မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒေးဗစ် မာဇာ | ဘဝအတ္ထုပ္ပတ္တိ

ပြိုကွဲသွားတဲ့ ပျော်စရာ မိသားစုဘဝကို ပြန်တည်ဆောက်

ပြိုကွဲသွားတဲ့ ပျော်စရာ မိသားစုဘဝကို ပြန်တည်ဆောက်

ပျော်စရာ မိသားစုဘဝ ပိုင်ဆိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တာ။ ကျမ်းစာလေ့လာ၊ လက်တွေ့ကျင့်ပြီးနောက်မှာတော့ ပိုင်ဆိုင်နိုင်ခဲ့ပါပြီ။ သားသမီး သုံးယောက်နဲ့အတူ ကျွန်တော်တို့ ဇနီးမောင်နှံ ယေဟောဝါဘုရားကို စည်းစည်းလုံးလုံး၊ အကြွင်းမဲ့ ဝတ်ပြုကြတယ်။

ဒါပေမဲ့ ၂၀၀၄ ခုနှစ်၊ ဧပြီ ၂၄ ရက်မှာ မျှော်လင့်မထားတဲ့ အဖြစ်ဆိုး ကြုံခဲ့ရတယ်။

 ကျွန်တော့်ဇနီး ကေက သမီး လော်ရန်းလေးကို မွေးဖွားချိန်မှာ ဖခင်ကောင်း ဖြစ်အောင် ဘယ်လို လုပ်ရမယ်ဆိုတာ ကျွန်တော် မသိခဲ့ဘူး။ ဒုတိယကလေး၊ သား မိုက်ကယ်တောင် မွေးလာပြန်ပြီ။ ကျွန်တော် မသိသေးဘူးပဲ။ ကျွန်တော် ငယ်ငယ်တုန်းက မိဘတွေ တကျက်ကျက် ရန်ဖြစ်ကြတယ်။ နောက်ဆုံးတော့ ကွာရှင်းလိုက်ကြတယ်။ ကျွန်တော် အိမ်ထောင်ဦးစီးကောင်း ဖြစ်ချင်တယ်။ ဒါပေမဲ့ ဘယ်လို လုပ်ရမယ်ဆိုတာ မသိဘူး။

 ဆယ်ကျော်သက်ဘဝမှာ အရက်၊ မူးယစ်ဆေးစွဲတော့ ပိုဆိုးသွားတယ်။ အရွယ်သာ ရောက်လာတယ်။ ကိုယ့်ကိုယ်ကိုယ် မထိန်းကျောင်းနိုင်ဘူး။ အရက်၊ မူးယစ်ဆေးအပြင် လောင်းကစားပါ စွဲလာတော့ အမှားမှားအယွင်းယွင်းတွေ ဆုံးဖြတ်မိလာတယ်။ နောက်တော့ ကလေးနှစ်ယောက်ကို ခေါ်ပြီး ကျွန်တော့်ဇနီး ကေ အိမ်ကနေ ထွက်သွားပါလေရော။ ကျွန်တော် အကြီးအကျယ် စိတ်ထိခိုက်သွားတယ်။

 ပြန်နီးစပ်အောင် ဘာလုပ်ရမလဲလို့ ကေ့ကို မေးတယ်။ အဲဒီအချိန်မှာ ယေဟောဝါသက်သေတစ်ယောက် ဖြစ်တဲ့ ဂလိုရီယာနဲ့ သူ ကျမ်းစာလေ့လာနေပြီ။ ဒီတော့ ကျွန်တော့်ကို ရိုးရိုးလေးပဲ ပြန်ဖြေတယ်။ “ကျမ်းစာလေ့လာ” တဲ့။ ကျွန်တော် ကျမ်းစာလေ့လာဖို့ သိပ်တော့ စိတ်မပါဘူး။ ဒါပေမဲ့ ကေ့ကို အိမ်ပြန်ခေါ်ချင်တယ်ဆိုတော့လည်း ဂလိုရီယာနဲ့ ခင်ပွန်း ဘီလ်ကို တွေ့ကြည့်ဖို့ သဘောတူလိုက်တယ်။

