အလင်းဆောင်သူ ရွက်လှေက အရှေ့တောင်အာရှမှာ ကျမ်းစာအလင်း ထွန်းလင်း
၁၉၃၀ ပြည့်လွန်နှစ် အစောပိုင်းတွေမှာ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ယနေ့ခေတ်အခေါ် ပါပူဝါ နယူးဂီနီတို့မှာ ယေဟောဝါသက်သေတွေ လုံးဝ မဟောပြောရသေးဘူး။ အဲဒီဒေသတွေကို ဘယ်လိုနည်းနဲ့ သတင်းကောင်း ရောက်ရှိနိုင်မလဲ။ ဒီအတွက် ဩစတြေးလျ ဌာနခွဲ (အခုခေတ်အခေါ် ဩစတြေးလျအေးရှား ဌာနခွဲ) က ၁၆ မီတာ (၅၂ ပေ) ရှည်ပြီး ရွက်တိုင်နှစ်ခု ပါတဲ့ စက်တပ် ရွက်လှေတစ်စင်း ဝယ်ယူခဲ့တယ်။ ရေခြားမြေခြားမှာ သမ္မာကျမ်းစာအလင်း ထွန်းလင်းမယ့် ရှေ့ဆောင်တွေ a လိုက်ပါတဲ့ ဒီရွက်လှေကို အလင်းဆောင်သူလို့ နာမည်ပေးခဲ့ကြတယ်။—မဿဲ ၅:၁၄-၁၆။
နယူးဂီနီမှာ ဟောပြောခြင်း
၁၉၃၅၊ ဖေဖော်ဝါရီမှာ ရှေ့ဆောင် ခုနစ်ယောက်ပါတဲ့ အဖွဲ့ဟာ ဩစတြေးလျ အရှေ့ဘက် ကမ်းခြေမှာ ရှိတဲ့ ဆစ်ဒနီမြို့ကနေ နယူးဂီနီနိုင်ငံ ပေါ့ မော်စဘီမြို့ကို ဦးတည်ခဲ့ကြတယ်။ လမ်းမှာ ငါးဖမ်းစားကြပြီး ဓာတ်ဆီ၊ အစားအစာ ဝယ်ဖို့၊ လှေပြုပြင်ဖို့ ဆိပ်ကမ်း အတော်များများမှာ ရပ်နားခဲ့တယ်။ နောက်ဆုံး၊ ၁၉၃၅၊ ဧပြီ ၁၀ မှာ ကွင်းစလန်း ပြည်နယ်၊ ကွတ်တောင်းမြို့ကနေ ပင်လယ်ပြင်ကို စတင် ဖြတ်ကျော်ခဲ့ကြတယ်။ အန္တရာယ်များတဲ့ ဂရိတ်ဘယ်ရီယာရိ ပင်လယ်ပြင်ကို စက်အားကိုးနဲ့ ဖြတ်ကျော်နေချိန်မှာပဲ စက်သံတစ်မျိုး ဖြစ်လာပြီး စက်ရပ်သွားတယ်။ ပြန်လှည့်ရမလား၊ နယူးဂီနီကို ဆက်သွားရမလား။ ရေယာဉ်မှူး အဲရစ် ယူအင်က “ကျွန်တော်တို့ နောက်ပြန် မလှည့်ချင်ကြဘူး” လို့ ပြောတယ်။ ဒါနဲ့ ရွက်တိုက်ပြီး ခရီးဆက်ခဲ့တာ ၁၉၃၅၊ ဧပြီ ၂၈ မှာ ပေါ့ မော်စဘီမြို့ကို ချောချောမောမော ရောက်ရှိခဲ့တယ်။
စက်ပြင်နေတုန်း ညီအစ်ကို ဖရန့်ခ် ဂျူးဝါးကလွဲလို့ တခြားသူတွေက ပေါ့ မော်စဘီမြို့မှာ ဟောပြောကြတယ်။ ‘အကြမ်းခံတဲ့ ရှေ့ဆောင်’ လို့ ညီအစ်ကိုတစ်ယောက် ရည်ညွှန်းခဲ့တဲ့ ဖရန့်ခ် က ‘ကျွန်တော် စာအုပ်တွေ အများကြီး သယ်ပြီး ကုန်းတွင်းပိုင်း ၃၂ ကီလိုမီတာ [မိုင် ၂၀] လောက် လမ်းလျှောက်သွားတယ်။ အဲဒီမှာ ဟောပြောခဲ့တယ်’ လို့ ပြောပြတယ်။ တခြားလမ်းကနေ ပြန်လာတဲ့ ဖရန့်ခ်ဟာ မိချောင်းတွေ ရှိတဲ့ မြစ်ငယ်တစ်စင်းကို ခက်ခက်ခဲခဲ ဖြတ်ကူးခဲ့ရတယ်။ ဒါပေမဲ့ သူ သတိထား ပြန်လာခဲ့လို့ မြို့ကို ချောချောမောမော ပြန်ရောက်လာတယ်။ ဒီအဖွဲ့ငယ်ရဲ့ ကြိုးစားအားထုတ်မှုက အရာထင်ခဲ့ပါတယ်။ စာပေလက်ခံသူတချို့က နောက်ပိုင်းမှာ ယေဟောဝါသက်သေ ဖြစ်လာကြတယ်။
ဂျာဗားမှာ သက်သေခံခြင်း
စက်ပြင်ပြီးသွားတဲ့နောက် အလင်းဆောင်သူ ရွက်လှေဟာ ပေါ့ မော်စဘီမြို့ကနေ အရှေ့ ဒတ်ချ် အင်ဒီစ် (ဒီနေ့ခေတ် အင်ဒိုနီးရှားနိုင်ငံ အဝင်) က ဂျာဗားကျွန်းကို ဦးတည်ခဲ့တယ်။ ရိက္ခာဖြည့်ဖို့ နေရာတော်တော်များများမှာ ရပ်နားပြီးနောက် ၁၉၃၅၊ ဇူလိုင် ၁၅ မှာ ဘက်တာဗီယာ (အခု ဂျကာတာ) မှာ ကမ်းကပ်ခဲ့တယ်။
သူတို့အဖွဲ့ထဲက ချာလ်စ် ဟဲရစ္စက ဂျာဗားမှာ ဆင်းနေခဲ့ပြီး သတင်းကောင်းကို ထက်ထက်သန်သန် ဆက်ဟောပြောခဲ့တယ်။ b သူ အခုလို ပြောပြတယ်– “အဲဒီအချိန်တုန်းက ကျွန်တော်တို့ တစ်မြို့ပြီး တစ်မြို့ ကျမ်းစာ,စာပေတွေ ဝေခဲ့တယ်။ အာရဗီ၊ တရုတ်၊ ဒတ်ချ်၊ အင်္ဂလိပ်၊ အင်ဒိုနီးရှား ဘာသာစကားတွေနဲ့ စာပေတွေ ကျွန်တော် ယူသွားတယ်။ လူတွေက စာပေတွေကို လက်ခံကြတော့ တစ်နှစ်မှာ စာအုပ်ပေါင်း ၁၇,၀၀၀ အထိ ဝေငှလို့ ရတယ်။”
ချာလ်စ်ရဲ့ စိတ်ထက်သန်မှုကို ဒတ်ချ်အာဏာပိုင်တွေတောင် သတိထားမိတယ်။ တစ်ခါမှာတော့ အရာရှိတစ်ယောက်က သက်သေခံတစ်ယောက်ကို ချာလ်စ် ဟောပြောနေတဲ့ အရှေ့ဂျာဗားမှာ သက်သေခံ ဘယ်နှယောက် ရှိသလဲလို့ မေးတယ်။ ညီအစ်ကိုက “တစ်ယောက်တည်းပါ” လို့ ပြန်ပြောတော့ အရာရှိက “ငါ ယုံရမှာလား” လို့ ပြန်ဟောက်တယ်။ “မင်းတို့ စာပေတွေ ဒီလောက် ပျံ့နေတာ လူအများကြီး ရှိတာ ဖြစ်ရမယ်” လို့ ပြောတယ်။
စင်္ကာပူနဲ့ မလေးရှားမှာ ဟောပြောခြင်း
