မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖစ်လစ် လီအန် | ဘဝအတ္ထုပ္ပတ္တိ

ကျွန်မရဲ့ တလိုတလားစိတ်ဓာတ်ကို ယေဟောဝါ ကောင်းချီးပေး

ကျွန်မရဲ့ တလိုတလားစိတ်ဓာတ်ကို ယေဟောဝါ ကောင်းချီးပေး

“ကျွန်မ လိုက်ချင်တယ်။” ယေဟောဝါအလိုတော် ပြီးမြောက်စေဖို့ ဘဝမှာ ကြီးမားတဲ့အပြောင်းအလဲတစ်ခု လုပ်မလားလို့ အမေးခံရတဲ့အခါ ကျမ်းစာထဲက ရေဗက္ကာ ဖြေခဲ့တဲ့စကားပါ။ (ကမ္ဘာဦး ၂၄:၅၀၊ ၅၈) ကျွန်မက တော်တဲ့သူတော့ မဟုတ်ပေမဲ့ ယေဟောဝါ အမှုတော်ဆောင်ရာမှာ ရေဗက္ကာလို တလိုတလားစိတ်ဓာတ် ပြနိုင်ဖို့ ကြိုးစားခဲ့တယ်။ အခက်အခဲတွေ ရှိပေမဲ့ တလိုတလားစိတ်ဓာတ်ကို ယေဟောဝါ ကောင်းချီးပေးတယ်၊ တစ်ခါတလေ မမျှော်လင့်ထားတဲ့နည်းလမ်းနဲ့ ကောင်းချီးပေးတယ်ဆိုတာကို တွေ့မြင်ခဲ့ရတယ်။

ရတနာသယ်လာတဲ့ အဘိုးအို

 တောင်အာဖရိကနိုင်ငံ၊ ရူဒီပေါ့မြို့ကို ရွှေ့ပြောင်းပြီး နှစ်အနည်းငယ်အကြာမှာ အဖေ ဆုံးသွားတယ်။ ဒါနဲ့ ၁၉၄၇ ခုနှစ်၊ ကျွန်မ အသက် ၁၆ နှစ်အရွယ်မှာ မိသားစု စားဝတ်နေရေးအတွက် အစိုးရ ဆက်သွယ်ရေးဌာနမှာ အချိန်ပြည့် အလုပ်လုပ်ခဲ့တယ်။ တစ်နေ့ ကျွန်မ အိမ်မှာရှိနေတုန်း အဘိုးအိုတစ်ယောက် ရောက်လာပြီး ကင်းမျှော်စင် နှစ်စဉ်ကြေးယူဖို့ ကမ်းလှမ်းတယ်။ သူ့ကို သနားလို့ နှစ်စဉ်ကြေး ယူလိုက်ကြတယ်။

 မကြာခင်မှာပဲ ကျွန်မတို့တွေ ကျမ်းစာအမှန်တရားကို စိတ်ဝင်စားလာတယ်။ ဒတ်ချ်ပြုပြင်ပြောင်းလဲရေးဘုရားကျောင်းရဲ့ သွန်သင်ချက်တွေဟာ ကျမ်းစာနဲ့ တခြားစီဖြစ်နေတာကို အသင်းဝင်တစ်ဦးဖြစ်တဲ့ အမေ သိလာတယ်။ ဒါနဲ့ ကျမ်းစာသင်အံမှု လက်ခံပြီး မိသားစုလိုက် အသင်းတော် အစည်းအဝေးတွေ စတက်တော့တယ်။ ၁၉၄၉ ခုနှစ်ရောက်တော့ မိသားစုထဲမှာ ကျွန်မ ဦးဆုံး နှစ်ခြင်းခံတယ်။ ကျွန်မ နှစ်အနည်းငယ်ကြာ အချိန်ပြည့်အလုပ် ဆက်လုပ်ခဲ့တယ်။ စိတ်ထဲမှာတော့ ယေဟောဝါ အမှုတော်မှာ ပိုပါဝင်နေချင်တာ။

