ဒိုရီးနာ ကာပါရယ်လီ | ဘဝအတ္ထုပ္ပတ္တိ
ရှက်တတ်ပေမဲ့ အခုလိုပဲ ပြန်လုပ်သွားပါမယ်
ကျွန်မက အမြဲလိုလို ရှက်တတ်တယ်။ ဒါကြောင့် ယေဟောဝါဘုရားရဲ့အမှုဆောင်လုပ်ငန်းမှာ တွေ့ကြုံခဲ့ရတဲ့ စိတ်လှုပ်ရှားစရာ စွန့်စားမှုတွေအကြောင်း စဉ်းစားမိရင် ယုံတောင်မယုံနိုင်ဘူး။
ကျွန်မကို ၁၉၃၄ ခုနှစ်၊ ပက်စ်ကာရာမြို့မှာ မွေးဖွားခဲ့တယ်။ အဲဒီမြို့က အေဒရီအက်တစ် ပင်လယ်နဲ့ ထိစပ်နေတဲ့ အီတလီနိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းရဲ့အလယ်မှာ ရှိတယ်။ အဖေက သမီးတွေကို အက္ခရာစဉ်အလိုက် အေ၊ ဘီ၊ စီ၊ ဒီ ဆိုပြီး နာမည်ပေးတော့ ညီအစ်မလေးယောက်ထဲမှာ အငယ်ဆုံးဖြစ်တဲ့ ကျွန်မရဲ့နာမည်က ဒီနဲ့စတဲ့ ဒိုရီးနာ ဖြစ်လာတယ်။
အဖေက ဘုရားသခင်အကြောင်း အမြဲသိချင်တယ်။ ၁၉၄၃ ခုနှစ်၊ ဇူလိုင်လမှာ သက်သေခံတွေနဲ့ ကျမ်းစာလေ့လာနေတဲ့ လီဘာရာတို ရစ်ချီလို့ခေါ်တဲ့ လူတစ်ယောက်က အဖေ့ကို ကျမ်းစာအကြောင်း ပြောပြပြီး ကင်းမျှော်စင် တစ်စောင် ငှားခဲ့ရာကနေ ယေဟောဝါသက်သေတွေကို အဖေ စသိလာတယ်။ မကြာခင်မှာပဲ အဖေက သူသိရှိလာတာတွေအကြောင်း တခြားသူတွေကို ထက်ထက်သန်သန် ဟောပြောတော့တယ်။ အမေလည်း အမှန်တရားကို လက်ခံခဲ့တယ်။ သူက စာမတတ်ပေမဲ့ ကျမ်းချက်တွေကို အလွတ်ကျက်ပြီး မျှော်လင့်ချက်အသစ်အကြောင်း တခြားသူတွေကို ဝေမျှတော့တယ်။
ကျွန်မတို့ အိမ်လေးဟာ ဆုံစည်းရာ ဖြစ်လာတယ်။ ခရစ်ယာန် အစည်းအဝေးတွေ ကျင်းပကြတယ်။ အိပ်ခန်းနှစ်ခန်းပဲရှိပေမဲ့ တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ရှေ့ဆောင်တွေ လာတည်းနိုင်ခဲ့တယ်။
အစ်မအကြီးဆုံး နှစ်ယောက်က ကျမ်းစာကို စိတ်မဝင်စားကြဘူး။ နောက်တော့ အိမ်ထောင်ပြုဖို့ အိမ်က ထွက်သွားကြတယ်။ အစ်မချီစီရာနဲ့ ကျွန်မကတော့ အဖေ ကျမ်းစာဖတ်ပြတာကို နားထောင်ရတာ သိပ်ကြိုက်တယ်။ ကျွန်မတို့ အုပ်စုလေးဆီ လာလည်ပတ်တဲ့ ညီအစ်ကိုတွေရဲ့ အားရှိစရာ ဟောပြောချက်တွေကိုလည်း သဘောကျကြတယ်။
