မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အက်စတာ ပါကာ | ဘဝအတ္ထုပ္ပတ္တိ

တစ်ဘဝလုံး ယေဟောဝါဆီ ပုံအပ်ထားချင်တာ

တစ်ဘဝလုံး ယေဟောဝါဆီ ပုံအပ်ထားချင်တာ

 ငယ်ငယ်ကတည်းက မိဘတွေ အမှန်တရား သင်ပေးလို့ သိပ်ကျေးဇူးတင်တာပဲ။ ပရဒိသုခဘုံ ပျောက်ဆုံးသွားခြင်းမှ ပရဒိသုခဘုံ ပြန်လည်ရရှိသည်အထိ စာအုပ်ထဲက ရုပ်ပုံတွေ၊ ဇာတ်လမ်းတွေ သုံးပြီး စိတ်ထိမိအောင် သင်ပေးခဲ့ကြတာ။ ကျွန်မ သိလာတာတွေကို ဘေးအိမ်က ကလေးတွေကို အားရပါးရ ပြောပြတယ်။ အိမ်လာလည်တဲ့ အဘိုးကိုလည်း ပြောပြတယ်။ ကျွန်မမိဘတွေမှာ ဝတ်ပြုရေး အလေ့အထကောင်း ရှိတယ်။ ဒါကြောင့်လည်း အီရီထရီးယားနိုင်ငံ၊ အက်စ်မာရာမြို့ကနေ အီသီယိုးပီးယားနိုင်ငံ၊ အက်ဒစ် အာဘာဘာမြို့ကို ပြောင်းချိန်မှာ ကျွန်မတို့ မိသားစု အလိုက်သင့် နေနိုင်ခဲ့ကြတာ။

 ငယ်ငယ်ကတည်းက အမှန်တရားကို ကျွန်မ မြတ်နိုးတယ်။ ယေဟောဝါဆီ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံချင်တယ်။ အသက် ၁၃ နှစ်မှာ ဆန္ဒ ပြည့်သွားလို့ ပျော်လိုက်တာ။ ကျွန်မ အသက် ၁၄ နှစ်မှာ ညီအစ်ကို ဟဲယာ့ လင့်ခ် aက ရှေ့ဆောင် လုပ်ချင်သလားလို့ မေးတာကို မှတ်မိနေတုန်းပဲ။ အဖေနဲ့ အမေက ယာယီရှေ့ဆောင် (အခုအခေါ် အရန်ရှေ့ဆောင်) လုပ်နေပေမဲ့ ရှေ့ဆောင်ဆိုတာ ဘာမှန်း ကျွန်မ ဂဃနဏ မသိဘူး။ ညီအစ်ကို လင့်ခ်ရဲ့ မေးခွန်းကြောင့် ဘုရားအမှုတော်မှာ ထဲထဲဝင်ဝင် ပါဝင်ချင်သွားတယ်။

ကျွန်မ ဆယ်ကျော်သက်အရွယ်တုန်းက မောင်လေး ဂျိုဇိုင်းယားနဲ့အတူ

နှိပ်စက်ညှဉ်းပန်းမှုအတွက် ပြင်ဆင်ခြင်း

 ၁၉၇၄ ခုနှစ်၊ အီသီယိုးပီးယားမှာ နိုင်ငံရေး မတည်မငြိမ် ဖြစ်ရာကနေ ဖမ်းကြဆီးကြ၊ သတ်ကြဖြတ်ကြနဲ့ ဝရုန်းသုန်းကား ဖြစ်နေတယ်။ တစ်အိမ်တက်ဆင်း သွားလို့ မရတော့ဘူး။ လူနည်းနည်းပဲ စုဆုံစည်းဝေးလို့ ရတော့တယ်။ နောက်ကြုံလာရမယ့် ဆန့်ကျင်မှုတွေအတွက် ကျွန်မတို့ကလေးတွေကို မိဘတွေ ပြင်ဆင်ပေးကြတယ်။ ကျမ်းစာ အခြေခံမူတွေကြောင့် ခရစ်ယာန် ကြားနေမှုရဲ့ အဓိပ္ပာယ် ကျွန်မတို့ သဘောပေါက်လာတယ်။ စစ်ကြောမေးမြန်းခံရချိန်မှာ ဘာပြောရမလဲဆိုတာသိအောင် ယေဟောဝါ ကူညီပေးမယ်၊ ဘာမှ ပြန်မပြောရမယ့် အချိန်လည်း ရှိနိုင်တယ်ဆိုတာ သိလာကြတယ်။—မဿဲ ၁၀:၁၉။ ၂၇:၁၂၊ ၁၄