ဘဝကို ပြောင်းလဲသွားစေတဲ့ ဆွေးနွေးမှု

 ဘီလ်နဲ့ ဂလိုရီယာ အိမ်ကိုလာတော့ သူတို့နှစ်ယောက် အချင်းချင်း ရင်းနှီးချစ်ခင်ကြတာ မြင်ပြီး အားကျသွားတယ်။ ကျွန်တော်နဲ့ ရွယ်တူလောက်ရှိတဲ့ သူတို့ရဲ့ သားသမီးတွေ ဘဝကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနေကြမှန်း သိလိုက်ရတယ်။ ပျော်စရာ မိသားစုဘဝရဖို့ ကျမ်းစာမှာ အဖြေ ရှိလောက်တယ်လို့ ဦးဆုံးအကြိမ် တွေးမိသွားတယ်။

 ကျွန်တော့်မှာ ပြဿနာတွေ ဘာလို့ များနေတယ်ဆိုတဲ့အကြောင်း ဘီလ်နဲ့ ဂလိုရီယာ ရှင်းပြကြတယ်။ “လူဟာ မျိုးစေ့ကြဲတဲ့အတိုင်း ရိတ်သိမ်းရလိမ့်မယ်” ဆိုတဲ့ ဂလာတိ ၆:၇ ကို ပြကြတယ်။ ‘ဒီကျမ်းစာအခြေခံမူကိုသာ လက်တွေ့ကျင့်ခဲ့ရင် ပြဿနာ အများကြီး ရှောင်နိုင်ခဲ့မှာ’ လို့ တွေးမိတယ်။

ကေနဲ့ ဒေးဗစ်

 အချိန်ကြာလာတာနဲ့အမျှ ကျမ်းစာအခြေခံမူတွေ လက်တွေ့ကျင့်လို့ ကျွန်တော့်ဘဝ တိုးတက်ပြောင်းလဲလာတယ်။ ကေနဲ့ ကျွန်တော် ဆေးလိပ်ဖြတ်လိုက်ကြတယ်။ အရက်၊ မူးယစ်ဆေး၊ လောင်းကစားတွေလည်း ကျွန်တော် ဖြတ်နိုင်ခဲ့တယ်။ ၁၉၈၅ မှာ ဒေဗီလို့ ချစ်စနိုး ခေါ်တဲ့ တတိယသား ဒေးဗစ် မွေးလာတဲ့အချိန်မှာတော့ ကျွန်တော် ဖခင်ကောင်း ဖြစ်အောင် ဘယ်လို လုပ်ရမလဲဆိုတာ သိနေပြီ။

ယေဟောဝါဘုရားကို စည်းစည်းလုံးလုံး ဝတ်ပြုကြ

 ယေဟောဝါဘုရားကို ချစ်တတ်လာအောင် သားသမီးတွေကို သင်ပေးတဲ့အခါ ကိုယ်တိုင်လည်း ဘုရားနဲ့ ရင်းနှီးလာမှန်း ကျွန်တော်နဲ့ ကေ သတိထားမိကြတယ်။ ကြီးမြတ်သော ဆရာထံမှ သင်ယူပါ လိုမျိုး စာပေတွေကနေ အများကြီး သင်ယူရတယ်။ အသင်းတော်မှာရှိတဲ့ မိသားစုတွေကလည်း ကျွန်တော်တို့အတွက်၊ ကျွန်တော်တို့ သားသမီးတွေအတွက် စံနမူနာကောင်းပါပဲ။