အဖေနဲ့၊ တခြားသူတွေနဲ့ အမှုဆောင်လိုက်သွားပေမဲ့ ကျွန်မက သိပ်ရှက်တတ်လို့ အိမ်ရှင်ကို ကိုယ်တိုင်ဟောရဲဖို့ လပေါင်းများစွာ ကြိုးစားခဲ့ရတယ်။ ဒါပေမဲ့ ယေဟောဝါဘုရားကို ချစ်သထက် ချစ်လာလို့ ၁၉၅၀ ပြည့်နှစ်၊ ဇူလိုင်လမှာ နှစ်ခြင်းခံခဲ့တယ်။ ညီအစ်ကိုတစ်ယောက်က ကျွန်မတို့အိမ်မှာ နှစ်ခြင်းဟောပြောချက် ပေးပြီးနောက် နှစ်ခြင်းခံဖို့ ပင်လယ်ဆီ သွားခဲ့ကြတယ်။ နောက်တစ်နှစ်မှာ အထူးရှေ့ဆောင် လင်မယားတစ်တွဲ ကျွန်မတို့ဒေသမှာ တာဝန်ကျတယ်။ ကျွန်မလည်း သူတို့နဲ့ မကြာမကြာ အမှုဆောင်ထွက်တယ်။ အမှုဆောင်လုပ်ငန်းမှာ ပိုပါဝင်လေလေ ဟောပြောဖို့ ပိုလွယ်လာလေလေပဲ။ ဘုရားအမှုဆောင်ရတဲ့ ဒီအခွင့်ထူးကို တစ်စထက်တစ်စ တန်ဖိုးထားမြတ်နိုးလာတယ်။
ဘဝတစ်ဆစ်ချိုးစေတဲ့ ဆုံးဖြတ်ချက်
ကျွန်မတို့ရဲ့ ဦးဆုံးတိုက်နယ်ကြီးကြပ်မှူးက ပရာယို ဂါ့တီဖြစ်တယ်။ a သူက ကျွန်မကို ရှေ့ဆောင်စလုပ်ဖို့သာမက နိုင်ငံတော်သတင်း ဟောပြောသူတွေ ပိုလိုအပ်တဲ့နေရာကိုပါ ပြောင်းရွှေ့ဖို့ အားပေးခဲ့တယ်။ အဲဒီလိုပြောင်းဖို့ဆိုတာ စဉ်းတောင်မစဉ်းစားဖူးဘူး။ ကျွန်မတို့ဒေသမှာ သမီးမိန်းကလေးတွေက အိမ်ထောင်မကျခင်အထိ အိမ်မှာနေတဲ့ ထုံးစံရှိလို့ ၁၉၅၂ ခုနှစ်၊ မတ်လမှာ အိမ်မှာနေရင်းနဲ့ပဲ ရှေ့ဆောင်စလုပ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီဆုံးဖြတ်ချက်က ကျွန်မရဲ့ကျန်ရှိတဲ့အသက်တာအပေါ် ဘယ်လောက်ထိ အကျိုးသက်ရောက်မယ်ဆိုတာကိုတော့ အဲဒီတုန်းက မသိခဲ့ဘူး။
အဲဒီအချိန်လောက်မှာပဲ အန်းနာလို့ခေါ်တဲ့ ညီအစ်မငယ်တစ်ယောက်က ရှေ့ဆောင်လုပ်ချင်တော့ အတူတူ အမှုဆောင်သွားလို့ရအောင် ကျွန်မတို့နဲ့ လာနေတယ်။ ၁၉၅၄ ခုနှစ်မှာ ကျွန်မတို့ကို သက်သေခံတွေ တစ်ယောက်မှမရှိတဲ့ ၁၅၅ မိုင်အကွာလောက်က ပီရယ်ရူဂျာမြို့မှာ အထူးရှေ့ဆောင်တွေအဖြစ် တာဝန်ခန့်အပ်ခဲ့တယ်။