AFP PHOTO

၁၉၇၄ ခုနှစ်၊ ပြည်တွင်း မငြိမ်မသက် ဖြစ်နေစဉ်

 ကျောင်းပြီးသွားတော့ အီသီယိုးပီးယား လေကြောင်းလိုင်းမှာ အလုပ်လုပ်တယ်။ တစ်မနက် အလုပ်ရောက်တော့ ကျွန်မကို အလုပ်ဖော်တွေ ဝိုင်းဂုဏ်ပြုကြတယ်။ အစိုးရ နှစ်ပတ်လည် စစ်ရေးပြ အခမ်းအနားမှာ အခမ်းအနားမှူး လုပ်ဖို့ ရွေးခံရတယ်တဲ့။ ခရစ်ယာန် ကြားနေမှုကြောင့် အခမ်းအနားမှာ မပါနိုင်တဲ့အကြောင်း အလုပ်ကြီးကြပ်မှူးကို ကျွန်မ ချက်ချင်း အကြောင်းကြားလိုက်တယ်။

 နောက်နေ့ အလုပ်လုပ်နေတုန်း ပခုံးမှာ ရိုင်ဖယ်သေနတ် သိုင်းထားတဲ့ လူတွေကို လှမ်းတွေ့လိုက်တယ်။ လက်မှတ်ကောင်တာကို သွားနေကြတာ။ တစ်ယောက်ယောက် နိုင်ငံခြား ထွက်ပြေးတိမ်ရှောင်တဲ့သူကို လာဖမ်းတာလို့ တွေးမိလိုက်တယ်။ ဘယ်ဟုတ်ပါ့မလဲ၊ ကျွန်မကို ရှာနေကြတာ။ ဘာလို့များလဲ။ သာမန် ရက်တစ်ရက်ကနေ ရုတ်ခြည်း ပြောင်းလဲသွားတယ်။

ထောင်ထဲမှာ ရတဲ့ အကူအညီ

 စစ်သားတွေ ကျွန်မကို ရုံးခန်းတစ်ခန်း ခေါ်သွားပြီး နာရီနဲ့ချီ စစ်မေးကြတယ်။ “ယေဟောဝါသက်သေတွေကို ဘယ်သူ ထောက်ပံ့တာလဲ။ မင်းက အီသီယိုးပီးယား လွတ်မြောက်ရေးတပ်ကလား။ အမေရိကန် အစိုးရဘက်ကလား။ မင်း မဟုတ်ရင် မင်းအဖေလား” ဆိုပြီး မေးကြတယ်။ တော်တော် စိတ်ဖိစီးစရာကောင်းပေမဲ့ ယေဟောဝါရဲ့ အကူအညီကြောင့် ကျွန်မ တည်ငြိမ်နေတယ်။—ဖိလိပ္ပိ ၄:၆၊ ၇

 စစ်မေးလို့လည်း ပြီးရော ထောင်အဖြစ် သုံးနေတဲ့ အိမ်တစ်အိမ်ဆီ ခေါ်သွားပြီး ပေ ၃၀၀ ပတ်လည် အခန်းထဲ ထည့်လိုက်တယ်။ အဲဒီအခန်းထဲမှာ နိုင်ငံရေး အကျဉ်းသား မိန်းကလေး ၁၅ ယောက်လောက် ရှိတယ်။

လေကြောင်းလိုင်းမှာ အလုပ်လုပ်စဉ်

 အဲဒီည ကြမ်းခင်းမာမာကြီးပေါ် အိပ်လိုက်ရတယ်။ အလုပ် ယူနီဖောင်းတောင် မလဲလိုက်ရဘူး။ မိဘမောင်နှမတွေ စိတ်ပူနေကြတော့မှာ။ ကျွန်မ အဖမ်းခံရတယ်ဆိုတာပဲ သိကြတာ။ ဘယ်မှာလဲ မသိကြဘူး။ မိသားစု သိအောင် ကူညီပေးပါလို့ ယေဟောဝါဆီ ကျွန်မ ဆုတောင်းလိုက်တယ်။

