မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဂျေး ကမ်ဘယ်လ် | ဘဝအတ္ထုပ္ပတ္တိ

အနိမ့်ဆုံးမှ အမြင့်ဆုံးသို့

အနိမ့်ဆုံးမှ အမြင့်ဆုံးသို့

 ကျွန်မ တအား အရှက်အကြောက် ကြီးတယ်။ အိမ်တွင်း အောင်းတာ များတယ်။ လူတွေနဲ့ မတွေ့အောင် ရှောင်တယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုး မရှိဘူးလို့ ခံစားရတယ်။ လူတော မတိုးဘူး။ ကိုယ့်ကို မလေးမစား၊ မတူမတန် ဆက်ဆံကြမှာ ကြောက်တယ်။ ကျွန်မအကြောင်း ပြောပြပါရစေ။

 ၁၉၆၇ ခုနှစ်၊ ဩဂုတ်၊ ကျွန်မ ၁၈ လ သမီးအရွယ်ထိ ကျန်းကျန်းမာမာပဲ။ တစ်ရက် အကြီးအကျယ် ထဖျားတယ်။ နောက်နေ့ မနက် နိုးတော့ ခြေထောက်တွေ ပျော့ခွေနေတယ်။ ကျွန်မနေတဲ့ ဆီရာလီယွန်နိုင်ငံ၊ ဖရီးတောင်းမြို့ ဆေးရုံမှာ သွားစစ်တော့ ပိုလီယို ဖြစ်သွားပြီတဲ့။ အသက် ၅ နှစ်အောက် ကလေးတွေမှာ အဖြစ်များတဲ့ အကြောသေရောဂါပါ။ အကြောတွေ ပြန်သန်လာအောင် လေ့ကျင့်ခန်းတွေ လုပ်ပြီး ကုပေမဲ့ အလုပ် မဖြစ်ဘူး။ တဖြည်းဖြည်း ခြေထောက်တွေ ချည့်ပြီး ခန္ဓာကိုယ် မနိုင်တော့ဘူး။ “လူစဉ် မမီလေး” လို့ အဖေ ခဏခဏ ခေါ်တယ်။ တွားပြီးတော့ပဲ သွားလာနိုင်တာမို့ တအား သိမ်ငယ်တယ်။ နိမ့်ကျတာမှ မြေကြီးနဲ့ ကပ်နေတဲ့အထိပါလားလို့ ခံစားရတယ်။

မြေကြီးပေါ် တွားသွားရင်း ကြီးပြင်းလာ

 ဆင်းရဲသား မိသားစုတွေ အများကြီး နေတဲ့ ခြံဝင်းကြီးထဲ အမေ့လက်ပေါ်မှာ ကျွန်မ ကြီးလာတယ်။ အားလုံးက ဝိုင်းချစ်ပေးကြရှာတယ်။ ဒါပေမဲ့ ကျွန်မ အဖေ့မေတ္တာ ငတ်တယ်။ ကျွန်မ ဒီလို ဖြစ်သွားတာ သွေးရိုးသားရိုး မဟုတ်ဘူး၊ ပြုစားခံရတာ နေမယ်လို့ တချို့ ထင်နေကြတယ်။ မသန်စွမ်းကလေးဂေဟာရှေ့ သွားပစ်လိုက်ဖို့ အမေ့ကို ဝိုင်းပြောကြတယ်။ ဒါမှပဲ အမေ ဝန်ပေါ့တော့မယ် ဆိုပြီးတော့ပေါ့။ သူတို့ ပြောတာ အမေ နားမထောင်ဘူး။ အလုပ်တွေ ကြိုးစားလုပ်ပြီး ကျွန်မကို ကျွေးမွေးပြုစုတယ်။