မိုက်ကယ်နဲ့ ဇနီး ဒိုင်ယာနာ

 နောက်တော့ သားသမီးအားလုံး ရှေ့ဆောင် လုပ်ကြတယ်။ ၂၀၀၄ နှစ်ဆန်းမှာ လော်ရန်းက စပိန်စကားပြော အသင်းတော်မှာ အမှုဆောင်တယ်။ မိုက်ကယ်က ဗေသလကနေ ထွက်ပြီး ဒိုင်ယာနာနဲ့ အိမ်ထောင်ပြုတယ်။ ပြီးတော့၊ ဂူအမ်မှာ သွားအမှုဆောင်ကြတယ်။ အသက် ၁၉ နှစ်ရှိပြီဖြစ်တဲ့ ဒေဗီက မကြာသေးခင်ကပဲ ဒိုမီနီကန် သမ္မတနိုင်ငံမှာ စအမှုဆောင်တယ်။

 သားသမီးတွေရဲ့ ရွေးချယ်မှုအတွက် ကေနဲ့ ကျွန်တော် သိပ်ဂုဏ်ယူတာပဲ။ “ကျွန်တော့်ရဲ့ သားသမီးတွေ အမှန်တရားလမ်းစဉ်မှာ လျှောက်လှမ်းနေတဲ့အကြောင်း ကြားသိရတာထက် ပိုဝမ်းသာစရာကောင်းတဲ့ သတင်း မရှိတော့ပါဘူး” ဆိုပြီး ၃ ယောဟန် ၄ ဖော်ပြထားသလို ခံစားကြရတယ်။ ဒါပေမဲ့ ဖုန်းထဲကနေ ကြားရတဲ့ သတင်းတစ်ခုကြောင့် ကျွန်တော်တို့ဘဝ ပြောင်းလဲသွားမယ်ဆိုတာ မသိခဲ့ဘူး။

ကြေကွဲစရာ အဖြစ်ဆိုး

 ၂၀၀၄၊ ဧပြီ ၂၄ မှာ မောင်နှံနှစ်စုံနဲ့ ကျွန်တော်တို့ဇနီးမောင်နှံ ညစာ သွားစားကြတယ်။ စားသောက်ဆိုင်က ကီလိုမီတာ ၁၀၀ (မိုင် ၆၀) ကျော် ဝေးလို့ ခြောက်ယောက်စလုံး ကျွန်တော့်ကားလေးနဲ့ သွားကြတာပေါ့။ ညစာစားပြီးသွားတော့ အချိုတည်းဖို့ နောက်တစ်ဆိုင်မှာ သူတို့ကို ချထားခဲ့ပြီး ကျွန်တော် ကားပါကင် လိုက်ရှာတယ်။ ရုတ်တရက် မိတ်ဆွေတစ်ယောက်ဆီက ဖုန်းဝင်လာတယ်။ တစ်ခုခုတော့ ဖြစ်ပြီဆိုတာ သူ့အသံကနေ သိလိုက်တယ်။

 “စိတ်မကောင်းစရာ သတင်း ရှိတယ်။ ဒေဗီ မတော်တဆမှု ဖြစ်သွားတယ်” ဆိုပြီး ပြောတယ်။

 “တော်တော် ထိခိုက်သွားသလား” လို့ ကျွန်တော် တုန်တုန်ယင်ယင် မေးလိုက်တယ်။

 ချက်ချင်း ပြန်မဖြေဘူး။ နောက်မှ၊ ဒေဗီ ဆုံးသွားပြီဆိုတဲ့အကြောင်း မဝံ့မရဲ ပြောတယ်။

 ဖုန်းပြောပြီးတာနဲ့ ယေဟောဝါဘုရားဆီ ချက်ချင်း ဆုတောင်းလိုက်တယ်။ သိပ်နေမကောင်းလို့ အိမ်ပြန်နားချင်တဲ့အကြောင်း ဆိုင်ထဲ ဝင်ပြီး မိတ်ဆွေတွေကို ပြောပြလိုက်တယ်။ တခြားသူတွေ ရှိနေတုန်း ဒေဗီအကြောင်း ကေ့ကို မပြောပြချင်ဘူး။

