ဂျီးဇက် မာတင် | ဘဝအတ္ထုပ္ပတ္တိ
“ဘဝရဲ့ အမှောင်မိုက်ဆုံးအချိန်မှာ ကျွန်တော့်ကို ယေဟောဝါ ကယ်တင်ခဲ့”
ကျွန်တော့်ကို ၁၉၃၆ ခုနှစ်၊ မက်ဒရစ်မြို့မှာ မွေးဖွားခဲ့တယ်။ အဲဒီနှစ်ဟာ ကျွန်တော်နဲ့ တစ်ခေတ်တည်းသား စပိန်လူမျိုးတွေအတွက် မေ့မရနိုင်တဲ့ နှစ်ပါပဲ။ စပိန်နိုင်ငံမှာ အင်မတန် ဆိုးဝါးတဲ့ ပြည်တွင်းစစ် ဖြစ်ခဲ့လို့ပါ။
ပြည်တွင်းစစ်ကြောင့် စပိန်နိုင်ငံမှာ သုံးနှစ်နီးပါး အကြီးအကျယ် ဒုက္ခရောက်ကြတယ်။ လူတွေ ကာယပိုင်း၊ စိတ်ပိုင်း ထိခိုက်ခံစားရတယ်။ ကျွန်တော့်အဖေလည်း ပါတာပေါ့။ အရင်က ဘုရားကို အဖေ အမြဲယုံကြည်ခဲ့ပေမဲ့ ကက်သလစ်ဘုန်းကြီးတွေ စစ်မှာ ထဲထဲဝင်ဝင် ပါဝင်တာကို မြင်တဲ့အခါ နာကြည်းသွားတယ်။ ဒါကြောင့် ကျွန်တော်နဲ့ ညီလေးကို ကက်သလစ်ချာ့ချ်မှာ နှစ်ခြင်းမခံခိုင်းဘူးလို့ အဖေ ဆုံးဖြတ်ခဲ့တယ်။
၁၉၅၀ ပြည့်နှစ်မှာ ယေဟောဝါသက်သေ နှစ်ယောက် ကျွန်တော်တို့ အိမ်ကို တံခါးလာခေါက်တယ်။ အဖေက သူတို့ပြောတာနားထောင်ပြီး အပတ်စဉ် ကျမ်းစာလေ့လာဖို့ သဘောတူခဲ့တယ်။ အဲဒီတုန်းက ကျွန်တော့်အသက် ၁၄ နှစ်ပဲ ရှိသေးတယ်။ ဘောလုံးကန်ရတာ သိပ်ကြိုက်တယ်။ သက်သေခံတွေ ထားခဲ့တဲ့ စာပေတချို့ကို အဖေက ကျွန်တော့်ကို ဖတ်ခိုင်းတယ်။ ဒါပေမဲ့ ကျွန်တော် သူတို့နဲ့ မပတ်သက်ချင်ဘူး။ တစ်နေ့လည်ခင်းမှာ ဘောလုံးကန်ပြီး အိမ်ပြန်လာတော့ အမေ့ကို “အမေ၊ အဲဒီကျမ်းစာသင်ပေးတဲ့သူတွေ ထပ်လာပြန်ပြီလား” လို့မေးလိုက်တယ်။ အမေက “ဟုတ်တယ်။ သူတို့တွေ ထမင်းစားခန်းထဲမှာ အဖေနဲ့အတူ ရှိနေကြတယ်” လို့ပြန်ဖြေတယ်။ ကျွန်တော် ချက်ချင်းပဲ လမ်းမဘက် ထွက်ပြေးသွားလိုက်တယ်။
ကျမ်းစာသွန်သင်ချက်တွေကို ကျွန်တော်မကြိုက်ပေမဲ့ အဖေ လက်မလျှော့တာကို မြင်တော့ လေးစားမိတယ်။ သင်ယူသိရှိလာတဲ့ အမှန်တရားတွေကို နှစ်သက်လွန်းလို့ ၁၉၅၃ ခုနှစ်မှာ ယေဟောဝါသက်သေတစ်ယောက်အဖြစ် အဖေ နှစ်ခြင်းခံခဲ့တယ်။ ဒါနဲ့ အဖေ့ကို မေးခွန်းတွေ အများကြီး စမေးတော့တယ်။ ကိုယ်ပိုင်ကျမ်းစာတစ်အုပ် ရဖို့တောင် တောင်းဆိုလိုက်သေးတယ်။ မက်ဆီမို မာဆီယာလို့ခေါ်တဲ့ ယေဟောဝါသက်သေ လူငယ်လေးတစ်ယောက်နဲ့ ကျွန်တော် ကျမ်းစာလေ့လာဖို့ အဖေ စီစဉ်ပေးခဲ့တယ်။ ၂ နှစ်အကြာ ကျွန်တော့်အသက် ၁၉ နှစ်မှာ မက်ဒရစ်မြို့ အရှေ့ဘက်က ဂျာရာမာမြစ်မှာ ယေဟောဝါသက်သေတစ်ယောက်အဖြစ် နှစ်ခြင်းခံခဲ့တယ်။
