အာမာ ဘင်တီဗိုဂလီ | ဘဝအတ္ထုပ္ပတ္တိ
‘ကောင်းမြတ်တဲ့ဆုကျေးဇူးမှန်သမျှ’ ပေးသနားတဲ့အရှင်ကို ဝတ်ပြုခြင်း
လေယာဉ်ဗုံးကြဲမယ့် အချက်ပေးဥသြသံ မြည်လာတယ်။ အမေက မောင်လေးကို ချီ၊ ကျွန်မလက်ကို ဆွဲပြီး အနားက သစ်သီးခြံထဲမှာ ပြေးပုန်းပါလေရော။ ကျွန်မအသက် ခြောက်နှစ်ပဲရှိသေးတာ။
ဗုံးကြဲပြီးသွားတော့ အမေ့ရဲ့အခင်ဆုံးသူငယ်ချင်းကို လိုက်ရှာကြတယ်။ သူသေသွားမှန်း သိလိုက်ရလို့ ကျွန်မတို့ စိတ်မကောင်းလိုက်တာ။ ရက်အနည်းငယ်ကြာတော့ ဗုံးလာကြဲပြန်တယ်။ အဖေက ကျွန်မကို ဆွဲ၊ သူ့စက်ဘီးဘားတန်းပေါ် တင်ပြီး မြို့ပြင်ကို သုတ်ခြေတင် နင်းပြေးရော။
ဒုတိယကမ္ဘာစစ်ဒဏ်ကြောင့် တစ်နိုင်ငံလုံး ဖွတ်ဖွတ်ကြေ၊ လူတွေလည်း ဒုက္ခရောက်လိုက်ကြတာ။ အဲဒီပုံရိပ်တွေကို အခုထိ မြင်ယောင်နေတုန်းပဲ။ ဒါပေမဲ့ ကျွန်မဘဝကို ငယ်ငယ်ကတည်းက ပုံသွင်းပေးခဲ့တဲ့အရာဟာ ကျွန်မပတ်ဝန်းကျင်က လူတွေပါ။ ယေဟောဝါကို သိပြီး နက်နက်ရှိုင်းရှိုင်း ချစ်တဲ့သူတွေပါပဲ။
အမှန်တရား ဆုကျေးဇူး
၁၉၃၆ ခုနှစ် ဆောင်းတွင်း၊ ကျွန်မကို မမွေးခင် လအနည်းငယ်မှာပေါ့။ အဖေက ဗင်စင်ဇိုနဲ့ မီးရထားဌာနမှာ အလုပ် တွဲလုပ်တယ်။ ဗင်စင်ဇိုက ယေဟောဝါသက်သေတစ်ဦးအဖြစ် နှစ်ခြင်းမခံရသေးပေမဲ့ ကျမ်းစာအမှန်တရားကို သိပ်ချစ်မြတ်နိုးတယ်။ မီးရထားသံလမ်းပေါ်က ဆီးနှင်းခဲတွေကို ဖယ်ရင်း အဖေ့ကို သူ သိထားတာတွေ ပြောပြတယ်။
ဒါအမှန်တရားပဲဆိုတာ အဖေ ချက်ချင်း သိသွားတယ်။ အဖေအပါအဝင် ဖာယန်ဇာမြို့သားတချို့က ထပ်လေ့လာချင်ကြတယ်။ အဲဒီတုန်းက ဖက်ဆစ်နှိပ်စက်မှုအောက်မှာဆိုတော့ ယေဟောဝါသက်သေတွေခမျာ လူသိရှင်ကြား အစည်းအဝေး မကျင်းပနိုင်ဘူး။ ကျမ်းစာစာပေတွေ လက်ဝယ်တွေ့ရင် အဖမ်းခံရတယ်။ သက်သေခံတချို့လည်း ထောင်ထဲမှာ။ ဒီတော့ အဖေနဲ့ သူ့မိတ်ဆွေတွေက ကျမ်းစာဖတ်ဖို့၊ စာပေလေ့လာဖို့ ကျေးလက်အစွန်အဖျားက အိမ်တွေမှာ ဆုံရတယ်။ အဖေက ညနေပိုင်းဆို မိသားစုနဲ့ တစ်ပတ်တစ်ခါ ကျမ်းစာလေ့လာတယ်။
စံနမူနာကောင်း ဆုကျေးဇူး