ကျွန်မအသက် ၂၀ ပဲရှိသေးတယ်။ မိဘတွေနဲ့အတူ စည်းဝေးကြီးတစ်ခု သွားဖူးတာကလွဲလို့ ဘယ်မှမရောက်ဖူးဘူး။ ဒီတော့ ကမ္ဘာတစ်ဖက်ခြမ်းကို သွားရတော့မယ့်အတိုင်း စွန့်စားမှုလုပ်ရတော့မလို ခံစားရတယ်။ အဖေကလည်း ကျွန်မနဲ့ အန်းနာတို့ ကိုယ့်ဘာသာကို နေကြမှာကို နည်းနည်းစိတ်ပူလို့ နေစရာ လိုက်ရှာပေးတယ်။ နိုင်ငံတော်ခန်းမအဖြစ်ကော အိမ်အဖြစ်ပါ သုံးလို့ရမယ့် အခန်းတစ်ခု ငှားလိုက်ကြတယ်။ အစမှာတော့ အစည်းအဝေးတက်သူဆိုလို့ ကျွန်မတို့ပဲ ရှိတယ်။ ဒါပေမဲ့ ပီရယ်ရူဂျာမြို့နဲ့ အနီးနားမြို့ငယ်လေးတွေ၊ ရွာတွေမှာ ဟောပြောရတာ သိပ်ကောင်းတယ်။ မကြာခင်မှာ ကျမ်းစာစိတ်ဝင်စားသူတွေ ရှိလာတယ်။ တစ်နှစ်လောက်ကြာတော့ ညီအစ်ကိုတစ်ယောက် ပီရယ်ရူဂျာမြို့ကို ပြောင်းလာပြီး ကျွန်မတို့အတွက် အစည်းအဝေးတွေ လုပ်ပေးတယ်။ ၁၉၅၇ ခုနှစ်မှာ ကျွန်မတို့ နောက်တစ်နေရာကို တာဝန်ပြောင်းချိန်ရောက်တော့ အဲဒီမှာ အသင်းတော်ငယ်လေးတစ်ခု ဖြစ်နေပြီ။
နောက်ထပ် တာဝန်ကျတဲ့နေရာက အီတလီနိုင်ငံ အလယ်ပိုင်းက တယ်ရနီမြို့မှာ ဖြစ်တယ်။ အဲဒီမှာ စိတ်ဝင်စားသူတွေ ရှိနှင့်ပြီးသားမို့ ဟောပြောဖို့ စိတ်ထက်သန်နေကြတယ်။ ဒါပေမဲ့ အခက်အခဲတွေလည်း ရှိတယ်။ ၁၉၄၃ ခုနှစ်မှာ ဖက်ဆစ်စနစ် တရားဝင် ကုန်ဆုံးသွားပေမဲ့ အရာရှိတချို့က ယေဟောဝါသက်သေတွေ ကျမ်းစာအကြောင်း ဟောပြောလို့မရအောင် တားဆီးပိတ်ပင်ကြတယ်၊ တစ်အိမ်တက်တစ်အိမ်ဆင်း ဟောပြောနိုင်ဖို့ လိုင်စင်လုပ်ရမယ်လို့ တောင်းဆိုကြတယ်။
ရဲတွေက ယေဟောဝါသက်သေတွေနောက် လိုက်လေ့ရှိတယ်။ တစ်ခါတလေ လူအုပ်ထဲရောလိုက်တော့ သူတို့ မျက်ခြေပြတ်သွားတယ်။ အမြဲတော့ မလွတ်ပါဘူး။ ကျွန်မ နှစ်ကြိမ် အဖမ်းခံရတယ်။ ဦးဆုံးအကြိမ်က တိုက်နယ်ကြီးကြပ်မှူးနဲ့ ဟောပြောနေတုန်းမှာ ရဲက ကျွန်မတို့ကို ဖမ်းပြီး ရဲစခန်းခေါ်သွားတယ်။ ဥပဒေခွင့်ပြုချက်မရှိဘဲ ဟောပြောတယ်ဆိုပြီး