မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မော်ကွန်းတိုက်မှ

နယူးဇီလန်မှ ယေဟောဝါသက်သေများ—ငြိမ်သက်အေးချမ်းပြီး ဘုရားတရား ကိုင်းရှိုင်းတဲ့ ခရစ်ယာန်တွေလား

နယူးဇီလန်မှ ယေဟောဝါသက်သေများ—ငြိမ်သက်အေးချမ်းပြီး ဘုရားတရား ကိုင်းရှိုင်းတဲ့ ခရစ်ယာန်တွေလား

 ၁၉၄၀၊ အောက်တိုဘာ ၂၁ မှာ နယူးဇီလန်နိုင်ငံက ယေဟောဝါသက်သေတွေကို အဖျက်အမှောင့် အဖွဲ့အစည်း၊ လူထုအတွက် အန္တရာယ်ရှိသူတွေအဖြစ် ကြေညာလိုက်တယ်။ ယေဟောဝါသက်သေတွေဟာ အစိုးရရဲ့ ကြေညာချက်ကြောင့် အခက်အခဲတွေ ကြုံရပေမဲ့ လက်မလျှော့ကြဘူး။ ဥပမာ၊ အာဏာပိုင်တွေ ဝင်ရောက်ဖမ်းဆီးတာ ခံရနိုင်ပေမဲ့ ဝတ်ပြုရေးအတွက် ဆက်စုဝေးကြတယ်။

 သက်သေခံ မဟုတ်တဲ့ အန်ဒီ ကလပ်ခ်က သက်သေခံ ဖြစ်တဲ့ ဇနီး မေရီ အန္တရာယ်ကြား အစည်းအဝေးတွေ ဆက်တက်နေမှန်း သတိထားမိတယ်။ အစည်းအဝေး တက်နေတုန်း ဇနီးဖြစ်သူ အဖမ်းခံရမှာ စိုးရိမ်တဲ့အတွက် မေရီနဲ့အတူ အစည်းအဝေးကို အဖော်လိုက်လာတယ်။ “သူတို့ မင်းကို ဖမ်းခဲ့ရင် ကိုယ့်ကိုလည်း ဖမ်းရမှာပေါ့” လို့ အန်ဒီ ပြောတယ်။ အဲဒီအချိန်ကစပြီး ဇနီးနဲ့အတူ အစည်းအဝေးတိုင်း လိုက်တက်တယ်။ နောက်တော့ သူ နှစ်ခြင်းခံလိုက်တယ်။ နယူးဇီလန်က သက်သေခံများစွာဟာ ဒုတိယ ကမ္ဘာစစ်အတွင်း နှိပ်စက်ညှဉ်းပန်းမှုကြား မေရီလိုပဲ ဘုရားအပေါ် ဆက်သစ္စာရှိဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။

ထောင်ထဲမှာ ရှင်သန်ကြီးပွားခြင်း

 တစ်နေ့မှာ အသက် ၇၈ နှစ်အရွယ် ဂျွန်မာရေးကို တစ်အိမ်တက်ဆင်း ဟောပြောနေတုန်း ရဲတွေ ဖမ်းလိုက်တယ်။ အဖျက်အမှောင့် အဖွဲ့အစည်းမှာ သူ ပါဝင်တယ်လို့ တရားရုံးက စွဲချက်တင်တယ်။ နောက်ထပ် သက်သေခံ အတော်များများကိုလည်း တရားရုံး ပို့ကြတယ်။ တချို့ကို ဒဏ်ငွေ တပ်တယ်။ တချို့ကို သုံးလ ထောင်ချတယ်။

 သက်သေခံတွေက ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ အမှားအမှန် သိစိတ်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်ကြတယ်။ (ဟေရှာယ ၂:၄) ဒါကြောင့် စစ်အတွင်း စစ်မှုထမ်းဖို့ ဆင့်ခေါ်တဲ့အခါ သူတို့ အခက်ကြုံခဲ့ရတယ်။ စစ်အတွင်း သက်သေခံ ၈၀ ကျော်ကို စစ်မှုမထမ်းလို့ အကျဉ်းစခန်းတွေဆီ ပို့ကြတယ်။ အဲဒီညီအစ်ကိုတွေဟာ အကြီးအကျယ် နှိပ်စက်ခံရပြီး ဆောင်းတွင်း အအေးဒဏ် ခံရပေမဲ့ ယေဟောဝါကို ပျော်ရွှင်စွာ ဆက်ဝတ်ပြုကြတယ်။