စစ်အာဏာရှင် ဖရန်ကို အုပ်ချုပ်ချိန်အတွင်း ဟောပြောခြင်း
၁၉၅၀ ပြည့်လွန်နှစ်တွေအတွင်း ဟောပြောဖို့၊ အတူတကွ စည်းဝေးဖို့ ခက်ခဲလာတယ်။ အာဏာရှင် ဖရန်စစ္စကို ဖရန်ကိုက စပိန်ကို အုပ်ချုပ်နေတယ်။ သူက စပိန်နိုင်ငံသား အားလုံးကို ကက်သလစ်အသင်းသား ဖြစ်စေချင်တာ။ ဒါကြောင့် ရဲတွေက ယေဟောဝါသက်သေတွေကို လိုက်နှောင့်ယှက်ကြတယ်။ အိမ်တွေမှာ ကျွန်တော်တို့ စည်းဝေးကြတယ်။ အိမ်နီးနားချင်းတွေ သံသယဖြစ်ပြီး ရဲတွေကို သတင်းမပို့အောင် အထူးဂရုစိုက်ကြတယ်။ အတတ်နိုင်ဆုံး သတိထားပြီး တစ်အိမ်မှတစ်အိမ် ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ခဲ့ကြတယ်။ နှစ်အိမ် သုံးအိမ်လောက်ကို အလျှင်းသင့်သလို ဟောပြောပြီး နောက်ရပ်ကွက်ကို ပြောင်းဟောတယ်။ လူအများစုက နားထောင်ကြပေမဲ့ နားမထောင်တဲ့လူတွေလည်း ရှိကြတယ်။
တစ်ခါက ကက်သလစ်ဘုန်းကြီးတစ်ယောက်နဲ့ တံခါးဝမှာ ဆုံခဲ့တာကို အမှတ်ရသေးတယ်။ ကျွန်တော်လာရတဲ့အကြောင်းရင်းကို ရှင်းပြတော့ သူက “ဘယ်သူ အခွင့်ပေးလို့ ဒီလိုလုပ်တာလဲ။ ငါ ရဲတိုင်လို့ရတယ်ဆိုတာ မင်းမသိဘူးလား” လို့မေးတယ်။ အဲဒီလိုဖြစ်လာနိုင်တယ်ဆိုတာ မျှော်လင့်ပြီးသားပါလို့ ကျွန်တော် သူ့ကို ရှင်းပြတယ်။ ပြီးတော့ “ခရစ်တော်ယေရှုရဲ့ရန်သူတွေလည်း သူ့ကို ဖမ်းဖို့ ကြိုးစားခဲ့ကြတာပဲလေ။ ဒီတော့ သူ့နောက်လိုက်တွေလည်း ထပ်တူကြုံရတာ ယုတ္တိမရှိဘူးလား” လို့ ထပ်ပြောလိုက်တယ်။ ကျွန်တော့်အပြောကို သူလုံးဝ သဘောမကျဘူး။ ရဲကိုဖုန်းဆက်ဖို့ အိမ်ထဲဝင်သွားတယ်။ ဘယ်ပြောကောင်းမလဲ၊ ကျွန်တော်လည်း ချာကနဲ လှည့်ထွက်ခဲ့ရော။
အဲဒီလို အတွေ့အကြုံတွေ ရှိခဲ့ပေမဲ့ စပိန်နိုင်ငံက ယေဟောဝါသက်သေ ရာဂဏန်းလောက်ဟာ ကျမ်းစာသတင်းစကား စိတ်ဝင်စားသူများစွာကို ရှာတွေ့ခဲ့ကြတယ်။ ၁၉၅၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ကျွန်တော့်အသက် ၁၉ နှစ်အရွယ်မှာ အထူးရှေ့ဆောင် aအဖြစ် တာဝန်ခန့်အပ်ခံရတယ်။ ကျွန်တော်တို့လို ရှေ့ဆောင်အများစုက ငယ်ရွယ်ပြီး