ဒဏ်ငွေဆောင်ခိုင်းတယ်။ ကျွန်မတို့က ဘာဥပဒေမှ ချိုးဖောက်တာမဟုတ်လို့ ဒဏ်ငွေမဆောင်နိုင်ဘူးလို့ ငြင်းတယ်။ ကျွန်မရင်တွေတုန်လွန်းလို့ နှလုံးခုန်သံကိုတောင် ကြားနေရတယ်။ ဒါပေမဲ့ တိုက်နယ်ကြီးကြပ်မှူးနဲ့ အတူရှိနေလို့ ယေဟောဝါဘုရားကို ကျေးဇူးတင်တယ်။ ဟေရှာယ ၄၁:၁၃ မှာပါတဲ့ “မကြောက်နဲ့။ ငါကူညီမယ်” ဆိုတဲ့ အားရှိစရာ ကျမ်းစကားတွေကို ပြန်အမှတ်ရလာတယ်။ ကျွန်မတို့ကို လွှတ်ပေးလိုက်ကြတယ်။ အမှုစစ်ရုံးမှာ အမှုရင်ဆိုင်ရပေမဲ့ တရားသူကြီးက အမှု ပလပ်လိုက်တယ်။ ခြောက်လလောက်ကြာတော့ ဒုတိယအကြိမ် အဖမ်းခံရတယ်။ ဒီတစ်ခါတော့ ကျွန်မ တစ်ယောက်တည်းပဲ။ ဒါပေမဲ့ တရားသူကြီးက တရားသေ လွှတ်ပေးလိုက်ပြန်တယ်။
ယေဟောဝါဘုရားရဲ့အမှုတော်ဆောင်ဖို့ အခွင့်အရေး ပိုရလာ
၁၉၅၄ ခုနှစ်၊ အီတလီနိုင်ငံတောင်ပိုင်း နေပယ်မြို့မှာ ကျင်းပတဲ့ အစည်းအဝေးကြီးကို သွားတက်ဖို့ ထူးထူးခြားခြား စိတ်လှုပ်ရှားခဲ့တာကို မှတ်မိနေသေးတယ်။ အဲဒီကိုရောက်ပြီးနောက် စည်းဝေးကြီးခန်းမကို သန့်ရှင်းရေးလုပ်ဖို့ လုပ်အားပေးတော့ စင်မြင့်ဘက်နားမှာလုပ်ဖို့ တာဝန်ရတယ်။ အဲဒီမှာပေါ့၊ အန်းတိုနီယို ကာပါရယ်လီ လို့ခေါ်တဲ့ ဧည့်ကြိုလူငယ် ညီကိုချောလေးကို ကျွန်မ သတိထားမိတယ်။ သူ့မိသားစုက ၁၉၄၀ ပြည့်နှစ် မတိုင်ခင်လောက်မှာ အီတလီနိုင်ငံကနေ လစ်ဗျားနိုင်ငံကို ပြောင်းသွားပြီး သူက အဲဒီမှာ ရှေ့ဆောင်လုပ်တယ်။
အန်းတိုနီယိုက တက်ကြွဖျက်လက်တယ်၊ သတ္တိရှိတယ်။ လစ်ဗျားသဲကန္တာရအထိတောင် ဆိုက်ကယ်နဲ့သွားပြီး အဲဒီက အီတလီလူမျိုးတွေကို သက်သေခံခဲ့တယ်။ ကျွန်မတို့ မကြာမကြာ စာရေးကြတယ်။ ၁၉၅၉ ခုနှစ် အစပိုင်းလောက်မှာ အီတလီကို သူပြန်လာတယ်။ အီတလီနိုင်ငံအလယ်ပိုင်းက ဗီတယ်ရာဗိုမြို့မှာ အထူးရှေ့ဆောင်အဖြစ် တာဝန်မထမ်းဆောင်ခင် ရောမမြို့က ဗေသလမှာ လအနည်းငယ်ကြာ နေခဲ့တယ်။ ကျွန်မတို့ တစ်ယောက်ကို တစ်ယောက် ပိုနှစ်သက်မြတ်နိုးလာလို့ ၁၉၅၉ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်မှာ လက်ထပ်လိုက်ကြတယ်။ ဗီတယ်ရာဗိုမြို့ကို အန်းတိုနီယိုနဲ့ လိုက်သွားခဲ့တယ်။