၁၉၄၃ ခုနှစ်မှာ ဘာသာရေးကြောင့် ထောင်ကျတဲ့ ယေဟောဝါသက်သေတွေ လွတ်လာတယ်။ အဲဒီအထဲက တစ်ယောက်ကတော့ တစ်ကိုယ်ရေ ညီအစ်မ မာရီယာ ပီဇာတိုပါ။ အီတလီမြောက်ပိုင်းက သူ့အိမ်ကိုအပြန် ကျွန်မတို့အိမ်မှာ ဝင်တည်းတယ်။ အဲဒီတုန်းက ဆွစ်ဇာလန် ဌာနခွဲရုံးက အီတလီရဲ့အလုပ်တွေကို ကြီးကြပ်ပေးနေတာ။ ဆွစ်ဇာလန်ဌာနခွဲနဲ့ အဆက်အသွယ်ရဖို့၊ ညီအစ်ကို/မတွေ စာပေရဖို့ မာရီယာ အများကြီးလုပ်ပေးခဲ့တယ်။ သူ့ပုံကို ကြည့်ရင်တော့ နုနုနယ်နယ်လေး။ ဒါပေမဲ့ သတ္တိခဲ အာဂအမျိုးသမီးပဲ။ စစ်ကြီးအပြီးမှာ ဖာယန်ဇာမြို့ကို သူ လာလာလည်တယ်။ သူလာရင် ကျွန်မတို့ သိပ်ပျော်ကြတာ။
ချစ်ခင်လေးစားစရာကောင်းတဲ့ နောက်ညီအစ်မကြီးတစ်ဦးကတော့ မုဆိုးမဖြစ်သူ အယ်ဘီနာ ကူမီနက်တီပါ။ ကျွန်မ ဆယ်ကျော်သက်အရွယ်တုန်းက သူ့အိမ်မှာ အစည်းအဝေးတွေ ကျင်းပတယ်။ သူက ၁၉၂၀ နောက်ပိုင်းကစပြီး အီတလီမှာ ကော်ပေါ်တာ (အချိန်ပြည့်အမှုဆောင်) လုပ်ခဲ့တာ။ အဲဒီတုန်းက အမှုဆောင်အတွေ့အကြုံတွေအကြောင်း သူ အများကြီး ပြောပြတယ်။ သိပ်စိတ်ဝင်စားစရာ ကောင်းတာပဲ။
အယ်ဘီနာက စာပေတွေ၊ သမိုင်းဝင်ပစ္စည်းတွေကိုလည်း စုဆောင်းတယ်။ တစ်နေ့ ကျမ်းစာကျောင်းသားတွေ (အခုအခေါ် ယေဟောဝါသက်သေများ) သုံးခဲ့တဲ့ လက်ဝါးကားတိုင်နဲ့ သရဖူတံဆိပ် ရင်ထိုးကို သူ့ဆီမှာ တွေ့လို့ ကျွန်မ မထိန်းနိုင်ဘဲ ရယ်မိရော။ လက်ဝါးကားတိုင်ဆိုတာ အယူမှားသွန်သင်ချက်ကြီးဆိုပြီး တွေးမိလို့ပါ။ အဲဒီတုန်းက အယ်ဘီနာ ပြန်ပြောလိုက်တဲ့စကားကို ကျွန်မ မမေ့နိုင်ဘူး။ “အသေးအဖွဲ အရာတွေရဲ့နေ့ကို အထင်မသေးပါနဲ့” တဲ့။ ဇာခရိ ၄:၁၀ ကို သူကိုးကားခဲ့တာပါ။
ကျွန်မ သင်ခန်းစာ ကောင်းကောင်းရသွားတယ်။ အစောပိုင်း ကျမ်းစာကျောင်းသားတွေက အမှန်တရားကို အပြည့်အဝ နားမလည်ပေမဲ့ သူတို့ကို ကျွန်မ လေးစားထိုက်တယ်။ နောက်ပြီး၊ စာပေအားလုံးကို အီတလီစကားနဲ့ မရနိုင်တော့ ပြုပြင်ပြောင်းလဲထားတဲ့ နားလည်မှုတွေကို သင်ယူဖို့ တချို့အတွက် အချိန်လိုတယ်လေ။ ယေဟောဝါက သူတို့ရဲ့ ကြိုးပမ်းမှုကို တန်ဖိုးထားတယ်ဆိုမှတော့ ကျွန်မလည်း တန်ဖိုးထားရမှာပေါ့။