 ကျွန်မ မတ်တတ်လည်း မရပ်နိုင်၊ လမ်းလည်း မလျှောက်နိုင်လို့ တွားသွားရတယ်။ မြေကြီးပေါ်၊ ကြမ်းပေါ် တရွတ်တိုက် သွားရလို့ တစ်ကိုယ်လုံး အပွန်းအပဲ့တွေချည်းပဲ။ ကိုယ်လုံး မပွန်းအောင် အဝတ် အထူကြီးတွေ ဝတ်တယ်။ လက်မပွန်းအောင် ဖိနပ်ကို လက်မှာ စွပ်ပြီး သွားတယ်။ နောက်တော့ လက်လျှိုလို့ရတဲ့ သစ်သားတုံး သုံးတယ်။ တစ်နေရာကနေ တစ်နေရာ ရွှေ့ချင်ရင် လက်ဆန့်ထုတ်ပြီး သစ်သားတုံးကို မြေကြီးပေါ် ချလိုက်တယ်။ သစ်သားတုံးကို အားပြုပြီး ခန္ဓာကိုယ် အရှေ့ရောက်အောင် ရွှေ့တယ်။ ခါးကုန်းပြီး ခြေထောက် ပါလာအောင် ဆွဲတယ်။ တစ်လှမ်း လှမ်းပြီးရင် နောက်တစ်လှမ်း ခက်ခက်ခဲခဲ လှမ်းရပြန်တယ်။ လက်မောင်းတွေ၊ ပခုံးတွေဆိုရင် တောင့်တင်းနေတာပဲ။ ဒီလို ပုံစံနဲ့ သွားလာရတာ ပင်ပန်းလွန်းလို့ ခြံထဲက ခြံပြင် သိပ်မထွက်ဖြစ်ဘူး။ ကျောင်းမတက်ရဘူး။ ရွယ်တူတွေနဲ့ မဆော့ရဘူး။ အမေ မရှိတော့ရင် ဘယ်လို အသက်ရှင်ရမလဲလို့ တွေးပူမိတယ်။

 ကူညီမစပေးပါ၊ သူတောင်းစားတော့ မဖြစ်ပါရစေနဲ့လို့ ဘုရားဆီ ဆုတောင်းတယ်။ ဘုရားအကြောင်း ကောင်းကောင်း သိမယ်၊ နည်းမှန်လမ်းကျ ဝတ်ပြုမယ်ဆိုရင် ဘုရား စောင့်ရှောက်မယ်လို့ ယုံတယ်။ ဒါကြောင့် ၁၉၈၁ ခုနှစ်၊ တစ်ရက်မှာ အရဲစွန့်ပြီး ခြံထဲကနေ ခဲရာခဲဆစ် ထွက်၊ လမ်းထဲက ဘုရားကျောင်း သွားတက်တယ်။ လူတွေရဲ့ အကြည့်ကို တကယ် မခံစားနိုင်ဘူး။ သင်းအုပ်ဆရာကလည်း လှိုက်လှိုက်လှဲလှဲ မရှိတဲ့အပြင် တခြားသူတွေ ပိုက်ဆံပေးထိုင်တဲ့ ခုံတန်းရှည်မှာ ကျွန်မ သွားထိုင်မိလို့ အမေ့ကို ဆူတယ်။ နောက်တစ်ခေါက် ဘယ်တော့မှ မသွားတော့ဘူးလို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။

ကောင်းကင်ဘုံစံ အဖကို ရှာတွေ့ပြီ

 ၁၉၈၄ ခုနှစ်၊ ကျွန်မ အသက် ၁၈ နှစ်၊ တစ်မနက်မှာ ခါတိုင်းလိုပဲ ပြတင်းပေါက်နား သွားထိုင်မယ်ဆိုပြီး အပေါ်ထပ် တက်သွားတယ်။ အဲဒီကနေ ခြံအပြင်ဘက် လှမ်းကြည့်နေကျလေ။ ခဏနေတော့ လူရှင်းတယ်ဆိုပြီး ခြံထဲ ဆင်းသွားလိုက်တယ်။ ခြံထဲလည်း ရောက်ရော တစ်အိမ်တက်ဆင်း တရားလိုက်ဟောတဲ့ အမျိုးသားနှစ်ယောက်နဲ့ တွေ့တယ်။ ကျွန်မ ပြန်ကျန်းမာလာမယ့်အကြောင်း သိပ်ကောင်းတဲ့ အနာဂတ်ကတိ ပြောပြကြတယ်။ ဟေရှာယ ၃၃:၂၄ နဲ့ ဗျာဒိတ် ၂၁:၃၊ ၄ ဖတ်ပြကြတယ်။ ကမ္ဘာသားဘဝ ထာဝရ စံစားကြ! ဆိုတဲ့ ရောင်စုံ စာစောင်လေး တစ်စောင် ပေးပြီး ထပ်လာပြောပြမယ်လို့ ပြောသွားကြတယ်။