နေဖို့နဲ့ အစည်းအဝေးလုပ်ဖို့ နေစရာ လိုတယ်။ နောက်ဆုံးတော့ ဆိုင်ခန်းလေးနဲ့တူတဲ့ မြေညီထပ်က အခန်းတစ်ခုကို ငှားလိုက်တယ်။ အိမ်သာနဲ့ ရေချိုးခန်း သေးသေးလေးက အနောက်မှာ။ ထောင့်တစ်ထောင့်မှာ အိပ်ရာကို ကပ်လိုက်ပြီး အကာတစ်ခုနဲ့ ကာလိုက်တော့ အိပ်ခန်းဖြစ်သွားတယ်။ ကျန်တဲ့နေရာကတော့ တချို့နေ့မှာ ဧည့်ခန်းဖြစ်လိုက်၊ တချို့နေ့မှာ အစည်းအဝေးခန်းမ ဖြစ်လိုက်ပေါ့။ အခန်းက သိပ်မကောင်းဘူး။ ကျွန်မတစ်ယောက်တည်းဆို နေချင်မှာမဟုတ်ပေမဲ့ အန်းတိုနီယိုနဲ့မို့ ပျော်တယ်။
၁၉၆၁ ခုနှစ်မှာ အန်းတိုနီယို တိုက်နယ်ကြီးကြပ်မှူးအဖြစ် ခန့်အပ်ခံရတယ်။ ဒါပေမဲ့ အသင်းတော် ကြီးကြပ်မှူးတွေအတွက် တစ်လကြာ သင်တန်းကို အရင်တက်ရမယ်။ ဒီတော့ အဲဒီတစ်လကို ကျွန်မတစ်ယောက်တည်း ဖြတ်သန်းရတော့မှာပေါ့။ ရိုးရိုးသားသားပြောရရင် ကျွန်မ ကိုယ့်ကိုယ်ကို သနားမိတယ်။ အထူးသဖြင့် ကျွန်မတို့ရဲ့အခန်းကျဉ်းလေးထဲ ညဘက် တစ်ယောက်တည်း ရှိနေတဲ့အခါမှာပေါ့။ ဒါပေမဲ့ အန်းတိုနီယိုကို ယေဟောဝါဘုရား အသုံးပြုနေလို့ ကျွန်မဝမ်းသာတယ်။ အလုပ်များအောင် နေလိုက်တော့ အချိန်ကုန်မြန်သွားရော။
နယ်လှည့်လုပ်ငန်းဆိုတော့ ခရီးတွေ အများကြီး သွားရတာပေါ့။ အီတလီနိုင်ငံမြောက်ပိုင်း ဗဲနီတိုဒေသကနေ တောင်ပိုင်း စစ္စလီကျွန်းအထိ သွားလာခဲ့ကြတယ်။ အစပိုင်းမှာ ကိုယ်ပိုင်ကားမရှိတော့ အများသုံးယာဉ်ကို သုံးခဲ့တယ်။ တစ်ခါက လမ်းဆိုးတဲ့ စစ္စလီကျွန်း ကျေးလက်ဒေသဘက် ဘတ်စကားစီးပြီး သွားတဲ့အခါ ညီအစ်ကိုတွေက ကားမှတ်တိုင်မှာ လာကြိုကြတယ်။ သူတို့က အိတ်တွေသယ်ဖို့ မြည်းတစ်ကောင် ခေါ်လာကြတယ်။ ကုတ်အင်္ကျီ၊ လည်စည်းဝတ်ထားတဲ့ အန်းတိုနီယိုနဲ့ အစည်းအဝေးတက် ဝတ်စုံဝတ်ထားတဲ့ ကျွန်မရယ်၊ လက်နှိပ်စက်နဲ့အိတ်တွေ သယ်လာတဲ့ မြည်းတစ်ကောင်နဲ့ လယ်သမားတွေရယ် အတူလမ်းလျှောက်နေတဲ့ပုံကို မြင်သူတွေကတော့ ရယ်ချင်ကြမှာပဲ။
