မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိုင်းလ် နော့အိုဗာ | ဘဝအတ္ထုပ္ပတ္တိ

ကျွန်တော့်လက်နဲ့ ကြိုးစားအားထုတ်မှုကို ယေဟောဝါကောင်းချီးပေး

ကျွန်တော့်လက်နဲ့ ကြိုးစားအားထုတ်မှုကို ယေဟောဝါကောင်းချီးပေး

 ကျွန်တော့်မိဘတွေဟာ ယေဟောဝါအဖွဲ့အစည်းကို အမြဲ ထောက်မပေးခဲ့သူတွေပါ။ လန်ဒန်ဗေသလက ညီအစ်ကိုတွေ နို့စားနွားတွေလိုတယ်လည်း ကြားရော အဖေက အိမ်မှာရှိတဲ့ တစ်ကောင်တည်းသော ဂျာစီနွားမရဲ့ သားပေါက်လေးကို လှူလိုက်ပါလေရော။ မိသားစုမှာ ဗေသလကို ဦးဆုံးဖိတ်ခေါ်ခံရတာ အဲဒီနွားပေါက်လေးဆိုပြီး ကျွန်တော်တို့ အမြဲနောက်တတ်တယ်။ မိဘတွေရဲ့ ပုံသက်သေကောင်းကြောင့် ကျွန်တော်လည်း “ညနေစောင်းအထိ လက်ကို အနားမပေး” ဘဲ ယေဟောဝါအတွက် အကောင်းဆုံး ပေးဆက်ချင်လာတယ်။ (ဒေသနာ ၁၁:၆) တကယ်လည်း ထင်မထားတဲ့နည်းနဲ့ ကိုယ့်လက်ကို သုံးပြီး အမှုတော်ဆောင်ဖို့ ယေဟောဝါ လမ်းဖွင့်ပေးခဲ့တယ်။ ကြိုးစားအားထုတ်မှုတွေကိုလည်း ကောင်းချီးပေးခဲ့တယ်။ ကျွန်တော့်ဘဝဇာတ်ကြောင်း ပြောပြပါရစေ။

 အင်္ဂလန်နိုင်ငံ၊ ဘစ်စတာမြို့နားက ကျေးလက်ဒေသမှာ အစ်မတစ်ယောက်၊ အစ်ကိုတစ်ယောက်နဲ့ ကျွန်တော်ကြီးပြင်းလာတယ်။ မိဘတွေက လယ်တောမှာ အိမ်ငှားနေကြတာ။ အသက် ၁၉ နှစ်ပြည့်တဲ့အခါ ကျွန်တော်လည်း အစ်ကို၊ အစ်မတွေရဲ့ လမ်းစဉ်လိုက်ပြီး ရှေ့ဆောင်စလုပ်တယ်။ နောက်ပိုင်း စကော့တလန်မှာ အထူးရှေ့ဆောင်အဖြစ် တာဝန်ကျတယ်။ ၁၉၇၀ ပြည့်နှစ်ရောက်တော့ လန်ဒန်ဗေသလမှာ အမှုဆောင်ဖို့ ဖိတ်ခေါ်ခံရတယ်။ အသက် ၂၃ နှစ်အရွယ်မှာပါ။ အဲဒီအချိန်ကစပြီး လက်သင်္ကေတပြစကားအကြောင်း သိလာလို့ ကျွန်တော့်ဘဝ ဦးတည်ချက် ပြောင်းသွားတယ်။ အင်မတန် ကျေနပ်စရာကောင်းတဲ့ ဘဝကို ပိုင်ဆိုင်လာတယ်။

လက်သင်္ကေတပြစကား သင်ယူခြင်း

 ကျွန်တော် တာဝန်ကျတဲ့ မေးဟေးအသင်းတော်မှာ နားမကြားသူတွေရှိတယ်။ သူတို့နဲ့ ရင်းနှီးချင်လို့ အစည်းအဝေးတွေမှာ သူတို့နဲ့ အတူထိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။