 ဒုတိယအကြိမ် လာလည်တော့ ကျမ်းစာ ဆက်ဆွေးနွေးဖို့ အသစ်ရောက်ခါစ သာသနာပြု ပေါ်လင်းကို ခေါ်လာမယ်လို့ ပြောပြီး နောက်တစ်ခေါက်မှာ တကယ် ခေါ်လာပေးကြတယ်။ ပေါ်လင်းနဲ့ ကျွန်မ သားအမိတွေလို ဖြစ်လာတယ်။ “အမေအသစ်” ပေါ်လင်းနဲ့ ကျမ်းစာ သင်တာကို အမေအရင်း အားပေးတယ်။ ပေါ်လင်းက ကျွန်မအပေါ် ကိုယ်ကျိုးစွန့် မေတ္တာ ပြတယ်။ စိတ်ရှည်တယ်။ ကြင်နာတယ်။ စိတ်ဝင်တစား ရှိတယ်။ အရိပ်တကြည့်ကြည့် ဂရုစိုက်တယ်။ စာဖတ်တတ်အောင် သင်ပေးတယ်။ ကျွန်ုပ်၏ ကျမ်းစာပုံပြင် စာအုပ် သုံးပြီး ကျွန်မ သိပ်မျှော်လင့်တောင့်တနေတဲ့ မေတ္တာပြည့်ဝတဲ့ ဖခင်အကြောင်း တစိမ့်စိမ့် သင်ပေးတယ်။

ကျွန်မကို ကျမ်းစာ သင်ပေးတဲ့ သာသနာပြု ပေါ်လင်း

 ကျမ်းစာကနေ သိလာတာတွေကြောင့် ကျွန်မ ပျော်လာတယ်။ တစ်ရက်တော့ အသင်းတော် စာအုပ်ကြီး သင်တန်း a လို့ ခေါ်တဲ့ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေး လိုက်တက်လို့ ရမလားလို့ ပေါ်လင်းကို မေးကြည့်တယ်။ ဟိုဘက်ရပ်ကွက်က သက်သေခံတစ်ယောက် အိမ်မှာ ကျင်းပတာ။ ပေါ်လင်းက လိုက်လို့ ရတာပေါ့တဲ့။ အင်္ဂါနေ့ ရောက်တော့ အတူတူ သွားဖို့ သူ လာခေါ်တယ်။ ကျွန်မ ရေမိုးချိုး၊ အဝတ်အစား လဲတာကို ထိုင်စောင့်တယ်။ ပေါ်လင်းကို တက္ကစီခ စိုက်ခိုင်းနော်ဆိုပြီး တစ်ယောက်က ပြောပေမဲ့ “ရတယ်။ ကိုယ့်ဘာသာ သစ်သားတုံးနဲ့ လမ်းလျှောက်သွားမယ်” လို့ ပြန်ပြောလိုက်တယ်။

 ကျွန်မ ထွက်လာတာကို အမေနဲ့ အိမ်နီးချင်းတွေ ရင်တမမ ကြည့်နေကြတယ်။ ခြံထိပ်နား ရောက်တော့ “ရှင်ကလည်း ဇွတ်ကို ခေါ်တာပဲ” ဆိုပြီး ပေါ်လင်းကို အိမ်နီးချင်းတချို့ လှမ်းအော်ကြတယ်။