ညီအစ်ကိုတွေက နွမ်းပါးပေမဲ့ ရှိတာကို ရက်ရက်ရောရော ပေးကမ်းကြတယ်။ တချို့အိမ်တွေမှာ ရေချိုးခန်း၊ အိမ်သာနဲ့ ပိုက်လိုင်းရေစနစ် မရှိဘူး။ တစ်ခါက နှစ်အတော်ကြာ ဘယ်သူမှ မသုံးဖူးတဲ့ အခန်းတစ်ခန်းမှာ နေခဲ့ကြတယ်။ ညမှာ ကျွန်မ လူးလှိမ့်လွန်းလို့ အန်းတိုနီယိုက ကျွန်မကို နှိုးတယ်။ မွေ့ယာခင်းကို မကြည့်တော့ အောက်မှာ ပိုးကောင်တွေဆိုတာ ပွထနေတာပဲ။ ညသန်းခေါင်ကြီးဆိုတော့ တခြားရွေးချယ်စရာလည်းမရှိလို့ ပိုးကောင်တွေကို တတ်နိုင်သလောက်ဖယ်၊ သန့်ရှင်းရေးလုပ်ပြီး ပြန်အိပ်ဖို့ ကြိုးစားခဲ့ကြတယ်။
ဒါပေမဲ့ အဲဒီအခက်အခဲတွေဟာ ကျွန်မအတွက် အခက်ခဲဆုံး မဟုတ်ဘူး။ ရှက်တတ်တဲ့စိတ်က ကျွန်မအတွက် အကြီးမားဆုံး အခက်အခဲပါပဲ။ အသင်းတော်တစ်ခုကို ဦးဆုံးအကြိမ် လည်ပတ်ပြီဆိုရင် မိတ်ဆွေအသစ်ဖွဲ့ဖို့ သိပ်ခက်တယ်။ ဒါပေမဲ့ ညီအစ်မတွေကို အားပေးချင်လို့၊ ကူညီပေးချင်လို့ အကြီးအကျယ် ကြိုးစားခဲ့တယ်။ ယေဟောဝါဘုရားရဲ့အကူအညီနဲ့ တစ်ပတ်ကုန်တော့မယ်ဆို သူတို့နဲ့ ပိုရင်းနှီးလာတယ်။ ယေဟောဝါဘုရားကို ချစ်ပြီး သစ္စာရှိတဲ့၊ ရက်ရောတဲ့ ညီအစ်ကို/မတွေနဲ့ ဆုံစည်းခွင့်ရတာ၊ သူတို့နဲ့အတူတကွ အလုပ်လုပ်ခွင့်ရတာ အထူးအခွင့်အရေးပါပဲ။
တိုက်နယ်နဲ့ ခရိုင်လုပ်ငန်း b မှာ နှစ်အနည်းငယ်ကြာပါဝင်ပြီးနောက် ၁၉၇၈ ခုနှစ် “အောင်ပွဲခံ ယုံကြည်ခြင်း” အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီး ပြင်ဆင်ရာမှာ ကူညီဖို့ ၁၉၇၇ ခုနှစ်မှာ ရောမမြို့က ဗေသလကို ဖိတ်ခေါ်ခံရတယ်။ လအနည်းငယ် ကြာပြီးနောက် ကျွန်မတို့ ဗေသလမိသားစုဝင် ဖြစ်လာတယ်။ သိပ်မကြာခင်မှာ အန်းတိုနီယိုကို ဌာနခွဲကော်မတီဝင်အဖြစ် တာဝန်ခန့်အပ်ခဲ့တယ်။