ကျွန်မက အယ်ဘီနာထက် အများကြီး အသက်ငယ်ပေမဲ့ သူနဲ့စကားပြောရတာကို ကြိုက်တယ်။ အခက်အခဲတွေကြားမှာ ယေဟောဝါကို သစ္စာရှိရှိ အမှုဆောင်ခဲ့တဲ့ အယ်ဘီနာ၊ မာရီယာနဲ့ ဇွဲထက်သန်တဲ့ တခြားညီအစ်မတွေကို ကျွန်မ တုပချင်တယ်။ သူတို့နဲ့ ပေါင်းသင်းခွင့်ရခဲ့လို့ ဘုရားသခင်ကို သိပ်ကျေးဇူးတင်တယ်။
ဗေသလ ဆုကျေးဇူး
၁၉၅၅ ခုနှစ် နွေရာသီမှာပေါ့။ “အောင်ပွဲရ ဘုရားသခင့်နိုင်ငံတော်” စည်းဝေးကြီးကို တက်ရောက်ဖို့ ကျွန်မ ရောမကို သွားတယ်။ နိုင်ငံအသီးသီးက ကိုယ်စားလှယ်တွေနဲ့အတူ ဗေသလကိုလည်း သွားလည်ပတ်ခဲ့တယ်။ “ဒီမှာ အမှုဆောင်ရရင် သိပ်ကောင်းမှာပဲလို့” စိတ်ကူးမိတယ်။
၁၉၅၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်မှာ ကျွန်မ နှစ်ခြင်းခံတယ်။ ကျောင်းတက်နေတုန်း ဆိုပေမဲ့ အချိန်ပြည့်အမှုဆောင်လုပ်ငန်းမှာ ပါဝင်ဖို့ သန္နိဋ္ဌာန်ချခဲ့တယ်။ ၁၉၅၆ ခုနှစ်၊ ဂျီနိုအာမြို့မှာ ကျင်းပတဲ့ အစည်းအဝေးကြီးမှာ ဌာနခွဲကိုယ်စားလှယ်က ဗေသလမှာ အမှုဆောင်မယ့် စေတနာ့ဝန်ထမ်းတွေ လိုအပ်တယ်ဆိုပြီး ကြေညာတယ်။ ဒါပေမဲ့ ညီအစ်မတွေကို ဗေသလမှာ မလိုအပ်ဘူးတဲ့။
အမှုဆောင်မှာ စိတ်ထက်သန်တဲ့ တိုက်နယ်ကြီးကြပ်မှူး ပရာယို ဂါ့တီ aကို ကျွန်မရဲ့ပန်းတိုင်တွေ ပြောပြတော့ သူက “ညီအစ်မကို အထူးရှေ့ဆောင်လုပ်ငန်းအတွက် ထောက်ခံပေးမယ်” လို့ပြောတယ်။
အချိန်တန်တော့ ဌာနခွဲကနေ စာတစ်စောင် ရောက်လာတယ်။ သေချာပေါက် ရှေ့ဆောင်ခန့်အပ်စာဖြစ်မှာ။ ဒါပေမဲ့ ဖွင့်ကြည့်လိုက်တော့ ဗေသလဖိတ်ခေါ်စာဖြစ်နေတယ်။
၁၉၅၈ ခုနှစ် ဇန်နဝါရီလမှာ ဗေသလကို ရောက်လာတယ်။ အဲဒီတုန်းက ဗေသလအိမ်သား အများဆုံး ၁၂ ယောက်ပဲ ရှိမယ်။ ကျွန်မက ဘာသာပြန်နှစ်ယောက်ကို ကူညီပေးရမှာ။ အလုပ်ကလည်းများ၊ ဘာသာပြန် အတွေ့အကြုံကလည်း မရှိဆိုပေမဲ့ ယေဟောဝါ ကူညီပေးလို့ တာဝန်ကို မြတ်နိုးလာတယ်။