 “ဂျေး၊ တကယ် လိုက်ချင်ရဲ့လား” လို့ ပေါ်လင်း ကြင်ကြင်နာနာ မေးတယ်။ ဒါ ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း ပြရမယ့်အချိန်ပဲ။ (ပညာအလိမ္မာ ၃:၅၊ ၆) “လိုက်ချင်တယ်။ ကိုယ့်စိတ်နဲ့ကိုယ် ဆုံးဖြတ်ပြီး လိုက်တာ” လို့ ပြောလိုက်တယ်။ ကျွန်မ ခြံဝင်းတံခါးဆီ ရောက်အောင် သွားနေတာကို ကြည့်ပြီး အိမ်နီးချင်းတွေ အသံတိတ်သွားကြတယ်။ စိတ်ပြောင်းသွားကြတယ်။ ကျွန်မလည်း ခြံပြင် ရောက်သွားရော ဝိုင်းအော်ပြီး အားပေးကြတယ်။

 စာအုပ်ကြီးသင်တန်း တက်ရတာ ပျော်လိုက်တာ။ စိတ်လန်းဆန်းသွားတာပဲ။ အားလုံးက ဖက်လဲတကင်း နှုတ်ဆက်ကြတယ်။ အထင်သေးတဲ့ မျက်လုံးနဲ့ တစ်ယောက်မှ ကြည့်မနေတော့ နေရထိုင်ရ မခက်ဘူး။ ဒါနဲ့ မှန်မှန် တက်ဖြစ်တယ်။ နောက်တော့ ယေဟောဝါသက်သေတွေရဲ့ နိုင်ငံတော်ခန်းမမှာ ကျင်းပတဲ့ အစည်းအဝေးတွေကော လာတက်လို့ ရမလားလို့ မေးကြည့်တယ်။ ဆင်းရဲတော့ ကျွန်မမှာ ဝတ်စုံ နှစ်စုံ၊ ဖိနပ်တစ်ရံပဲ ရှိတယ်။ ဒါပေမဲ့ ကျွန်မကို ဘုရားလူမျိုး မတူမတန် ဆက်ဆံမှာ မဟုတ်မှန်း စိတ်ချနေတယ်။ တကယ်လည်း ထင်တဲ့အတိုင်းပါပဲ။

 နိုင်ငံတော်ခန်းမက တောင်ခြေမှာ ရှိတာဆိုတော့ ခန်းမ သွားဖို့ လမ်းထိပ်အထိ ထွက်ရတယ်။ တက္ကစီ ငှားရတယ်။ ဟိုရောက်ရင် ညီအစ်ကိုတွေက ကျွန်မကို ပွေ့ပြီး ခန်းမထဲ ခေါ်သွားပေးကြတယ်။

 ယေဟောဝါဘုရားရဲ့ ကောင်းမြတ်မှုကို မြည်းစမ်းလိုက်ရတော့ ဘုရားဆီမှာ ခိုလှုံချင်လာတယ်။ ဒါကြောင့် အစည်းအဝေး မှန်မှန် တက်ဖို့ ဆုံးဖြတ်လိုက်တယ်။ (ဆာလံ ၃၄:၈) မိုးတွင်းဘက် အစည်းအဝေး သွားရင် ကျွန်မ စိုရွှဲပြီး ဗွက်တွေ ပေပွနေတာပဲ။ ခန်းမ ရောက်မှ အဝတ်အစား လဲရတယ်။ ဒါပေမဲ့ တန်ပါတယ်။

 ၁၉၈၅ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ် မှာ ကျွန်မအကြောင်း ပါတယ်။ နှစ်ချုပ်စာအုပ် မှာ ကျွန်မအကြောင်း ဖတ်ရတော့ ဆွစ်ဇာလန်နိုင်ငံက ညီအစ်မ ဇိုဇက်တ်က လက်နဲ့ ထိန်းလို့ရတဲ့ သုံးဘီးတပ် ကုလားထိုင်လေး ပို့ပေးတယ်။ အဲဒီဘီးတပ် ကုလားထိုင်လေးမှာ ရွှံ့ကာပါတယ်။ အနောက်ဘက်မှာ ရောင်စုံ ရောင်ပြန် တပ်ထားတယ်။ ကျွန်မ လူလူသူသူ သွားလာနိုင်ပြီ။ အမိုက်စား ဘီးတပ် ကုလားထိုင်လေး ကျွန်မ စီးလာပြီဆိုရင် ကလေးတွေ မျက်လုံး အဝိုင်းသား လိုက်ကြည့်ကြတယ်။ သိပ်သဘောကျတာပဲလို့ ပြောကြတယ်။ မြေကြီးမှာ တွားသွားရတဲ့ ဘဝကနေ လွတ်သွားပြီ။ အခုများ ဘုရင်မကြီးကျလို့။ လူလေးစား ခံနေရပြီ။

