မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အလှူငွေတွေကို အသုံးပြုပုံ

ကြည်လင်စွာ “မြင်ရ၊ ကြားရ” တဲ့ အစည်းအဝေးကြီး အစီအစဉ်များ

ကြည်လင်စွာ “မြင်ရ၊ ကြားရ” တဲ့ အစည်းအဝေးကြီး အစီအစဉ်များ

ဇူလိုင် ၁၊ ၂၀၂၄

 ယေဟောဝါရဲ့ မျက်မှောက်ခေတ်ကျေးကျွန်တွေဟာ အစည်းအဝေးကြီးတွေ နှစ်စဉ် ကျင်းပလာတာ အနှစ် ၁၃၀ ကျော်ပြီ။ အခုဆိုရင် ဒီအစည်းအဝေးကြီးတွေမှာ ဟောပြောချက် ၄၀ ကျော်အပြင် တေးဂီတ၊ လူတွေ့မေးမြန်းခန်းတွေနဲ့ ဗီဒီယိုတွေပါ ပြင်ဆင်ပေးထားတယ်။ ဒါတွေကနေ အကျိုး အပြည့်အဝ ရဖို့၊ ခွန်အားရဖို့ဆိုရင် အစီအစဉ်တွေအားလုံးကို ပရိသတ်တွေ အသေအချာ “မြင်ရ၊ ကြားရ” ဖို့ လိုတယ်။ (လုကာ ၂:၂၀) ဘယ်နိုင်ငံမှာပဲတက်တက် အစည်းအဝေးကြီးတွေကနေ လူတိုင်း အကျိုးခံစားရဖို့ သင့်အလှူငွေက ဘယ်လို ထောက်ကူပေးနေသလဲ။

အစည်းအဝေးကြီးခန်းမတစ်ခုချင်းစီနဲ့ ကိုက်ညီမယ့် ရုပ်သံစနစ် ရွေးချယ်တပ်ဆင်ခြင်း

 အနောက်နိုင်ငံတွေရဲ့ အားကစားရုံအတော်များများမှာ ကိုယ်ပိုင် ရုပ်သံစနစ် ရှိနှင့်ပြီးသားပါ။ ဒါဆိုရင် အစည်းအဝေးကြီးအတွက် ဒီအားကစားရုံတွေကို ငှားရမ်းတဲ့အခါ ဘာကြောင့် ကိုယ်ပိုင်ရုပ်သံစနစ် တပ်ဆင်ဖို့ လိုအပ်တာလဲ။ ကမ္ဘာ့ဌာနချုပ် ရုပ်သံထုတ်လွှင့်မှုဌာနက ညီအစ်ကို ဒေးဗစ် အခုလို ရှင်းပြတယ်– “ကျွန်တော်တို့ ငှားတဲ့ နေရာအတော်များများမှာ ခြောက်နာရီကြာအောင် ဆက်တိုက် အသံထုတ်လွှင့်ပေးနိုင်မယ့် စနစ်မျိုး မရှိကြဘူး။ ဥပမာအနေနဲ့ အားကစားပြိုင်ပွဲရုံတွေဆိုရင် ကြေညာချက်တွေ၊ သီချင်းတွေလောက်ပဲ ခဏ ထုတ်လွှင့်တတ်ကြတာ။ သူတို့သုံးတဲ့ ဖန်သားပြင်ကလည်း ဘောလုံးပွဲ အမှတ်စဉ်တွေ၊ ကြော်ငြာတွေ၊ ပွဲစဉ်ပြကွက်တွေကို ပြသဖို့လောက်ပဲ။ ကျွန်တော်တို့ကျတော့ ဗီဒီယိုတွေ ပြရတယ်၊ စင်ပေါ်က ဟောလိုက်တဲ့ စကားလုံးတိုင်းကို သဲသဲကွဲကွဲ ကြားဖို့ လိုတယ်။”