လိုအပ်တဲ့နေရာမှာ အမှုဆောင်ချင်တယ်

FomaA/stock.adobe.com

ကွတ်စစ်စတာ မုန့်ကြိုးလိမ်ကြော်

 ၁၉၅၄ ခုနှစ်မှာ ကျွန်မ မှန်မှန်ရှေ့ဆောင် စလုပ်တယ်။ အကူအညီပိုလိုတဲ့ နေရာရှိသလားလို့ တောင်အာဖရိကဌာနခွဲကို မေးကြည့်တယ်။ ပရီတိုရီယာမြို့မှာ လိုအပ်တယ်လို့ပြောပြီး တွဲဖက်ရှေ့ဆောင်ညီမတစ်ယောက်ကိုပါ ဌာနခွဲက စီစဉ်ပေးတယ်။ ကျွန်မတို့ နေတဲ့အိမ်လည်း ကောင်းကောင်းမွန်မွန်လေးပဲ။ အိမ်နားမှာ ရောင်းတဲ့ ကွတ်စစ်စတာ မုန့်ကြိုးလိမ်ကြော်ကို အခုထိ မှတ်မိသေးတယ်။ စားလို့သိပ်ကောင်းတာ။

 ကျွန်မရဲ့ ရှေ့ဆောင်တွဲဖက် အိမ်ထောင်ကျသွားတော့ ဌာနခွဲအမှုထမ်း ညီအစ်ကို ဂျော့ဂျ် ဖိလစ်က ကျွန်မကို အထူးရှေ့ဆောင်လုပ်ချင်လားလို့ မေးတယ်။ ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်တာပေါ့။

 ၁၉၅၅ ခုနှစ်မှာ အထူးရှေ့ဆောင်အဖြစ် ဦးဆုံးတာဝန်ကျတဲ့နေရာက ဟယ်ရီစမစ်မြို့။ ရှေ့ဆောင်အဖော်အသစ်နဲ့ ကျွန်မအတွက် သင့်တော်တဲ့အိမ်လေး ရှာတွေ့ဖို့ခက်လိုက်တာ။ ဥပမာ၊ ဒေသခံချာ့ချ်က ကျွန်မတို့အကြောင်း သိသွားတော့ ကျွန်မတို့ကို မောင်းထုတ်ဖို့ အိမ်ရှင်အမျိုးသမီးကို ဖိအားပေးတယ်။

 နောက်ပိုင်း ဂျိုဟန်နက်စ်ဘာ့ဂ်မြို့၊ ပါ့ခ်ဟာ့စ်ရပ်ကွက်မှာ တာဝန်ကျတယ်။ သာသနာပြု ညီအစ်မနှစ်ယောက်လည်း ရောက်လာတယ်။ နောက်ပိုင်းမှာ တစ်ယောက်က အိမ်ထောင်ကျသွားပြီး နောက်တစ်ယောက်က တခြားနေရာမှာ တာဝန်ကျတယ်။ အိုင်လင်း ပေါ်တာလို့ခေါ်တဲ့ ချစ်စရာကောင်းတဲ့ ညီအစ်မတစ်ယောက်က အခန်းအပိုမရှိပေမဲ့ ကျွန်မကို သူတို့မိသားစုနဲ့အတူ လာနေခိုင်းတယ်။ ဒါနဲ့ ချောင်လေးမှာ ကန့်လန့်ကာကာပြီး အိပ်တယ်။ အိုင်လင်းက ကြင်နာတယ်၊ အားပေးတတ်တယ်။ သူနဲ့ နေရတာ သိပ်ပျော်တာပဲ။ မိသားစုတာဝန်အများကြီး ရှိပေမဲ့ အမှန်တရားအတွက် ဇွဲထက်သန်တဲ့ အိုင်လင်းကို လေးစားမိတယ်။

 အဲဒီနောက် ကိပ်ပြည်နယ် အရှေ့ပိုင်း၊ မြောက်အလီဝါမြို့မှာ တာဝန်ကျတယ်။ တွဲဖက်ညီအစ်မက မာလင်း (မာလ်) လော်ရင်။ အသက် ၂၀ ကျော်ပဲရှိသေးတဲ့ ကျွန်မတို့နှစ်ယောက်ဟာ သက်ကြီးညီအစ်မ ဒေါ်ရသီရဲ့ ပုံသက်သေကြောင့် အတော်လေး အားရှိခဲ့တယ်။ လူငယ်ဘဝတုန်းက အမှုဆောင်ထွက်ရင်း ခွေးတွေဝိုင်းကိုက်ခံရတာတောင် ဇွဲရှိရှိ ဟောပြောနေဆဲပဲ။ သူ့ကို အန်တီဒေါ့လို့ ကျွန်မတို့ ချစ်စနိုးခေါ်ကြတယ်။