ဗေသလက ကျွန်မအတွက် အစိမ်းသက်သက်မို့ ဒီတစ်ခါလည်း ရှက်တတ်တဲ့စိတ်ကြောင့် တစ်ခါတစ်ခါ နေသားမကျ ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ကောင်းချီးနဲ့ တခြားဗေသလမိသားစုဝင်တွေရဲ့ကူညီမှုကြောင့် ဗေသလကို ကျွန်မရဲ့အိမ်အဖြစ် မကြာခင်မှာပဲ သဘောထားလာနိုင်ခဲ့တယ်။
အခက်အခဲသစ်တွေ ရင်ဆိုင်ရ
နောက်ပိုင်းနှစ်တွေမှာ ကျွန်မတို့ အခက်အခဲအသစ် ရင်ဆိုင်ရတယ်။ ကျန်းမာရေး ပြဿနာပေါ့။ ၁၉၈၄ ခုနှစ်မှာ အန်းတိုနီယို နှလုံးခွဲစိတ်မှု ခံရတယ်။ ဆယ်နှစ်အကြာမှာ သူ့ကျန်းမာရေး ပိုဆိုးလာတယ်။ သူ့မှာ ကင်ဆာကျိတ်တစ်ခုရှိမှန်း ၁၉၉၉ ခုနှစ်မှာ သိလိုက်ရတယ်။ အမြဲလိုလို အားမာန်အပြည့်နဲ့လူက တဖြည်းဖြည်း အားနည်းလာပြီး ဒီရောဂါဆိုးကြီးကို လက်မြှောက်အရှုံးပေးနေတာကို မြင်နေရတာ ရင်ကွဲမတတ်ပဲ။ ယေဟောဝါဘုရားဆီ ကျွန်မ ပြင်းပြင်းပြပြ ဆုတောင်းတယ်။ ကျွန်မချစ်ရတဲ့ခင်ပွန်းကို ထောက်မနိုင်ဖို့ ခွန်အားပေးပါလို့ အသနားခံခဲ့တယ်။ ဆာလံကျမ်းတွေကို မကြာခဏ ဖတ်တာက သောကဖိစီးချိန်မှာ အတော်လေး နှစ်သိမ့်မှုရတယ်။ ၁၉၉၉ ခုနှစ်၊ မတ်လ ၁၈ ရက်မှာ အန်းတိုနီယို ဆုံးသွားတယ်။ ကျွန်မတို့အိမ်ထောင်သက်က အနှစ် ၄၀ နီးပါးရှိပြီ။
ဘေးမှာ လူတွေရှိနေရင်တောင် ပြောမပြနိုင်လောက်အောင် ကျွန်မ အထီးကျန်ခဲ့တယ်။ ဗေသလအိမ်သားတွေ၊ နယ်လှည့်လုပ်ငန်းမှာ သိကျွမ်းခဲ့တဲ့ ညီအစ်ကို/မတွေဆီကနေ မေတ္တာနဲ့ နှစ်သိမ့်မှု အများကြီး ရခဲ့တာတောင် ကျွန်မရင်ထဲ တအားကို ဟာတာတာဖြစ်ခဲ့တယ်။ အထူးသဖြင့် ညနေပိုင်းမှာ သူမရှိတော့တဲ့ ဗေသလအခန်းထဲ ပြန်ဝင်လာတဲ့အခါ ခံစားရတဲ့ နာကျင်မှုက စကားလုံးတွေနဲ့တောင် ဖော်ပြလို့မရနိုင်လောက်အောင်ပါပဲ။ ဆုတောင်းတာ၊ ကိုယ်ပိုင်လေ့လာမှုလုပ်တာနဲ့ အချိန်က ကျွန်မကို ကုစားပေးခဲ့တယ်။ နောက်ဆုံးတော့ အန်းတိုနီယိုနဲ့အတူ ဖြစ်သန်းခဲ့တဲ့ အမှတ်တရတွေကို တွေးရင် ပြန်ကြည်နူးတတ်လာတယ်။ ကျွန်မတို့ အတူလုပ်ဆောင်ခဲ့တာတွေကို အခုထိ ပြန်မြင်ယောင်နေဆဲပါ။ အန်းတိုနီယိုဟာ ယေဟောဝါဘုရားရဲ့မှတ်ဉာဏ်ထဲမှာရှိပြီး ရှင်ပြန်ထမြောက်ချိန်မှာ သူ့ကို ပြန်တွေ့ရမယ်ဆိုတာ ကျွန်မယုံကြည်တယ်။
