မော်ကွန်းတိုက်မှ
စီးပွားရေးအကျပ်အတည်းကြား ယေဟောဝါကို ဝတ်ပြုကိုးကွယ်ခဲ့ကြ
နိုင်ငံအများစုမှာ ကုန်စျေးနှုန်း မြင့်တက်လာလို့ စားဝတ်နေရေး ခက်ခဲလာတယ်။ ဒီအခက်အခဲတွေကနေ ယေဟောဝါသက်သေတွေလည်း မလွတ်ကင်းကြဘူး။ ဒါပေမဲ့ ယေဟောဝါဘုရားက မိမိကျေးကျွန်တွေကို “ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ဘူး” ဆိုတာ သိထားလို့ အလွန်အမင်း မစိုးရိမ်ကြပါဘူး။ (ဟီဘရူး ၁၃:၅) ယေဟောဝါက ကတိပေးထားတဲ့အတိုင်း မိမိလူမျိုးကို အမြဲကြည့်ရှုစောင့်ရှောက်တယ်။ ဒါကို ဖိလစ်ပိုင်နိုင်ငံရဲ့ အဖြစ်အပျက်မှာ တွေ့ရတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်လို့ လူတွေ ဆင်းရဲခက်ခဲကြပေမဲ့ ၁၉၇၀ ကနေ ၁၉၈၀ ပြည့်လွန်နှစ်တွေကတော့ ဖိလစ်ပိုင်နိုင်ငံအတွက် အထူးခက်ခဲကျပ်တည်းတဲ့ အချိန်ကာလတစ်ခုပါ။
“စားစရာမရှိလို့ ငိုခဲ့ရတာကို မှတ်မိသေးတယ်။ တစ်ခါတလေ စားစရာဆိုလို့ ထမင်း၊ ဆားနဲ့ ရေပဲ ရှိတယ်” ဆိုပြီး ညီအစ်မ ဗီကီ ပြန်ပြောပြတယ်။ a ညီအစ်ကို ဖလိုရန်ရှိုဆိုရင် အလုပ်ရှာမရဘူး။ သူအခုလို ပြောတယ်– “အင်္ကျီ သုံးထည်၊ ဘောင်းဘီ သုံးထည်ကိုပဲ ပြန်ပြန်ဝတ်ပြီး ပတ်စဉ် အစည်းအဝေးတွေ၊ အစည်းအဝေးကြီးတွေ တက်ခဲ့ရတာ။” ဒီအခြေအနေကို ယေဟောဝါရဲ့ လူမျိုး ဘယ်လို ခံရပ်ခဲ့သလဲ။ ယေဟောဝါကို ဆက်ဝတ်ပြုဖို့ သူတို့ကို ဘာက ကူညီပေးသလဲ။ ခေတ်ဆိုးခေတ်ကျပ်မှာ အသက်ရှင်နေတဲ့ ကျွန်တော်တို့အနေနဲ့ သူတို့ဆီကနေ ဘာတွေ သင်ယူနိုင်သလဲ။
ယေဟောဝါကို ယုံကြည်အားကိုးခဲ့ကြ
ဖိလစ်ပိုင် ညီအစ်ကို၊ ညီအစ်မတွေဟာ ခေတ်ကျပ်ကြီးထဲမှာ သူတို့ကို ယေဟောဝါ ဂရုစိုက်စောင့်ရှောက်ပေးမယ်ဆိုတာ ယုံကြည်စိတ်ချကြတယ်။ (ဟီဘရူး ၁၃:၆) တကယ်လည်း ယေဟောဝါက မထင်မှတ်တဲ့နည်းတွေနဲ့ ထောက်မပေးခဲ့တယ်။ သာဓကအနေနဲ့ ညီအစ်မစီစီးရဲ့ အဖြစ်အပျက်ကို ကြည့်နိုင်တယ်။ “တစ်ခွက်စာပဲ ကျန်တော့တဲ့ဆန်ကို မနက်စာ ချက်စားကြတယ်။ ကျွန်မတို့ မိသားစု