 အဲဒီတုန်းက ဗြိတိန်မှာ လက်သင်္ကေတပြအသင်းတော် မရှိလို့ နားမကြားသူတွေက အင်္ဂလိပ်အသင်းတော်မှာပဲ အစည်းအဝေး တက်ရတယ်။ နားကြားတဲ့ညီအစ်ကို/မတွေက လက်သင်္ကေတပြပြီး ပြန်ဆိုပေးကြတယ်။ ဒါပေမဲ့ အင်္ဂလိပ်စာ၊ အင်္ဂလိပ်သဒ္ဒါအတိုင်း ဘာသာပြန်ပေးကြတာ။ နားမကြားညီအစ်ကို/မတွေက ကျွန်တော့်ကို လက်သင်္ကေတပြစကား စိတ်ရှည်ရှည် သင်ပေးကြတယ်။ နောက်ပိုင်းမှ သိလာတာက လက်သင်္ကေတပြစကားမှာလည်း ကိုယ်ပိုင်သဒ္ဒါ၊ ကိုယ်ပိုင်စာရှိတယ်ဆိုတာပဲ။ အင်္ဂလိပ်စကားဟာ သူတို့အတွက် နိုင်ငံခြားဘာသာစကားပါလားဆိုတာ သိသွားတယ်။ ဒါကြောင့် အစည်းအဝေးတွေကို သစ္စာရှိရှိ တက်ရောက်ကြတဲ့ နားမကြားမိတ်ဆွေတွေကို ပိုချစ်ခင်လေးစားလာတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လက်သင်္ကေတပြစကားကို ကြိုးကြိုးစားစား သင်ယူတယ်။

 ဗြိတိန်မှာ နားမကြားသူတွေအတွက် ရုံးသုံးစကားဟာ ဗြိတိန်လက်သင်္ကေတပြစကား (BSL) ပါ။ နောက်ပိုင်း အစည်းအဝေးမှာ စကားပြန်လုပ်ပေးသူတွေက ဗြိတိန်လက်သင်္ကေတပြစကားကို သင်ယူကြတယ်။ ဒါကြောင့် နားမကြားသူတွေ အစည်းအဝေးကနေ အများကြီး အကျိုးရလာတယ်။ နားကြားတဲ့ညီအစ်ကို/မတွေနဲ့လည်း သူတို့ ပိုရင်းနှီးလာတယ်။ လွန်ခဲ့တဲ့အနှစ်ငါးဆယ်ကို ပြန်ပြောင်းတွေးကြည့်တဲ့အခါ လက်သင်္ကေတစကားပြောလယ်ကွင်းကို ယေဟောဝါ ကြွယ်ဝစွာကောင်းချီးပေးခဲ့တာကို မြင်တွေ့ခဲ့ရတယ်။ ယေဟောဝါဘုရားအကူအညီနဲ့ ကျွန်တော်လည်း အုတ်တစ်ချပ်သဲတစ်ပွင့် ပါဝင်ခွင့်ရခဲ့တယ်။ အထင်ကရ ပြောင်းလဲမှုတွေအကြောင်း ဝေမျှပါရစေ။

လက်သင်္ကေတပြစကားပြောလယ်ကွင်း တိုးတက်လာ

 ကျွန်တော် အကြီးအကဲအဖြစ် ခန့်အပ်ခံရပြီး တစ်နှစ်အကြာ ၁၉၇၃ မှာ နားမကြားညီအစ်ကို မိုက်ကယ် အီဂါက ဗြိတိန်လက်သင်္ကေတပြစကားနဲ့ အစည်းအဝေးတွေလုပ်ဖို့ အကြံပေးလာတယ်။ ဌာနခွဲရဲ့ ခွင့်ပြုချက်နဲ့ ကျွန်တော်နဲ့ နောက်အကြီးအကဲတစ်ယောက်က လန်ဒန်မြို့အရှေ့တောင်ဘက်၊ ဒက်ဖော့မှာ လက်သင်္ကေတပြစကားနဲ့ အစည်းအဝေးတွေ လတိုင်း ကျင်းပဖို့ စီစဉ်ကြတယ်။