ဒါပေမဲ့ နှစ်နှစ်အတွင်း ဘာသာပြန်လုပ်ငန်းကို ပြန်ဖွဲ့စည်းလိုက်လို့ ကျွန်မကို လယ်ကွင်းမှာ ရှေ့ဆောင်လုပ်ဖို့ ခန့်လိုက်တယ်။ ဗေသလမှာ နေသားကျနေတာဆိုတော့ ဒီလိုဖြစ်မယ်လို့ မထင်ထားဘူးလေ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကျွန်မရဲ့တာဝန်သစ်ကို ယေဟောဝါဆီက နောက်ဆုကျေးဇူးတစ်ခုအဖြစ် မြင်နိုင်ခဲ့တယ်။
ထက်သန်တဲ့ ဟောပြောဖော်တွေ ရရှိခြင်း ဆုကျေးဇူး
၁၉၅၉ ခုနှစ်၊ စက်တင်ဘာ ၁ ရက်၊ ခရီမိုနာမြို့မှာ အထူးရှေ့ဆောင် စလုပ်တယ်။ တွဲဖက်ရှေ့ဆောင်ကတော့ ဒိန်းမတ်ကပြောင်းလာတဲ့ ဒေါရစ် မီယာပါ။ ကျွန်မထက် အသက်နည်းနည်းပဲ ပိုကြီးတယ်။ ဒါပေမဲ့ အတွေ့အကြုံများပြီး အားကျရတဲ့ ရှေ့ဆောင်ပါ။ သတ္တိလည်းရှိ၊ ဇွဲလည်း သိပ်ကောင်းတာ။ တစ်မြို့လုံးမှာ သက်သေခံဆိုလို့ ကျွန်မတို့နှစ်ယောက်ပဲရှိတော့ ဟောပြောဖို့ အဲဒီအရည်အသွေးတွေ လိုအပ်တယ်လေ။
ခရီမိုနာကို အရင်ရောက်နေတဲ့ ဒေါရစ်က အစည်းအဝေးတွေ ကျင်းပဖို့ တိုက်ခန်းတစ်ခန်း ကြိုငှားထားတယ်။ မကြာပါဘူး၊ ဒေသခံ ကက်သလစ်ဘုန်းကြီးတွေက ကျွန်မတို့အကြောင်း သိသွားပြီး ဒေါသူပုန်ထပါလေရော။ ကျွန်မတို့ကို သတိထားဖို့တောင် အသင်းသားတွေကို တရားဟောခဲ့တာ။
တစ်နေ့ ကျွန်မတို့ကို ရဲစခန်းက လာခေါ်တယ်။ အဖမ်းတော့ မခံရပါဘူး။ ဒါပေမဲ့ နိုင်ငံခြားသားဖြစ်တဲ့ ဒေါရစ်ကို ခရီမိုနာကနေ ထွက်သွားရမယ်လို့ ပြောတယ်။ ဒါနဲ့ သူ ဒိန်းမတ်ကို ပြန်သွားရတယ်။ အဲဒီမှာ ယေဟောဝါအမှုတော်ကို သူ သစ္စာရှိရှိ ဆက်ထမ်းဆောင်ခဲ့တယ်။
မကြာခင်မှာပဲ ခရီမိုနာကို ဘရူနီဒယ် မာခီ လို့ခေါ်တဲ့ တစ်ကိုယ်ရေ ညီအစ်မတစ်ယောက် ရောက်လာတယ်။ နူးညံ့သိမ်မွေ့ပြီး စိတ်ထားကောင်းတဲ့ ဘရူနီဒယ်က ဟောပြောခြင်းလုပ်ငန်းကိုလည်း ချစ်မြတ်နိုးတယ်။ ကျွန်မတို့ သင်အံမှုအများကြီး လုပ်နိုင်ခဲ့တယ်။ တချို့သင်သားတွေ တိုးတက်လာတယ်။
ခရီမိုနာမြို့မှာ အသေးအဖွဲ အလုပ်တွေ အစပြုတဲ့နေ့၊ ဟောပြောခြင်းလုပ်ငန်း အစပြုတဲ့နေ့တွေမှာ အုတ်တစ်ချပ်သဲတစ်ပွင့် ပါဝင်ခွင့်ရခဲ့လို့ ယေဟောဝါကို ကျေးဇူးတင်မိတယ်။ အခုဆို အဲဒီမှာ အသင်းတော် ငါးခုတောင် ရှိနေပြီ။
ထင်မှတ်မထားတဲ့ ပျော်စရာအလှည့်အပြောင်း