 ၁၉၅၆ ခုနှစ်မှာ မာလ်က ၂၈ ကြိမ်မြောက် ဂိလဒ်သင်တန်း သွားတက်တယ်။ သူနဲ့အတူ လိုက်သွားချင်လိုက်တာ။ ဒါပေမဲ့ အန်တီဒေါ့က ကျွန်မကို ကောင်းကောင်းဂရုစိုက်ပေးတယ်။ ကျွန်မတို့နှစ်ယောက် အသက်အတော်လေး ကွာပေမဲ့ ရင်းနှီးချစ်ခင်တဲ့ သူငယ်ချင်းတွေ ဖြစ်လာတယ်။

 နောက်ပိုင်း ကျွန်မလည်း မာလ်လိုပဲ ဂိလဒ်သင်တန်းတက်ဖို့ ဖိတ်ခေါ်စာရတဲ့အခါ ဘယ်လောက် ပျော်သွားတယ်ဆိုတာ မြင်ယောင်ကြည့်လိုက်ပါ။ မသွားခင်မှာ ဂိလဒ်သင်တန်းဆင်း ကေသီ ကွတ်နဲ့အတူ နိုင်ဂျယ်မြို့မှာ ရှစ်လလောက် အတူအမှုဆောင်ခဲ့တယ်။ ဂိလဒ်အတွေ့အကြုံတွေကို ကေသီ ဝေမျှတော့ ကျွန်မဖြင့် စိတ်လှုပ်ရှားလိုက်တာ။ ၁၉၅၈၊ ဇန်နဝါရီလမှာ နယူးယောက်ကို သွားတယ်။

လေ့ကျင့်မှုကို တလိုတလားခံယူ

 ဂိလဒ်မှာ ကျွန်မအခန်းဖော်တွေက ဆာမိုအာကျွန်းက ညီအစ်မ တီအာ အေလူနီနဲ့ မာအိုရီလူမျိုး အိုင်ဗီ ကာဗီ။ တောင်အာဖရိကမှာဆို အစိုးရက လူမျိုးခွဲခြားတော့ လူဖြူတွေကို တခြားလူမျိုးတွေနဲ့ မရောခိုင်းဘူး။ ဒါကြောင့် အဲဒီညီအစ်မတွေနဲ့ အခန်းဖော်ဖြစ်ရတာ ကျွန်မအတွက် အတွေ့အကြုံအသစ်ပါ။ ဒါပေမဲ့ သူတို့နဲ့ ချက်ချင်း ခင်သွားတယ်။ နိုင်ငံတကာက လာတဲ့သူတွေနဲ့ တစ်တန်းတည်းကျရတာ စိတ်လှုပ်ရှားစရာကြီး။

 ဂိလဒ်သင်တန်း ပို့ချသူတစ်ယောက်က ညီအစ်ကို မက်ဝယ်လ် ဖရန့်။ တစ်ခါတလေ သူ သင်တန်းပို့ချပုံက အတော် ထူးခြားတယ်။ သူ့အတန်းချိန်ဆို မီးလုံး သုံးလုံးကို “အသံ အနိမ့်အမြင့်”၊ “အသံ အနှေးအမြန်၊” “အသံ သြဇာ” ဆိုပြီး ခွဲခြားထားတယ်။ ကျောင်းသားတစ်ယောက်က ဟောပြောချက်တင်ဆက်တဲ့အခါ ဒါမှမဟုတ် သရုပ်ပြတဲ့အခါ တစ်ခုခုလိုနေရင် မီးခလုတ်တစ်ခုမဟုတ်တစ်ခု ဖွင့်လိုက်ရော။ ရှက်တတ်တဲ့ ကျွန်မရဲ့အလှည့်မှာ အဲဒီမီးတွေ ခဏခဏလင်းလာတော့ တစ်ခါတလေ မျက်ရည်တောင်ကျမိတယ်။ ဒါပေမဲ့လည်း ညီအစ်ကို ဖရန့်ကို ကျွန်မခင်တယ်။ သင်တန်းတစ်ခုနဲ့တစ်ခု မကူးခင် သန့်ရှင်းရေးတာဝန်လုပ်ရင်း အလုပ်များနေရင် သူ ကျွန်မကို ကော်ဖီလာလာတိုက်တယ်။

