မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အလှူငွေတွေကို အသုံးပြုပုံ

ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်ခန်းမတွေမှာ ဘေးကင်းစေခြင်း

ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်ခန်းမတွေမှာ ဘေးကင်းစေခြင်း

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁ ရက်

 “အစိုးရ ကန့်သတ်ချက် ရှိတဲ့ ဒေသတွေက လွဲလို့ ဧပြီ ၁ ရက် အပတ်ကစပြီး လူကိုယ်တိုင် တက်ရတဲ့ အစည်းအဝေးတွေ ပြန်ကျင်းပဖို့ အသင်းတော်အားလုံးကို အုပ်ချုပ်ရေးအဖွဲ့ အားပေးပါတယ်။” ၂၀၂၂၊ မတ်လအစောပိုင်း jw.org မှာ တင်ခဲ့တဲ့ ဒီကြေညာချက်ကြောင့် ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေ စိတ်လှုပ်ရှားသွားကြတယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ရှိနေတုန်းပဲ။ a အစည်းအဝေး တက်ရောက်သူတွေ ရောဂါ မကူးအောင် ဘယ်အပြောင်းအလဲ၊ အထောက်အပံ့၊ ကိရိယာတွေ လိုအပ်သလဲ။ လူကိုယ်တိုင် တက်ရတဲ့ အစည်းအဝေးတွေ မကျင်းပတာ နှစ်နှစ်လောက် ရှိသွားပြီဆိုတော့ နိုင်ငံတော်ခန်းမတွေ သုံးဖို့ အဆင်သင့်ဖြစ်ပါ့မလား။

 တကယ်တော့ နိုင်ငံတော်ခန်းမမှာ အစည်းအဝေးတွေ ပြန်ကျင်းပဖို့ ညီအစ်ကိုတွေ ပြင်ဆင်နေကြတာ လနဲ့ချီပြီ။

မတူညီတဲ့ အခြေအနေတွေအတွက် မတူညီတဲ့ ဖြေရှင်းနည်းတွေ

 ၂၀၂၀ မှာ လူကိုယ်တိုင် တက်ရတဲ့ အစည်းအဝေးတွေ ရပ်လိုက်ပြီး တစ်လအကြာမှာပဲ နယူးယောက်၊ ဝေါဝစ်မှာ ရှိတဲ့ ကမ္ဘာချီ ဒီဇိုင်း/ဆောက်လုပ်ရေး ဌာန (WDC) က နိုင်ငံတော်ခန်းမ အသုံးပြုပုံအပေါ် ကိုဗစ်-၁၉ ဘယ်လို သက်ရောက်မှု ရှိမယ်၊ ဝတ်ပြုရာနေရာတွေ ဘေးကင်းအောင် ဘာလုပ်ရမယ်ဆိုတာ စဆန်းစစ်ခဲ့ကြတယ်။

 ကမ္ဘာ့ဒေသ တစ်နေရာနဲ့ တစ်နေရာ လိုအပ်ချက် မတူကြဘူး။ WDC မှာ အလုပ်လုပ်တဲ့ မက်သရူး ဒီ ဆန့်ခ်သစ် ဒီလိုရှင်းပြတယ်– “ဒေသတချို့မှာ ပြဿနာက လက်ဆေးဖို့ နေရာ မရှိတာပါ။ နိုင်ငံတော်ခန်းမမှာ ရေသွယ်မထားရင် ရေဝယ်ရမယ်။ မြစ်တွေ၊ ချောင်းတွေကနေ ရေသယ်ရမယ်။ တခြားနိုင်ငံတွေကျပြန်တော့ လေအေးပေးစက်၊ လေဝင်လေထွက်စနစ်၊ ကျန်းမာရေး ဆိုင်းဘုတ် တပ်ခြင်းနဲ့ပတ်သက်ပြီး အစိုးရတချို့က တောင်းဆိုချက်တွေ ပြုပြင်ထားကြတယ်။”