အတွေ့အကြုံ မရှိကြဘူး။ ဒါပေမဲ့ လက်တစ်ဆုပ်စာလောက်ပဲရှိတဲ့ သာသနာပြုတွေကို ကျေးဇူးတင်ရမယ်။ သူတို့က ကျွန်တော်တို့ကို လေ့ကျင့်ပြီး အားပေးခဲ့ကြတယ်။ လူငယ်ရှေ့ဆောင်တစ်ယောက်နဲ့အတူ အလီခန်တီမြို့မှာ အမှုဆောင်ဖို့ တာဝန်ရတယ်။ အဲဒီမြို့မှာ တစ်ခါမှ မဟောဖူးဘူး။ လအနည်းငယ်အတွင်းမှာပဲ ကျမ်းစာသင်အံမှုများစွာ စနိုင်ခဲ့ကြတယ်။ စာပေ ရာနဲ့ချီကိုလည်း ဝေငှနိုင်ခဲ့တယ်။
ကျွန်တော်တို့လုပ်ငန်းကို လူတွေ သတိမထားမိဘဲ မနေပါဘူး။ အလီခန်တီမြို့မှာ အမှုဆောင်ပြီး လအနည်းငယ်အတွင်းမှာပဲ ရဲတွေက ကျွန်တော်တို့ကို ဖမ်းပြီး ကျမ်းစာတွေ သိမ်းသွားကြတယ်။ ၃၃ ရက် ချုပ်ထားကြတယ်။ ပြီးတဲ့နောက် မက်ဒရစ်မြို့ကို ခေါ်သွားပြီး ပြန်လွှတ်လိုက်တယ်။ အဲဒီအတွေ့အကြုံက ရှေ့မှာဖြစ်လာမယ့် အရာတွေရဲ့ အမြည်းပါပဲ။
ဘဝရဲ့ အမှောင်မိုက်ဆုံးအချိန်ကို ရင်ဆိုင်ခြင်း
အသက် ၂၁ နှစ်မှာ စစ်မှုထမ်းဖို့ ကျွန်တော် ဆင့်ခေါ်ခံရတယ်။ မော်ရိုကိုနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ နာဒိုမြို့က စစ်တန်းလျားကို သွားခဲ့ရတယ်။ နာဒိုမြို့က အဲဒီတုန်းက စပိန်လက်အောက်မှာ ရှိတယ်။ ကျွန်တော် စစ်မှုထမ်းမှာ မဟုတ်သလို စစ်ဝတ်စုံတွေလည်း ဝတ်မှာမဟုတ်ဘူးလို့ ဗိုလ်ကြီးကို ကျွန်တော့်ရပ်တည်ချက်အကြောင်း ရိုရိုသေသေ ရှင်းပြခဲ့တယ်။ စစ်ရဲသားတွေက ကျွန်တော့်ကို မယ်လီလာမြို့က ရိုထရိုဂေါ်ဒိုထောင်ဆီ ခေါ်သွားကြတယ်။ အဲဒီမှာ စစ်ခုံရုံးတင်ခံရဖို့ စောင့်ရမယ်။
စစ်ခုံရုံးတင်မခံရခင် မော်ရိုကိုက စပိန်စစ်အရာရှိဟာ ကျွန်တော့်စိတ် ပြောင်းလဲသွားတဲ့အထိ ရိုက်နှက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော် စော်ကားခံရတယ်၊ မိနစ် ၂၀ လောက် ကြာပွတ်နဲ့ အရိုက်ခံရတယ်။ သတိလစ် မေ့မြောမတတ် အကန်ခံရတယ်။ ဒါတောင် မကျေနပ်သေးဘဲ အရာရှိတစ်ယောက်က ကျွန်တော့်ခေါင်းကို သူ့ရဲ့စစ်ဘွတ်ဖိနပ်နဲ့ ပိတ်ကန်တယ်။ သွေးတွေထွက်လာတော့မှ ကျွန်တော့်ကို သူ့ရုံးခန်းထဲခေါ်သွားပြီး အခုလိုအော်ပြောတယ်– “မင်းကို လွှတ်ပေးလိုက်ပြီလို့ မထင်နဲ့။ အခုလို၊ ဒီထက်မက နေ့တိုင်း လုပ်အုံးမှာ။ အသင့်သာပြင်ထား။” မြေအောက်အချုပ်ခန်းထဲမှာ ကျွန်တော့်ကို ချုပ်ထားဖို့ အစောင့်တွေကို အမိန့်ပေးတယ်။ အချုပ်ခန်းက စိုထိုင်းပြီး မှောင်မဲနေတာ။ အနာဂတ်က လွတ်လမ်းမရှိပုံပါပဲ။