အင်ဒိုနီးရှားကနေ အလင်းဆောင်သူ ရွက်လွှင့်ခဲ့ပြီး စင်္ကာပူကို ဩဂုတ် ၇ ရက်မှာ ရောက်လာတယ်။ လှေဆိုက်တဲ့ နေရာတိုင်းမှာ အားကောင်းတဲ့ အသံချဲ့စက်နဲ့ လော်စပီကာ သုံးပြီး ဟောပြောချက်တွေကို ဖွင့်ပြခဲ့တယ်။ ဒီနည်းလမ်းနဲ့ သတင်းကောင်း ကြေညာတာကို လူအတော်မျာများ အာရုံစိုက်ခဲ့ကြတယ်။ “ဗုဒ္ဓဟူးနေ့ညက ရေပေါ်ကနေ သိပ်ကောင်းတဲ့ ဟောပြောချက်တစ်ခု ကြားလိုက်ရတယ်။ ‘အလင်းဆောင်သူ’ ရွက်လှေကနေ ထုတ်လွှင့်မှန်း သိလိုက်ရတယ်။ ဩစတြေးလျကနေ စင်္ကာပူကို ရောက်လာကတည်းက ကင်းမျှော်စင်အဖွဲ့ရဲ့ ဟောပြောချက်တွေကို ထုတ်လွှင့်ပေးတယ်” လို့ စင်္ကာပူ ဖရီး ပရက် သတင်းစာက ဖော်ပြတယ်။ “ရာသီဥတု သာယာတဲ့နေ့တွေမှာ ၂ မိုင်၊ ၃ မိုင် [၃၊ ၄ ကီလိုမီတာ] ကနေတောင် ဒီအသံကို ကြားနိုင်တယ်” လို့လည်း ဖော်ပြတယ်။
အလင်းဆောင်သူ ရွက်လှေ စင်္ကာပူမှာ ရောက်နေတုန်း ဖရန့်ခ် ဂျူးဝါးက တာဝန်အသစ်ကို စတင်ခဲ့တယ်။ အခုလို သူ ပြန်ပြောပြတယ်– “စင်္ကာပူမှာ ကျွန်တော်တို့ လှေပေါ်မှာပဲ စခန်းချပြီး ရှေ့ဆောင်လုပ်နေကြတာ။ အလင်းဆောင်သူ ရွက်လွှင့်မယ့်အချိန် ရောက်လာတော့ အဲရစ် ယူအင်က ‘ဖရန့်ခ် ရေ၊ စိုင်အမ် (ဒီနေ့ခေတ်အခေါ် ထိုင်း) ကို ညီအစ်ကို့ရပ်ကွက်အနေနဲ့ ရွေးထားတယ် ဆိုတော့ ဒီမှာပဲ ဆင်းတော့’ လို့ ပြောလိုက်တာနဲ့ လန့်သွားတယ်။ သက်ပြင်း အရှည်ကြီး ချပြီး ဒီကနေ စိုင်အမ်ကို ဘယ်လို သွားရမှာလဲ’ လို့ မေးလိုက်တယ်။” အဲရစ်က ဒီနေ့ခေတ် မလေးရှားမှာ ရှိတဲ့ ကွာလာလမ်ပူကို သွားပြီး အဲဒီကနေ ရထားစီးဖို့ ဖရန့်ခ်ကို ပြောတယ်။ နာခံမှု ရှိရှိပဲ ကွာလာလမ်ပူမြို့ကို ဖရန့်ခ် ထွက်လာတယ်။ လအတော်ကြာတော့ ထိုင်းနိုင်ငံ ရောက်သွားတယ်။ c
အလင်းဆောင်သူ ရွက်လှေဟာ ဂျဟော ဘာရူး၊ မွာ၊ မလက်ကာ၊ ကလန်၊ ပေါ့ စွက်နမ် (အခု ပေါ့ ကလန်) နဲ့ ပီနန် မြို့တွေမှာ ဆိုက်ကပ်ခဲ့တယ်။ သူတို့ ဆိုက်ကပ်တဲ့ နေရာတိုင်းမှာ လှေပေါ်ကနေ အသံချဲ့စက်နဲ့ ကျမ်းစာဟောပြောချက်တွေ ဖွင့်ပြတယ်။ အဲဒီတုန်းက အင်ဒိုနီးရှားမှာ အမှုဆောင်နေတဲ့ ညီအစ်မ ဂျီန်း ဒစ်ချမ့် က “ဂြိုလ်သားတွေ ရောက်လာရင်တောင် လူတွေ ဒီလောက် စိတ်ဝင်စားမယ် မထင်ဘူး” လို့ ပြောတယ်။ ဟောပြောချက်တွေကို ဖွင့်ပြပြီးတဲ့အခါ ညီအစ်ကိုတွေဟာ ကမ်းပေါ်တက်ပြီး စိတ်ဝင်စားသူတွေကို စာပေတွေ ဝေငှကြတယ်။
