မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အလှူငွေတွေကို အသုံးပြုပုံ

ကမ္ဘာချီ ကပ်ရောဂါအတွက် ကမ္ဘာချီ ကယ်ဆယ်ရေး

ကမ္ဘာချီ ကပ်ရောဂါအတွက် ကမ္ဘာချီ ကယ်ဆယ်ရေး

ဇူလိုင် ၁၊ ၂၀၂၁

 ၂၀၂၀၊ မတ်လမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုဗစ်-၁၉ ကပ်ရောဂါကို ကြေညာလိုက်တဲ့အခါ ကမ္ဘာတစ်ဝန်းမှာ ဒီဗိုင်းရပ်ကူးစက်မှုကို နောင်တစ်နှစ်ထက်မက ခံရမယ်လို့ လူတွေ ထင်မထားခဲ့ဘူး။ ဒီကပ်ရောဂါကြောင့် ယေဟောဝါသက်သေတွေ အပါအဝင် လူသန်းပေါင်းများစွာ ကာယပိုင်း၊ စိတ်ပိုင်း၊ ငွေကြေးပိုင်း ထိခိုက်ခဲ့ရတယ်။ ဒီအကျပ်အတည်းကာလအတွင်း ယေဟောဝါသက်သေတွေ ကယ်ဆယ်ရေးလုပ်ငန်းကို ဘယ်လို စီစဉ်ဖွဲ့စည်း လုပ်ဆောင်နေသလဲ။

လိုအပ်နေသူတွေကို ကူညီပေး

 အုပ်ချုပ်ရေးအဖွဲ့ရဲ့ ညှိနှိုင်းရေးမှူးများ ကော်မတီ ညွှန်ကြားချက်အောက်မှာ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ ၉၅၀ ကျော် ဖွဲ့စည်းပြီး ကမ္ဘာတစ်ဝန်းက ကိုဗစ်-၁၉ အတွက် တုံ့ပြန်လုပ်ဆောင်နေပါတယ်။ တချို့ဒေသမှာ တစ်နိုင်တစ်ပိုင် ကူညီထောက်မဖို့ စီစဉ်တယ်။ တချို့ဒေသမှာတော့ အစိုးရအထောက်အပံ့ ရယူတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို အကြီးအကျယ် စီစဉ်လုပ်ဆောင်နေပါတယ်။

 ပါရာဂွေး အခြေအနေကို သုံးသပ်ကြည့်ပါ။ ကပ်ရောဂါကြောင့် စီးပွားရေး ကျဆင်းသွားတဲ့အတွက် “ပါရာဂွေးပြည်သူတွေ စားစရာ ပြတ်နေကြတယ်” လို့ သတင်းစာတစ်စောင်မှာ ဖော်ပြတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေကတော့ နှစ်ပတ်စာ စားနပ်ရိက္ခာ၊ သန့်ရှင်းရေးပစ္စည်း၊ တစ်ကိုယ်ရေသုံး ပစ္စည်းတွေပါတဲ့ အထုပ်တွေကို အိမ်သားလေးယောက် ရှိတဲ့ မိသားစုတစ်စုကို တစ်ထုပ်နှုန်း ဝေပြီးနေပြီ။ တစ်ထုပ်ကို ဒေါ်လာ ၃၀ တန်တယ်။

 ကယ်ဆယ်ရေးလုပ်သားတွေ ကိုဗစ်-၁၉ မကူးစက်အောင် ဘယ်လို ကာကွယ်ကြသလဲ။ နှာခေါင်းစည်း တပ်ပြီး ခပ်ခွာခွာနေတယ်။ အစားအစာတွေကို သန့်ရှင်းတဲ့နေရာမှာ ပြင်ဆင်ပြီး ဘေးကင်းရေး လမ်းညွှန်ချက်တွေကို အတိအကျ လိုက်နာတဲ့ ကုမ္ပဏီတွေကနေ စားနပ်ရိက္ခာ ဝယ်ကြတယ်။ အထုပ် ကိုင်တွယ်ထုပ်ပိုးသူအားလုံး အကာအကွယ် ဝတ်စုံပြည့် ဝတ်ဆင်ကြတယ်။ ယာဉ်တွေကို ပိုးသတ်တယ်။ ပိုးသန့်စင်တဲ့နေရာမှာ အထုပ်တွေ ထားတယ်။ အထုပ် ပို့ပေးသူတွေလည်း လက်ခံတဲ့ ညီအစ်ကို/မတွေနဲ့ ခပ်ခွာခွာနေကြတယ်။

အလှူငွေတွေကို ပညာရှိရှိ အသုံးပြုခြင်း

 ၂၀၂၁၊ ဇန်နဝါရီလမှာ ညှိနှိုင်းရေးမှူးကော်မတီက ကိုဗစ်-၁၉ ကယ်ဆယ်ရေးအတွက် ဒေါ်လာ ၂၅ သန်းကျော် သုံးခွင့်ပြုလိုက်တယ်။ ဌာနခွဲနဲ့ ကယ်ဆယ်ရေးကော်မတီတွေက ဒီအလှူငွေကို ပညာရှိရှိ သုံးပြီး လိုအပ်တာတွေကို စျေးတန်တန် ရနိုင်ဖို့ ကြိုးစားနေပါတယ်။ ချီလီမှာ ကယ်ဆယ်ရေး ညီအစ်ကိုတွေက ပဲနီလေး ၇၅၀ ကီလိုဂရမ် ဝယ်ဖို့ စီစဉ်ထားတယ်။ ဒါပေမဲ့ တစ်လအတွင်း စျေးနှစ်ဆ ခုန်တက်သွားတယ်။ ပေါက်စျေးနဲ့ ဝယ်ဖို့ သဘောတူပြီး နှစ်နာရီအကြာမှာ ရောင်းသူက ဖောက်သည်တစ်ယောက် ခုလေးတင် သူ့အော်ဒါ ဖျက်လိုက်တယ်လို့ အကြောင်းကြားတယ်။ ဒါကြောင့် အော်ဒါပြန်အပ်တဲ့ ပဲတွေကို အရင်လ စျေးနဲ့ပဲ ပြန်ရောင်းပေးတယ်။