ထောင်ကြမ်းပြင်ပေါ် ကျွန်တော် လှဲအိပ်လိုက်တယ်။ ခေါင်းမှာလည်း သွေးတစိုစိုနဲ့။ အဲဒီအချိန်ကို အခုထိ မှတ်မိနေသေးတယ်။ ခြုံစရာ စောင်ပါးပါးလေး တစ်ထည်နဲ့ ရောက်ရောက်လာတဲ့ ကြွက်တွေက လွဲလို့ ဘာဆိုဘာမှ မရှိဘူး။ ကျွန်တော်လုပ်နိုင်တာဆိုလို့ ခံနိုင်ရည်နဲ့ ခွန်အားပေးဖို့ ယေဟောဝါဆီ ဆုတောင်းရုံပဲ။ မဲမှောင်အေးစက်တဲ့ မြေအောက်အကျဉ်းခန်းထဲမှာ ကျွန်တော် ဆုတောင်းပြီးရင်း ဆုတောင်းခဲ့တယ်။ b
နောက်တစ်ရက် ဒုတိယအကြိမ် အရိုက်ခံရတယ်။ ဒီတစ်ခါတော့ နောက်အရာရှိတစ်ယောက်က ရိုက်တာ။ သူစိတ်ကျေနပ်လောက်တဲ့အထိ ကျွန်တော့်ကို ရိုက်သွားတယ်။ အမှန်အတိုင်းဝန်ခံရရင် အဲဒီအချိန်မှာတော့ ဒီလိုနှိပ်စက်မှုမျိုးကို ထပ်ခံနိုင်ပါ့မလားလို့တောင် စဉ်းစားခဲ့တယ်။ ကျွန်တော့်ကို ကူညီပေးပါလို့ ဒုတိယည၊ အကျဉ်းခန်းထဲမှာ ယေဟောဝါဆီ အသနားခံ ဆုတောင်းခဲ့တယ်။
တတိယနေ့မှာ အရာရှိရဲ့ရုံးခန်းကို သွားဖို့ ထပ်ခေါ်ခံရတယ်။ ကျွန်တော်ကြောက်လိုက်တာ ပြောမနေနဲ့။ ရုံးခန်းကို လမ်းလျှောက်သွားရင်း ယေဟောဝါဘုရားဆီ ဆုတောင်းခဲ့တယ်။ စစ်ခုံရုံး အတွင်းရေးမှူး ဒွန် အက်စတီဗန် c က ကျွန်တော့်ကို စောင့်နေတယ်။ ကျွန်တော့်အမှုကို စစ်ဆေးဖို့ သူရောက်လာတာ။
ဒွန် အက်စတီဗန်က ကျွန်တော့်ခေါင်းက ပတ်တီးတွေကိုလည်း မြင်ရော ဘာဖြစ်တာလဲလို့ မေးတယ်။ ထပ်အရိုက်ခံရမှာစိုးလို့ ဖြေဖို့ တွန့်ဆုတ်ခဲ့ပေမဲ့ အမှန်အတိုင်း ပြောပြလိုက်တယ်။ အခြေအနေ အသေးစိတ်ကို သိသွားပြီးတဲ့နောက် ဒွန် အက်စတီဗန် အခုလိုပြောတယ်– “စစ်ခုံရုံးမှာ စစ်ဆေးမေးမြန်းမခံရအောင် မင်းကို ငါဘာမှလုပ်ပေးလို့ မရဘူး။ ဒါပေမဲ့ မင်း အခုလို မရိုက်ခံရတော့ဘူးဆိုတာတော့ စိတ်ချပါ။”