 အစည်းအဝေးကြီးကျင်းပတဲ့ အဆောက်အအုံတွေ တစ်ခုနဲ့တစ်ခု မတူကြဘူး။ တစ်ခုချင်းစီနဲ့ ကိုက်ညီမယ့် ရုပ်သံစနစ်မျိုး ရွေးချယ်ရတယ်။ ဌာနခွဲရဲ့ ရုပ်သံထုတ်လွှင့်မှုဌာနဟာ အစည်းအဝေးကြီး ကျင်းပမယ့် နေရာကို ရွေးချယ်လို့ပြီးတာနဲ့ ခန်းမမှာ ဘယ်နှယောက်ဆံ့သလဲ၊ တက်ရောက်သူ ခန့်မှန်းခြေ ဘယ်လောက်ရှိမလဲဆိုတာ ကြည့်ပြီး ပရိသတ်တွေ ထိုင်မယ့်နေရာကို ရွေးချယ်ပါတယ်။ နေရာအပေါ် မူတည်ပြီး အသံချဲ့စက်တွေ၊ ဗီဒီယိုဖန်သားပြင်တွေကို ဘယ်နေရာမှာ တပ်ဆင်မလဲ၊ ကြိုးတွေဘယ်လို သွယ်မလဲ ထပ်စဉ်းစားတယ်။ ပြီးတာနဲ့ အစီအစဉ်ကို လူတိုင်း ကြည်ကြည်လင်လင် မြင်ရ၊ ကြားရနိုင်ဖို့ ဘယ်စက်ကိရိယာတွေ တပ်ဆင်မလဲဆိုတာ စာရင်းပြုစုတယ်။

ဒေသခံ ရုပ်သံထုတ်လွှင့်မှုဌာနက ညီအစ်ကိုတွေဟာ အသေအချာဆွဲထားတဲ့ အစီအစဉ်ဇယားအတိုင်း လုပ်ဆောင်နေကြ

 ဘာသာစကားတစ်ခုထက်မက ကျင်းပရတဲ့ အစည်းအဝေးကြီးမျိုးဆိုရင် ရုပ်သံစနစ် ပိုလို့တောင် ရှုပ်ထွေးသေးတယ်။ ဟောပြောချက်တွေ ဘာသာပြန်တဲ့အခါ အရင်ဆုံး ဟောပြောသူကို ဘာသာပြန်တွေ မြင်ရ၊ ကြားရနိုင်အောင် စီစဉ်ပေးတယ်၊ ပြီးမှ သတ်မှတ်ထားတဲ့ ရေဒီယိုလိုင်းကတစ်ဆင့် သက်ဆိုင်ရာ ပရိသတ်တွေဆီ ထုတ်လွှင့်ပေးပါတယ်။ အထူး မီဒီယာပြစက်တွေကြောင့် အစည်းအဝေးကြီး အစီအစဉ်တွေကို ဘာသာစကား ရှစ်မျိုးနဲ့တောင် ပရိသတ်တွေ တစ်ပြိုင်တည်း ကြည့်ရှုနိုင်ကြတယ်။ “ဒီစနစ်တွေ တော်တော်လေး ရှုပ်ထွေးတယ်။ ကူညီပေးတဲ့ စက်ကိုင်ညီအစ်ကိုတွေကိုလည်း အများကြီး လေ့ကျင့်ပေးရတယ်” ဆိုပြီး ညီအစ်ကို ဒေးဗစ် ပြောပြတယ်။

 ဌာနခွဲအတော်များများမှာ ကိုယ်ပိုင် ရုပ်သံစက်ကိရိယာ ရှိကြပြီး နှစ်တိုင်း ပြန်ပြန်အသုံးပြုတယ်။ ဒီစက်ကိရိယာတွေကို အစည်းအဝေးကြီးတစ်ခုပြီးတာနဲ့ နောက်နေရာမှာ ကျင်းပမယ့် အစည်းအဝေးကြီးမှာ အသုံးပြုဖို့ ပို့ပေးတယ်။ အမေရိကန်ဌာနခွဲတစ်ခုတည်းနဲ့တင် တစ်နှစ်တစ်နှစ်ကို စက်ကိရိယာ ပို့ဆောင်ခ ဒေါ်လာ ၂၀၀,၀၀၀ a ကုန်ကျတယ်။ ဒီလို တစ်မြို့ပြီးတစ်မြို့ ပို့ဆောင်တာက အသစ် ဝယ်တာ၊ ပြုပြင်ထိန်းသိမ်းရတာနဲ့ ယှဉ်ရင် ပိုအကုန်ကျ သက်သာတယ်။ ကနေဒါ အစည်းအဝေးကြီးတစ်ခုရဲ့ ရုပ်သံဌာန ကြီးကြပ်ပေးသူ ညီအစ်ကို စတီဗင် အခုလို ပြောတယ်– “ကျွန်တော်တို့ရဲ့ ရုပ်သံအဖွဲ့က စက်ပစ္စည်းရဲ့ အပိုင်းအစတိုင်း၊ ကြိုး၊ စကူ၊ မူလီကအစ တစ်ခုတလေမှ မကျန်ရအောင် ရေတွက်၊ စစ်ဆေးပြီး နောက်တစ်နေရာမှာ ကျင်းပမယ့် အစည်းအဝေးကြီးအတွက် အဆင်သင့်ဖြစ်အောင် သေသေချာချာ ထုပ်ပိုးပေးပါတယ်။”