လေးယောက် အဲဒါစားပြီးရင် စားစရာ မရှိတော့ဘူး။ အဲဒီနေ့အတွက် လိုအပ်ရာ ဖြည့်ဆည်းပေးပါဆိုပြီး ဆုတောင်းကြတယ်။ မနက်စာ စားလို့တောင် မပြီးသေးဘူး၊ ညီအစ်ကိုတစ်ယောက်က ၂ ပြည်ခွဲ ဆန်တစ်အိတ်နဲ့ ရောက်လာတယ်။ ယေဟောဝါကို ကျေးဇူးတင်လွန်းလို့ ဝမ်းသာမျက်ရည် ကျခဲ့ကြတယ်။ ဒီလိုအဖြစ်အပျက်မျိုး ခဏခဏ ကြုံရတယ်။”
ယေဟောဝါရဲ့လူမျိုးဟာ ကျမ်းစာထဲက လက်တွေ့ကျ ဉာဏ်ပညာကိုလည်း လိုက်နာကျင့်သုံးတယ်။ (ပညာအလိမ္မာ ၂:၆၊ ၇) ဥပမာ၊ အဲဒီအချိန်မှာ နှစ်ခြင်းခံပြီးခါစပဲ ရှိသေးတဲ့ တစ်ကိုယ်ရေ ညီအစ်မ အာစီလီတာဟာ စားဝတ်နေရေး တအားခက်ခဲလာလို့ ယေဟောဝါဆီ ရင်ဖွင့် ဆုတောင်းတယ်။ အဲဒီနောက် ပညာအလိမ္မာ ၁၀:၄ မှာပါတဲ့စကားကို အလေးအနက် တွေးတောဖြစ်တယ်– “ပျင်းရိတဲ့လက်က ဆင်းရဲစေလိမ့်မယ်။ ဝီရိယရှိတဲ့လက်ကတော့ ကြွယ်ဝစေလိမ့်မယ်။” ဒီကျမ်းစကားကို ကျင့်သုံးတဲ့အနေနဲ့ သီးပင်စားပင်တွေ စိုက်လိုက်တယ်။ “ဒီလိုကြိုးစားတာကို ယေဟောဝါ အကြီးအကျယ် ကောင်းချီးပေးတယ်။ ကိုယ်စားဖို့ လုံလောက်သွားရုံမကဘူး၊ သွားလာစရိတ်တောင် ကာမိသွားတာ” လို့ သူပြောပြတယ်။
အတူတကွ စည်းဝေးတာကို လျစ်လျူမရှုကြ
ညီအစ်ကိုတွေမှာ မြေကွက်ဝယ်ပြီး အစည်းအဝေးခန်းမ ဆောက်ဖို့လည်း ငွေအလုံအလောက် မရှိကြဘူး။ အတူတကွစည်းဝေးပြီး အချင်းချင်းအားပေးကြပါဆိုတဲ့ အမိန့်ကို မနာခံဘဲတော့ မနေဘူး။ (ဟီဘရူး ၁၀:၂၄၊ ၂၅) အခြေအနေနဲ့အညီ စည်းဝေးကြတယ်။ ဥပမာ၊ ဒေဗောရလို့ခေါ်တဲ့ ညီအစ်မ အခုလို ပြန်ပြောပြတယ်– “ကျွန်မနဲ့ တွဲဘက်ရှေ့ဆောင်ညီအစ်မက တဲလေးတစ်ခုကို နှစ်ယောက်သား ဆောက်လိုက်ကြတယ်။ အဲဒီထဲမှာ လူခြောက်ယောက်လောက် အစည်းအဝေး တက်တာ။ အမိုးကို ဓနိနဲ့မိုးတယ်၊ ဘေးကို အုန်းလက်နဲ့ကာတယ်၊ အုန်းပင်ရဲ့ပင်စည်တုံးတွေကိုတော့ ထိုင်ခုံလုပ်ကြတယ်။”