သူကတိပေးခဲ့တဲ့အတိုင်း ထောင်ကျချိန်တစ်လျှောက်လုံး ကျွန်တော့်ကို ဘယ်သူမှ လက်ဖျားနဲ့တောင် မတို့တော့ဘူး။ တရားသူကြီး ဒွန် အက်စတီဗန်က ကျွန်တော့်ကို ဘာကြောင့် အဲဒီနေ့မှာ စကားပြောခဲ့သလဲဆိုတာ မသိပါဘူး။ ဒါပေမဲ့ ကျွန်တော် ကျိန်းသေသိတာတစ်ခုက ယေဟောဝါဟာ ကျွန်တော့်ဆုတောင်းချက်ကို အထူးနည်းနဲ့ ဖြေကြားပေးခဲ့တယ် ဆိုတာပဲ။ အမှောင်မိုက်ဆုံးအချိန်မှာ ယေဟောဝါ ကျွန်တော့်ကို ဘယ်လို ကယ်တင်ပေးခဲ့တယ်ဆိုတာ မြင်တွေ့ခဲ့ရတယ်။ ကျွန်တော်ခံနိုင်တာထက် ပိုနှိပ်စက်ခံရဖို့ ခွင့်မပြုခဲ့ဘူး။ (၁ ကောရိန္သု ၁၀:၁၃) ယေဟောဝါဘုရားကို ယုံကြည်စိတ်ချမှု အပြည့်နဲ့ စစ်ခုံရုံးမှာ အမှု ရင်ဆိုင်ခဲ့တယ်။
စစ်ခုံရုံးက ကျွန်တော့်ကို ၁၉ နှစ် ထောင်ချလိုက်တယ်။ “နာခံမှု မရှိ” လို့ဆိုပြီး နောက်ပိုင်းမှာ ထောင်ဒဏ်သုံးနှစ် ထပ်တိုးလိုက်တယ်။ မော်ရိုကိုမှာ ၁၅ လ နေပြီးနောက် မက်ဒရစ်မြို့နဲ့ သိပ်မဝေးတဲ့ အိုကန်ယာမြို့က အကျဉ်းထောင်ဆီ ရွှေ့ပြောင်းခံရတယ်။ ထောင်ဒဏ်စေ့တဲ့အထိ အဲဒီမှာ နေရမယ်။ အိုကန်ယာကို ပြောင်းသွားရတာ ယေဟောဝါဘုရားရဲ့ ကောင်းချီးပဲ။ ရိုထရိုဂေါ်ဒိုထောင်ထက် အများကြီး ပိုကောင်းတယ်။ ထောင်ခန်းထဲမှာ ခုတင်တစ်လုံး၊ မွေ့ရာခင်းတစ်ခုနဲ့ အိပ်ယာခင်းတွေ ရှိတယ်။ နောက်တော့ ထောင်ရဲ့ငွေစာရင်း ကိုင်တွယ်ဖို့ တာဝန်ပေးခံရတယ်။ ထောင်ထဲမှာ အကြာကြီးနေရတော့ အတော်လေး အထီးကျန်လာတယ်။ ညီအစ်ကိုတွေနဲ့ ပေါင်းသင်းခွင့် မရတာက အကြီးမားဆုံး အခက်အခဲပါပဲ။
မိဘတွေ ကျွန်တော့်ဆီ မကြာခဏ လာလည်ကြတယ်။ ဒါပေမဲ့ အားပေးမှု ဒီထက်မက ပိုလိုအပ်နေတယ်။ တခြားညီအစ်ကိုတွေလည်း စစ်မှုထမ်းဖို့ ငြင်းဆန်ခဲ့ကြတယ်လို့ မိဘတွေ ကျွန်တော့်ကို ပြောပြတယ်။ ဒါနဲ့ ယေဟောဝါဘုရားဆီ ဆုတောင်းတယ်။ အနည်းဆုံး ညီအစ်ကိုတစ်ယောက်လောက်ကို ကျွန်တော့်ထောင်ဆီ စေလွှတ်ပေးပါလို့ ဆုတောင်းခဲ့တယ်။ ဒီတစ်ခါလည်း ယေဟောဝါက ကျွန်တော်ရဲ့ ထက်ထက်သန်သန် ဆုတောင်းမှုကို အဖြေပေးတယ်။ မျှော်လင့်ထားတာထက်တောင် ပိုပါသေးတယ်။ မကြာခင်မှာပဲ သစ္စာရှိညီအစ်ကို သုံးယောက်ဖြစ်တဲ့ အယ်ဘာတို ကွန်တီယို့၊ ဖရန်စစ္စကို ဒီအက်နဲ့ အန်တွန်ယို ဆန်းချက်တို့ အိုကန်ယာအကျဉ်းထောင်ကို ရောက်လာတယ်။ လေးနှစ်လုံးလုံး ကျွန်တော်တစ်ယောက်တည်း ရှိခဲ့တာ။ နောက်ဆုံးတော့ ညီအစ်ကိုတွေနဲ့ စုဆုံပေါင်းသင်းနိုင်ပြီ။ ကျွန်တော်တို့ လေးယောက် အတူတူ လေ့လာကြတယ်၊ အကျဉ်းဖော်တွေကို သက်သေခံကြတယ်။