 မိနစ် ၉၀ ကြာတဲ့ အပြန်ခရီးက ခက်လိုက်တာ။ မကြာခင် ဒေဗီ လာလည်မှာဖြစ်လို့ စိတ်လှုပ်ရှားနေတဲ့အကြောင်း တခြားသူတွေကို ကေ အားရပါးရ ပြောပြနေတာ ကြားတယ်။ သားလေး ဆုံးသွားတဲ့အကြောင်း ကေကသာ မသိသေးတာ။ ဝမ်းနည်းကြောင်း စာတိုတွေ ကျွန်တော့်ဖုန်းထဲ ဝင်လာတာ အများကြီးပဲ။

 တခြားသူတွေကို လိုက်ပို့ပြီးနောက် ကျွန်တော်တို့ အိမ်ပြန်လာကြတယ်။ ကျွန်တော့်ကို ကေ တစ်ချက်ပဲ ကြည့်ပြီး တစ်ခုခု ဖြစ်နေပြီဆိုတာ သိသွားတယ်။ “ဘာဖြစ်တာလဲ” လို့ မေးတယ်။ လွန်ခဲ့တဲ့ နှစ်နာရီ နီးပါးတုန်းက ဖုန်းထဲကနေ ကြားရတဲ့ သတင်းကြောင့် ကျွန်တော် ရင်ကွဲရသလို အခု ကျွန်တော် ပြောပြလိုက်ရင် ကေ ရင်ကွဲတော့မယ်ဆိုတာ သိနေတယ်။

ဆုံးရှုံးမှုကို ခံရပ်ခြင်း

 ကေနဲ့ ကျွန်တော် အခက်အခဲတွေ ကြုံဖူးကြတယ်။ မိမိလူမျိုးကို ယေဟောဝါဘုရား နှစ်သိမ့်ပေးတယ်ဆိုတာလည်း သိကြပါတယ်။ (ဟေရှာယ ၄၁:၁၀၊ ၁၃) ဒါပေမဲ့ ဒီတစ်ခေါက် အခက်အခဲက တော်တော် ခံရခက်တယ်။ ‘ယေဟောဝါဘုရားအတွက် ဒီလောက် ပေးဆက်နေတဲ့ ဒေဗီကျမှ ဘာကြောင့် ဖြစ်ရသလဲ။ ယေဟောဝါဘုရား ဘာကြောင့် ကာကွယ်မပေးသလဲ’ လို့ပဲ ဆက်တိုက် တွေးနေမိတော့တယ်။

 ကျန်တဲ့ သားသမီးတွေလည်း ဖြေမဆည်နိုင်ကြဘူး။ လော်ရန်းဆိုရင် ဒေဗီအတွက် အစ်မကြီး အမိရာ ဖြစ်နေတာ။ ဒီတော့ အကြီးအကျယ် စိတ်ထိခိုက်တာပေါ့။ မိုက်ကယ်ကောပဲ။ အိမ်ခွဲနေတာ ငါးနှစ်လောက်ရှိပြီဆိုပေမဲ့ ညီလေး ရင့်ကျက်လာတာကြည့်ပြီး ဝမ်းသာနေခဲ့တာ။

 ချက်ချင်းဆိုသလို အသင်းတော်က ဝိုင်းကူညီကြတယ်။ ဥပမာ၊ ဒေဗီ ဆုံးသွားတာ ကေ အပြည့်အဝ လက်မခံနိုင်ဘူး။ အသင်းတော်က ညီအစ်ကို၊ ညီအစ်မတွေ အိမ်ရောက်လာပြီး နှစ်သိမ့်အားပေးကြတယ်။ (ပညာအလိမ္မာ ၁၇:၁၇) သူတို့ပြတဲ့မေတ္တာကို ဘယ်တော့မှ မမေ့ဘူး။

 ကေနဲ့ ကျွန်တော် ခါတိုင်းလိုပဲ ဆုတောင်းတယ်။ ကျမ်းစာဖတ်တယ်။ အစည်းအဝေး တက်တယ်။ စိတ်ဒဏ်ရာ ကုစားဖို့ပါ။ ဒဏ်ရာက အရှင်းတော့ ဘယ်ပျောက်ပါ့မလဲ။ ဒါပေမဲ့ ယေဟောဝါဘုရားနဲ့ ဆက်ရင်းနှီးနေစေမယ့် ဒီလုပ်ဆောင်မှုတွေ အရေးပါမှန်း သိကြတယ်။—ဖိလိပ္ပိ ၃:၁၆