 ညီအစ်ကိုတွေ ပဲ သွားယူတဲ့အခါ ရောင်းသူက တခြားအဖွဲ့အစည်းတွေလို အမြတ်ထုတ်ပြီး ဝေငှကြမယ်အထင်နဲ့ မရောင်းတော့ဘူး ပြောပြန်တယ်။ တစ်ဖြုတ် ဆုတောင်းလိုက်ပြီးနောက် ညီအစ်ကိုတစ်ယောက်က ဘယ်သူတွေ တကယ်လိုအပ်နေသလဲဆိုတာ အသင်းတော်တိုင်း စာရင်းပြုစုပြီးဖြစ်ကြောင်း ရောင်းသူကို ရှင်းပြတယ်။ လက်ခံရရှိသူတွေရဲ့ ယဉ်ကျေးမှုနောက်ခံ အမျိုးမျိုး ရှိလို့ မိသားစုအတွက် အသုံးတည့်ဆုံး ပစ္စည်းတွေ ဖြစ်စေချင်ကြောင်း၊ ယေဟောဝါသက်သေတွေရဲ့ စေတနာ အလှူငွေတွေ၊ လုပ်အားတွေနဲ့ လုပ်ဆောင်နေကြောင်းကိုလည်း ရှင်းပြတယ်။ ရောင်းသူက အထင်ကြီးလေးစားသွားလို့ စျေးလျှော့ပေးတဲ့အပြင် နောက်တစ်ကြိမ် အော်ဒါမှာ ပဲနီလေး ၄၀၀ ကီလိုဂရမ်ပါ အဆစ်ပေးလိုက်တယ်။

“မေတ္တာစစ်ရဲ့ သက်သေပဲ”

 လိုင်ဘေးရီးယားက အသက်ကြီးမုဆိုးမ ညီအစ်မ လူစူမှာ မိသားစုဝင် ငါးယောက် ရှိတယ်။ တစ်မနက်၊ မနက်စာစားတဲ့အခါ နေ့စဉ်ကျမ်းချက် ဖတ်ကြတယ်။ ခုနစ်နှစ်အရွယ် မြေးလေးက အိမ်မှာ စားစရာ မကျန်တော့မှန်း သတိထားမိတယ်။ “သားတို့ ဘာစားကြမလဲ” လို့ မေးတဲ့အခါ လူစူက ဆုတောင်းထားတဲ့အတွက် ယေဟောဝါ ထောက်မမယ်ဆိုတာ ယုံကြည်တယ်လို့ နှစ်သိမ့်တယ်။ မွန်းလွဲပိုင်းမှာ အသင်းတော် အကြီးအကဲက ဖုန်းဆက်ပြီး စားစရာ လာယူဖို့ ပြောတယ်။ “မြေးလေး ပြောတာက ဆုတောင်းချက်ကို ယေဟောဝါ နားထောင်ပြီး ဖြေပေးမှန်း သိသွားပြီ။ အဖွားရဲ့ ဆုတောင်းချက်တွေကို ဖြေပေးလို့တဲ့” ဆိုပြီး လူစူ ပြောပြတယ်။

ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံက ကလေးတွေ ကယ်ဆယ်ရေး အထောက်အပံ့တွေအတွက် ကျေးဇူးတင်ကြောင်း ပန်းချီဆွဲကြ

 ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံက အမျိုးသမီးတစ်ယောက်ရဲ့ အိမ်ကပ်လျက်မှာ သက်သေခံတွေ နေတယ်။ သက်သေခံတွေ ရိက္ခာအထုပ် ရတာကို မြင်တဲ့အခါ “ကပ်ရောဂါပြီးသွားရင် ယေဟောဝါသက်သေ လုပ်တော့မယ်။ သူတို့က ခက်ခဲချိန်မှာ အချင်းချင်း ကူညီကြတယ်” လို့ ပြောတယ်။ “ဆန်လေးတစ်ထုတ်အတွက် ယေဟောဝါသက်သေ လုပ်တော့မလို့လား” ဆိုပြီး သူ့ယောက်ျားက မေးတော့ “မဟုတ်ပါဘူး။ အဲဒီဆန်ထုပ်က မေတ္တာစစ်ရဲ့ သက်သေပဲ” လို့ပြောတယ်။

 ကပ်ရောဂါကာလအတွင်း ယေဟောဝါသက်သေတွေ အခုလို ချက်ချင်း ကူညီနိုင်တာဟာ အလှူငွေတွေကြောင့်ပါ။ donate.pr418.com ကနေ သင့်ရဲ့ လှူဒါန်းမှုအတွက် အလွန်ကျေးဇူးတင်ပါတယ်။