လွတ်မြောက်လာလို့ အလုပ်ပြန်စ
နောက်ဆုံး ၁၉၆၄ ခုနှစ်မှာ ကျွန်တော့်ကို ကတိခံဝန်ချက်နဲ့ ပြန်လွှတ်ပေးလိုက်တယ်။ ထောင်ဒဏ် ၂၂ နှစ်ကို ၆ နှစ်ခွဲအထိ လျှော့ပေါ့ပေးခဲ့တယ်။ ထောင်ကနေ လွတ်လာတဲ့ နေ့မှာပဲ အစည်းအဝေး သွားတက်တယ်။ မက်ဒရစ်မြို့ကို ပြန်သွားဖို့ ကျွန်တော် ခြစ်ကုတ်စုထားတဲ့ ပိုက်ဆံလေးကို တက္ကစီခအတွက် သုံးလိုက်ရပေမဲ့ အစည်းအဝေးကို အချိန်မီလေး ရောက်သွားတယ်။ ညီအစ်ကို/မတွေနဲ့ ပြန်ဆုံရတာ တကယ့်ကောင်းချီးတစ်ရပ်ပါပဲ။ ဒါပေမဲ့ ညီအစ်ကို/မ တွေနဲ့ ပေါင်းသင်းဖို့လောက်ပဲ မဟုတ်ဘူး။ ရှေ့ဆောင် အမြန်ဆုံး ပြန်လုပ်ချင်တာ။ ရဲတချို့ လိုက်နှောင့်ယှက်နေကြတုန်းဆိုပေမဲ့ လူတွေက သတင်းကောင်းကို တုံ့ပြန်နေကြတယ်။ လုပ်စရာ အလုပ်တွေ အများကြီး ရှိသေးတယ်။
အဲဒီအချိန်မှာပဲ အထူးရှေ့ဆောင်အဖြစ် အမှုဆောင်နေတဲ့၊ ဇွဲထက်သန်တဲ့ ညီအစ်မငယ် မာဆာဒါးနဲ့ ဆုံတွေ့ခဲ့တယ်။ မာဆာဒါးက နှိမ့်ချပြီး လူတိုင်းကို ဟောပြောဖို့ စိတ်ထက်သန်တယ်၊ ထောက်ထားစာနာပြီး ရက်ရောတယ်။ အဲဒီအရည်အသွေးကောင်းတွေကြောင့် သူ့ကို ကျွန်တော် သဘောကျသွားတယ်။ ကျွန်တော်တို့ တစ်ဦးကိုတစ်ဦး နှစ်သက်မြတ်နိုးလာလို့ တစ်နှစ်အကြာမှာ လက်ထပ်လိုက်ကြတယ်။ ကျွန်တော့်ဘေးမှာ မာဆာဒါးရှိနေတာ တကယ့်ကောင်းချီးတစ်ရပ်ပါပဲ။
လက်ထပ်ပြီး လအနည်းငယ် အကြာမှာ နယ်လှည့်လုပ်ငန်းမှာ ပါဝင်ဖို့ ဖိတ်ခေါ်ခံရတယ်။ အပတ်တိုင်း အသင်းတော်တစ်ခုစီ လည်ပတ်ကြတယ်။ ညီအစ်ကိုတွေနဲ့အတူ အစည်းအဝေး တက်ကြတယ်၊ အမှုဆောင်ထွက်ကြတယ်။ စပိန်နိုင်ငံတစ်ဝန်း အသင်းတော်အသစ်တွေ ပေါ်လာတယ်။ ညီအစ်ကိုတွေ အကူအညီနဲ့ အားပေးမှု လိုအပ်နေကြတယ်။ ဘာစီလိုးနားမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ လျှို့ဝှက်ရုံးကို အသွားအပြန်လုပ်ပြီး အလုပ်မှာ ခဏတာ ကူညီပေးခွင့် ရခဲ့တယ်။
၁၉၆၇ ခုနှစ်မှာတော့ လုပ်ငန်းကို ပုန်းလျှိုးကွယ်လျှိုး လုပ်စရာ မလိုတော့ဘူး။ အစိုးရက စပိန်နိုင်ငံသား အားလုံးကို ဘာသာရေး လွတ်လပ်ခွင့်ပေးတဲ့ ဥပဒေ ထုတ်ပြန်လိုက်လို့လေ။ ၁၉၇၀ ပြည့်နှစ်မှာ ယေဟောဝါသက်သေတွေကို တရားဝင် အသိအမှတ်ပြုခဲ့တယ်။ နောက်ဆုံးတော့ ကိုယ်ပိုင်နိုင်ငံတော်ခန်းမမှာ လွတ်လွတ်လပ်လပ် စည်းဝေးနိုင်ကြပြီ။ ဌာနခွဲရုံးကိုတောင် ဖွင့်နိုင်ခဲ့တယ်။
