိတု ၃:၂။ ‘အကျိုးသင့်အကြောင်းသင့်ရှိပါ၊ လူအားလုံးနဲ့ ပြောဆိုဆက်ဆံတဲ့အခါ နူးညံ့သိမ်မွေ့ပါ။’
အကျိုးသင့်အကြောင်းသင့်ရှိသူက မိမိနဲ့ အမြင်မတူသူတွေကိုလည်း လေးလေးစားစား နူးနူးညံ့ညံ့ တုံ့ပြန်ပြောဆိုတယ်။
မဿဲ ၇:၁၂။ “ဒါကြောင့် ကိုယ့်ကို ပြုမူဆက်ဆံစေချင်တဲ့အတိုင်း သူတစ်ပါးကို ပြုမူဆက်ဆံပါ။”
တခြားသူတွေ ကိုယ့်ကို လေးလေးစားစား ဆက်ဆံတာ၊ ကိုယ့်ရဲ့အမြင်၊ ခံစားချက်တွေကို ထည့်သွင်းစဉ်းစားပေးတာကို ကျွန်တော်တို့အားလုံး သဘောကျကြတယ်။ ယေရှုသင်ပေးခဲ့တဲ့ ဒီကျင့်ဝတ်ကို ကျင့်သုံးနိုင်ပုံအကြောင်း ထပ်သိချင်ရင် “ရွှေပညတ်ဆိုတာ ဘာလဲ” ဆောင်းပါးကိုကြည့်ပါ။
ယောရှု ၂၄:၁၅။ “ဘယ်ဘုရားကို ဝတ်ပြုမယ်ဆိုတာ ဒီနေ့ ရွေးချယ်ကြ။”
တခြားသူတွေရဲ့ ရွေးချယ်ပိုင်ခွင့်ကို လေးစားတဲ့အခါ ပိုငြိမ်းချမ်းလာတယ်။
တမန်တော် ၁၀:၃၄။ “ဘုရားသခင် မျက်နှာမလိုက်။”
ဘုရားသခင်က ဘယ်သူ့ကိုမှ ယဉ်ကျေးမှု၊ နောက်ခံ၊ နိုင်ငံသား၊ မျိုးနွယ်၊ ကျား/မ ဖြစ်တည်မှုအပေါ် အခြေခံပြီး ခွဲခြားဆက်ဆံတာမျိုး မလုပ်ဘူး။ ဘုရားကို တုပချင်သူတွေက လူအားလုံးကို လေးစားတယ်။
ဟဗက္ကုတ် ၁:၁၂၊ ၁၃။ “[ဘုရားသခင်က] မကောင်းမှုကို သည်းမခံနိုင်ဘူး။”
ဘုရားရဲ့သည်းခံခြင်းမှာ အကန့်အသတ်ရှိတယ်။ လူတွေ ဆိုးသွမ်းမှုကို ထာဝစဉ်လုပ်ဖို့ ဘုရား ခွင့်ပြုမှာမဟုတ်ဘူး။ ပိုသိရှိနိုင်ဖို့ ဆင်းရဲဒုက္ခတွေကို ဘုရားသခင်ဘာကြောင့် ဖြစ်ခွင့် ပြုထားသလဲ ဗီဒီယိုကြည့်ပါ။
ရောမ ၁၂:၁၉။ “အမျက်တော်ကိုသာ အခွင့်ပေးလိုက်ပါ။ ဘာလို့လဲဆိုတော့ “‘လက်စားချေတာဟာ ငါ့ကိစ္စပါ။ မတရားမှုအတွက် ငါလက်တုံ့ပြန်ပေးမှာပါ’ လို့ ယေဟောဝါ ပြောတယ်။” a
ယေဟောဝါဘုရားက ဘယ်သူ့ကိုမှ လက်စားချေဖို့ အခွင့်အာဏာ မပေးထားဘူး။ သတ်မှတ်ထားချိန်မှာ ကိုယ်တိုင် တရားစီရင်ပေးပါလိမ့်မယ်။ ပိုသိနိုင်ဖို့ “တရားမျှတမှုရဖို့ တောင်းဆိုသံကို ဘယ်သူနားထောင်ပေးမလဲ” ဆောင်းပါးကို ဖတ်ပါ။
a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့နာမည် ဖြစ်တယ်။ (ဆာလံ ၈၃:၁၈) “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆောင်းပါးကို ကြည့်ပါ။