 နောက်နေ့မနက် နိုးလာတော့ အစောင့်တစ်ယောက်ကို ကျွန်မ မျက်မှန်းတန်းမိသွားတယ်။ “အက်စတာ၊ ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ” လို့ အံ့ဩတကြီး သူမေးတယ်။ ကျွန်မ ဒီမှာ ဖမ်းခံထားရတဲ့အကြောင်း မိဘအိမ် သွားပြောပေးဖို့ အကူအညီ တောင်းလိုက်တယ်။ အဲဒီနေ့မှာပဲ အစားအသောက်တွေ၊ အဝတ်အစားတွေ အိမ်ကနေ ရောက်လာတယ်။ အစောင့် ပြောပေးလိုက်တာလေ။ ကျွန်မ ဆုတောင်းတာကို ယေဟောဝါ အဖြေပေးလိုက်တာပဲ။ ကျွန်မ တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ ယုံကြည်စိတ်ချသွားတယ်။

 ကျမ်းစာကော၊ တခြား ဘယ်စာပေမှ ကိုင်ခွင့် မရှိဘူး။ မိဘ၊ မိတ်ဆွေတွေလည်း လာလည်ခွင့် မရဘူး။ ဒါပေမဲ့ ယေဟောဝါက ထောင်အခန်းဖော်တွေကတစ်ဆင့် ကျွန်မကို အားပေးခဲ့တယ်။ သူတို့ကို ကျွန်မ နေ့တိုင်း ဟောတယ်။ ဘုရားနိုင်ငံတော်အကြောင်း အမှန်တရား သိရလို့ သူတို့ သိပ်အံ့ဩကြတယ်။ “လူ့အစိုးရအတွက် ကျွန်မတို့ တိုက်ပွဲဝင်နေချိန်မှာ ရှင်က ဘုရားအစိုးရအတွက် တိုက်ပွဲဝင်နေတာပဲ။ သတ်မယ်လို့ ခြိမ်းခြောက်လာရင်တောင် အလျှော့မပေးနဲ့နော်” လို့ သူတို့ ပြောကြတယ်။

 ထောင်သားတွေကို အစောင့်တွေ တစ်ခါတလေ စစ်မေးကြ၊ ရိုက်ကြတယ်။ တစ်ည၊ ၁၁ နာရီလောက်မှာ ကျွန်မကို လာခေါ်တယ်။ စစ်ကြောရေးခန်းလည်း ရောက်ရော အစိုးရကို မထောက်ခံဘူး၊ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ စွပ်စွဲလိုက်ကြတာမှ စုံနေတာပဲ။ နိုင်ငံရေး ဆောင်ပုဒ် လိုက်မဆိုလို့ဆိုပြီး အစောင့်နှစ်ယောက် ကျွန်မကို ဝိုင်းရိုက်ကြတယ်။ ဒီလိုမျိုး ခဏခဏ ရိုက်စစ်ခံရတယ်။ အခေါက်တိုင်း ယေဟောဝါဆီ ထက်ထက်သန်သန် ဆုတောင်းတယ်။ ယေဟောဝါ ထောက်မပေးနေတယ်လိုလည်း ခံစားရတယ်။

 သုံးလ ကြာတော့ ကျွန်မ လွတ်ပြီဆိုတဲ့အကြောင်း အစောင့်တစ်ယောက် လာပြောတယ်။ ဝမ်းနည်းဝမ်းသာ ဖြစ်သွားမိတယ်။ ထောင်အခန်းဖော်တွေကို နိုင်ငံတော် မျှော်လင့်ချက်အကြောင်း ပြောပြလို့တောင် မဝသေးဘူး။