 ဒီလိုနဲ့ တစ်လပြီးတစ်လ ကုန်လာတဲ့အခါ ငါဘယ်မှာများ တာဝန်ကျမလဲလို့ တွေးမိတယ်။ ရှေ့ဆောင်သူငယ်ချင်းဟောင်း မာလ်က ဂိလဒ်သင်တန်းဆင်းပြီးတဲ့နောက် ပီရူးနိုင်ငံမှာ တာဝန်ကျတယ်။ အခု သူ့ရဲ့ သာသနာပြုတွဲဖက် ညီအစ်မက အိမ်ထောင်ပြုတော့မယ်။ လုပ်ငန်းကို ဦးစီးနေတဲ့ ညီအစ်ကို နေသန် နောရ်ကို အဲဒီညီအစ်မနေရာမှာ ကျွန်မအစားဝင်လို့ရမရ မေးကြည့်ပါလားလို့ မာလ်က အကြံပေးတယ်။ ညီအစ်ကိုနောရ်ကလည်း ဂိလဒ်ကျောင်းကို မကြာခဏ ရောက်လာတတ်တော့ သူ့ကို မေးကြည့်ဖို့ လွယ်သွားတယ်။ ဒီလိုနဲ့ သင်တန်းဆင်းတဲ့အခါ ပီရူးနိုင်ငံမှာ ကျွန်မ တာဝန်ကျသွားတယ်။

တောင်တန်းဒေသမှာ အမှုဆောင်ရ

၁၉၅၉ ခုနှစ်၊ ပီရူးမှာ မာလ် (ယာဘက်) နဲ့အတူ

 ပီရူးနိုင်ငံ၊ လီမာမြို့မှာ မာလ်နဲ့ ပြန်ဆုံစည်းရလို့ ဝမ်းသာလိုက်တာ။ စပိန်ဘာသာစကားကို သင်ယူနေတုန်းဆိုပေမဲ့ မကြာခင်မှာပဲ တိုးတက်တဲ့ ကျမ်းစာသင်အံမှုတွေ ရလာတယ်။ နောက်ပိုင်း တောင်တန်းဒေသက အိုင်ယာကူချိုမြို့မှာ မာလ်နဲ့အတူ တာဝန်ကျတယ်။ အဲဒီနေရာမှာ အမှုဆောင်ရတာ မလွယ်ဘူး။ ကျွန်မ စပိန်စကား အတော်အသင့် ပြောတတ်နေပေမဲ့ ဒေသခံတွေက ကီချူဝါစကား ပြောကြတာ။ သိပ်မြင့်တဲ့ဒေသဆိုတော့ အောက်စီဂျင်လည်း နည်းတယ်။ နေသားကျဖို့ အချိန်အတော်ကြာခဲ့တယ်။

၁၉၆၄ ခုနှစ်၊ ပီရူးမှာ အမှုဆောင်ထွက်နေစဉ်

 အိုင်ယာကူချိုမြို့မှာ ပေါက်ပေါက်မြောက်မြောက် မလုပ်နိုင်ခဲ့ဘူး ခံစားရပြီး ဒီလိုနေရာမှာ တိုးတက်မှုမှ ရှိပါ့မလားလို့ စဉ်းစားမိတယ်။ ဒါပေမဲ့ အခုဆိုရင် ကြေညာသူ ၇၀၀ ကျော်အပြင် ကီချူဝါ (အိုင်ယာကူချို) ဘာသာပြန်ရုံးခွဲတစ်ခုလည်း ရှိနေပြီ။