စက်ကိရိယာ ဝယ်ယူ၊ ထိန်းသိမ်းခြင်း

 ရုပ်သံလွှင့် စက်ပစ္စည်းကိရိယာတွေကို ငှားရမ်းမယ်ဆိုရင် စျေးသိပ်ကြီးတယ်။ ဒါတောင် အရည်အသွေး သိပ်မကောင်းတဲ့အပြင် ပုံမှန် ပြုပြင်ထိန်းသိမ်းတာမျိုးလည်း မရှိဘူး။ ဒီအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူတာ များတယ်။ အလျား ၁၆ ပေ၊ အနံ ၁၀ ပေ ရှိတဲ့ LED တီဗွီကြီးတစ်လုံးရဲ့ လက်ရှိပေါက်စျေးက ဒေါ်လာ ၂၄,၀၀၀ လောက် ရှိနေပြီ။ ပေ ၅၀ ပဲရှိတဲ့ မိုက်ခရိုဖုန်းကြိုးတောင် ဒေါ်လာ ၂၀ ရှိတယ်။ ဒါကြောင့် ရုပ်သံထုတ်လွှင့်မှုဌာနဟာ စက်ပစ္စည်းတစ်ခုခု မဝယ်ခင် အဝယ်တော်ဌာနနဲ့ အရင်တိုင်ပင်ပြီး “ကုန်ကျစရိတ်ကို တွက်ချက်” ပါတယ်။ (လုကာ ၁၄:၂၈) ဥပမာ၊ ဒီစက်ပစ္စည်းကို ဝယ်လိုက်လို့ လူဘယ်နှယောက် အကျိုးရမလဲ။ အသစ် ဝယ်လိုက်တာဟာ အကောင်းဆုံးဖြေရှင်းနည်းလား။ သိမ်းဖို့ နေရာကောင်းကော ရှိသလား။ ဒီစက်ပစ္စည်းကို ထိန်းသိမ်းဖို့ ကိရိယာတွေ ရှိသလား၊ ပြုပြင်ပေးနိုင်မယ့် ညီအစ်ကိုတွေ ရှိသလား ဆိုတာ ထည့်တွက်ရတယ်။

 ရုပ်သံလွှင့် စက်ပစ္စည်းတွေ ကြာရှည်ခံဖို့ဆိုရင် ပုံမှန် စစ်ဆေး၊ ပြုပြင်ပေးရပါတယ်။ ဒါမှ အလှူငွေ ချွေတာနိုင်မှာ။ တစ်နေရာနဲ့ တစ်နေရာ ပို့ဆောင်တဲ့အခါ လမ်းမှာ မပျက်စီးအောင် အကြမ်းခံသေတ္တာတွေလည်း အသုံးပြုတယ်။ ဒီသေတ္တာတွေကိုလည်း ပုံမှန် ပြုပြင်ထိန်းသိမ်းပေးဖို့ လိုတယ်။