 ဦးဆုံး ဗြိတိန်လက်သင်္ကေတပြအစည်းအဝေးကို လန်ဒန်မြို့နဲ့ အင်္ဂလန်အရှေ့တောင်ပိုင်း ဒေသတချို့က နားမကြားသက်သေခံတွေ လာတက်ကြတယ်။ နောက်ဆုံးတော့ နားမကြားညီအစ်ကို/မတွေ မိခင်စကားနဲ့ ကျမ်းစာအခြေပြုသွန်သင်ချက်တွေ ရနိုင်ကြပြီ။ အစည်းအဝေးပြီးရင် တွေ့ကြုံမှုတွေ ဝေမျှကြ၊ အတူတူ စားကြသောက်ကြပေါ့။ နားမကြားညီအစ်ကို/မတွေကိုလည်း သိုးထိန်းလည်ပတ်မှု လုပ်ပေးနိုင်ခဲ့တယ်။ တကယ်အကျိုးရှိတယ်။

 နောက်ပိုင်း ဘာမင်ဟန်နဲ့ ရှက်ဖီးလ်မြို့တွေမှာ လက်သင်္ကေတပြစကားနဲ့ အစည်းအဝေးတွေ ကျင်းပတယ်။ နားကြားတဲ့ညီအစ်ကို/မတွေလည်း ဗြိတိန်လက်သင်္ကေတပြစကား သင်ချင်လို့ လာတက်ကြတယ်။ သူတို့ထဲက အတော်များများက နောက်ပိုင်း နိုင်ငံတစ်ဝန်း လက်သင်္ကေတပြစကားနဲ့ အမှုဆောင်လုပ်ငန်း တိုးချဲ့ရာမှာ ပါဝင်ကူညီပေးခဲ့ကြတယ်။

ဇနီးကောင်း ရှာတွေ့

ကျွန်တော်တို့ မင်္ဂလာဆောင်တဲ့နေ့

 ၁၉၇၄ ခုနှစ်မှာ စတယ်လာ ဘာကာ လို့ခေါ်တဲ့ ညီအစ်မချောချောလေးတစ်ယောက်နဲ့ ဆုံတယ်။ သူက ဗေသလနားက အသင်းတော်မှာ အထူးရှေ့ဆောင်လုပ်နေတာ။ ကျွန်တော်တို့ ချစ်ကြိုက်သွားကြပြီး ၁၉၇၆ ခုနှစ်မှာ လက်ထပ်လိုက်တယ်။ အထူးရှေ့ဆောင်အဖြစ် ကျွန်တော်တို့ ဆက်အမှုဆောင်ကြတယ်။ တာဝန်ကျတဲ့အသင်းတော်က လန်ဒန်မြို့မြောက်ပိုင်းက ဟက်နီအသင်းတော်ပါ။ စတယ်လာက ကျွန်တော်နဲ့အတူ လက်သင်္ကေတပြလယ်ကွင်းမှာ ပါဝင်အမှုဆောင်တယ်။ လင်ရယ်မယားရယ်လို့ ဖြစ်လာချိန်ကစပြီး အတူရှေ့ဆောင်လုပ်ခဲ့လို့ အိမ်ထောင်သည်ဘဝ အစကောင်းခဲ့ပါလားဆိုတာ အခုပြန်တွေးကြည့်မှ ကောင်းကောင်းသဘောပေါက်လာတယ်။

 သိပ်မကြာဘူး၊ ကျွန်တော်တို့နှစ်ယောက် ဗေသလမှာ လုပ်အားလာပေးဖို့ ဖိတ်ခေါ်ခံရတယ်။ နောက်ပိုင်း အရန်တိုက်နယ်အဖြစ်၊ အကြီးအကဲတွေတက်ရောက်တဲ့ နိုင်ငံတော်ဓမ္မအမှုကျောင်းမှာ သင်တန်းမှူးအဖြစ် အမှုဆောင်တယ်။ အင်္ဂလိပ်စကားပြော ခရိုင်အစည်းအဝေးတွေမှာလည်း လက်သင်္ကေတပြစကားနဲ့ ဘာသာပြန်ဖို့ စီစဉ်ကြီးကြပ်ပေးတယ်။ အလုပ်သိပ်များလို့ ပင်ပန်းပေမဲ့ ပင်ပန်းရကျိုးနပ်ခဲ့ပါတယ်။—မဿဲ ၁၁:၂၈-၃၀