 ကြာလာတော့ မာလ်က တိုက်နယ်ကြီးကြပ်မှူးဖြစ်တဲ့ ရေမွန် ကက်စတီယိုနဲ့ အိမ်ထောင်ကျသွားတယ်။ ၁၉၆၄ ခုနှစ်မှာ ရေမွန်က ၁၀ လကြာ ဂိလဒ်သင်တန်း သွားတက်ရတယ်။ ကျွန်မတို့ ဂိလဒ်သင်တန်းတုန်းက သင်တန်းသားဟောင်း ဖူလုံ လီအန်လည်း ရေမွန်တို့ သင်တန်းမှာ ထပ်ပါတယ်။ အဲဒီအချိန်တုန်းက ဟောင်ကောင်မှာ သူ တာဝန်ကျနေတာ။ ဌာနခွဲတာဝန်တွေအတွက် ထပ်ဆောင်းလေ့ကျင့်မှု ရယူဖို့ ပြန်ဖိတ်ခေါ်ခံရတာပါ။ a ပီရူးနိုင်ငံမှာ ကျွန်မအခြေအနေ ဘယ်လိုရှိသလဲလို့ ဖူလုံက ရေမွန်ကို မေးတယ်။ ဒီလိုနဲ့ ကျွန်မတို့ စာရေးဆက်သွယ်ဖြစ်ကြတယ်။

 ဒီလိုစာရေး ဆက်သွယ်တာဟာ တစ်ယောက်နဲ့တစ်ယောက် ချိန်းတွေ့တာဖြစ်တယ်ဆိုပြီး အစကတည်းက ဖူလုံ ပြောပြတယ်။ ဟောင်ကောင်က လုပ်ဖော်ဆောင်ဖက် သာသနာပြုညီအစ်ကို ဟယ်ရယ်ကင်းက စာတိုက်ကို ပုံမှန်သွားတာဆိုတော့ ဖူလုံရဲ့စာတွေကိုလည်း ယူသွားပေးတယ်။ “သူ့ကို စာများများ ရေးခိုင်းမယ်နော်” စသဖြင့် ဖူလုံရဲ့စာအိတ်တွေပေါ်မှာ ပုံလေးတွေ၊ စာတိုလေးတွေ ဟယ်ရယ် ရေးပေးတတ်တယ်။

ဖူလုံနဲ့အတူ

 အပြန်အလှန် ၁၈ လလောက် စာရေးဆက်သွယ်ပြီးတဲ့နောက် ကျွန်မတို့ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့ ပီရူးနိုင်ငံမှာ ခုနစ်နှစ် အမှုဆောင်ပြီးနောက် အဲဒီကနေ ထွက်ခွာလာတယ်။

ဟောင်ကောင်မှာ ဘဝအသစ်စ

 ၁၉၆၅ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့မှာ ကျွန်မတို့ လက်ထပ်တယ်။ ဟောင်ကောင်က ဘဝအသစ်လေးကို ကြိုက်တယ်။ ဌာနခွဲမှာ တခြားမောင်နှံစုံ နှစ်တွဲနဲ့အတူ နေတယ်။ ဖူလုံက ဌာနခွဲမှာ ဘာသာပြန်လုပ်ပြီး ကျွန်မက အမှုဆောင်ထွက်တယ်။ ကန်တုံစကားက ခက်ပေမဲ့ သာသနာပြု ညီအစ်မတွေနဲ့ ဖူလုံက ကျွန်မကို စိတ်ရှည်ရှည် သင်ပေးကြတယ်။ စကားသင်ယူနေဆဲအချိန်မှာ ကလေးတွေကို ကျမ်းစာသင်ပေးရတာ ပိုအဆင်ပြေတယ်လို့ ခံစားရတယ်။

၁၉၆၀ နောက်ပိုင်း၊ ဟောင်ကောင် ဗေသလမိသားစု ခြောက်ဦးနဲ့အတူ။ အလယ်မှာ ကျွန်မနဲ့ ဖူလုံ

 နှစ်အနည်းငယ်ကြာတော့ ကျွန်မတို့လင်မယား ဂွမ်တုံလို့ခေါ်တဲ့ ဟောင်ကောင်တခြားဒေသက သာသနာပြုအိမ်ကို ပြောင်းရွှေ့သွားတယ်။ ဖူလုံက ရောက်လာခါစ သာသနာပြုအသစ်တွေကို ကန်တုံစကား သင်ပေးရမယ်။ b အဲဒီဒေသမှာ အမှုဆောင်ရတာ ပျော်လွန်းလို့ တစ်နေ့တစ်နေ့ အိမ်တောင် ပြန်မလာချင်ဘူး။