ရုပ်သံလွှင့် စက်ပစ္စည်းတွေ ကြာရှည်ခံဖို့ ပုံမှန် ပြုပြင်ထိန်းသိမ်းပေးဖို့ လိုအပ်

ကောင်းမွန်တဲ့ သက်သေခံချက်၊ ကြည်လင်ပြတ်သားတဲ့ အစီအစဉ်

 ယေဟောဝါသက်သေမဟုတ်သူတွေဟာ အစည်းအဝေးကြီး ရုပ်သံထုတ်လွှင့်မှု အရည်အသွေးတွေကို ကြည့်ပြီး အံ့သြတတ်ကြတယ်။ ဥပမာ၊ ကမ္ဘာ့ထိပ်တန်း ရုပ်သံထုတ်လွှင့်မှုဌာနတစ်ခုမှာ အလုပ်လုပ်သူတစ်ယောက် အစည်းအဝေးကြီးတက်ပြီးနောက် ဗီဒီယိုအစီအစဉ်တွေ၊ ရုပ်သံထုတ်လွှင့်မှု အရည်အသွေးနဲ့ပတ်သက်ပြီး ချီးမွမ်းသွားတယ်။ “ကျွန်တော်တို့ အဖွဲ့ထဲမှာ ပညာရှင်တစ်ယောက်မှ မပါဘူး၊ အားလုံးက လုပ်အားပေးတွေပဲဆိုတာလည်း သိရော အံ့သြသွားတယ်။ ကျွန်တော်တို့ တစ်ရက်ခွဲနဲ့ တပ်ဆင်လို့ပြီးတဲ့အလုပ်ကို သူ့ကုမ္ပဏီသာဆို ငါးရက်တောင် အချိန်ပေးပြီး လုပ်ရမှာလို့ ပြောတယ်” လို့ ရုပ်သံလွှင့် စက်ပစ္စည်းတွေ တပ်ဆင်ပေးတဲ့ စက်ကိုင် ညီအစ်ကို ဂျော်နသန် ပြန်ပြောပြတယ်။ နောက်အစည်းအဝေးကြီးတစ်ခုရဲ့ အဆောက်အအုံ မန်နေဂျာ အခုလို ပြောတယ်– “ဒီနေရာကို ဂီတအနုပညာရှင်တွေ၊ ဗီဒီယိုကျွမ်းကျင်ပညာရှင်တွေ အများကြီး ငှားဖူးတယ်။ ဒါပေမဲ့ ခင်ဗျားတို့လောက် ကျွမ်းကျင်ပြီး အနုစိတ်ကျတဲ့ အဖွဲ့ မတွေ့ဖူးသေးဘူး။”

ညီအစ်ကို/မတွေ အစည်းအဝေးကြီးအစီအစဉ်ကို အာရုံစိုက်နားထောင်နေကြ

 သင်ကော အစည်းအဝေးကြီးရဲ့ ရုပ်သံစနစ်တွေကနေ အကျိုးခံစားနေရသလား။ အင်္ဂလန်နိုင်ငံမှာ နေထိုင်တဲ့ ညီအစ်ကို ဒေးဗစ်လိုပဲ ခံစားရနိုင်တယ်။ သူအခုလို ပြောတယ်– “ကျွန်တော့်အသက် ၈၈ နှစ်ရှိပြီ။ ဘဝတစ်လျှောက်လုံး အစည်းအဝေးကြီးတွေ တက်ခဲ့တာ မနည်းဘူး။ ဒါပေမဲ့ အစည်းအဝေးအစီအစဉ်ကို အရင်ထက် ပိုအာရုံစိုက်နိုင်တယ်။ သိပ်ကောင်းတဲ့ ဗီဒီယိုတွေကြောင့် သတင်းစကားကို ရှင်းရှင်းလင်းလင်း နားလည်နိုင်တယ်။ ကောင်းလွန်းလို့ အစီအစဉ်တစ်ခုလုံး ခဏလေးနဲ့ ပြီးသွားသလိုပဲ။” နိုင်ဂျီးရီးယားနိုင်ငံက ညီအစ်ကို မိုက်ကယ် အခုလို သတိပြုမိတယ်– “အသံ မသဲကွဲတာ၊ ဗီဒီယို မမြင်ရတာမျိုး မရှိတော့လို့ ညီအစ်ကိုတွေဟာ အာရုံပိုစိုက်နိုင်ကြတယ်၊ အာရုံမပျံ့လွင့်ကြတော့ဘူး။”

 ဒီနှစ်ရဲ့ “သတင်းကောင်း ဟောပါ” ခရိုင်နဲ့ အထူးအစည်းအဝေးကြီးတွေ တက်ရောက်တဲ့အခါ အစီအစဉ် ရှင်းရှင်းလင်းလင်း မြင်ရ၊ ကြားရနိုင်ဖို့ နောက်ကွယ်က လုပ်ဆောင်မှုတွေအကြောင်း အချိန်ခဏယူပြီး တွေးတောကြည့်ပါ။ သင်တို့ရဲ့ အလှူငွေတွေ၊ donate.pr418.com ကနေ ပေးလှူတာတွေကြောင့် ဒီလို ဖြစ်မြှောက်လာတာပါ။ ကျေးဇူးတင်ပါတယ်။

a ဒီဆောင်းပါးမှာပါတဲ့ ဒေါ်လာပမာဏတွေက အမေရိကန်ဒေါ်လာကို ရည်ညွှန်းတယ်။