အလှူငွေတွေကို အသုံးပြုပုံ
ပိုလျှံရာတွေက ချို့တဲ့မှုကို ဖြည့်ဆည်းပေး
အောက်တိုဘာ ၁၊ ၂၀၂၀
ယေဟောဝါသက်သေတွေဟာ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ဘာသာရေးနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးနေပါတယ်။ ဒါပေမဲ့ အဲဒီထဲက ၃၅ နိုင်ငံလောက်ပဲ ကိုယ်ပိုင်အလှူငွေနဲ့ ရပ်တည်နိုင်ကြတယ်။ ဆင်းရဲတဲ့ နိုင်ငံ၊ အလယ်အလတ် နိုင်ငံတွေမှာကော ဘယ်လို ရပ်တည်နေကြသလဲ။
ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ယေဟောဝါသက်သေတွေ ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်တွေမှာ ဆက်ပါဝင်နိုင်အောင် ဘာတွေများ လိုအပ်နေလဲဆိုတာ အုပ်ချုပ်ရေးအဖွဲ့က စဉ်းစားသုံးသပ်ပါတယ်။ ရရှိတဲ့ ရန်ပုံငွေတွေကို ဂရုတစိုက် အသုံးပြုကြတယ်။ ဌာနခွဲတစ်ခုက မိမိတို့ဒေသအတွက် ရန်ပုံငွေ ပိုပိုလျှံလျှံ ရရှိတဲ့အခါ တခြားနိုင်ငံတွေရဲ့ လိုအပ်ရာကို ဖြည့်ဆည်းပေးတယ်။ ဒါက “သာတူညီမျှဖြစ်ဖို့” အချင်းချင်း ကူညီပေးခဲ့ကြတဲ့ အစောပိုင်း ခရစ်ယာန်တွေရဲ့ စံနမူနာကို လိုက်နေခြင်းပါပဲ။ (၂ ကောရိန္သု ၈:၁၄) ခရစ်ယာန်ချင်းတွေရဲ့ ချို့တဲ့မှု၊ လိုအပ်ချက်တွေကို မိမိတို့ဆီက ပိုလျှံရာတွေနဲ့ ဖြည့်ဆည်းပေးခဲ့ကြတယ်။
တခြားဌာနခွဲတွေဆီက ပိုလျှံတဲ့ ရန်ပုံငွေကို လက်ခံရရှိတဲ့အခါ ညီအစ်ကိုတွေ ဘယ်လို ခံစားရသလဲ။ လူဦးရေ ထက်ဝက်ကျော်ဟာ တစ်နေ့ကို ၂ ဒေါ်လာတောင် မပြည့်တဲ့ ဝင်ငွေနဲ့ အသက်ဆက်နေရတဲ့ တန်ဇန်းနီးယားနိုင်ငံကို ကြည့်ရအောင်။ ရန်ပုံငွေ လက်ခံရရှိတဲ့အခါ မာဖင်ဂါအသင်းတော်က ဝတ်ပြုရာခန်းမကို ပြုပြင်မွမ်းမံကြတယ်။ “ခန်းမ ပြုပြင်မွမ်းမံပြီးကတည်းက အစည်းအဝေး တက်ရောက်သူ သိသိသာသာ များလာတယ်။ ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့ ညီအစ်ကိုအသင်းအပင်းရဲ့ ရက်ရောမှုကြောင့် လှပတင့်တယ်တဲ့ ခန်းမမျိုးမှာ ကျွန်တော်တို့ ဝတ်ပြုစည်းဝေးနိုင်ပြီ ဖြစ်လို့ အင်မတန် ကျေးဇူးတင်ပါတယ်” လို့ ရေးတယ်။
ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် သီရိလင်္ကာက ညီအစ်ကို/မတချို့ အစားအစာပြတ်လပ်မှု ကြုံခဲ့ရတယ်။ ညီအစ်မ အင်မရာ ဖာနန်ဒိုနဲ့ သားငယ် အီနောရှ်တို့လည်း အဲဒီလို ကြုံခဲ့ရတယ်။ ဒါပေမဲ့ တခြားနိုင်ငံတွေ ပေးပို့တဲ့ အလှူငွေကြောင့် ကယ်ဆယ်ရေး အထောက်အပံ့တွေ ရခဲ့ကြတယ်။ ကတ်လေးတစ်ခုမှာ သားအမိနှစ်ယောက် ဒီလိုရေးတယ်– “အခုလို အခက်အခဲ ကြုံချိန်မှာ ကျွန်မတို့အပေါ် မေတ္တာပြကြတဲ့ ညီအစ်ကို/မတွေကို ကျေးဇူးတင်ပါတယ်။ ဒီမိသားစုအဝင် ဖြစ်ရလို့ ဝမ်းသာမဆုံးပါဘူး။ ဒီနောက်ဆုံးကာလအတောအတွင်း ညီအစ်ကို/မအားလုံးကို ကူညီထောက်မပေးဖို့ ယေဟောဝါဆီ ဆုတောင်းလျက်ပါ။”
နေရာဒေသမရွေးက ညီအစ်ကို/မတွေဟာ ကိုယ့်မှာ ရှိတာလေးကို ဝေမျှချင်စိတ် ရှိကြတယ်။ အီနောရှ်ကိုယ်တိုင် စုဘူးလေးတစ်လုံး ထားတယ်။ လိုအပ်တဲ့ မိသားစုတွေကို ကူညီပေးနိုင်ဖို့ပါ။ မက္ကဆီကိုနိုင်ငံက ဂွာတာလူပေ အဲဗရိဇ်ဆိုတဲ့ ညီအစ်မလည်း အဲဒီလို စိတ်စေတနာမျိုး ရှိတယ်။ ဝင်ငွေအနိမ့်ဆုံးသူတွေ၊ ပျံကျ လုပ်ကိုင်စားသောက်သူတွေ ရှိတဲ့ဒေသမှာ နေထိုင်ပေမဲ့ ညီအစ်မက တတ်နိုင်သလောက် ပေးလှူတယ်။ “ယေဟောဝါရဲ့ ကောင်းမြတ်ခြင်းနဲ့ ခိုင်မြဲတဲ့ မေတ္တာအတွက် သိပ်ကျေးဇူးတင်တယ်။ ကျွန်မရဲ့ အလှူငွေကို တခြားသူတွေရဲ့ အလှူငွေနဲ့ ပေါင်းပြီး လိုအပ်နေသူတွေကို ကူညီပေးမယ်ဆိုတာ ကျွန်မ သိတယ်” လို့ သူ ရေးတယ်။
ဌာနခွဲရုံးတွေလည်း လိုအပ်တဲ့ ဒေသကို ရန်ပုံငွေ ပေးပို့ရလို့ ပျော်ကြတယ်။ ဘရာဇီးနိုင်ငံက ဌာနခွဲ ကော်မတီဝင် အန်ထိုနီ ကာဗာလူ အခုလို ပြောတယ်– “တခြားနိုင်ငံတွေရဲ့ ငွေကြေးအထောက်အပံ့ကို ကျွန်တော်တို့ နှစ်အတော်ကြာကြာ ယူခဲ့ရတယ်။ ရရှိတဲ့ အကူအညီကြောင့် လုပ်ငန်း အကြီးအကျယ် တိုးတက်လာတယ်။ အခုတော့ တခြားနိုင်ငံတွေကို ပြန်ကူညီပေးခွင့် ရလာပါပြီ။ ညီအစ်ကိုတွေက ယေရှုနောက်လိုက်အဖြစ် ကမ္ဘာချီ အတိုင်းအတာနဲ့ ဆောင်ရွက်နေတဲ့ ဟောပြောခြင်းလုပ်ငန်းကို တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီချင်ကြတယ်။”
ယေဟောဝါသက်သေတွေက လိုအပ်နေတဲ့ ညီအစ်ကို/မတွေကို ဘယ်လိုနည်းနဲ့ ကူညီပေးကြသလဲ။ တခြားဌာနခွဲတွေဆီ တိုက်ရိုက် ငွေပို့ပေးတာမျိုး မလုပ်ဘဲ ကမ္ဘာချီလုပ်ငန်းအတွက် လှူဒါန်းကြတယ်။ “ကမ္ဘာချီလုပ်ငန်းအတွက်” ဆိုတဲ့ အသင်းတော် အလှူငွေပုံးမှာ ထည့်ဝင်နိုင်တယ်။ ဒါမှမဟုတ် donate.pr418.com ကတစ်ဆင့် လှူဒါန်းနိုင်တယ်။ အခုလို လှူဒါန်းကြတာကို ကျေးဇူးတင်လေးမြတ်ပါတယ်။