ဆူမားတြားမှာ ဟောပြောခြင်း
သူတို့ဟာ ပီနန်မြို့ကနေ မလက်ကာ ရေလက်ကြားကို ရွက်လွှင့်ဖြတ်ကူးပြီး ဆူမားတြား (ယခု အင်ဒိုနီးရှား) ကျွန်းက မေဒန်မြို့ကို ရောက်လာကြတယ်။ “မေဒန်ဒေသက တကယ် စိတ်ဝင်စားစရာ ကောင်းသလို ပျော်စရာလည်း ကောင်းတယ်။ သတင်းကောင်း နားထောင်ချင်တဲ့သူ အများကြီးပဲ” လို့ အဲရစ် ယူအင် ပြန်ပြောပြတယ်။ ညီအစ်ကိုတွေဟာ ဒီဒေသမှာ စာပေ ၃,၀၀၀ လောက် ဝေငှခဲ့ကြတယ်။
အလင်းဆောင်သူ ရွက်လှေဟာ တောင်ဘက်ကို ရွက်လွှင့်လာတယ်။ ညီအစ်ကိုတွေဟာ ဆူမားတြားရဲ့ အရှေ့ဘက်ခြမ်း အဓိက ဆိပ်ကမ်းတွေမှာ ဟောပြောခဲ့ကြတယ်။ ပြီးတော့ ၁၉၃၆၊ နိုဝင်ဘာမှာ စင်္ကာပူကို ပြန်လှည့်လာတယ်။ အဲဒီမှာ အဲရစ် ယူအင် နေခဲ့ပြီး အပတ်အနည်းငယ် ကြာတော့ စင်္ကာပူက ညီအစ်မ အိုင်ရင်း စတရော့စ်နဲ့ လက်ထပ်လိုက်တယ်။ အဲရစ်နဲ့ အိုင်ရင်းဟာ ဆူမားတြားမှာ ဆက်ပြီး ရှေ့ဆောင်လုပ်ခဲ့ကြတယ်။ ဒီတော့ အလင်းဆောင်သူ ရွက်လှေအတွက် ရေယာဉ်မှူးအသစ် လိုအပ်နေပါပြီ။
ဘော်နီယိုကျွန်းမှာ ဟောပြောခြင်း
ရေယာဉ်မှူးအသစ်ကတော့ သင်္ဘောမာလိန်မှူး နော်မန် ဆီနီယာပါ။ ၁၉၃၇၊ ဇန်နဝါရီလမှာ ဆစ်ဒနီကနေ ရောက်လာတယ်။ သူတို့အဖွဲ့ဟာ စင်္ကာပူကနေ ဘော်နီယိုနဲ့ ဆဲလဘီဇ် (အခုခေတ် ဆူလာဝေဆီ) ကျွန်းတွေကို ရွက်လွှင့်လာခဲ့ကြပြီး အဲဒီမှာ ကုန်းတွင်းပိုင်း ၄၈၀ ကီလိုမီတာ (မိုင် ၃၀၀) အထိ ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက် ဟောပြောခဲ့ကြတယ်။
အလင်းဆောင်သူ ဟာ ဘော်နီယိုကျွန်းက စမ်မရင်ဒါ ဆိပ်ကမ်းကို ရောက်တဲ့အခါ ဆိပ်ကမ်း အရာရှိက ဒေသခံတွေကို ဟောခွင့်မပေးဘူး။ ဒါပေမဲ့ ညီအစ်ကို နော်မန်က ကျွန်တော်တို့ရဲ့ ဟောပြောခြင်းလုပ်ငန်းအကြောင်း ရှင်းပြတဲ့အခါ အဲဒီအရာရှိက ကူညီပေးတဲ့အပြင် စာပေတချို့ လက်ခံခဲ့တယ်။