လော်ရန်းနဲ့ ခင်ပွန်း ဂျက်စတင်

 အဲဒီအတောအတွင်း မိုက်ကယ်နဲ့ ဒိုင်ယာနာ ကျွန်တော်တို့နား အိမ်ပြောင်းလာကြတယ်။ လော်ရန်းလည်း ကျွန်တော်တို့ အင်္ဂလိပ် အသင်းတော်နဲ့ ပြန်ပေါင်းလာတယ်။ နှစ်အနည်းငယ်လောက် မိသားစုဝင်တွေ အနီးကပ် နေလိုက်တော့ တဖြည်းဖြည်း စိတ်သက်သာလာကြတယ်။ နောက်တော့ လော်ရန်း အိမ်ထောင်ပြုတယ်။ သူ့ခင်ပွန်း ဂျက်စတင်ဟာ ကျွန်တော်တို့ မိသားစုအတွက် အထောက်အမကောင်းပါ။

ခက်ခဲတဲ့ ခရီး

 ဒေဗီ ဆုံးပြီး မကြာခင်မှာပဲ ကျွန်တော်တို့ တစ်ခု လုပ်ကြတယ်။ ခက်ပေမဲ့ တော်တော် အကူအညီ ရတယ်။ အဲဒီအကြောင်း ကေ ပြောပြထားတယ်။

 “ဒေဗီ ဆုံးတဲ့အကြောင်း ကျွန်မခင်ပွန်း ပြောပြတော့ အချိန်တော်တော်ကြာ မျှော်လင့်ချက်၊ ပျော်ရွှင်မှု ပျောက်ဆုံးသွားတယ်။ ဝမ်းနည်းလွန်းလို့ ပုံမှန်လုပ်နေကျ အလုပ်တွေတောင် မလုပ်နိုင်တော့ဘူး။ တစ်ချိန်လုံး ငိုပဲ ငိုနေတာ။ ရိုးရိုးသားသား ပြောရရင် ယေဟောဝါဘုရားကိုကော အသက်ရှင် သွားလာလှုပ်ရှားနေတဲ့ သူတွေကိုပါ ဒေါသထွက်နေမိတယ်။ အကျိုးသင့်အကြောင်းသင့် မတွေးနိုင်တော့ဘူး။

 “ဒိုမီနီကန် သမ္မတနိုင်ငံကို သွားချင်နေမိတယ်။ ဒေဗီ မဆုံးခင် သွားလာလှုပ်ရှားခဲ့တဲ့၊ အမှုဆောင်ခဲ့တဲ့ နေရာလေးတွေကို သွားချင်တယ်။ ဒါပေမဲ့ စိတ်ချုံးချုံး ကျနေတော့ အဲဒီလောက် အဝေးကြီး ခရီးမသွားနိုင်ဘူး။

 “ဒိုမီနီကန် သမ္မတနိုင်ငံက ဒေဗီရဲ့ မိတ်ဆွေတွေလည်း ဝမ်းနည်းကြေကွဲနေကြတယ်၊ မိသားစုနဲ့ တွေ့ချင်နေကြတယ်ဆိုတဲ့အကြောင်း မိတ်ဆွေတစ်ယောက် ပြောပြတယ်။ ဒါနဲ့ ခရီးသွားဖို့ အားရှိလာတယ်။

 “ခရီးထွက်လာလိုက်တာ တော်တော် မှန်သွားတယ်။ အမှုဆောင်လုပ်ငန်းကို ဒေဗီ ဘယ်လောက် အာရုံစိုက်ခဲ့မှန်း သိလိုက်ရတယ်။ ဒေဗီ အမှုဆောင်ခဲ့တဲ့ အသင်းတော်မှာ အကြီးအကဲ တစ်ယောက်ပဲ ရှိတယ်။ ဘာတာဝန် ပေးပေး ဒေဗီ အမြဲ လုပ်တဲ့အကြောင်း ပြောပြတယ်။