 ၁၉၇၉ နဲ့ ၁၉၈၂ မှာ သားနှစ်ယောက်ဖြစ်တဲ့ ဆိုင်မွန်နဲ့ မာ့ခ်တို့ မွေးလာတယ်။ မိဘဖြစ်ရတဲ့ ပျော်ရွှင်မှုနဲ့အတူ တာဝန်လည်း ဒွန်တွဲလိုက်ပါလာပြီ။ ကျွန်တော်တို့ ဘယ်လိုလုပ်ခဲ့ကြသလဲ။ ဘုရားရေးရာအလုပ်ကိစ္စနဲ့ ဘယ်ကိုပဲ ခရီးထွက်ထွက် မိသားစုလိုက်သွားကြမယ်၊ အပန်းလည်းဖြေကြမယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်ကြတယ်။ ယေဟောဝါအမှုတော်ဆောင်ရတာ ပျော်စရာကောင်းမှန်း သားတွေကို သိစေချင်လို့ပါ။ အကျိုးကျေးဇူးကတော့ သားနှစ်ယောက်စလုံး ကြီးလာတဲ့အခါ လက်သင်္ကေတပြစကားသင်ပြီး ရှေ့ဆောင်စလုပ်ကြတယ်။ ကျွန်တော့်မိဘတွေရဲ့ နွားပေါက်လေး ဗေသလရောက်ပြီး အနှစ် ၄၀ အကြာမှာ ဆိုင်မွန်နဲ့ မာ့ခ်လည်း ဗေသလရောက်သွားတယ်။ ကျွန်တော်တို့လင်မယားနှစ်ယောက် ဝမ်းသာပီတိဖြစ်ရတာပေါ့။

၁၉၉၅ ခုနှစ်၊ သားနှစ်ယောက်၊ စတယ်လာနဲ့အတူ

နားမကြားသူတွေကို ကူညီပေးခြင်း

 ၁၉၉၀ နောက်ပိုင်းအထိ ဗြိတိန်က နားမကြားညီအစ်ကိုတွေထဲမှာ အကြီးအကဲတွေ မရှိသေးဘူး။ အသင်းတော်အမှုထမ်းပဲ ရှိတာ။ သူတို့တွေ အကြီးအကဲဖြစ်လာဖို့၊ “သွန်သင်ဖို့” အရည်အချင်းရှိမရှိ ဆိုတာကို လက်သင်္ကေတပြစကားမတတ်တဲ့ အကြီးအကဲတွေက ဆုံးဖြတ်ကြရတယ်။ (၁ တိမောသေ ၃:၂) အင်္ဂလိပ်အသင်းတော်နဲ့ပူးပေါင်းတဲ့ နားမကြားညီအစ်ကို ဘားနက် အော်စတန်ဟာ အသင်းတော်အမှုထမ်းတစ်ယောက်ပါ။ ယေဟောဝါရဲ့သိုးတွေကို သူ သိပ်ဂရုစိုက်တယ်။ တကယ် လေးစားစရာကောင်းတယ်။ သူ ဦးဆုံးအကြီးအကဲအဖြစ် ခန့်အပ်ခံရတယ် ကြားရလို့ ကျွန်တော် သိပ်ဝမ်းသာသွားတယ်။

 ၁၉၉၆ ခုနှစ်မှာ သမိုင်းဝင်အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့တယ်။ ဗြိတိန်မှာ ဦးဆုံးလက်သင်္ကေတပြအသင်းတော် ဖွဲ့စည်းဖို့ ဌာနခွဲက ခွင့်ပြုလိုက်တာပါ။ အသင်းတော်က လန်ဒန်မြို့အနောက်ပိုင်း အီလင်းမှာ။ ရှေ့လျှောက် ဆက်ပြီး တိုးတက်လာတယ်။