အများအားဖြင့်တော့ ညီအစ်ကို/မတွေရဲ့အိမ်မှာ အစည်းအဝေးလုပ်ကြတယ်။ ညီအစ်မ ဗာဂျီးနီးယား ဒီလိုပြောပြတယ်– “ကျွန်မတို့ရဲ့ အိမ်လေးက ဝါး၊ သက်ကယ်နဲ့ ဆောက်ထားတာ။ စနေနေ့ရောက်ပြီဆိုတာနဲ့ နောက်နေ့ အစည်းအဝေးအတွက် ညီအစ်ကို/မတွေ ထိုင်စရာနေရာ ရှိအောင် ပရိဘောဂတွေကို ရွှေ့ရပြီ။” အစည်းအဝေးလုပ်တဲ့ နောက်တစ်အိမ်ကျတော့ ခေါင်းမိုး မိုးမလုံဘူး။ ညီအစ်ကို နိုရယ် အခုလိုပြောပြတယ်– “မိုးရွာတဲ့အခါ မိုးယိုလို့ ပုံးတွေနဲ့ ခံထားရတယ်။ ဒါပေမဲ့ ဒီလိုအဆင်မပြေမှုလေးတွေကို သတိတောင် မထားမိကြပါဘူး။ ညီအစ်ကို/မတွေနဲ့ အတူတူ ယေဟောဝါကို ဝတ်ပြုနေရလို့ပါ။”
အမှုဆောင်လုပ်ငန်းမှာ စိတ်ထက်သန်မှု ဆက်တင်ပြကြ
ဥစ္စာပစ္စည်း များများစားစားမရှိလို့ အမှုဆောင်မှာ စိတ်ထက်သန်မှု လျှော့သွားတာမျိုးလည်း မဖြစ်ကြဘူး။ နီဂရိုကျွန်းက လင်းဒီနာ ဒီလိုပြောပြတယ်– “ကျွန်မတို့က မိသားစုကြီးတယ်။ အိမ်မှာ အဖေတစ်ယောက်ပဲ အလုပ်ရှိတော့ ကျွန်မတို့မှာ သွားလာဖို့ လမ်းစရိတ် အလုံအလောက် မရှိတာများတယ်။ ဒါကြောင့် အမှုဆောင်ရပ်ကွက်ကို လမ်းလျှောက်ပြီးပဲ သွားကြတယ်။ မိသားစုလိုက် အင်တိုက်အားတိုက်နဲ့ အတူသွားတာဆိုတော့ ပျော်ဖို့တော့ကောင်းတယ်။ ကျွန်မတို့ရဲ့ ကြိုးစားမှုကို ယေဟောဝါ နှစ်သက်တယ်ဆိုတဲ့အသိကြောင့် ပျော်တယ်။”
အကြီးမားဆုံး အခက်အခဲတစ်ခုကတော့ ဝေးလံခေါင်သီတဲ့ တောင်ပေါ်ဒေသတွေမှာ ဟောပြောဖို့ပါ။ အများသုံး သယ်ယူပို့ဆောင်ရေးစနစ်လည်း မရှိသလောက်ပဲ။ လူဇုန်ကျွန်းမှာနေတဲ့ အက်စတာ ဒီလိုပြောပြတယ်– “၆ ယောက်ကနေ ၁၂ ယောက်လောက် ရှိတဲ့ ကျွန်မတို့အုပ်စုဟာ မိုင်ပေါင်းများစွာ ခြေကျင်နဲ့ သွားရမှာမို့ အိမ်ကနေ စောစောထွက်ကြတယ်။ ပြီးရင် တစ်နေကုန် ဟောပြောတယ်။ ထမင်းထုတ်သွားပြီး သစ်ပင်အောက်မှာ စားကြတယ်။ ညီအစ်ကို/မတချို့ဆိုရင် စားစရာ မရှိတာတောင် ရအောင် လာထွက်ကြတာ။ ‘မပူနဲ့၊ ရှိတာနဲ့ မျှစားကြတာပေါ့’ ဆိုပြီး ကျွန်မတို့ အားပေးတယ်။”