 “ဒေဗီ နေခဲ့တဲ့ လမ်းဘက် ရောက်သွားတော့ လူတွေ ကျွန်မတို့ဆီ လာပြီး သူတို့ကို ဒေဗီ ဘယ်လို ကူညီခဲ့တဲ့အကြောင်း ပြောပြကြတယ်။ သားလေး လိမ္မာမှန်း ကျွန်မ သိပါတယ်။ ဒါပေမဲ့ ယေရှုရဲ့ ခြေရာကို သားလေး ဘယ်လောက်တောင် ထက်ကြပ်မကွာ လိုက်ခဲ့တယ်ဆိုတာ သိလိုက်ရလို့ ဝမ်းသာမိတယ်။

ဒိုမီနီကန် သမ္မတနိုင်ငံမှာ ဒေဗီ အမှုဆောင်နေစဉ်

 “ဒေဗီရဲ့ကျမ်းစာသင်သားတစ်ယောက်နဲ့လည်း သွားတွေ့တယ်။ ကျန်းမာရေး မကောင်းလို့ အိမ်ကျဉ်းကျဉ်းလေးမှာ ခြေချုပ်မိနေရှာတာ။ အဲဒီသင်သား ဆင်းရဲပေမဲ့ ဂုဏ်သိက္ခာရှိရှိ၊ လေးလေးစားစား ဒေဗီ ဆက်ဆံတဲ့အကြောင်း အသင်းတော်က ညီအစ်ကို၊ ညီအစ်မတွေ ပြောပြကြတယ်။ သားလေးအတွက် ဂုဏ်ယူလိုက်တာ။

 “ဒီခရီးက ကျွန်မအတွက် အခက်ခဲဆုံး ခရီးပါ။ ဒါပေမဲ့ ဒေဗီကို သတိရလွမ်းဆွတ်နေသူတွေနဲ့ အပူတွေ မျှနိုင်လို့၊ အနာဂတ် မျှော်လင့်ချက်အကြောင်း ပြောနိုင်လို့ ကျေနပ်မိတယ်။ ဒါက ကျွန်မတို့ကို တကယ် စိတ်သက်သာစေခဲ့တယ်။”

ဒေဗီရဲ့ စံနမူနာကြောင့် အားရှိ

 ၂၀၀၅၊ ဇန်နဝါရီ ၈ ရက်ထုတ် နိုးလော့! မဂ္ဂဇင်းမှာ ဒေဗီ့အကြောင်း၊ ဒိုမီနီကန် သမ္မတနိုင်ငံက ဒေဗီ့အမှုဆောင်လုပ်ငန်းအကြောင်း ပါလာတယ်။ စာဖတ်သူတွေကို ဒီဆောင်းပါးက ဘယ်လောက် အကူအညီ ဖြစ်စေမယ်ဆိုတာ ကျွန်တော်တို့ မိသားစု မသိခဲ့ဘူး။ ဥပမာ၊ ၂၀၁၉၊ မေလမှာ နစ်လို့ ခေါ်တဲ့ ညီအစ်ကိုတစ်ယောက် ကျွန်တော်တို့ကို ဆက်သွယ်ပြီး ဒီလိုပြောပြတယ်–

 “၂၀၀၄ နှစ်ကုန်မှာ ကျွန်တော် ကောလိပ် တက်နေတယ်။ ဘာဘုရားရေးရာ ပန်းတိုင်မှ မရှိဘူး။ ကျွန်တော် မပျော်ဘူး။ လူငယ်ဘဝကို ပိုကောင်းတဲ့ နည်းနဲ့ အသုံးပြုနိုင်အောင် ကူညီပေးပါလို့ ယေဟောဝါဘုရားဆီ ဆုတောင်းတယ်။ သိပ်မကြာပါဘူး။ နိုးလော့! မှာ ဒေဗီရဲ့ တွေ့ကြုံမှု ဖတ်လိုက်ရတယ်။ ဒါ ကျွန်တော့်ဆုတောင်းချက်အတွက် အဖြေပဲ။