ဘုရားရေးရာလုပ်ငန်းမှာ တာဝန်သစ်တွေရ
၁၉၇၁ ခုနှစ်မှာ မာဆာဒါးနဲ့ ကျွန်တော် ဘာစီလိုးနားမြို့က ဌာနခွဲအသစ်မှာ အမြဲတမ်းအဖွဲ့ဝင်တွေအဖြစ် တာဝန်ထမ်းဆောင်ဖို့ ဖိတ်ခေါ်ခံရတယ်။ ဒါပေမဲ့ တစ်နှစ်အကြာမှာ မာဆာဒါး ကိုယ်ဝန်ရလာတယ်။ သမီးချောလေး အဘိဂဲကို မွေးဖွားခဲ့တယ်။ ဒီတော့ ကျွန်တော်တို့ ဗေသလလုပ်ငန်းကို ဆက်လုပ်လို့ မရတော့ဘူး။ ဒါပေမဲ့ သမီးလေးကို ပြုစုပျိုးထောင်ဖို့ဆိုတဲ့ တာဝန်သစ်တစ်ခု ရလာကြတယ်။
အဘိဂဲ ဆယ်ကျော်သက် အရွယ်ရောက်တော့ ဌာနခွဲရုံးက ကျွန်တော်တို့ကို နယ်လှည့်လုပ်ငန်းကို ပြန်လုပ်နိုင်မလားလို့ မေးခဲ့တယ်။ ထုံးစံအတိုင်း ဘုရားဆီ ဆုတောင်းပြီး ရင့်ကျက်တဲ့ ညီအစ်ကိုတွေနဲ့ တိုင်ပင်ခဲ့တယ်။ အကြီးအကဲတစ်ယောက် အခုလိုပြောတယ်– “ဂျီးဇက်၊ ညီအစ်ကိုတွေက ခင်ဗျားကို လယ်ကွင်းမှာ လိုအပ်တယ်ဆိုရင် သွားပါမယ်လို့ ပြန်ပြောရမှာပေါ့။” ဒီလိုနဲ့ ကျေနပ်အားရစရာကောင်းတဲ့ အတွေ့အကြုံတွေ ရကြပြန်တယ်။ အစပိုင်းမှာ အဘိဂဲကိုလည်း ဂရုစိုက်လို့ရအောင် အိမ်အနီးနားတစ်ဝိုက်က အသင်းတော်တွေဆီ လည်ပတ်ခဲ့တယ်။ နောက်တော့ သူလည်း ကြီးလာပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်ခဲ့တယ်။ ဒါနဲ့ ကျွန်တော်တို့ အထူးအချိန်ပြည့်လုပ်ငန်းမှာ တိုးချဲ့ပါဝင်ဖို့ အခွင့်အရေး ရလာတယ်။
မာဆာဒါးနဲ့ ကျွန်တော်ဟာ နယ်လှည့်လုပ်ငန်းမှာ ၂၃ နှစ် အမှုဆောင်ခဲ့တယ်။ ကျွန်တော် အင်မတန် နှစ်ခြိုက်သဘောကျတဲ့ လုပ်ငန်းပါ။ ကျွန်တော့် တွေ့ကြုံမှုကို ပြောပြပြီး လူငယ်လေးတွေကို အားပေးခွင့် ရခဲ့တယ်။ အကြီးအကဲတွေနဲ့ အချိန်ပြည့် အမှုဆောင်တွေကို သင်တန်းပို့ချတုန်းက ကျွန်တော်တို့ မက်ဒရစ်ဗေသလမှာ နေခဲ့ကြတယ်။ တကယ်တော့၊ ဂျာရာမာမြစ်က ဗေသလနဲ့ နှစ်မိုင်လောက်ပဲ ဝေးတာ။ အဲဒီမြစ်မှာပေါ့၊ ၁၉၅၅ ခုနှစ်မှာ ကျွန်တော် နှစ်ခြင်းခံခဲ့တာလေ။ နှစ်တွေကြာလာရင် ဒီနေရာကို ပြန်လာပြီး လူငယ်ညီအစ်ကို/မတွေကို ယေဟောဝါရဲ့အမှုတော်မှာ ပိုတာဝန်ထမ်းဆောင်နိုင်ဖို့ ကူညီပေးခွင့် ရလိမ့်မယ်လို့ အဲဒီတုန်းက ထင်တောင်မထင်မိဘူး။