 အကျဉ်းစခန်းထဲက သက်သေခံတွေဟာ အစည်းအဝေး၊ အမှုဆောင်တွေအတွက် ချက်ချင်း စီစဉ်ကြတယ်။ အသင်းတော်တစ်ခုလိုပဲ ပုံမှန် အစည်းအဝေး အစီအစဉ်၊ အကျဉ်းသားတွေကို ဟောပြောမယ့် အစီအစဉ်တွေ ရှိတယ်။ အကျဉ်းစခန်းမှာ သက်သေခံတွေဟာ အစောင့်အကြပ်တစ်ဦးနဲ့အတူ စည်းဝေးပွဲတွေကိုတောင် ကျင်းပခွင့် ရကြတယ်။ အကျဉ်းသားတချို့ အကျဉ်းစခန်းမှာပဲ ကျမ်းစာ လေ့လာပြီး နှစ်ခြင်းခံခဲ့ကြတယ်။

အကျဉ်းစခန်းမှာ သက်သေခံတွေ ဟောပြောသွန်သင်ခြင်းသင်တန်း စီစဉ်ဖွဲ့စည်းနေစဉ်

 အစောပိုင်းမှာ ဖော်ပြတဲ့ မေရီနဲ့ အန်ဒီတို့ရဲ့ သားထွေး ဘရုစ်ဟာ အကျဉ်းကျတာကို ဘုရားရေးရာအကြောင်း ပိုသင်ယူနိုင်တဲ့ အခွင့်အလမ်းအဖြစ် သဘောထားခဲ့တယ်။ “ကျွန်တော့်အတွက်တော့ ကျောင်းတက်ရတာနဲ့ တူတယ်။ အကျဉ်းစခန်းထဲက အတွေ့အကြုံ ရင့်ကျက်တဲ့ ညီအစ်ကိုတွေနဲ့ စကားပြောဆိုခွင့်၊ သူတို့ဆီကနေ သင်ယူသိရှိခွင့် ရခဲ့တယ်” လို့ သူ ပြောတယ်။

 ၁၉၄၄ မှာ အစိုးရက အကျဉ်းကျနေတဲ့ သက်သေခံတချို့ကို လွှတ်ပေးဖို့ စဉ်းစားတယ်။ ဒါပေမဲ့ စစ်အာဏာပိုင်တွေက ကန့်ကွက်တယ်။ ဒီလိုပြန်လွှတ်ပေးရင် သက်သေခံတွေဟာ ကိုယ့်ယုံကြည်ချက်အကြောင်း တခြားသူတွေကို ဆက်ဟောနေမှာ စိုးလို့ပဲ။ “ဒီတစ်ယူသန်တွေကို ဆက်ချုပ်ထားရင် နည်းနည်းပါးပါး ထိန်းထားလို့ ရနိုင်ပေမဲ့ ပြောင်းလဲပစ်လို့တော့ ရမှာ မဟုတ်ဘူး” ဆိုပြီး သတင်းတစ်ပုဒ်က ဆိုတယ်။

ပြည်သူလူထုကို အန္တရာယ်ပြုသူတွေ မဟုတ်ကြ

 ပိတ်ပင်မှု လူသိရှင်ကြား ဖြစ်သွားတဲ့အတွက် တချို့က ယေဟောဝါသက်သေတွေအကြောင်း သိချင်လာကြတယ်။ နောက်ပိုင်း ယေဟောဝါသက်သေတွေဟာ လူထုကို အန္တရာယ်ပြုသူတွေ မဟုတ်ကြောင်း၊ ငြိမ်သက်အေးချမ်းမှု လိုလားသူတွေ ဖြစ်ကြောင်း လူများစွာ သိလာကြတယ်။ ဒါကြောင့် နယူးဇီလန်မှာ သက်သေခံ အရေအတွက် ၁၉၃၉ မှာ အယောက် ၃၂၀ ရှိရာကနေ ၁၉၄၅ မှာ ၅၃၆ ယောက်အထိ တိုးများလာတယ်။

