သတိနဲ့ စောင့်နေကြပါ
နာဇီခေတ်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနဲ့ ယေဟောဝါသက်သေများ—ကျမ်းစာအဆိုက ဘာလဲ
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်မှာ လူများစွာက အပြည်ပြည်ဆိုင်ရာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု အောက်မေ့ရာနေ့ကို ကျင်းပကြပါမယ်။ လွန်ခဲ့တဲ့ ၇၅ နှစ်ကျော်တုန်းက နာဇီခေတ်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်ခဲ့တာပါ။ အဲဒီလို ရင်နင့်စရာ ဖြစ်ရပ်ကို ဘုရား ဘာကြောင့် ဖြစ်ခွင့်ပြုရသလဲလို့ သင် တွေးမိနိုင်တယ်။
ကျမ်းစာအဆိုကို သိနိုင်ဖို့ “ဘာကြောင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ရတာလဲ။ ဘုရားသခင်က ဘာလို့ မရပ်တန့်ပေးတာလဲ” ဆောင်းပါးကို ဖတ်ပါ။
နာဇီခေတ်မှာ ဂျူးလူမျိုးတွေ အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် အသတ်ခံခဲ့ရတယ်။ အကွက်ကျကျ စီမံ သတ်ဖြတ်ခံခဲ့ရတာ။ ပစ်မှတ်ထား သတ်ဖြတ်ခံခဲ့ရတဲ့ တခြားအုပ်စုတွေထဲမှာ ယေဟောဝါသက်သေတွေလည်း ပါတယ်။ သူတို့ရဲ့ ကျမ်းစာအခြေပြု ယုံကြည်ချက်ကြောင့် နှိပ်စက်ခံခဲ့ရတာ ဖြစ်တယ်။
ပိုသိနိုင်ဖို့ “နာဇီခေတ် အစုလိုက်အပြုံလိုက် သတ်ချိန်မှာ ယေဟောဝါသက်သေတွေ ဘာဖြစ်ခဲ့ကြသလဲ” ဆောင်းပါးကို ဖတ်ပါ။
“မျှော်လင့်တဲ့ အနာဂတ်”
အနာဂတ်မှာလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ထပ်ဖြစ်မလားဆိုပြီး လူများစွာ တွေးပူကြတယ်။ ဒါပေမဲ့ အဲဒီလို ဝမ်းနည်းစရာ အဖြစ်ဆိုးတွေ မရှိတော့မယ့် အနာဂတ်အကြောင်း ကျမ်းစာမှာ ဖော်ပြထားပါတယ်။
“ယေဟောဝါ ပြောတာက- ‘မင်းတို့နဲ့ပတ်သက်ပြီး ငါဘာတွေ တွေးနေမှန်း ငါသိတာပေါ့။ မင်းတို့ကို ငြိမ်သက်အေးချမ်းစေချင်တယ်။ ဘေးဆိုး မကြုံစေချင်ဘူး။ မင်းတို့မျှော်လင့်တဲ့ အနာဂတ်မျိုး ပေးချင်တယ်။’”—ယေရမိ ၂၉:၁၁။ a
အဲဒီအတိုင်း ဖြစ်လာဖို့ဆိုရင် ယေဟောဝါဘုရားက မကောင်းမှုတွေကို ဆုံးခန်းတိုင်စေပြီး မကောင်းမှုရဲ့ ဆိုးကျိုးတွေကို ပြုပြင်ပေးရမယ်။ ဒါဆို ဘုရားသခင် ဘာတွေ လုပ်ဆောင်ပေးမလဲ။
လူတွေကို ရက်ရက်စက်စက် ဒုက္ခပေးနေတဲ့ လူဆိုးတွေကို ဖယ်ရှားတော့မယ်။—ပညာအလိမ္မာ ၂:၂၂။
ထိခိုက်နစ်နာခဲ့သူအားလုံးကို ပြန်ကုစားပေးမယ်။—ဗျာဒိတ် ၂၁:၄။
သေဆုံးသွားသူတွေကို ကမ္ဘာမြေပေါ် အသက်ပြန်ရှင်လာအောင် လုပ်ပေးမယ်။—ယောဟန် ၅:၂၈၊ ၂၉။
ကျမ်းစာထဲက မျှော်လင့်ချက်တွေက တကယ် နှစ်သိမ့်မှု ဖြစ်စေပါတယ်။ တကယ်ဖြစ်လာမယ်ဆိုတာလည်း ယုံကြည်စိတ်ချနိုင်တယ်။ ယုံကြည်စိတ်ချနိုင်တဲ့ အကြောင်းရင်းကို သိဖို့ အခမဲ့ ကျမ်းစာလေ့လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။
a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ ကိုယ်ပိုင်နာမည် ဖြစ်တယ်။—ဆာလံ ၈၃:၁၈။