၂၀၁၃ ခုနှစ်ကစပြီး အထူးရှေ့ဆောင်တွေအဖြစ် ပြန်တာဝန်ထမ်းဆောင်ကြတယ်။ နယ်လှည့်လုပ်ငန်းကနေ ရှေ့ဆောင်လုပ်ငန်းကို ပြောင်းရတာ မလွယ်ဘူးဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်တာ မှန်တယ်။ သိပ်မကြာခင်တုန်းက ကျွန်တော် ကျန်းမာရေးပြဿနာတွေ ရှိလာတယ်။ ခက်ခဲရှုပ်ထွေးတဲ့ နှလုံးခွဲစိတ်မှုလည်း ခံခဲ့ရတယ်။ အဲဒီအချိန်တွေမှာလည်း ယေဟောဝါရဲ့ အကူအညီကို တောင်းခံခဲ့တယ်။ အရင်တုန်းကလိုပဲ ယေဟောဝါ ကျွန်တော့်ကို အမြဲကူညီပေးခဲ့တယ်။ ၅၆ နှစ်လုံးလုံး ဇနီးသည် မာဆာဒါးက သစ္စာရှိရှိ ထောက်မပေးခဲ့တယ်။ ဘုရားရေးရာ တာဝန်အမျိုးမျိုးမှာ ကျွန်တော်နဲ့အတူ ဒိုးတူပေါင်ဖက် လုပ်ဆောင်ခဲ့တယ်။
သင်တန်းပို့ချတုန်းက အချိန်တွေကို ပြန်ပြန်တွေးလေ့ရှိတယ်။ ကျောင်းသားတွေရဲ့ ငယ်ရွယ်ပြီး ထက်သန်မှု အပြည့်ရှိတဲ့ မျက်နှာလေးတွေကို မြင်ယောင်နေဆဲပါ။ သူတို့ရဲ့ စိတ်ထက်သန်မှုက ကျွန်တော့်ရဲ့ငယ်ဘဝ၊ တစ်ဘဝစာ ဘုရားအမှုဆောင်လုပ်ငန်းမှာ စပါဝင်ခဲ့တုန်းက ကျွန်တော် ခံစားခဲ့ရတဲ့ စိတ်ထက်သန်မှုကို ပြန်အမှတ်ရစေလို့ပါ။ မှောင်မိုက်ကြမ်းတမ်းတဲ့ အချိန်တွေကို ဖြတ်ကျော်ခဲ့ရပေမဲ့ သိပ်ကောင်းတဲ့ အတွေ့အကြုံတွေလည်း ရရှိခဲ့တယ်။ ခက်ခဲတဲ့ စမ်းသပ်မှုတွေက အရေးကြီး သင်ခန်းစာတွေ သင်ပေးတယ်။ အရေးကြီးဆုံး သင်ခန်းစာတစ်ခုက ကိုယ့်အစွမ်းခွန်အားကို ဘယ်တော့မှ အားမကိုးဖို့ပါပဲ။ အခက်အခဲတွေက ယေဟောဝါရဲ့တန်ခိုးကြီးလက်တော်ကို မြင်တွေ့ခွင့်ရစေခဲ့တယ်။ အမှောင်မိုက်ဆုံးအချိန်မှာ ကျွန်တော့်ကို အမြဲခွန်အားပေးခဲ့တဲ့ လက်တော်ပါပဲ။—ဖိလိပ္ပိ ၄:၁၃။
a အထူးရှေ့ဆောင်ဆိုတာ အချိန်ပြည့် အမှုဆောင်တစ်ယောက်ဖြစ်ပြီး ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးက သူတို့ကို ကျမ်းစာသင်ပေးသူတွေ ပိုလိုအပ်တဲ့နေရာဆီ စေလွှတ်တယ်။
b ၄၃ စတုရန်းပေလောက်ပဲကျယ်ပြီး အိမ်သာမရှိတဲ့ အကျဉ်းခန်းလေးထဲမှာ ခုနစ်လကြာ နေခဲ့ရတယ်။ ညစ်ပတ်တဲ့ ကြမ်းပြင်ပေါ် စောင်တစ်ထည်နဲ့ပဲ အိပ်ခဲ့ရတယ်
c “ဒွန်” ဆိုတာ စပိန်စကားပြောနိုင်ငံတွေမှာ လူတစ်ယောက်ရဲ့ နာမည်အရှေ့မှာ ရိုသေသမှုအနေနဲ့သုံးတဲ့ အသုံးအနှုန်း ဖြစ်တယ်။