မော်ကွန်းတိုက်မှ
ကမ္ဘာချီ စာတတ်မြောက်ဖို့ ကြိုးစားခြင်း
ဘရာဇီးနိုင်ငံက အဂိုစတီနို ဒီလိုပြောတယ်– “စိုက်ပျိုးရေးခြံမှာ ကျွန်တော် ကြီးပြင်းလာတယ်။ ကျွန်တော်တို့ အတော်ဆင်းရဲတယ်။ ဒါကြောင့် အလုပ်လုပ်ဖို့၊ မိသားစုကို ထောက်ပံ့ဖို့ ကျောင်းထွက်လိုက်ရတယ်။” အဂိုစတီနို အသက် ၃၃ နှစ်ရောက်မှ စာရေးတတ် ဖတ်တတ်ဖို့ သင်ယူခဲ့ရတယ်။ “စာရေးတတ် ဖတ်တတ်လာတော့မှ ကိုယ့်ကိုယ်ကိုယ် လေးစားမှု၊ ယုံကြည်မှု ရှိလာတယ်” လို့ သူ ပြောတယ်။
လွန်ခဲ့တဲ့ အနှစ် ၇၀ ကျော်ကာလအတွင်း ယေဟောဝါသက်သေတွေဟာ သိန်းနဲ့ချီတဲ့သူတွေကို စာရေးတတ် ဖတ်တတ်အောင် သင်ပေးခဲ့တယ်။ အဲဒီသူတွေထဲမှာ အဂိုစတီနိုလည်း ပါတယ်။ ယေဟောဝါသက်သေတွေ ဘာကြောင့် စာတတ်မြောက်ရေးသင်တန်းတွေ ဖွင့်ခဲ့တာလဲ။ ဒီသင်တန်းတွေကနေ လူတွေ ဘယ်လို အကျိုးရခဲ့ကြပြီလဲ။
စာမတတ်တာက သင်ယူဖို့ အတားအဆီးဖြစ်
၁၉၃၅ ခုနှစ်တုန်းက ယေဟောဝါသက်သေတွေ ဟောပြောခြင်းလုပ်ငန်းကို နိုင်ငံပေါင်း ၁၁၅ နိုင်ငံမှာ လုပ်ဆောင်ခဲ့ကြတယ်။ ဘာသာခြားစကားပြောတဲ့သူတွေကို ဟောပြောဖို့ သာသနာပြုတွေဟာ ဘာသာပြန်ပြီး အသံသွင်းထားတဲ့ ကျမ်းစာဟောပြောချက်တွေကို ဖွင့်ပြကြတယ်။ တစ်ခါတလေ ဒေသခံဘာသာစကားနဲ့ စာပေတွေ ဝေငှနိုင်ကြတယ်။ လူများစွာဟာ ကျမ်းစာကို စိတ်ဝင်စားကြပေမဲ့ စာမတတ်တဲ့အတွက် သင်ယူဖို့ အတားအဆီး ဖြစ်ခဲ့တယ်။
ကိုယ်တိုင် ကျမ်းစာ မဖတ်နိုင်တဲ့အတွက် ကျမ်းစာအခြေခံမူတွေ လက်တွေ့ကျင့်သုံးနိုင်ပုံကို သိဖို့ မနည်း ကြိုးစားခဲ့ကြရတယ်။ (ယောရှု ၁:၈။ ဆာလံ ၁:၂၊ ၃) ခရစ်ယာန် တာဝန်တွေ ထမ်းဆောင်ဖို့လည်း အခက်တွေ့ကြတယ်။ ဥပမာ၊ မိဘတွေက စာမဖတ်တတ်တဲ့အတွက် ကလေးတွေကို ကျမ်းစာအကြောင်း သင်ပေးဖို့ အခက်တွေ့ကြတယ်။ (တရားဟောရာ ၆:၆၊ ၇) ယေဟောဝါသက်သေ ဖြစ်လာသူ လူသစ်တွေဟာ စာမဖတ်တတ်တဲ့အတွက် တခြားသူတွေကို ကျမ်းစာသုံးပြီး သွန်သင်ပေးဖို့ အခက်တွေ့ပြန်တယ်။
စာတတ်မြောက်ရေးကင်ပိန်း စတင်
၁၉၄၀ နဲ့ ၁၉၅၀ ပြည့်လွန်နှစ်တွေအတွင်း အဲဒီအချိန်တုန်းက ယေဟောဝါသက်သေတွေကို ဦးဆောင်နေသူတွေ ဖြစ်တဲ့ နေသန် အိတ်ချ်. နောရ်နဲ့ မီတန် ဂျီ. ဟန်ရှယ်ဟာ ဟောပြောခြင်းလုပ်ငန်း စီစဉ်ဖွဲ့စည်းဖို့ နိုင်ငံအတော်များများကို ခရီးထွက်ခဲ့ကြတယ်။ စာမတတ်သူတွေများတဲ့ နိုင်ငံတွေက အသင်းတော်တွေမှာ စာတတ်မြောက်ရေးသင်တန်းတွေ ဖွင့်ပေးဖို့ ဌာနခွဲရုံးတွေကို အားပေးခဲ့တယ်။