နောက်တစ်ကြိမ်မှာ၊ ဒေသခံ ဓမ္မဆရာတစ်ယောက်က နော်မန်ကို ချာ့ချ်မှာ လာဟောဖို့ ဖိတ်ခေါ်တယ်။ နော်မန်က ကိုယ်တိုင် ဟောမယ့်အစား ဟောပြောချက် ၅ ခု ဖွင့်ပြလိုက်တယ်။ ဓမ္မဆရာ သဘောကျသွားပြီး သူ့မိတ်ဆွေတွေအတွက်တောင် စာပေတွေ ယူသွားတယ်။ ဒါပေမဲ့ ဒါဟာ ထူးခြားတဲ့ တုံ့ပြန်မှုပါ။ ဓမ္မဆရာ အများစုကတော့ ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်းကို မနှစ်သက်ကြဘူး။ တချို့ဆို ဒီအဖွဲ့ အခုလို ရဲရဲရင့်ရင့် သက်သေခံတာကို ဒေါသနဲ့ တုံ့ပြန်ကြတယ်။ အလင်းဆောင်သူ ရွက်လှေကို ဆိပ်ကမ်းကပ်ခွင့် မပြုဖို့တောင် အာဏာပိုင်တွေကို ဖိအားပေးကြတယ်။
ဩစတြေးလျကို ပြန်လာခြင်း
၁၉၃၇၊ ဒီဇင်ဘာမှာ ဓမ္မဆရာတွေရဲ့ သွေးထိုးမှုကြောင့် အလင်းဆောင်သူ ပိတ်ပင်ခံရပြီးနောက် ဩစတြေးလျကို ပြန်ရွက်လွှင့်လာကြတယ်။ ဒီအဖွဲ့ဟာ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးကြီးအမီ ၁၉၃၈၊ ဧပြီလမှာ ဆစ်ဒနီ ဆိပ်ကမ်းကို ဆိုက်ရောက်လာတယ်။ ဆစ်ဒနီ ဆိပ်ကမ်းကနေ အလင်းဆောင်သူ ရွက်လှေ ထွက်ခွာလာတာ သုံးနှစ်တောင် ကျော်သွားပြီ။ ဩစတြေးလျမှာ သက်သေခံတွေရဲ့ လုပ်ငန်း ပိတ်ပင်ခံရပြီး သိပ်မကြာခင်၊ ၁၉၄၀ ပြည့်လွန်နှစ် အစောပိုင်းမှာ ဒီရွက်လှေကို ရောင်းချခဲ့တယ်။ အလင်းဆောင်သူ ရွက်လှေမှာ အမှုဆောင်ရတာ သိပ်ပျော်တာပဲလို့ ပြောတဲ့ ညီအစ်ကို ယူအင်က “ဒီရွက်လှေဟာ အတော်လေး အသုံးဝင်ခဲ့တယ်” လို့ ဆိုတယ်။
အလင်းဆောင်သူ ရွက်လှေထားရစ်ခဲ့တဲ့ တည်တံ့တဲ့ အမွေ
အလင်းဆောင်သူ ရွက်လှေအဖွဲ့ဟာ လူဦးရေ ထူထပ်ပြီး ကျယ်ပြန့်တဲ့ ဒေသတွေမှာ နိုင်ငံတော်မျိုးစေ့ ကြဲဖြန့်ခဲ့ပါတယ်။ ဆန့်ကျင်မှုတွေ ရှိခဲ့ပေမဲ့ ဒီကြိုးစားအားထုတ်မှုက တဖြည်းဖြည်း အကျိုးဖြစ်ထွန်းလာတယ်။ (လုကာ ၈:၁၁၊ ၁၅) ဒီရှေ့ဆောင်တွေ ဟောပြောခဲ့တဲ့ နေရာတွေမှာ အခုဆို နိုင်ငံတော် ကြေညာသူ ၄၀,၀၀၀ တောင် ကျော်နေပြီ။ အလင်းဆောင်သူ ရွက်လှေပေါ်က သတ္တိရှိတဲ့ ညီအစ်ကိုတွေ ထားရစ်ခဲ့တဲ့ တကယ် ထူးခြားတဲ့ အမွေအနှစ်ပါပဲ။
a ရှေ့ဆောင်ဆိုတာ ယေဟောဝါသက်သေတွေရဲ့ အချိန်ပြည့် အမှုဆောင်တွေ ဖြစ်တယ်။
b ချာလ်စ် ဟဲရစ္စ အကြောင်းကို ၁၉၉၄၊ ဇွန်လ ၁ ရက်ထုတ် ကင်းမျှော်စင် မှာ တွေ့နိုင်တယ်။
c ၁၉၉၁ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ် စာအုပ် စာမျက်နှာ ၁၈၇ ကို ကြည့်ပါ။