 ထောင်က လွတ်ပြီး လအနည်းငယ်အကြာ ကျွန်မ အိမ်မှာ မရှိတုန်း ဆယ်ကျော်သက်အရွယ်ပဲရှိသေးတဲ့ ညီမလေးနှစ်ယောက်နဲ့ မောင်လေးကို စစ်သားတွေ လာဖမ်းသွားကြတယ်။ တခြားနိုင်ငံ ထွက်ပြေးမှ ဖြစ်တော့မယ်လို့ ကျွန်မ တွေးလိုက်တယ်။ မိသားစုနဲ့ မခွဲရက်ပေမဲ့ အမေက အားတင်းထားဖို့၊ ယေဟောဝါကို ကိုးစားဖို့ အားပေးတယ်။ သိပ်မကြာခင်မှာပဲ အမေရိကန် ပြည်ထောင်စုကို ထွက်လာလိုက်တယ်။ ဖြစ်ချင်တော့ အဲဒီညနေမှာပဲ ကျွန်မကို ထပ်ဖမ်းဖို့ စစ်သားတွေ အိမ်ကို ရောက်လာကြတယ်။ အိမ်မှာ မတွေ့တော့ လေဆိပ်အထိ လိုက်လာကြတယ်။ ဒါပေမဲ့ သူတို့ ရောက်တဲ့အချိန် လေယာဉ် ထွက်သွားနှင့်ပြီ။

 မေရီလန်းပြည်နယ် ရောက်တော့ ကျွန်မမိဘတွေကို ကျမ်းစာ သင်ပေးခဲ့တဲ့ သာသနာပြု ဟေးဝုဒ်နဲ့ ဂျုံး ဝေါ့ဒ် လာကြိုတယ်။ ငါးလအကြာမှာ ရှေ့ဆောင် လုပ်တယ်။ ဝေါ့ဒ်မောင်နှံရဲ့ သမီး စင်ဒီက ကျွန်မရဲ့ ရှေ့ဆောင်တွဲဖက် ဖြစ်လာတယ်။ အမှုဆောင်မှာ ကျွန်မတို့ အမှတ်တရတွေ အများကြီးပဲ။

ရှေ့ဆောင် တွဲဖက် စင်ဒီ ဝေါ့ဒ်နဲ့အတူ

ဗေသလမှာ စိတ်နှစ်ပြီး အမှုဆောင်

နယူးယောက်၊ ဝေါကီး ဗေသလမှာ ဝက်စလေနဲ့ အမှုဆောင်စဉ်

 ၁၉၇၉ ခုနှစ်၊ နွေရာသီမှာ နယူးယောက် ဗေသလ သွားလည်ရင်း ဝက်စလေ ပါကာနဲ့ ဆုံတယ်။ သူ့အရည်အသွေးကောင်းတွေ၊ ဘုရားရေးရာ ပန်းတိုင်တွေကြောင့် သဘောကျမိသွားတယ်။ ၁၉၈၁ ခုနှစ်မှာ ကျွန်မတို့ လက်ထပ်တယ်။ ဝက်စလေနဲ့အတူ ဗေသလမှာ အမှုဆောင်ဖို့ နယူးယောက်၊ ဝေါကီးကို ရောက်လာတယ်။ အိမ်မှုထိန်းသိမ်းရေးဌာန၊ အခြောက်လျှော်ဌာနမှာ လုပ်တယ်။ နောက်တော့ ကွန်ပျူတာဌာန MEPS အဖွဲ့မှာ လုပ်တယ်။ ဗေသလမှာ ကိုယ်စိတ်နှစ်ပြီး ဘုရားအမှု ဆောင်ခွင့် ရတယ်။ ညီအစ်ကို/မ အများကြီးနဲ့ ခင်မင်ခွင့် ရတယ်။ အခုထိလည်း အခင်အမင် မပျက်ကြဘူး။

 ဒါပေမဲ့ အီသီယိုးပီးယားမှာ ကျန်ခဲ့တဲ့ မိသားစုဟာ ဆန့်ကျင်မှု အကြီးအကျယ် ခံနေရလို့ ကျွန်မ ရတက်မအေးဘူး။ ဖမ်းခံရတဲ့ မောင်နှမသုံးယောက်လည်း အခုထိ ထောင်ထဲမှာပဲ။ b ထောင်မှာ ထမင်း မကျွေးလို့ အမေ နေ့တိုင်း အစားအသောက် ချက်ပို့ရတယ်။