အမြင့် ရောက်ပြီ

 နဂိုကတည်းက ဘဝ ရိုးရှင်းတယ်၊ ကိုယ်ကျင့်တရား စင်စင်ကြယ်ကြယ် နေတယ်ဆိုတော့ ဘုရားရေးရာမှာ တိုးတက်ဖို့ ကျွန်မအတွက် မခက်ဘူး။ ဘီးတပ် ကုလားထိုင် ရှိတော့ အမှုဆောင်လည်း ထွက်နိုင်တယ်။ ဒီလိုနဲ့ ၁၉၈၆ ခုနှစ်၊ ဩဂုတ်လ ၉ ရက်မှာ နှစ်ခြင်းခံတယ်။ နှစ်ခြင်းခံလိုက်လို့ ကျွန်မဘဝ အများကြီး ပြောင်းလဲသွားတယ်။ တစ်ခါမှ စိတ်မကူးဖူးတဲ့ အမြင့်တစ်နေရာ ရောက်သွားသလိုပဲ။ အခုဆိုရင် ကျွန်မကို ချစ်တဲ့ အဖေ ရှိနေပြီ။ တကယ် ဂရုစိုက်ပေးသူတွေ ဝိုင်းနေပြီ။ ဒါကြောင့် ပျော်တယ်။ ကျေနပ်တယ်။ တန်ဖိုးရှိတယ်လို့ ခံစားရတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု ရှိလာတယ်။

 ယေဟောဝါကို ဘယ်လို ကျေးဇူးဆပ်ရမလဲ စဉ်းစားကြည့်တော့ မှန်မှန်ရှေ့ဆောင် လုပ်ဖို့ စိတ်ကူးမိတယ်။ လုပ်နိုင်ပါ့မလားတော့ မသေချာဘူး။ (ဆာလံ ၁၁၆:၁၂) ဆုတောင်းပြီး စမ်းလုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ၁၉၈၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ကနေ ရှေ့ဆောင် စလုပ်လိုက်တာ ဒီနေ့အထိပဲ။ ကောင်းချီးတွေ အများကြီး ရတယ်။ ချစ်စရာကောင်းတဲ့ ညီအစ်ကို၊ ညီအစ်မတွေက ကျွန်မ လတိုင်း မှတ်တမ်း ပြည့်ဖို့ ကူညီပေးကြတယ်။ သန့်ရှင်းသော စွမ်းအားတော်ကတစ်ဆင့် ယေဟောဝါ ထောက်မပေးတယ်။—ဆာလံ ၈၉:၂၁

 ရှေ့ဆောင် လုပ်တော့ လှုပ်လှုပ်ရှားရှား များတယ်။ ချည့်နေတုန်းဆိုပေမဲ့ ခြေထောက်အတွက် ကောင်းတယ် ထင်တယ်။ ဒါနဲ့ အသစ်ဖွင့်ခါစ ဆေးခန်း သွားပြတယ်။ အကြောအဆစ် နှိပ်နယ်၊ လေကျင့်ခန်းတွေ လုပ်ခိုင်းပြီး ကုပေးကြည့်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ ဒါပေမဲ့ သေပဲ သေတော့မယ်၊ ဒုက္ခခံပြီး လာမနေနဲ့လို့ သူနာပြုတစ်ယောက် ပြောတယ်။ သူနာပြု နောက်တစ်ယောက်လည်း တစ်လေသံတည်း ပြောလွှတ်လိုက်လို့ တော်တော် စိတ်ဓာတ်ကျသွားတယ်။ အိမ်ပြန်ရောက်တော့ စိတ်ဓာတ်မကျဖို့၊ ကုသမှု တစ်ခုခု ခံယူနိုင်ဖို့ ကူညီပေးပါလို့ ယေဟောဝါဆီ ဆုတောင်းတယ်။