ကျွန်မ ခရီမိုနာကို ရောက်ပြီး နှစ်နှစ်မပြည့်ခင် ဌာနခွဲက ဖုန်းခေါ်လာတယ်။ ၁၉၆၁ ခုနှစ်၊ ဇူလိုင်လမှာ ခြောက်ရက်ကြာ ကျင်းပမယ့် “စည်းလုံးတဲ့ ဝတ်ပြုသူများ” အစည်းအဝေးကြီးကို ပြင်ဆင်ဖို့ ဘာသာပြန်စရာတွေ အများကြီးရှိတယ်တဲ့။ ဒါကြောင့် ဗေသလမှာ ပြန်လုပ်ဖို့ ဖိတ်ခေါ်ခံရတယ်။ ကျွန်မပျော်လွန်းလို့ ထခုန်ပါလေရော။ ဗေသလကို ပြန်ရောက်တဲ့နေ့ဟာ ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ပါ။
နေ့တိုင်း ကျမ်းစာအခြေပြုစာပေတွေ ဘာသာပြန်ထုတ်ဝေရေးမှာ နာရီပေါင်းများစွာ အလုပ်လုပ်ရတာ အခွင့်ထူးပါပဲ။ အချိန်ကုန်မြန်လိုက်တာ။ အစည်းအဝေးကြီးလည်း ရောက်လာပြီ။
အဲဒီအစည်းအဝေးကြီးမှာ ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်းစာကို အီတလီစကားနဲ့ ဘာသာပြန်မယ်ဆိုပြီး ကြေညာတယ်။ ‘ဒါဆိုရင် ရှေ့လျှောက် လုပ်စရာတွေ များဦးမှာပဲ’ လို့ တွေးမိတယ်။ ကျွန်မ တွေးတာ မှန်တယ်။ ဗေသလမှာ ခဏလောက် ဆက်အလုပ်လုပ်ဖို့ တာဝန်ရတယ်။ တကယ်တော့ အနှစ် ၆၀ ကျော်သွားတဲ့အထိ ကျွန်မ ဗေသလမှာ ရှိနေတုန်းပဲ။
ယေဟောဝါဆီက တခြားဆုကျေးဇူးတွေ
နှစ်တွေတစ်လျှောက် ကျွန်မ မြတ်နိုးတန်ဖိုးထားရတဲ့ နောက်ဆုကျေးဇူးတစ်ခုကတော့ တစ်ကိုယ်ရေဘဝပါ။ အိမ်ထောင်ပြုဖို့ တစ်ခါမှ မစဉ်းစားခဲ့တာတော့ မဟုတ်ပါဘူး။ တစ်ကိုယ်ရေဘဝနဲ့ ဖြတ်သန်းရမှာကို တွေးပြီး ပူပန်ခဲ့ဖူးတယ်။ ဒါနဲ့ ယေဟောဝါဆီ ဆုတောင်းတယ်။ ဘုရားသခင်က ကျွန်မကို ဘယ်သူထက်မဆို ပိုသိတယ်လေ။ ကျွန်မအတွက် ဘာအကောင်းဆုံးလဲဆိုတာ သိအောင် ကူညီပေးပါလို့လည်း ဆုတောင်းတယ်။
မဿဲ ၁၉:၁၁၊ ၁၂ နဲ့ ၁ ကောရိန္သု ၇:၈၊ ၃၈ တို့လို ကျမ်းချက်တွေက ကျွန်မအတွက် ပိုအဓိပ္ပာယ်ရှိလာတယ်။ ယေဟောဝါ ရှင်းရှင်းလင်းလင်း လမ်းညွှန်ပေးလို့၊ စိတ်ငြိမ်သက်မှုပေးလို့ ကျေးဇူးတင်လိုက်တာ။ ကျွန်မရဲ့ဆုံးဖြတ်ချက်အတွက် တစ်ခါမှ နောင်တမရခဲ့ပါဘူး။ ယေဟောဝါကို အကောင်းဆုံး ပေးဆက်နိုင်ဖို့ ကျွန်မရဲ့ တစ်ကိုယ်ရေဘဝကို အသုံးပြုနိုင်ခဲ့တယ်လေ။ ဒီအတွက် ဘုရားသခင်ကို သိပ်ကျေးဇူးတင်တယ်။
