သတိနဲ့ စောင့်နေကြပါ
နိုင်ငံရေး အကြမ်းဖက်မှု—ကျမ်းစာအဆိုက ဘာလဲ
ကမ္ဘာတစ်ဝန်း နိုင်ငံရေးအကြမ်းဖက်မှုတွေ များလာလို့ လူတွေ စိုးရိမ်ပူပန်နေကြတယ်။
မက္ကဆီကိုရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်တွေထဲမှာ လုပ်ကြံခံရသူပေါင်း ၃၉ ယောက် ရှိသွားပြီ။ နိုင်ငံရေးအကြမ်းဖက်မှုတွေလည်း ဆက်ဖြစ်နေလို့ ၂၀၂၃-၂၀၂၄ ရွေးကောက်ပွဲအတွက် အခက်ကြုံနေတယ်။
မကြာသေးခင်က ဥရောပမှာ နိုင်ငံရေးအကြမ်းဖက်မှုတွေ တအားများလာတယ်။ ၂၀၂၄၊ မေ ၁၅ ရက်မှာလည်း ဆလိုဗားကီးယားနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟာ လုပ်ကြံခံရတဲ့ အခြေအနေတစ်ခုနဲ့ ကြုံခဲ့တယ်။
၂၀၂၄၊ စက်တင်ဘာ ၁၅ ရက်မှာ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ဒုတိယအကြိမ် လုပ်ကြံဖို့ ကြိုးစားမှုကြောင့် အမေရိကန်နိုင်ငံသားတွေ တုန်လှုပ်နေကြတယ်။
နိုင်ငံရေးအကြမ်းဖက်မှုတွေ ဘာကြောင့် ဒီလောက်များလာတာလဲ။ ဒါတွေ တစ်နေ့ အဆုံးတိုင်ပါ့မလား။ ကျမ်းစာအဆိုက ဘာလဲ။
နိုင်ငံရေးအမြင်တွေ ကွဲပြားမယ့်အကြောင်း ကျမ်းစာကြိုဟောထား
“နောက်ဆုံးကာလ” လို့ခေါ်တဲ့ ကျွန်တော်တို့ခေတ်မှာ အကြမ်းဖက်မှု လှုံ့ဆော်သူတွေ၊ စိတ်ဝမ်းကွဲပြားမှုကို အားပေးအားမြှောက်ပြုသူတွေ များလာမယ်လို့ သမ္မာကျမ်းစာ ကြိုဟောထားတယ်။
“နောက်ဆုံးကာလဟာ အလွန် ခက်ခဲကျပ်တည်းမယ်ဆိုတာ သိထားပါ။ ဘာလို့လဲဆိုတော့ လူတွေဟာ . . . ကျေးဇူးကန်းသူ၊ သစ္စာမရှိသူ၊ . . . ညှိနှိုင်းလို့မရသူ၊ . . . ကြမ်းကြုတ်သူ၊ . . . သစ္စာဖောက်သူ၊ တဇောက်ကန်းနိုင်သူ၊ မာနထောင်လွှားသူ” တွေ ဖြစ်ကြလိမ့်မယ်။—၂ တိမောသေ ၃:၁-၄။
နိုင်ငံရေးပဋိပက္ခ၊ တော်လှန်ပုန်ကန်မှုစတဲ့ ဆူပူအုံကြွမှုတွေဟာ ဒီနေ့ခေတ်ရဲ့ အမှတ်လက္ခဏာတစ်ရပ်ဖြစ်မယ်လို့လည်း ကျမ်းစာကြိုဟောထားတယ်။ (လုကာ ၂၁:၉) ဒါပေမဲ့ နိုင်ငံရေးအကြမ်းဖက်မှုတွေ၊ ကွဲပြားမှုတွေ အမြဲတမ်းဆက်ရှိသွားမှာ မဟုတ်ဘူး။
နိုင်ငံရေးအကြမ်းဖက်မှုတွေ အဆုံးတိုင်သွားမယ်
ကောင်းကင်မှာတည်ထောင်ထားတဲ့ ဘုရားသခင့်အစိုးရက လူ့အစိုးရတွေနေရာမှာ အစားထိုးမယ်လို့ ကျမ်းစာဆိုတယ်။
“ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်က ဘယ်တော့မှ မပျက်စီးမယ့် နိုင်ငံတစ်ခုကို တည်ထောင်လိမ့်မယ်။ . . . [တခြား] နိုင်ငံအားလုံးကို ခြေမွှဖျက်ဆီးလိမ့်မယ်။ ပြီးတဲ့နောက် အဲဒီနိုင်ငံတစ်ခုပဲ ထာဝစဉ် တည်တံ့နေမယ်။”—ဒံယေလ ၂:၄၄။
ဘုရားသခင့်နိုင်ငံတော်က လူတွေကို စည်းလုံးစေပြီး ကမ္ဘာတစ်ဝန်း စစ်မှန်တဲ့ငြိမ်းချမ်းမှု ဆောင်ကြဉ်းပေးပါလိမ့်မယ်။
ဘုရားနိုင်ငံတော်ရဲ့ဘုရင်ဟာ “ငြိမ်းချမ်းရေးမင်းသား” ယေရှုခရစ်ဖြစ်ပြီး “သူ့ရဲ့ အုပ်ချုပ်ခွင့်အာဏာနဲ့ ငြိမ်သက်ခြင်းဟာ အဆုံးမရှိ တိုးများမယ်။”—ဟေရှာယ ၉:၆၊ ၇။
အခုအချိန်မှာတောင် ယေရှုခရစ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိသူတွေဟာ သင့်သင့်မြတ်မြတ် နေထိုင်နည်းတွေအကြောင်း သင်ယူနေကြပြီ။ ဒါကြောင့် ကျမ်းစာမှာ အခုလိုဆိုထားတာပါ– “ဓားကို ထယ်သွားဖြစ်အောင်၊ လှံကို တံစဉ်ဖြစ်အောင် ထုလုပ်ကြလိမ့်မယ်။ လူမျိုးအချင်းချင်း တိုက်ခိုက်ကြတော့မှာ မဟုတ်ဘူး။ စစ်အတတ်ပညာကိုလည်း မသင်ကြတော့ဘူး။”—ဟေရှာယ ၂:၃၊ ၄။
ထပ်သိချင်ရင် “ဘုရားသခင့်နိုင်ငံတော်က ဘာတွေလုပ်ပေးမလဲ” ဆောင်းပါးနဲ့ ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ ဗီဒီယိုကို ကြည့်ပါ။