ခရစ်ယာန်စုဆုံမှုတွေကနေ တက်ရောက်သူတိုင်း အကျိုးရအောင် ကူညီပေးခြင်း

 ၁၉၈၀ နဲ့ ၁၉၉၀ နောက်ပိုင်းမှာ ကျွန်တော်က ဗေသလ၊ လုပ်ငန်းတော်ဌာနအတွက် အဝေးကနေ လုပ်အားပေးတယ်။ လက်သင်္ကေတပြလယ်ကွင်းနဲ့ပတ်သက်ပြီး မေးသမျှ ဖြေပေးရတာပါ။ အင်္ဂလိပ်စကားနဲ့ကျင်းပတဲ့ ပတ်စဉ်အစည်းအဝေး၊ တိုက်နယ်/ခရိုင် အစည်းအဝေးတွေမှာ နားမကြားညီအစ်ကို/မတွေ အကျိုးရအောင် ဘယ်လိုကူညီပေးရမလဲဆိုပြီး ညီအစ်ကိုတွေက ဌာနခွဲကို တစ်ခါတလေ မေးမြန်းကြတယ်။ အဲဒီတုန်းက လက်သင်္ကေတပြစကားနဲ့ စကားပြန်လုပ်ပေးတာ မရှိသလို စာပေတွေလည်း မရှိဘူး။ ဒါကြောင့် ယေဟောဝါကို စောင့်ဆိုင်းဖို့၊ စိတ်ရှည်ကြဖို့ နားကြားတဲ့ညီအစ်ကို/မတွေကိုရော နားမကြားတဲ့ညီအစ်ကို/မတွေကိုပါ ခဏခဏ အားပေးခဲ့ရတယ်။

 စိတ်ရှည်ရကျိုးနပ်ခဲ့ပါတယ်။ သိပ်မကြာဘူး၊ ဌာနခွဲက ပတ်စဉ်အစည်းအဝေးနဲ့ အစည်းအဝေးကြီးတွေမှာ လက်သင်္ကေတပြစကားနဲ့ စကားပြန်ဖို့ စီစဉ်ပေးတယ်။ ဟောပြောသူနဲ့ စကားပြန်ကို ကောင်းကောင်းမြင်ရအောင် နားမကြားညီအစ်ကို/မတွေကို ခန်းမအရှေ့ပိုင်းမှာ နေရာချပေးတယ်။ ယေဟောဝါရဲ့မေတ္တာနဲ့ ညီအစ်ကိုအသင်းအပင်းရဲ့ တန်ဖိုးထားမှုကို နားမကြားညီအစ်ကို/မတွေ ကိုယ်တွေ့ခံစားရပြီ။

 ၁၉၉၅ ခုနှစ်၊ ဧပြီ ၁ ရက်မှာ ဝက်စ်မစ်လန်ဒေသ၊ ဒက်လီမြို့ အစည်းအဝေးကြီးခန်းမမှာ လက်သင်္ကေတပြစကားနဲ့ ဦးဆုံး အထူးအစည်းအဝေး ကျင်းပခဲ့တယ်။ ကျွန်တော်က အစည်းအဝေးစီစဉ်ရေးမှာ တိုက်နယ်ကြီးကြပ်မှူးဟောင်း ဒေးဗစ် မယ်ရီကို ကူညီပေးရတယ်။ နားမကြားညီအစ်ကို/မတချို့ဆို မိုင်ရာချီ ခရီးနှင်လာတာ။ မြောက်ပိုင်းစကော့တလန်နဲ့ အနောက်တောင်ပိုင်း ကွန်းဝေါဒေသကနေတောင် လာကြတာ။ ဒီသမိုင်းဝင်အစည်းအဝေးမှာ စုဆုံခဲ့ကြတဲ့ အယောက် ၁,၀၀၀ ကျော်ရဲ့ အပျော်တွေကို အခုထိ အမှတ်ရနေဆဲပါပဲ။

၁၉၉၅ ခုနှစ်၊ ဗြိတိန်လက်သင်္ကေတပြစကားနဲ့ ဦးဆုံး အထူးအစည်းအဝေးမှာ ညီအစ်ကို ဒေးဗစ် မယ်ရီနဲ့အတူ

