မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

kovop58/stock.adobe.com

သတိနဲ့ စောင့်နေကြပါ

အိုလံပစ်အားကစားပွဲက လူတွေကို အမှန်တကယ် စည်းလုံးစေနိုင်သလား—ကျမ်းစာအဆိုက ဘာလဲ

အိုလံပစ်အားကစားပွဲက လူတွေကို အမှန်တကယ် စည်းလုံးစေနိုင်သလား—ကျမ်းစာအဆိုက ဘာလဲ

 နိုင်ငံပေါင်း ၂၀၆ နိုင်ငံက အားကစားသမားတွေ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ၂၀၂၄ နွေရာသီအိုလံပစ်ပြိုင်ပွဲကို ငါးဘီလီယံလောက် ကြည့်ရှုကြမယ်လို့ ခန့်မှန်းရတယ်။ “ဒီအိုလံပစ်ပွဲတော်ဟာ ကမ္ဘာကြီးကို ငြိမ်းချမ်းစည်းလုံးစေတဲ့ ပွဲပါပဲ။ နေရာဒေသအသီးအသီးမှာ နေထိုင်ပေမဲ့ လူသားမျိုးနွယ်တစ်စုတည်းဖြစ်တဲ့ ကျွန်တော်တို့တွေ ဒီပွဲတော်ကို ငြိမ်းချမ်းစွာ ပါဝင်ဆင်နွှဲကြပါစို့” လို့ နိုင်ငံတကာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ သောမတ်စ် ဘာ့ခ် ဆိုတယ်။

 အိုလံပစ်ပွဲက ကမ္ဘာကြီးကို တကယ်ပဲ ငြိမ်းချမ်းစည်းလုံးစေနိုင်သလား။ ကမ္ဘာချီစည်းလုံးမှု ရှိလာမယ့်တစ်နေ့ ရောက်လာမလား။

ငြိမ်းချမ်းမှု၊ စည်းလုံးမှု တိုးစေတဲ့ပွဲလား

 ဒီနှစ်အိုလံပစ်ဟာ အားကစားပြိုင်ပွဲတစ်ခုလောက်ပဲ မဟုတ်ဘူး။ ဒီပွဲမှာ လူ့အခွင့်အရေး၊ လူမျိုးရေးခွဲခြားမှု၊ ဘာသာရေးဘက်လိုက်မှု၊ မမျှတမှုစတဲ့ နိုင်ငံရေး၊ လူမှုရေးပဋိပက္ခတွေကိုလည်း အထင်းသား မြင်တွေ့နေရပါတယ်။

 အိုလံပစ်ပွဲလို နိုင်ငံတကာအားကစားပြိုင်ပွဲတွေကို ကြည့်ရှုရတာ စိတ်ဝင်စားစရာကောင်းပေမဲ့ ဒီပြိုင်ပွဲတွေဟာ လူတွေကို စည်းလုံးစေမယ့်အစား ပိုပြီးတော့တောင် ကွဲပြားစေတယ်။

 စည်းလုံးမှုရဖို့ ခက်ခဲတဲ့အကြောင်းရင်းဟာ လူတွေရဲ့စိတ်သဘောထားကြောင့်ဆိုပြီး ကျမ်းစာမှာ ကြိုပြောထားတယ်။ (၂ တိမောသေ ၃:၁-၅) ကျမ်းစာကြိုဟောချက်အကြောင်း ပိုသိချင်ရင် “အခုခေတ် လူတွေရဲ့ သဘောထားနဲ့ လုပ်ရပ်တွေအကြောင်း ကျမ်းစာ ကြိုဟောထားသလား” ဆောင်းပါးကို ဖတ်ပါ။

ကမ္ဘာချီ ငြိမ်းချမ်းမှု၊ စည်းလုံးမှု ရရှိမယ့်အချိန်

 ကမ္ဘာချီ ငြိမ်းချမ်းမှု၊ စည်းလုံးမှု ရရှိမယ့်အချိန်အကြောင်း ကျမ်းစာဖော်ပြထားတယ်။ ကောင်းကင်မှာတည်ထောင်ထားတဲ့ “ဘုရားသခင့်နိုင်ငံတော်” အုပ်ချုပ်ချိန်မှာ ကမ္ဘာတစ်ခွင်ကလူတွေ စည်းလုံးလာမယ်လို့ ကတိပြုထားပါတယ်။—လုကာ ၄:၄၃; မဿဲ ၆:၁၀

 ဘုရားနိုင်ငံတော်ဘုရင် ယေရှုခရစ်ရဲ့ အုပ်ချုပ်မှုကြောင့် ကမ္ဘာတစ်ခုလုံး ငြိမ်းချမ်းလာမယ်။ ကျမ်းစာ အခုလိုဆိုတယ်–

  •    “ဖြောင့်မတ်သူတွေ ကြီးပွားလိမ့်မယ်။ လမင်းတည်ရှိနေသရွေ့ ငြိမ်သက်ခြင်း တိုးများလိမ့်မယ်။”—ဆာလံ ၇၂:၇

  •    ‘အော်ဟစ်အကူအညီတောင်းနေတဲ့ နွမ်းပါးသူတွေကို ကယ်တင်လိမ့်မယ်။ သူတို့ကို ဖိနှိပ်မှုနဲ့ အကြမ်းဖက်မှုကနေ ကယ်တင်လိမ့်မယ်။’—ဆာလံ ၇၂:၁၂၊ ၁၄

 အခုအချိန်မှာတောင် ၂၃၉ နိုင်ငံက လူသန်းနဲ့ချီဟာ ယေရှုရဲ့သွန်သင်ချက်ကြောင့် စည်းလုံးနေကြတယ်။ ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေဟာ ယေရှုရဲ့နောက်လိုက်အနေနဲ့ လူတွေနဲ့ သင့်မြတ်ငြိမ်းချမ်းစွာနေထိုင်ဖို့ သင်ယူနေကြတယ်။ ဒီအကြောင်း ထပ်သိချင်ရင် “အမုန်းသံသရာကို ချေဖျက်ခြင်း” ဆိုတဲ့ ကင်းမျှော်စင်ကို ဖတ်ကြည့်ပါ။