 အဲဒီလို စိတ်ပင်ပန်းချိန်မှာ ယေဟောဝါဟာ ကျွန်မအတွက် ခိုလှုံရာပဲ။ ဗေသလ မိသားစုကလည်း နှစ်သိမ့်၊ ထောက်မပေးကြတယ်။ (မာကု ၁၀:၂၉၊ ၃၀) တစ်ရက်တော့ ညီအစ်ကို ဂျွန် ဘုသ်က “ဗေသလမှာ အမှုဆောင်နေလို့ သိပ်ဝမ်းသာတယ်၊ အက်စတာ။ ယေဟောဝါသာ ကောင်းချီး မပေးရင် ဒီလို အမှုဆောင်နိုင်မှာ မဟုတ်ဘူး” လို့ ပြောတယ်။ c အီသီယိုးပီးယားကနေ ထွက်လာဖို့ ဆုံးဖြတ်ခဲ့တာကို ယေဟောဝါ ကောင်းချီးပေးတယ်၊ မိသားစုကိုလည်း စောင့်ရှောက်ပေးမယ်ဆိုတာ အဲဒီစကားတွေကြောင့် စိတ်ချသွားတယ်။

မိသားစုလိုက် ယေဟောဝါကို ကိုးကွယ်ခြင်း

 ကျွန်မ ကိုယ်ဝန် ရှိနေပြီဆိုတာ ၁၉၈၉ ခုနှစ်၊ ဇန်နဝါရီလမှာ သိလိုက်ရတယ်။ လန့်သွားတာပေါ့။ ရက်နည်းနည်း ကြာလို့ စိတ်အနည်ထိုင်သွားတော့မှ ဝမ်းသာလာတယ်။ ဒါပေမဲ့ မိဘကောင်း ဖြစ်နိုင်ပါ့မလား၊ ဘယ်မှာ နေမလဲ၊ ဗေသလကနေ ထွက်ရင် ဘယ်လို ရှာဖွေစားသောက်ကြမလဲ စိုးရိမ်မိတယ်။

 ၁၉၈၉ ခုနှစ်၊ ဧပြီလ ၁၅ ရက်မှာ အထုပ်အပိုးတွေ ကားပေါ် တင်ပြီး အော်ရီဂွန်ပြည်နယ်ကို မောင်းလာကြတယ်။ အဲဒီမှာ ရှေ့ဆောင် လုပ်ကြမယ်ပေါ့။ ဒါပေမဲ့ ရှေ့ဆောင်လုပ်တာ လက်တွေ့မကျဘူးနော်ဆိုပြီး မိတ်ဆွေတချို့က စေတနာနဲ့ ပြောကြတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်၊ လက်ထဲမှာ ပိုက်ဆံက များများစားစား မရှိ။ ကလေးကလည်း မွေးတော့မယ်။ ဘာလုပ်ရပါ့မလဲ။ အဲဒီအချိန်မှာပဲ တိုက်နယ်ကြီးကြပ်မှူး ဂိုင်း ပီးယပ်စ်နဲ့ ဇနီး ပန်နီ လာလည်ကြတယ်။ d စီစဉ်ထားတဲ့အတိုင်း ရှေ့ဆောင် လုပ်ဖို့ အားပေးတယ်။ ဒါနဲ့ ယေဟောဝါ ကူညီပေးမယ်ဆိုတာ ယုံကြည်စိတ်ချပြီး ရှေ့ဆောင် စလုပ်ကြတယ်။ (မာလခိ ၃:၁၀) သားကြီး လယ်မြူ မွေးပြီးနောက်မှာကော ဒုတိယသား ဂျေဒန် မွေးပြီးနောက်မှာပါ ရှေ့ဆောင် ဆက်လုပ်ကြတယ်။

 သားလေးတွေကို လက်ဆွဲပြီး ရှေ့ဆောင် လုပ်ရတာ အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံပါပဲ။ ရှေ့ဆောင် လုပ်တော့ တခြားသူတွေကိုကော သားလေးတွေကိုပါ ကျမ်းစာအမှန်တရား ရှင်းပြဖို့ အခွင့်အရေး အများကြီး ရတယ်။ (တရားဟောရာ ၁၁:၁၉) တတိယသား ဂျေဖက် မွေးပြီးနောက်မှာတော့ ရှေ့ဆောင် ခဏနားဖို့ လိုလာတယ်။—မိက္ခာ ၆:၈