 ၁၉၆၈ ခုနှစ်မှာ ထာဝရအသက်သို့ ပို့ဆောင်တဲ့ သမ္မာတရား စာအုပ်ထွက်လာလို့ တအား ဝမ်းသာမိတယ်။ အဲဒီစာအုပ်က “ဘုရားသခင်ရဲ့ သစ္စာတော် တည်စေသတည်း” စာအုပ်ထက် ကျမ်းစာသင်အံမှုမှာ သုံးရတာ ပိုအဆင်ပြေတယ်။ အထူးသဖြင့် ကျမ်းစာ မဖတ်ဖူးတဲ့၊ ခရစ်ယာန်ဘာသာအကြောင်း မသိတဲ့ သင်သားတွေနဲ့ ကျမ်းစာသင်တဲ့အခါမှာပေါ့။

 ဒါပေမဲ့ စာအုပ်ထဲက မေးခွန်းတွေကို သင်သား ဖြေတတ်တာနဲ့ပဲ သူ အမှန်တရားကို လက်ခံနေပြီလို့ ယူဆမိတဲ့ ကျွန်မ အမှားကြီး မှားသွားတယ်။ တစ်ခါကဆို သမ္မာတရားစာအုပ် တစ်အုပ်လုံး ဖတ်ပြီးတဲ့ သင်သားတစ်ယောက်က ဘုရားကို မယုံမှန်း သိလိုက်ရတယ်။ ဒါကြောင့် လေ့လာခဲ့တဲ့အချက်နဲ့ပတ်သက်ပြီး သူတို့ ဘယ်လိုခံစားရသလဲဆိုတာ သိအောင် အချိန်ပေးဆွေးနွေးဖြစ်တယ်။

 ဂွမ်တုံမှာ နှစ်အနည်းငယ်နေပြီးနောက် ဌာနခွဲကို ပြန်ရောက်လာတယ်။ ဖူလုံက ဟောင်ကောင်ဌာနခွဲကော်မတီဝင် ဖြစ်လာတယ်။ နှစ်တွေတစ်လျှောက် အိမ်မှုပြုစုရေးမှာ၊ ဧည့်ကြိုဌာနမှာ ကျွန်မ တာဝန်ကျခဲ့တယ်။ ဖူလုံက အဖွဲ့အစည်းရဲ့ အတွင်းရေးတာဝန်တွေ ထမ်းဆောင်ဖို့ မကြာခဏ ခရီးထွက်ရတယ်။ သူနဲ့ လိုက်သွားလို့ မရပေမဲ့ အဲဒီတာဝန်တွေကို သူထမ်းဆောင်နိုင်အောင် ပံ့ပိုးခွင့်ရတာ အခွင့်ထူးပါပဲ။

ဟေရှာယပရောဖက်ပြုချက် စာအုပ် ဒုတိယအတွဲကို ရှေးသုံး၊ ခေတ်သုံး တရုတ် ဘာသာစကားနဲ့ ဖူလုံ ထုတ်ဝေနေစဉ်

ထင်မှတ်မထားတဲ့ အပြောင်းအလဲ

 ၂၀၀၈ ခုနှစ်၊ ယေရှုရဲ့ သေခြင်းအောက်မေ့ရာပွဲ မတိုင်ခင်လေးမှာ ကျွန်မဘဝတစ်ခုလုံး နေ့ချင်းညချင်း ပြောင်းလဲသွားတယ်။ ကျွန်မချစ်ရတဲ့ ဖူလုံ ခရီးတစ်ခုထွက်နေတုန်း ကွယ်လွန်သွားတယ်။ လုံးဝ မထင်ထားဘူး။ ဆွံ့အတုန်လှုပ်နေတဲ့ ကျွန်မကို အားပေးဖို့ ညီအစ်ကို/မတွေ ချက်ချင်း ရောက်လာကြတယ်။ သတိရအောက်မေ့ပွဲမှာ မငိုမိအောင် ကြိုးစားခဲ့ရတယ်။ စိတ်ဝင်စားသူတစ်ယောက်ရဲ့ ဘေးမှာထိုင်ပြီး သူ့ကို ကျမ်းချက်တွေ ပြရင်း စိတ်တင်းထားရတာပေါ့။ “မင်းရဲ့ဘုရား ယေဟောဝါဟာ မင်းရဲ့ညာလက်ကို ဆုပ်ကိုင်ပြီး . . . ‘ငါကူညီမယ်’” လို့ပြောတဲ့ ကျမ်းချက်ကနေ ကျွန်မ ခွန်အားရခဲ့တယ်။ အဲဒီကျမ်းချက်ဟာ ဖူလုံ အကြိုက်ဆုံးကျမ်းချက်တစ်ခုပါ။—ဟေရှာယ ၄၁:၁၃