 ဒီအခက်အခဲတွေကို ညီအစ်ကိုတွေ ဘယ်လို ဖြေရှင်းကြသလဲ။ နိုင်ငံတော်ခန်းမ တော်တော်များများအတွက် “ရိုးရှင်း၊ သက်သာတဲ့ ဖြေရှင်းနည်းတွေဟာ ထိရောက်တယ်” ဆိုတာ တွေ့ရတဲ့အကြောင်း မက်သရူး ပြောပြတယ်။ ဥပမာ၊ ပါပူဝါ နယူးဂီနီမှာ လီတာ ၂၀ (၅.၃ ဂါလံ) ပလတ်စတစ်ပုံးတွေကို ပိုက်ခေါင်းတပ်ပြီး ရိုးရှင်းတဲ့လက်ဆေးကန်တွေ ဆင်ပေးလိုက်ကြတယ်။ ဒီနည်းနဲ့ ကျေးလက် နိုင်ငံတော်ခန်းမ တစ်လုံးစီမှာ အမေရိကန် ဒေါ်လာ ၄၀ တည်းနဲ့ လက်ဆေးကန် ရသွားကြတယ်။ အာဖရိက,က နိုင်ငံတော်ခန်းမတွေအတွက်ကျတော့ အရည်အသွေးမြင့် လက်ဆေးကန် ၆၀၀၀ ကျော်ကို အာရှကနေ မှာပေးခဲ့ကြတယ်။

ကျန်းမာရေးနဲ့ပတ်သက်ပြီး သားသမီးတွေအတွက် မိဘတွေ စံနမူနာကောင်း ပြ

 နိုင်ငံတော်ခန်းမမှာ လေကောင်းလေသန့် ပိုရဖို့ ပန်ကာ၊ လေဝင်လေထွက်စနစ် တပ်ဆင်တာ၊ ပြုပြင်တာတွေလည်း လုပ်ခဲ့ကြတယ်။ အသင်းတော် အတော်များများမှာ မိုက် လက်ဆင့်ကမ်းစရာ မလိုအောင် မိုက်တံအရှည်တွေ ဝယ်ကြတယ်။ တံခါးလက်ကိုင်၊ ရေပိုက်ခေါင်းတွေလို လူထိများတဲ့ နေရာတွေကနေ ရောဂါ ပျံ့နိုင်တာမို့ အတတ်နိုင်ဆုံး ထိတွေ့ရ လွတ်ဖို့၊ မှန်မှန် ပိုးသတ်ဖို့ ကြိုးစားကြတယ်။ အသင်းတော်တချို့ရဲ့ သန့်စင်ခန်းတွေမှာ အလိုအလျောက် ပွင့်တဲ့ ရေပိုက်ခေါင်းတွေ တပ်ထားကြတယ်။ ချီလီနိုင်ငံမှာ နိုင်ငံတော်ခန်းမ တစ်လုံးစီအတွက် လိုအပ်တဲ့ ပြင်ဆင်စရိတ် အမေရိကန် ဒေါ်လာ ၁၄၀၀ လောက် ရှိတယ်။

မိုက်တွေကို လက်ဆင့်မကမ်းကြ

 နိုင်ငံတော်ခန်းမတွေမှာ ဘေးကင်းဖို့ ဦးစားပေး လုပ်နေကြပေမဲ့ အတတ်နိုင်ဆုံး အလှူငွေ ချွေတာဖို့လည်း ညီအစ်ကိုတွေ ကြိုးစားကြပါတယ်။ ဥပမာ၊ ဒေသတချို့မှာ လက်ဆေးကန်၊ မိုက်တံအရှည်တွေ ဝယ်ဖို့ အစိုးရ အထောက်အပံ့ ယူကြတယ်။ အလှူငွေ ချွေတာဖို့ ဌာနခွဲရုံးတွေ ပေါင်းပြီး ပစ္စည်းတွေကို ပမာဏများများ ဝယ်ကြတယ်။ ဈေးသက်သာရုံမက သယ်ယူပို့ဆောင်ချိန်လည်း လျော့အောင် ပစ္စည်းတွေကို ထုတ်လုပ်သူတွေဆီကနေ တိုက်ရိုက်ဝယ်ဖို့ ဌာနခွဲတွေနဲ့ ကမ္ဘာချီအဝယ်တော်ဌာန စီစဉ်ကြတယ်။

လက်သန့်ဆေး ထားတဲ့နေရာ

“စိတ်အေးသွားတာပဲ”