ယေဟောဝါကို ကိုးကွယ်ဖို့ သားတွေကို သွန်သင်ပေး

 ယေဟောဝါကို ပုဂ္ဂိုလ်တစ်ပါးအဖြစ် သားလေးတွေ မြင်တတ်လာအောင်၊ ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိအောင် ကူညီပေးဖို့က မိဘတွေအတွက် အရေးကြီးဆုံး တာဝန်ဖြစ်မှန်း ကျွန်မတို့ သဘောပေါက်တယ်။ ဒါကြောင့် မိသားစု ဝတ်ပြုမှုကို သားလေးတွေ စိတ်ဝင်တစား၊ မျှော်တလင့်လင့် ဖြစ်နေအောင် ကြိုးစားစီစဉ်တယ်။ ကြီးမြတ်သောဆရာ့စကားကို နားထောင်ခြင်း၊ ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်တွေ အတူတူ ဖတ်ကြတယ်။ ကျမ်းမှတ်တမ်းတချို့ကို သရုပ်ဆောင်ကြတယ်။ အိမ်မှာ မိန်းမသားဆိုလို့ ကျွန်မ တစ်ယောက်တည်း ရှိတာဆိုတော့ ယေဇဗေလဇာတ်လမ်း သရုပ်ဆောင်ရင် ကျွန်မက ယေဇဗေလ လုပ်ရတယ်။ ခုံပေါ်ကနေ ကျွန်မကို တွန်းချတဲ့ပုံစံ၊ ခွေးပုံစံ သရုပ်ဆောင်ရတာကို သားလေးတွေ သိပ်သဘောကျကြတာ။ မိသားစုဝတ်ပြုမှု လုပ်တဲ့အပြင် သားတွေကို တစ်ယောက်ချင်းစီ ဝက်စလေ ကျမ်းစာ သင်ပေးတယ်။

 သားတွေကို ကျွန်မတို့ ချစ်တယ်၊ ဂရုစိုက်တယ်။ စည်းလုံးတဲ့ မိသားစုလေး ဖြစ်ဖို့ ဆုတောင်းတယ်။ သားတွေကို အောက်သက်ကျေအောင် သင်ပေးထားလို့ ကြီးလာတဲ့အခါ သူတို့ပန်းကန် သူတို့ ဆေးတယ်။ အခန်း သန့်ရှင်းရေး လုပ်တယ်။ ကိုယ့်အဝတ်ကိုယ် လျှော်တယ်။ အချက်အပြုတ်လည်း ကျွမ်းကျင်ကြတယ်။

 ကလေးတွေပဲ သင်ယူရတာ မဟုတ်ဘူး။ ကျွန်မတို့လည်း သင်ယူရတယ်။ သားတွေကို ဖြစ်ဖြစ်၊ လင်မယားအချင်းချင်း ဖြစ်ဖြစ် လွန်လွန်ကျွံကျွံ ပြောမိ၊ လုပ်မိတဲ့ အချိန်တွေ ရှိတယ်။ အဲဒီလို အချိန်တွေမှာ နှိမ့်ချမှုရှိရှိ တောင်းပန်ကြတယ်။

 အသင်းတော်က ညီအစ်ကို၊ ညီအစ်မတွေ၊ အသင်းတော်ကို လာလည်တဲ့ ဗေသလအိမ်သားတွေ၊ သာသနာပြုတွေ၊ နယ်လှည့်ကြီးကြပ်မှူးတွေ၊ ပိုလိုအပ်တဲ့ ဒေသမှာ အမှုဆောင်သူတွေကို ကျွန်မတို့ အိမ်ခေါ်ပြီး ဧည့်ဝတ်ပြုတဲ့ အကျင့် လုပ်တယ်။ (ရောမ ၁၂:၁၃) ဧည့်သည် ဧည့်ခံတဲ့အခါ ကလေးတွေကို တခြားအခန်းထဲ လွှတ်ပြီး မဆော့ခိုင်းဘူး။ အတူတူ ထိုင်ပြီး စကားပြောခိုင်းတယ်။ တွေ့ကြုံမှုတွေ နားထောင်ခိုင်းတယ်။ ဧည့်သည် ပြောသွားတာတွေကို ကျွန်မနဲ့ ဝက်စလေ မှတ်မိတာထက် ကလေးတွေ ပိုမှတ်မိနေတတ်ကြတယ်။