ဌာနခွဲရုံးက အသင်းတော်တွေဆီ စာတတ်မြောက်ရေးသင်တန်း ဖွင့်နိုင်ပုံ ညွှန်ကြားချက်တွေ ပေးပို့တယ်။ နိုင်ငံတချို့မှာ အစိုးရထုတ် စာအုပ်တွေ၊ အစီအစဉ်တွေ ရှိနှင့်ပြီးသား ဖြစ်လို့ အဲဒါကို အသုံးပြုနိုင်ကြတယ်။ ဥပမာ၊ ဘရာဇီးနိုင်ငံမှာ အစိုးရက သင်ကြားရေးပစ္စည်းတွေ၊ ပြဋ္ဌာန်းစာအုပ်တွေ ဌာနခွဲရုံးကို ပို့ပေးတဲ့အတွက် ဌာနခွဲရုံးက အသင်းတော်တွေဆီ ပြန်ပို့ပေးတယ်။ တခြားနိုင်ငံတွေမှာကျတော့ ယေဟောဝါသက်သေတွေက စာတတ်မြောက်ရေး အစီအစဉ်တွေကို ကိုယ်တိုင် စီစဉ်ဖွဲ့စည်းကြရတယ်။
စာတတ်မြောက်ရေး သင်တန်းတွေကို အမျိုးသား၊ အမျိုးသမီး အသက်အရွယ်မရွေး တက်နိုင်တယ်။ ရည်ရွယ်ချက်ကတော့ အသင်းတော်တစ်ခုမှာ ဘာသာစကားအမျိုးမျိုးနဲ့ သင်တန်းတွေ ဖွင့်သည့်တိုင် ကိုယ့်မိခင်ဘာသာစကားနဲ့ စာရေးတတ် ဖတ်တတ်လာစေဖို့ ဖြစ်တယ်။
အထောက်အကူပြုတဲ့ အစီအစဉ်
စာတတ်မြောက်ရေး အစီအစဉ်ကနေ ဘာအကျိုးကျေးဇူးတွေ ဖြစ်ထွန်းခဲ့သလဲ။ မက္ကဆီကိုက ယေဟောဝါသက်သေတစ်ယောက် ဒီလိုပြောပြတယ်– “အခု ကျွန်မ ကျမ်းစာကို ကောင်းကောင်း နားလည်လာတဲ့အတွက် စိတ်နှလုံးကို ထိမိတယ်။ စာဖတ်တတ်လာတော့ ရဲရဲဝံ့ဝံ့ စကားပြောလာနိုင်တယ်။ လူတွေကို ကျမ်းစာသတင်းစကား ပိုပြောပြနိုင်ပြီ။”
စာတတ်မြောက်ရေး အစီအစဉ်ကြောင့် ကျမ်းစာသွန်သင်ချက်ကို ပိုနားလည်လာတာလောက်ပဲ မဟုတ်ပါဘူး။ ဘူရွန်ဒီနိုင်ငံက အိုက်ဇက် ဒီလိုပြောတယ်– “စာရေးတတ် ဖတ်တတ်လာတဲ့အတွက် ကျွန်တော်ရဲ့ ဆောက်လုပ်ရေး အတတ်ပညာလည်း ပိုတိုးလာတယ်။ အခုဆိုရင် ဆောက်လုပ်ရေး စီမံကိန်းကြီးတွေမှာ ဦးစီးရတဲ့အလုပ် လုပ်နေတယ်။”
ပီရူးနိုင်ငံက ဂျေဆူးဆာဟာ အသက် ၄၉ နှစ်မှာ စာတတ်မြောက်ရေးသင်တန်း စတက်တယ်။ “ကျွန်မက အိမ်ရှင်မဆိုတော့ ဈေးသွားတဲ့အခါ ကုန်ပစ္စည်းတွေရဲ့ နာမည်၊ ဈေးနှုန်းတွေ သိဖို့ လိုတယ်။ အရင်တုန်းက အတော် အခက်တွေ့ခဲ့တာ။ စာတတ်မြောက်ရေးသင်တန်း ကျေးဇူးကြောင့် မိသားစုအတွက် ဈေးဝယ်ထွက်တဲ့အခါ ယုံကြည်စိတ်ချမှု ပိုရှိလာပြီ” လို့ သူ ပြောတယ်။
နှစ်တွေတစ်လျှောက် ယေဟောဝါသက်သေတွေ စာတတ်မြောက်ရေးလုပ်ငန်းမှာ ကြိုးစားပါဝင်ခဲ့လို့ နိုင်ငံအတော်များများက အစိုးရ အရာရှိတွေ ချီးမွမ်းကြတယ်။ အခုအချိန်အထိ ယေဟောဝါသက်သေတွေဟာ နှစ်တွေတစ်လျှောက် ပြင်ဆင်မွမ်းမံထားတဲ့ အစီအစဉ်တွေ၊ ပစ္စည်းကိရိယာတွေကို သုံးပြီး စာတတ်မြောက်ရေး သင်တန်းတွေ ဆက်ကျင်းပနေပါတယ်။ ပညာရေးဘက် ချို့တဲ့သူတွေကို ရေးတတ် ဖတ်တတ်အောင် ကူညီပေးရာမှာ အသုံးပြုတဲ့ စာစောင်တွေကိုလည်း ပြင်ဆင်ပြီး ဘာသာစကား ၇၂၀ နဲ့ စောင်ရေ ၂၂၄ သန်းခန့် ထုတ်ဝေခဲ့ပါတယ်။ a
a ဥပမာ၊ အရေးအဖတ်ပညာ ကြိုးစားသင်ယူပါ စာစောင်ကို ဘာသာစကား ၁၂၃ မျိုးနဲ့ ရနိုင်တယ်။ ဘုရားသခင့်စကား နားထောင်ပါ စာစောင်ကို ဘာသာစကား ၆၁၀ နဲ့ ရနိုင်ပါတယ်။