 သမာသမတ်ရှိတဲ့ အရာရှိတွေကတော့ ယေဟောဝါသက်သေတွေကို ပိတ်ပင်တာဟာ မတရားမှန်း သိလာကြတယ်။ ဟောပြောတဲ့အတွက် ညီအစ်ကိုတစ်ယောက် တရားစွဲခံရတဲ့အမှုကို ကြားနာပြီးတဲ့နောက် တရားသူကြီးက အမှုကို ပလပ်လိုက်တယ်။ “ကျွန်တော့်စိတ်က ဒါကို လုံးဝ လက်မခံနိုင်ဘူး။ ကျမ်းစာ ဝေငှတာကို ပြစ်မှုအဖြစ် သတ်မှတ်ဖို့ စဉ်းတောင် မစဉ်းစားဖူးဘူး” လို့ သူ ပြောတယ်။

 စစ်ပွဲအပြီးမှာ ပိတ်ပင်မှုကို ရုပ်သိမ်းလိုက်တဲ့အခါ သက်သေခံတွေဟာ ဘုရားနိုင်ငံတော်အကြောင်း သက်သေခံဖို့ အရင်ကထက် ပိုကြိုးစားလာကြတယ်။ ၁၉၄၅ မှာ နယူးဇီလန် ဌာနခွဲရုံးက အသင်းတော်အားလုံးဆီ စာပို့တယ်။ စာထဲမှာ “ကျွန်တော်တို့အားလုံး လိမ္မာပါးနပ်ကြရမယ်။ တခြားသူကို ဖော်ရွေရမယ်။ ကြင်နာရမယ်။ အငြင်းအခုံတွေ၊ ရန်ပွဲတွေကို ရှောင်ရမယ်။ လူတွေဟာ သူတို့ယုံကြည်ချက်ကို အရင်းခံစိတ်နဲ့ သက်ဝင်ယုံကြည်နေကြတယ်ဆိုတာ အမှတ်ရပါ။ . . . သူတို့အများစုဟာ သခင်ရဲ့ ‘သိုးတွေ’ ဖြစ်တယ်။ သူတို့ကို ယေဟောဝါနဲ့ ကိုယ်တော့်နိုင်ငံတော်ဆီ ပို့ဆောင်ပေးရမယ်” လို့ ဖော်ပြထားတယ်။

 ယနေ့အချိန်မှာ နယူးဇီလန်မှာ ရှိတဲ့ ယေဟောဝါသက်သေတွေဟာ ဒေသခံတွေနဲ့ ကမ္ဘာလှည့် ခရီးသည်တွေကို ကျမ်းစာအကြောင်း ဆက်ဟောပြောနေပါတယ်။ ထရန်ဂျီမြို့ငယ်မှာ သက်သေခံ ၄ ယောက် ပါတဲ့ အုပ်စုက နာရီအနည်းငယ်အတွင်း နိုင်ငံပေါင်း ၁၇ ခုက ခရီးသည် ၆၇ ယောက်ကို ဟောပြောနိုင်ခဲ့တယ်။

 ယေဟောဝါသက်သေတွေဟာ ငြိမ်သက်အေးချမ်းမှုကို လိုလားသူ၊ ဘုရားတရား ကိုင်းရှိုင်းသူ၊ ကျမ်းစာသွန်သင်ချက်ကို တန်ဖိုးထား လိုက်နာသူတွေ ဖြစ်ကြောင်း နယူးဇီလန်က လူတွေ အသိအမှတ်ပြုကြတယ်။ နှစ်တိုင်း ယေဟောဝါသက်သေအဖြစ် လူပေါင်း ရာနဲ့ချီ နှစ်ခြင်းခံကြတယ်။ ၂၀၁၉ မှာ သက်သေခံ ၁၄,၀၀၀ ကျော်ဟာ ဒီနိုင်ငံမှာ ယေဟောဝါကို ပျော်ရွှင်စွာ အမှုဆောင်နေကြပါတယ်။

၁၉၄၀၊ ပိတ်ပင်ခံရပြီးနောက် ကျမ်းစာလေ့လာဖို့ စုဝေးကြစဉ်

နယူးဇီလန်၊ မြောက်ပိုင်းကျွန်းပေါ်က တစ်ယောက်စာ အချုပ်ခန်းများ

နယူးဇီလန်၊ မြောက်ပိုင်းကျွန်းပေါ်က ဟူတူအကျဉ်းစခန်း

၁၉၄၉၊ ကြားနေရပ်တည်မှုကြောင့် ထောင်ကျနေတဲ့ သက်သေခံတွေ စုဝေးနေကြစဉ်