 ၂၀၀၁ ခုနှစ်မှာ ဌာနခွဲက နောက်နှစ်မှာ ကျင်းပမယ့် ခရိုင်အစည်းအဝေးကို ဗြိတိန်လက်သင်္ကေတပြစကားနဲ့ စီစဉ်ဖို့ ညီအစ်ကို မယ်ရီနဲ့ ကျွန်တော့်ကို တာဝန်ပေးတယ်။ အလုပ်သိပ်များပေမဲ့ လုပ်အားပေးညီအစ်ကို/မတွေရဲ့ကြိုးစားအားထုတ်မှုကို ယေဟောဝါ ကောင်းချီးပေးတယ်။ အစည်းအဝေးကြီး အောင်အောင်မြင်မြင် ကျင်းပပြီးစီးသွားတယ်။ အမှတ်တရတွေလည်း အများကြီးပဲ။ လက်သင်္ကေတပြ တိုက်နယ်/ခရိုင်အစည်းအဝေးတွေကို နှစ်အတော်ကြာအထိ ကျွန်တော် စီစဉ်ပေးခွင့် ရခဲ့တယ်။ နောက်ပိုင်း ယေဟောဝါက အရည်အချင်းရှိတဲ့ ညီအစ်ကိုငယ်တွေ ပြင်ဆင်ပေးလို့ သူတို့တွေ တာဝန်လက်လွှဲယူကြတယ်။

နားမကြားသူတွေအတွက် ဗီဒီယို

 ၁၉၉၈ ခုနှစ်မှာ ယေဟောဝါအဖွဲ့အစည်းက ဗြိတိန်လက်သင်္ကေတပြစကားနဲ့ ဦးဆုံးစာပေအဖြစ် ကျွန်ုပ်တို့ထံမှ ဘုရားသခင်အဘယ်အရာ တောင်းဆိုတော်မူသနည်း ဘရိုရှာကို ဗီဒီယိုကက်ဆက်ခွေပုံစံနဲ့ ထုတ်ဝေခဲ့တယ်။ အဲဒီဘရိုရှာကိုသုံးပြီး ကျမ်းစာသင်အံမှုများစွာ ကျင်းပနိုင်ခဲ့တယ်။

 ၂၀၀၂ ခရိုင်အစည်းအဝေးမှာ ဦးဆုံးအကြိမ်အဖြစ် နိုင်ငံတော်သီချင်းတွေကို ဗြိတိန်လက်သင်္ကေတပြစကားနဲ့ စကားပြန်ပေးခဲ့တယ်။ နားမကြားညီအစ်ကို/မတွေလည်း လှပတဲ့ ဂီတသံစဉ်တွေ၊ စာသားတွေကို ခံစား “သီဆို” နိုင်ကြပြီ။ ဦးဆုံးအကြိမ်အဖြစ် လက်သင်္ကေတပြစကားနဲ့ “သီချင်းသီဆို” ရင်း နားမကြားအကြီးအကဲတစ်ယောက် ဝမ်းသာမျက်ရည်ကျနေတာကို ကျွန်တော် ကြည်ကြည်နူးနူး မှတ်မိနေတုန်းပဲ။

 ၂၀၀၂ ခရိုင်အစည်းအဝေးရဲ့ အမှတ်တရ နောက်တစ်ခုကတော့ ရုပ်ရှင်ဇာတ်လမ်းထုတ်လုပ်ရေးမှာ ပါဝင်ဖို့ လန်ဒန် လက်သင်္ကေတပြအသင်းတော် ဖိတ်ခေါ်ခံရတာပါ။ အတွေ့အကြုံမရှိတဲ့ ကျွန်တော်တို့တွေ ဘယ်လိုများ လုပ်ခဲ့ကြသလဲ။ ဒီတစ်ခါလည်း ယေဟောဝါက ကျွန်တော်တို့ကို ရုပ်ရှင်ဖန်တီးရေး၊ တည်းဖြတ်ရေးမှာ ကျွမ်းကျင်တဲ့ ညီအစ်ကိုတွေ ရှာတွေ့နိုင်အောင် ကူညီပေးခဲ့တယ်။ ရုပ်ရှင်ထုတ်လုပ်မှု အောင်အောင်မြင်မြင် ပြီးဆုံးသွားတယ်။ ဒီအတွေ့အကြုံက နောက်ပိုင်းအတွက်လည်း သိပ်အသုံးတည့်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အတွင်း ဗေသလမှာ ဗြိတိန်လက်သင်္ကေတပြစကားနဲ့ ခရိုင်အစည်းအဝေး ဗီဒီယိုပြဇာတ်ထုတ်လုပ်ရေးကို ကြီးကြပ်ဖို့ တာဝန်ရခဲ့လို့ပါ။