 အမှုဆောင်လုပ်ငန်းက ကျွန်မအတွက် အကောင်းဆုံး ကုသမှုပဲ။ အများကြီး လှုပ်ရှားရတယ်လေ။ နှစ်အနည်းငယ် ကြာတော့ ကျွန်မကို သေတော့မယ်လို့ ပြောလွှတ်တဲ့ သူနာပြု နိုင်ငံတော်ခန်းမရှေ့ကနေ ဖြတ်သွားတယ်။ ကျွန်မ အသက်ရှင်နေသေးတာ တွေ့တော့ တော်တော် အံ့ဩသွားတယ်။

 ကျွန်မ မသန်စွမ်းပေမဲ့ အမှုတော်မှာ တက်တက်ကြွကြွ ပါဝင်ဖို့ ကြိုးစားတယ်။ ကျွန်မ ဇွဲထက်သန်လို့၊ အစည်းအဝေး စောစော ရောက်လို့ ညီအစ်ကိုတွေ ချီးမွမ်းကြတယ်။ အစည်းအဝေး စောစော ရောက်ရင် ညီအစ်ကို၊ ညီအစ်မတွေကို နှုတ်ဆက်ဖို့၊ စိတ်ဝင်စားကြောင်း ပြဖို့ အချိန်ရတယ်။ ဒါကြောင့် အမြဲ စောစော သွားတာ။

 ယေဟောဝါရဲ့ ကောင်းမြတ်မှုကို ကျွန်မ မြည်းစမ်းခဲ့တယ်။ ကောင်းချီး အများကြီး ခံစားရတယ်။ လူသုံးယောက် နှစ်ခြင်းခံတဲ့အထိ ကူညီပေးခွင့်ရလို့ သိပ်ပျော်တယ်။ တစ်ယောက်ကတော့ ၁၃၇ ကြိမ်မြောက် ဂိလဒ်သင်တန်း တက်ခွင့် ရတဲ့ အမ်မလီယာပါ။ ကျွန်မ ရှေ့ဆောင် သင်တန်း ခဏခဏ တက်ရတယ်။ တကယ့် ကောင်းချီးပါပဲ။ ကျွန်မ ရွှင်လန်းနေအောင်၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိတယ်လို့ ခံစားရအောင်၊ ယုံကြည်စိတ်ချမှု ရှိအောင် ယေဟောဝါ ကူညီပေးတယ်။ အခု ကျွန်မကို လူတွေ လေးစားကြတယ်။ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်မနေတော့ဘူး။ ကျွန်မ နေတဲ့ ဖရီးတောင်းမြို့မှာမှ မဟုတ်ဘူး၊ တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးမှာ မိတ်ဆွေကောင်းတွေ ရှိနေပြီ။

 မသန်စွမ်းမှုတွေ မရှိတော့မယ့် ကမ္ဘာသစ်အကြောင်း ဘုရားကတိကို သိလာတာ နှစ် ၄၀ နီးပါး ရှိသွားပြီ။ ကတိ တကယ် ပြည့်စုံလာမယ်ဆိုတဲ့ အသိကြောင့် သိပ်အားရှိတယ်။ ပြည့်စုံစေချင်လှပြီ။ ကျွန်မရဲ့ ဘုရား ယေဟောဝါ နှောင့်နှေးမှာ မဟုတ်မှန်း သေချာပေါက် ယုံလို့ စိတ်ရှည်ရှည် စောင့်နေတယ်။ (မိက္ခာ ၇:၇) စိတ်ရှည်ရှည် စောင့်လို့ ကောင်းချီး အများကြီး ရတယ်။ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ရင်ဆိုင်နိုင်ဖို့ ယေဟောဝါ ကူညီပေးတယ်။ အချိန်ကိုက် အမြဲ ထောက်မပေးတယ်။ မြေကြီးပေါ် တွားသွားခဲ့ရတဲ့ ဘဝကနေ တစ်ခါမှ စိတ်မကူးဖူးတဲ့ အမြင့်တစ်နေရာ ရောက်သွားလို့ ကျွန်မ တကယ် ပြုံးပျော်နေနိုင်ပြီ။

a အခု အသင်းတော် ကျမ်းစာ လေ့လာမှုလို့ ခေါ်တယ်။