 ဖူလုံ ဆုံးပြီး ခုနစ်နှစ်ကြာတော့ ဟောင်ကောင်က ညီအစ်ကိုတွေက ကျွန်မရဲ့ ကျန်းမာရေးကို အနီးကပ်ဂရုစိုက်ပေးနိုင်မယ့် ဌာနခွဲကြီးမှာ နေရင် ပိုကောင်းမယ်လို့ အကြံပေးတယ်။ ဒါနဲ့ ၂၀၁၅ ခုနှစ်မှာ တောင်အာဖရိက ဌာနခွဲကို ပြောင်းရွှေ့လာတယ်။ ၁၉၄၇ ခုနှစ်၊ ကျွန်မအမှန်တရား ရခါစတုန်းက နေခဲ့တဲ့နေရာနဲ့ သိပ်မဝေးဘူး။

 ယေဟောဝါအမှုတော်မှာ နှစ်ပေါင်းများစွာ ပျော်ပျော်ရွှင်ရွှင် ထမ်းဆောင်ခွင့်ရခဲ့တယ်။ ကျွန်မရဲ့ တလိုတလားစိတ်ဓာတ်ကို ယေဟောဝါ ကောင်းချီးပေးတယ်လို့ ခံစားရတယ်။ ယေဟောဝါကို သစ္စာရှိရှိ အမှုဆောင်နေကြတဲ့ ကျမ်းစာသင်သားဟောင်းတွေနဲ့ အခုထိ အဆက်အသွယ် လုပ်နေတုန်းပဲ။ ဟောပြောခြင်းလုပ်ငန်းမှာ မဖြစ်စလောက်လေး ပါဝင်ခဲ့ပေမဲ့ ယေဟောဝါရဲ့ကောင်းချီးကို မြင်တွေ့ခဲ့ရတယ်။ ဥပမာ၊ ပီရူးနိုင်ငံမှာ ၁၉၅၈ ခုနှစ်က ကြေညာသူ ၇၆၀ လောက်ပဲ ရှိပေမဲ့ ၂၀၂၁ ခုနှစ်မှာ အယောက် ၁၃၃,၀၀၀ နီးပါး ရှိနေပြီ။ ဟောင်ကောင်မှာလည်း ၁၉၆၅ ခုနှစ်တုန်းက ကြေညာသူ ၂၃၀ ဝန်းကျင် ရှိပေမဲ့ ၂၀၂၁ ခုနှစ်မှာ ၅,၅၆၅ ယောက် ရှိနေပြီ။

 ကျွန်မရဲ့ အသက်အရွယ်ကြောင့် အရင်ကလောက် မလုပ်နိုင်တော့ဘူး။ ဒါပေမဲ့ တလိုတလားစိတ်တော့ ရှိနေတုန်းပါ။ ယေဟောဝါဘုရား ပြုလုပ်ပေးမယ့် ကမ္ဘာသစ်မှာ လုပ်အားပေးတွေ အများကြီးလိုအပ်လိမ့်မယ်။ အဲဒီအခါ ‘ကျွန်မ လိုက်သွားချင်တယ်’ လို့ ဝမ်းမြောက်ဝမ်းသာ ပြောပြီး တလိုတလား လုပ်ဆောင်ပေးဖို့ စောင့်မျှော်နေပါတယ်။

a ဖူလုံ လီအန် အမှန်တရားရလာပုံအကြောင်း သိဖို့ ၁၉၇၄ ခုနှစ်၊ ယေဟောဝါသက်သေများရဲ့ နှစ်ချုပ်စာအုပ် စာမျက်နှာ ၅၁ ကို ကြည့်ပါ။

b ဖူလုံရဲ့ ဂွမ်တုံဒေသ အတွေ့အကြုံတစ်ခုအကြောင်း သိဖို့ ၁၉၇၄ ခုနှစ်၊ ယေဟောဝါသက်သေများရဲ့ နှစ်ချုပ်စာအုပ် စာမျက်နှာ ၆၃ ကို ကြည့်ပါ။