 ယေဟောဝါအမှုတော်ကို ပျော်ပျော်ရွှင်ရွှင်ဆောင်ရွက်ဖို့ ဝက်စလေနဲ့ ကျွန်မ ကြိုးစားတယ်။ ဥပမာ၊ တခြားနိုင်ငံတွေ သွားလည်ဖို့ စီစဉ်တယ်။ ပိုက်ဆံကော ခွင့်ပါ ကြိုစုတယ်။ တစ်နေရာ သွားတိုင်း ဌာနခွဲရုံးကို ရောက်အောင် သွားလည်တယ်။ အစည်းအဝေးတွေ တက်တယ်။ အမှုဆောင် ထွက်တယ်။ ဒီလိုနဲ့ ယေဟောဝါရဲ့ ကမ္ဘာချီ အဖွဲ့အစည်းကို ပိုချစ်တတ်လာတယ်။ မိသားစုလည်း ပိုစည်းလုံးလာတယ်။

၂၀၁၃ ခုနှစ်၊ နယူးယောက်၊ ဘရွတ်ကလင် ကမ္ဘာ့ဌာနချုပ်ကို မိသားစုလိုက် သွားလည်ပတ်စဉ်

အမှုတော်မှာ ကိုယ့်ဘဝကို အပြည့်အဝ မြှုပ်နှံထား

 ကျွန်မတို့နေတဲ့ နေရာမှာ စပိန် စကားပြောသူတွေ အများကြီးရှိတာ သတိထားမိတယ်။ ဒါပေမဲ့ သူတို့ဆီ မှန်မှန် သွားဟောမယ့်သူ မရှိဘူး။ ဒါနဲ့ သားလေးတွေ ငယ်သေးပေမဲ့ မိသားစုလိုက် စပိန် စကားပြော အသင်းတော် ပြောင်းရင် ဘယ်လိုနေမလဲလို့ ညီအစ်ကို ပီးယပ်စ်ကို မေးကြည့်တယ်။ “ငါးဖမ်းသမားက ငါးရှိတဲ့နေရာ သွားရမှာပေါ့” လို့ ပြုံးပြုံးကြီး ပြန်ဖြေတယ်။ အဲဒီအားပေးစကားကြောင့်ပဲ အော်ရီဂွန်ပြည်နယ်၊ ဝုဒ်ဘန်မြို့က စပိန်စကားပြော အသင်းတော်ကို ပြောင်းကြတယ်။ တိုးတက်တဲ့ ကျမ်းစာသင်အံမှု အများကြီး စနိုင်လို့၊ တချို့ကို နှစ်ခြင်းခံတဲ့အထိ ကူညီပေးရလို့၊ စပိန် အုပ်စုလေးကနေ အသင်းတော် ဖြစ်လာတာ မြင်ရလို့ ဝမ်းသာလိုက်တာ။

 ဝက်စလေ အလုပ်ပြုတ်သွားပြီး အလုပ်သစ်အတွက် ကျွန်မတို့ ကယ်လီဖိုးနီးယား ပြောင်းရတဲ့ အချိန် ရှိလိုက်သေးတယ်။ နှစ်နှစ်အကြာမှာ လယ်မြူ၊ ဂျေဒန်နဲ့ ကျွန်မ ရှေ့ဆောင် စလုပ်တယ်။ ၂၀၀၇ ခုနှစ်မှာ သားတွေနဲ့အတူ ရှေ့ဆောင်သင်တန်း တက်ရတာ အမှတ်တရပဲ။ ရှေ့ဆောင်သင်တန်းအပြီး မကြာခင်မှာပဲ ကျွန်မတို့ ရပ်ကွက်မှာ အာရဘီ စကားပြောသူ အများကြီးရှိတာ သတိထားမိသွားကြတယ်။ ဒါနဲ့ စပိန် စကားပြော လယ်ကွင်းမှာ ၁၃ နှစ်ကြာ အမှုဆောင်ပြီးနောက်မှာတော့ အာရဘီ စကားပြော အသင်းတော်နဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီကို ပြောင်းရွှေ့လာကြတဲ့ အာရဘီ စကားပြောသူတွေကို အမှန်တရား ပြောပြတယ်။ တခြားနိုင်ငံက အထူး ဟောပြောခြင်း ကင်ပိန်းတွေ သွားတယ်။ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယေးဂိုးမြို့က အာရဘီ စကားပြော လယ်ကွင်းမှာ ကျွန်မတို့ ရှေ့ဆောင်အဖြစ် အမှုဆောင်နေကြတုန်းပဲ။