 “ကောလိပ် ထွက်ပြီး ရှေ့ဆောင် စလုပ်တယ်။ စပိန်စကား သင်ပြီး တိုင်းတစ်ပါးမှာ အမှုဆောင်ဖို့ ပန်းတိုင်ထားတယ်။ နောက်တော့၊ နီကာရာဂွါမှာ အမှုဆောင်နိုင်ခဲ့တယ်။ ဇနီးနဲ့အတူ သတင်းကောင်းဟောပြောသူများ သင်တန်းလည်း တက်နိုင်ခဲ့တယ်။ ရှေ့ဆောင် လုပ်ဖို့ ဘာက တွန်းအားပေးသလဲလို့ လူတွေ မေးရင် ဒေဗီရဲ့ တွေ့ကြုံမှုကို ပြောပြလိုက်တယ်။”

 ၂၀၁၉၊ အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရီစ်မြို့မှာ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီး သွားတက်တော့ ကျွန်တော်တို့ဟိုတယ်မှာ တာဝန်ကျတဲ့ ညီအစ်မ အဘိနဲ့ ဆုံတော့ ထပ်အံ့ဩရပြန်တယ်။ သိပ်ကြင်နာပြီး မေတ္တာရှိလိုက်တာလို့ ကျွန်တော်တို့ တွေးနေတာ။ သူ့ကို မြင်တော့ ဒေဗီကို သတိရမိတယ်။

အချိန်ပြည့် အမှုဆောင်လုပ်ငန်းမှာ ပါဝင်ဖို့၊ သီးခြားရပ်ကွက်မှာ သွားအမှုဆောင်ဖို့ ဒေဗီရဲ့ တွေ့ကြုံမှုက အဘိကို တွန်းအား ဖြစ်စေခဲ့

 ဟိုတယ် ပြန်ရောက်တော့ အဘိဆီ ဒေဗီအကြောင်း ပါတဲ့ နိုးလော့! လင့်ခ် ပို့လိုက်တယ်။ ခဏကြာတော့ သူ စာပြန်တယ်။ စကားပြောချင်တယ် ပြောလို့ ဧည့်ကြိုနေရာမှာ သွားတွေ့ကြတယ်။ ၂၀၁၁၊ စက်တင်ဘာလမှာ ရှေ့ဆောင် စလုပ်ဖြစ်တာ၊ သီးခြားရပ်ကွက်မှာ သွားအမှုဆောင်ဖြစ်တာ ဒေဗီရဲ့ တွေ့ကြုံမှုကြောင့်လို့ ငိုပြီး ပြောပြတယ်။ “တာဝန်မှာ အခက်အခဲ ကြုံတိုင်း ဆောင်းပါးကို ပြန်ဖတ်တယ်” လို့ ပြောတယ်။ မဂ္ဂဇင်းကို သွားလေရာ ယူသွားတာ။

 ကျွန်တော်တို့ဟာ ကမ္ဘာချီ မိသားစုဝင် ဖြစ်တယ်ဆိုတာ ဒီတွေ့ကြုံမှုတွေက သက်သေပဲ။ ယေဟောဝါဘုရားရဲ့ လူမျိုးလို ဘယ်သူမှ မစည်းလုံးနိုင်ဘူး။

 တခြားသူတွေအပေါ် ဒေဗီ ဩဇာကောင်း သက်ရောက်ခဲ့တယ်ဆိုတာ သိရလို့ ကေနဲ့ ကျွန်တော် နှစ်သိမ့်မှု ရကြတယ်။ ယေဟောဝါဘုရားရဲ့ အမှုတော်မှာ အကောင်းဆုံး ပေးဆက်နေတဲ့ လူငယ်လေးတွေလည်း အဲဒီလိုပါပဲ။ သူတို့ကိုယ်တိုင်သာ မသိရင် နေမယ်။ သူတို့ရဲ့ ဇွဲ၊ စံနမူနာက မြင်ရတဲ့သူတွေကို စိတ်ထိမိစေတယ်။ ယေဟောဝါဘုရားအတွက် အကောင်းဆုံး ပေးဆက်ဖို့ လှုံ့ဆော်ပေးတယ်။