 နိုင်ငံတော်ခန်းမတွေကို ဘေးကင်းသည်ထက် ကင်းအောင် စီစဉ်ထားလို့ လူကိုယ်တိုင် အစည်းအဝေးလာတက်သူတွေ ရောဂါကူးစက်မှုကနေ အကာအကွယ်ရကြတယ်၊ စိတ်အေးကြတယ်။ နိုင်ငံတော်ခန်းမမှာ အစည်းအဝေး ပြန်တက်ရမယ်ဆိုတာ သိလိုက်ရတော့ “နည်းနည်း စိုးရိမ်မိတယ်” လို့ ပီရူးနိုင်ငံမှာ နေတဲ့ ညီအစ်မ ဒေါဆင် ဝန်ခံတယ်။ “ကပ်ရောဂါ စပြီး မကြာခင်မှာပဲ ကိုဗစ်-၁၉ ကူးထားတာ။ ဒါကြောင့် ရောဂါ ပြန်ကူးနိုင်တယ်ဆိုတဲ့ အတွေးနဲ့တင် နိုင်ငံတော်ခန်းမ သွားဖို့ ကြောက်နေမိတယ်။ ဒါပေမဲ့ နိုင်ငံတော်ခန်းမ ရောက်တော့ ကျွန်မတို့ ဘေးကင်းဖို့ အကြီးအကဲတွေ အများကြီး စီစဉ်ပေးထားတာ တွေ့လိုက်ရတယ်။ လက်သန့်ဆေး ထားပေးတယ်။ မိုက်တံအရှည်တွေ သုံးထားတယ်။ အစည်းအဝေး မတိုင်ခင်နဲ့ ပြီးနောက် ခန်းမမှာ ပိုးသတ်တယ်။ ကျွန်မ စိတ်အေးသွားတာပဲ။” b

နိုင်ငံတော်ခန်းမမှာ ပိုးသတ်နေ

 ဇမ်ဘီယာနိုင်ငံမှာ နေတဲ့ ညီအစ်မ ဆာရာမှာလည်း အခက်အခဲ ရှိတယ်။ “လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ကျွန်မခင်ပွန်း ကိုဗစ်-၁၉ နဲ့ ဆုံးသွားတယ်။ သူ မပါဘဲ ဦးဆုံးအကြိမ် လူကိုယ်တိုင် အစည်းအဝေး သွားတက်တဲ့အခါ ဘယ်လို ခံစားရမလဲ စိတ်ပူမိတယ်” လို့ ပြောတယ်။ အခု ဆာရာ ဘယ်လို ခံစားနေရသလဲ။ “နောက်ဆုံးကာလအတွင်း ကျွန်မတို့နဲ့အတူ ယေဟောဝါဘုရား ရှိနေတယ်ဆိုတာ လူကိုယ်တိုင် ကျင်းပတဲ့ အစည်းအဝေးတွေက သက်သေပါပဲ။ အကြီးအကဲတွေ၊ ညီအစ်ကို၊ ညီအစ်မတွေဆီကနေ လိုအပ်တဲ့ အားပေးမှု၊ မေတ္တာ၊ ထောက်မမှု အရင်ကထက် ရနေတယ်လို့ ခံစားရတယ်” လို့ ပြောတယ်။

လူကိုယ်တိုင် အစည်းအဝေး တက်ရလို့ ဝမ်းသာနေကြ

 ကမ္ဘာတစ်ဝန်းက ညီအစ်ကို၊ ညီအစ်မတွေဟာ နိုင်ငံတော်ခန်းမမှာ အစည်းအဝေး ပြန်တက်နိုင်ခွင့်အတွက် ကျေးဇူးတင်နေကြတယ်။ အများစုက donate.pr418.com ကတစ်ဆင့် လှူဒါန်းကြတယ်။ သင်တို့ရဲ့ အလှူငွေအတွက် ကျေးဇူးတင်ပါတယ်။ ဝတ်ပြုရာနေရာတွေ သက်သောင့်သက်သာ ရှိဖို့၊ ဘေးကင်းဖို့ ဒီအလှူငွေတွေက အများကြီး ထောက်ကူပေးပါတယ်။

a ဗီဒီယို/ ဖုန်း ချိတ်ဆက်ပြီး အစည်းအဝေး တက်မှ ဖြစ်တဲ့သူတွေဟာ အရင်အတိုင်း ချိတ်ဆက်တက်ရောက်နိုင်ပါတယ်။

b ဒါ့အပြင် နိုင်ငံတော်ခန်းမမှာ အစည်းအဝေး တက်တဲ့အခါ နှာခေါင်းစည်း တပ်ဖို့ အားလုံးကို တိုက်တွန်းထားပါတယ်။