 ဗေသလမှာ သားတွေနဲ့အတူ အမှုဆောင်ရတာ ကျွန်တော်တို့လင်မယား သိပ်ပျော်တယ်။ အလုပ်လည်း ပိတယ်။ အပတ်ပေါင်းများစွာ အကြိမ်ကြိမ် ဇာတ်တိုက်ရ၊ ရိုက်ကူးရလို့ သရုပ်ဆောင်တွေကော၊ ထုတ်လုပ်ရေးအဖွဲ့ပါ စိတ်ပန်း လူပန်း ဖြစ်ကုန်တယ်။ ဒါပေမဲ့ ပင်ပန်းရကျိုးနပ်ပါတယ်။ နားမကြား ညီအစ်ကို/မတွေ ကျမ်းစာဇာတ်လမ်းကို စီးမျောခံစားရင်း ဝမ်းသာမျက်ရည်ကျနေကြတာကို မြင်ရတော့ အတိုင်းထက်အလွန် ဝမ်းသာပီတိ ဖြစ်ရတာပေါ့။

 ၂၀၁၅ မှာ ဗြိတိန်လက်သင်္ကေတပြစကားနဲ့ ကင်းမျှော်စင် လေ့လာရန်စာစောင်ကို ဗီဒီယိုပုံစံနဲ့ ရရှိခဲ့တယ်။ ၂၀၁၉ မှာ မဿဲကျမ်းကို ရရှိခဲ့ပြီး အခုဆိုရင် ခရစ်ယာန်ဂရိကျမ်းစာတစ်ခုလုံး ရနေပြီ။ ဟီဘရူးကျမ်းစောင်တွေကိုလည်း ဘာသာပြန်နေပါတယ်။ ဒီဆုလက်ဆောင်တွေ ဆက်တိုက်ပေးသနားလို့ ယေဟောဝါဘုရားကို နားမကြား ညီအစ်ကို/မတွေ သိပ်ကျေးဇူးတင်ကြတယ်။

 ကျွန်တော်တို့ရဲ့ ညီအစ်ကို/မတွေက မျက်နှာမလိုက်တဲ့ အဖယေဟောဝါရဲ့ မေတ္တာကို တုပနေကြတယ်။ (တမန်တော် ၁၀:၃၄၊ ၃၅) ဘုရားအဖွဲ့အစည်းက နားမကြားသူ၊ မျက်မမြင်သူတွေ အပါအဝင် လူအမျိုးမျိုးကို ကူညီပေးဖို့ အချိန်၊ ခွန်အား၊ ပိုင်ဆိုင်မှုတွေ အသုံးပြုနေတယ်။ a ဒါကြောင့် အဖွဲ့အစည်းကို ကျွန်တော်တို့မိသားစု အထင်ကြီးလေးစားမိတယ်။

 ကြိုးစားပမ်းစားလုပ်ခဲ့သမျှ အရာထင်ခဲ့ပါတယ်။ အခုဆိုရင် ဗြိတိန်မှာ လက်သင်္ကေတပြအသင်းတော်တွေ ရှိနေပြီ။ “အသေးအဖွဲအလုပ်တွေ” တိုးတက်လာအောင် ပါဝင်ကူညီခွင့်ရခဲ့လို့ ရင်ထဲမှာ ဝမ်းသာကြည်နူးမဆုံးပါဘူး။ (ဇာခရိ ၄:၁၀) ပြီးမြောက်အောင်မြင်မှုအားလုံးဟာ ယေဟောဝါဘုရားကြောင့်ပါ။ အဖွဲ့အစည်းကို လမ်းညွှန်ပေးနေသူ၊ လူအမျိုးမျိုးကို သတင်းကောင်း ကြေညာဖို့ ကျေးကျွန်တွေကို လိုအပ်ရာတွေ ပေးသနားသူ၊ ထိုက်တန်သူတွေရဲ့ နှလုံးသားထဲမှာ နိုင်ငံတော်သတင်းမျိုးစေ့ ကြီးထွားလာအောင် လုပ်ပေးသူဟာ ဘုရားသခင်ပါပဲ။

၂၀၂၃ ခုနှစ်၊ စတယ်လာနဲ့အတူ