ညီအစ်ကို/မတွေရဲ့ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို ယေဟောဝါ ကြွယ်ဝစွာ ကောင်းချီးပေးတယ်။ ဥပမာ၊ ၁၉၇၀ တုန်းက ဖိလစ်ပိုင်မှာ ကြေညာသူ ၅၄,၇၈၉ ယောက် ရှိတာ။ ၁၉၈၉ ရောက်တော့ ၁၀၂,၄၈၇ ယောက်ဖြစ်လာတယ်။ အရေအတွက် နှစ်ဆနီးပါး တိုးလာတဲ့ သဘောပဲ။ ၂၀၂၃ ရောက်တော့ ကြေညာသူ ၂၅၃,၈၇၆ ယောက်ရှိနေပြီ။
“ဆင်းရဲလို့ဆိုပြီး ယေဟောဝါကို ချစ်တဲ့မေတ္တာ လျော့မသွားဘူး”
စားဝတ်နေရေး ခက်ခဲကြပေမဲ့ အမှုတော်ဆောင်လုပ်ငန်းမှာ သူတို့ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတယ်။ “ဆင်းရဲလို့ဆိုပြီး ယေဟောဝါကို ချစ်တဲ့မေတ္တာ လျော့မသွားဘူး” လို့ ညီအစ်ကို အန်တိုနီယို ပြောတယ်။ ညီအစ်မ ဖီ အဘဒ် အခုလို ပြောတယ်– “စီးပွားရေးခက်ခဲချိန်မှာ ကျွန်မတို့လင်မယား ယေဟောဝါကို ဖက်တွယ်ထားတယ်၊ ရိုးရှင်းတဲ့ဘဝနဲ့ ပျော်ရွှင်ခဲ့ကြတယ်။ ဒါကြောင့်လည်း သားသမီးတွေအားလုံး ဘုရားကို အားကိုးတတ်လာတယ်။”
စမာကျွန်းက လူးစီလာ ဒီလိုပြောတယ်– “ယေဟောဝါကို ဝတ်ပြုရာမှာ ဆင်းရဲတာက ပြဿနာကြီး မဟုတ်ဘူး။ ဘဝမှာ ဘုရားကို ဦးစားထားတဲ့အတွက် ရှိတာလေးနဲ့ ရောင့်ရဲတတ်လာတယ်၊ အကောင်းမြင်စိတ်လည်း ဆက်ထိန်းနိုင်တယ်။ ကျွန်မရဲ့ကျမ်းစာသင်သားတွေ ယေဟောဝါကို သိကျွမ်းလာတာကို မြင်ခွင့်ရတယ်။ နောက်ပိုင်းမှာ သူတို့တွေ ကျွန်မနဲ့အတူ ရှေ့ဆောင်လုပ်ငန်းမှာ ပါဝင်လာကြတယ်။”
ကျွန်တော်တို့လည်း အရှေ့မှာ အခက်အခဲတွေ ကြုံရမယ်ဆိုတာ သိထားတဲ့အတွက် အကြီးအကဲ ရိုဒေါဖိုရဲ့ စကားကို နှလုံးသွင်းကြရအောင်– “၁၉၇၀ ကနေ ၁၉၈၀ ကြား ခေတ်ကျပ်ကြီးကို ဖြတ်ကျော်ခဲ့သူတစ်ယောက်အနေနဲ့ ယေဟောဝါရဲ့ထောက်မမှုနဲ့ မေတ္တာ မျက်မြင်ကိုယ်တွေ့ ခံစားခဲ့ရတယ်။ လက်ထဲမှာ ငွေနည်းနည်းပဲရှိတာတောင် ကျွန်တော် ချို့ငဲ့နေတယ်လို့ မခံစားရဘူး။ ယေဟောဝါက ကျွန်တော့်ကို ကြည့်ရှုစောင့်ရှောက်တယ်။ အကောင်းဆုံးဘဝကို ကျွန်တော် ပိုင်ဆိုင်ထားပါတယ်။ လာမယ့် ပရဒိသုမှာ ‘စစ်မှန်တဲ့အသက်’ ကိုလည်း ရဦးမှာ။ အဲဒါကို စောင့်မျှော်နေပါတယ်။”—၁ တိမောသေ ၆:၁၉။
a အမည်လွှဲများ။