“ဘုရားသခင်ရဲ့အမြင်မှာ သူတို့အားလုံး အသက်ရှင်နေတယ်”

 ‘အာဗြဟံရဲ့ဘုရား၊ အိဇက်ရဲ့ဘုရား၊ ယာကုပ်ရဲ့ဘုရား’ လို့ မိမိကိုယ်မိမိ ယေဟောဝါဘုရား ရည်ညွှန်းတဲ့ စကားတွေကို လုကာ ၂၀:၃၇ မှာ ယေရှု ဖော်ပြထားတယ်။ သူတို့ အသက်ရှင်နေစဉ်မှာ သူတို့ရဲ့ ဘုရား ဖြစ်ခဲ့တယ်လို့ ယေဟောဝါဘုရား မပြောဘူး။ သူတို့ရဲ့ဘုရား ဖြစ်နေတုန်းပဲလို့ ပြောတယ်။ ဘာကြောင့်လဲ။ “ဘုရားသခင်ရဲ့အမြင်မှာ သူတို့အားလုံး အသက်ရှင်နေတယ်” လို့ အခန်းငယ် ၃၈ မှာ ယေရှု ပြောတယ်။

 မှန်ပါတယ်။ ယေဟောဝါဘုရားရဲ့ အမြင်မှာ သစ္စာရှိ ကျေးကျွန်အားလုံး အသက်ရှင်နေတယ်။ သူတို့ကို သေချာပေါက် ပြန်ထမြောက်ပေးလိမ့်မယ်။ (ယောဘ ၁၄:၁၅။ ယောဟန် ၅:၂၈၊ ၂၉) ဒေဗီနဲ့ပတ်သက်ပြီးတော့ကော သေဆုံးသွားတဲ့ တခြားသစ္စာရှိ ကျေးကျွန်တွေနဲ့ပတ်သက်ပြီးတော့ပါ ယေဟောဝါဘုရား အဲဒီလို ခံစားရမယ်ဆိုတာ ကျွန်တော် ယုံတယ်။

 ကျွန်တော် ဒေဗီနဲ့ သိပ်ပြီး ပြန်ဆုံချင်တယ်။ အဲဒါထက်မက ဒေဗီနဲ့ ကေ ပြန်ဆုံတာ သိပ်မြင်ချင်တယ်။ ကေ့လောက် စိတ်ကြေကွဲတဲ့သူ ကျွန်တော် မမြင်ဖူးဘူး။ “သေတဲ့လူက ထိုင်ပြီး စကားပြောတော့တယ်။ ဒါနဲ့ ယေရှုက သူ့ကို မိခင်ဆီ အပ်လိုက်တယ်” ဆိုတဲ့ လုကာ ၇:၁၅ ပါ စကားတွေက ကျွန်တော့်အတွက် သိပ်အဓိပ္ပာယ်ရှိတယ်။

 ၂၀၀၅၊ စက်တင်ဘာလမှာ ကေနဲ့အတူ ကျွန်တော် ရှေ့ဆောင်စလုပ်တယ်။ ဇနီး၊ သားသမီးတွေ၊ သူတို့ရဲ့ အိမ်ထောင်ဖက်တွေနဲ့ ရှေ့ဆောင် လုပ်ရတာ တကယ့် အခွင့်ထူးပါပဲ။ စည်းလုံးတဲ့ မိသားစုအဖြစ် အချင်းချင်း ထောက်မနေကြတယ်။ ချစ်ရတဲ့ ဒေဗီနဲ့ ပြန်ဆုံနိုင်မယ့် ကမ္ဘာသစ် မျှော်လင့်ချက်ကို ဆက်အာရုံစိုက်နေကြပါတယ်။