နှစ်တွေတစ်လျှောက် ယေဟောဝါအဖွဲ့အစည်းက “လူမျိုးခြားတွေရဲ့နို့” ကို သောက်သုံးပြီး နည်းပညာအသစ်တွေ ပိုအသုံးပြုလာလို့ ဘာသာပြန်ဌာနမှာလည်း အပြောင်းအလဲတွေ အများကြီး ရှိခဲ့တယ်။ (ဟေရှာယ ၆၀:၁၆) ဒီအပြောင်းအလဲတွေကြောင့်လည်း ကမ္ဘာချီညီအစ်ကိုအသင်းအပင်းရဲ့ စည်းလုံးမှု ပိုအားကောင်းလာတယ်။ ဥပမာ၊ ၁၉၈၅ ခုနှစ်ကစပြီး အီတလီစကားနဲ့ ကင်းမျှော်စင်ကို အင်္ဂလိပ်စကားနဲ့ တစ်ပြိုင်နက် ထုတ်ဝေခဲ့တယ်။ အခုဆို ဆောင်းပါးတွေ၊ ဗီဒီယိုတွေကို ဘာသာစကားများစွာနဲ့ jw.org မှာ ရနိုင်ပြီ။ ဘာသာစကားအများစုက အင်္ဂလိပ်စကားနဲ့ တစ်ချိန်တည်း တက်လာတာ။ ယေဟောဝါက မိမိရဲ့လူမျိုး စည်းလုံးအောင်၊ ပုံဆောင်အစာ အချိန်မှန် ရရှိအောင် မပျက်မကွက် လုပ်ဆောင်ပေးနေပါတယ်။
ကျွန်မကို ယေဟောဝါပေးခဲ့တဲ့ ကောင်းချီးတွေ များလိုက်တာ။ အထူးရှေ့ဆောင်အဖြစ် ခန့်အပ်ပြီး လူတွေကို ဘုရားနဲ့ ရင်းနှီးလာအောင် ကူညီပေးရာမှာ အသုံးပြုတယ်။ ဗေသလမှာ အမှုဆောင်ချင်တဲ့ ကျွန်မရဲ့ဆန္ဒကိုလည်း ဖြည့်ဆည်းပေးတယ်။ ဗေသလမှာ အသက်အရွယ်၊ နောက်ခံအမျိုးမျိုးရှိသူတွေနဲ့ မိတ်ဆွေဖွဲ့နိုင်ခဲ့တယ်။ အထူးကောင်းချီးတစ်ခုကတော့ ကျွန်မရဲ့အမေ အသက် ၆၈ နှစ်အရွယ်မှာ နှစ်ခြင်းခံပြီး ယေဟောဝါရဲ့ ကျေးကျွန်ဖြစ်လာတာကို မြင်ခွင့်ရခဲ့တာပါပဲ။ သင်္ချိုင်းဂူမှာ ရှိနေသူတွေ အသက်ပြန်ရှင်လာတဲ့အချိန်မှာ အမေ့ကိုရော၊ ဆုံးပါးသွားတဲ့ ကျန်မိသားစုဝင်တွေကိုပါ ပြန်ဆုံတွေ့ဖို့ မျှော်နေပါတယ်။—ယောဟန် ၅:၂၈၊ ၂၉။
‘အရာခပ်သိမ်းကို အသစ်ဖန်ဆင်း’ မယ့်အချိန် အနာဂတ်မှာ ယေဟောဝါ လုပ်ဆောင်ပေးမယ့်အရာတွေကို ကျွန်မ မြင်ချင်လှပြီ။ (ဗျာဒိတ် ၂၁:၅) ကျွန်မ တပ်အပ်ပြောနိုင်တာတစ်ခုကတော့ ယေဟောဝါက ကျွန်မတို့အပေါ် “ကောင်းမြတ်တဲ့ ဆုကျေးဇူး၊ ပြည့်ဝစုံလင်တဲ့ လက်ဆောင်မှန်သမျှ” ဆက်သွန်းလောင်းပေးနေမယ် ဆိုတာပါပဲ။—ယာကုပ် ၁:၁၇။
a ပရာယို ဂါ့တီရဲ့ ဘဝအတ္ထုပ္ပတ္တိကို ၂၀၁၁ ခုနှစ်၊ ဇူလိုင် ၁၅ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၂၀-၂၃ မှာ ဖတ်နိုင်တယ်။