ဗေသလမှာ ကျွန်မ တာဝန်အမျိုးမျိုး ရခဲ့တယ်။ လက်ရှိတော့ အပ်ချုပ်ဌာနမှာ လုပ်နေပါတယ်။ ဒီနည်းနဲ့ ကျွန်မရဲ့ဗေသလမိသားစုကို ကူညီပေးနိုင်လို့ သိပ်ဝမ်းသာတယ်။ အမှုဆောင်လုပ်ငန်းမှာလည်း အလုပ်များနေဖို့ ကြိုးစားတယ်။ အရင်ကလောက်တော့ မလုပ်နိုင်တော့ဘူးပေါ့။ ဒါပေမဲ့ ကလေးဘဝကတည်းက နှစ်သက်မြတ်နိုးခဲ့တဲ့ နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းမှာ ပါဝင်ရတာကို အခုထိ သဘောကျနေတုန်းပါပဲ။ ဒါကြောင့် လူငယ်လေးတွေကို ရှေ့ဆောင်လုပ်ဖို့ ကျွန်မ အားပေးတယ်။ သိပ်ပျော်စရာကောင်းမယ်မှန်း ကျွန်မသိလို့လေ။
အချိန်ပြည့် အမှုဆောင်သက်တမ်း အနှစ် ၇၀ ကျော်အကြောင်း ပြန်တွေးကြည့်လိုက်ရင် ယေဟောဝါဘုရား ကျွန်မကို ဘယ်လောက်ကူညီပေးခဲ့တယ်၊ ကောင်းချီးပေးခဲ့တယ်ဆိုတာ မြင်လာရတယ်။ အခုထိလည်း ကျွန်မ ရှက်တတ်နေတုန်းပါ။ ဒါကြောင့် ကိုယ့်အစွမ်းအစနဲ့သာဆို ဒါတွေအားလုံးကို ဘယ်တော့မှ လုပ်နိုင်မှာမဟုတ်ဘူးဆိုတာ သိတယ်။ ဝေးလံတဲ့ဒေသတွေကို သွားလာခဲ့တယ်၊ သိပ်ကောင်းတဲ့အရာတွေ မြင်တွေ့ခံစားခဲ့တယ်၊ ကျွန်မဘဝကို လှပစေသူတွေနဲ့ တွေ့ဆုံခဲ့တယ်။ ဘဝကို နောက်ပြန်လှည့်လို့ရရင် အခုလိုပဲပြန်လုပ်သွားမယ်လို့ ရဲရဲကြီးပြောနိုင်ပါတယ်။
a “သေခြင်းကိုကြောက်ရွံ့ခဲ့၊ အခုတော့ ‘ကြွယ်ဝပြည့်စုံတဲ့ အသက်တာ’ ကို စောင့်မျှော်နေ” ဆိုတဲ့ ပရာယို ဂါ့တီ ရဲ့ဘဝအတ္ထုပ္ပတ္တိကို ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်ထုတ် ကင်းမျှော်စင်မှာ ဖတ်ရှုနိုင်တယ်။
b ခရိုင်ကြီးကြပ်မှူးက တိုက်နယ်တွေကို ပေါင်းထားတဲ့ ခရိုင်တစ်ခုမှာ အမှုဆောင်တယ်။