 ဝက်စလေဟာ တကယ့် ခင်ပွန်းကောင်း၊ အိမ်ထောင်ဦးစီးကောင်းပါ။ ယေဟောဝါရဲ့ အဖွဲ့အစည်းကို သိပ်လေးမြတ်တယ်။ ဗေသလအကြောင်း၊ အသင်းတော် အစီအစဉ်အကြောင်း တစ်ခါမှ မကောင်း မပြောဘူး။ တစ်ခုမဟုတ် တစ်ခု အမြဲ အကောင်း ပြောတယ်။ ကျွန်မနဲ့အတူ ဆုတောင်းတယ်။ ကျွန်မအတွက် ဆုတောင်းပေးတယ်။ စိတ်ဖိစီးစရာ အခြေအနေတွေမှာ ဝက်စလေရဲ့ ဆုတောင်းချက်တွေကြောင့် ကျွန်မ နှစ်သိမ့်မှု ရခဲ့တာ။ တည်ငြိမ်နေခဲ့တာပါ။

 ပြန်စဉ်းစားကြည့်လိုက်တော့ အချိန်ပြည့် အမှုဆောင်လုပ်ငန်းက ပျော်စရာ သိပ်ကောင်းတာပဲ။ မိသားစုဘဝ သာယာတယ်။ ပိုလိုအပ်တဲ့ အသင်းတော်တွေမှာလည်း အမှုဆောင်ရတယ်။ ယေဟောဝါကို ဦးစားထားသူတွေ ကောင်းချီး ခံစားရတာ မြင်ရတယ်။ ကျွန်မတို့မှာ လိုလေသေးမရှိ ပြည့်စုံခဲ့တယ်။ (ဆာလံ ၃၇:၂၅) တစ်ဘဝလုံး ယေဟောဝါဆီ အပြည့်အဝ ပုံအပ်ထားဖို့ ရွေးချယ်ခဲ့တာဟာ အကောင်းဆုံး ဆုံးဖြတ်ချက်ပါပဲ။—ဆာလံ ၈၄:၁၀

ကျွန်မနဲ့ ဂျေဖက်၊ လယ်မြူ၊ ဂျေဒန်၊ ဝက်စလေ (ဝဲမှ ယာ)

a အီသီယိုးပီးယား အမှုဆောင်လုပ်ငန်းကို ကြီးကြပ်ပေးနေတဲ့ ကင်ညာ ဌာနခွဲရုံးမှာ ညီအစ်ကို လင့်ခ် အမှုဆောင်ခဲ့တယ်။

b လေးနှစ်အကြာမှာ ကျွန်မရဲ့ မောင်နှမတွေ ထောင်ကနေ လွတ်လာကြတယ်။

c ၁၉၉၆ ခုနှစ်၊ မြေကြီးအသက်တာ ကုန်ဆုံးချိန်အထိ အုပ်ချုပ်ရေး အဖွဲ့ဝင်အဖြစ် ညီအစ်ကို ဘုသ် အမှုဆောင်ခဲ့တယ်။

d ၂၀၁၄ ခုနှစ်၊ မြေကြီးအသက်တာ ကုန်ဆုံးချိန်အထိ အုပ်ချုပ်ရေး အဖွဲ့ဝင်အဖြစ် ညီအစ်ကို ပီးယပ်စ် အမှုဆောင်ခဲ့တယ်။