မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အလှူငွေတွေကို အသုံးပြုပုံ

ယေရှုရဲ့ အမှုဆောင်လုပ်ငန်း ဇာတ်လမ်း—ရိုက်ကွင်း နောက်ကွယ်

ယေရှုရဲ့ အမှုဆောင်လုပ်ငန်း ဇာတ်လမ်း—ရိုက်ကွင်း နောက်ကွယ်

အောက်တိုဘာ ၁၊ ၂၀၂၄

 ယေဟောဝါသက်သေတွေ တစ်နှစ်တာလုံး စောင့်မျှော်ခဲ့ရတဲ့ နေ့ကတော့ ယေရှုရဲ့ အမှုဆောင်လုပ်ငန်း ဇာတ်လမ်း အပိုင်း ၁ ထွက်လာမယ့် နေ့ပါပဲ။ ဇာတ်လမ်း အပိုင်း ၁ ကို သန်းနဲ့ချီတဲ့သူတွေ ကြည့်ပြီးကြပြီ။ ဒါဟာ အပိုင်း ၁၈ ခုထဲက ပထမ အပိုင်းပဲ ရှိသေးတာ။ ဒီဇာတ်လမ်းတွဲ ဖြစ်လာဖို့ နောက်ကွယ်ကနေ ညီအစ်ကို၊ ညီအစ်မတွေ ဘယ်လို ထောက်မကူညီပေးနေကြသလဲ။ သင့်အလှူငွေက ဘယ်လို ပံ့ပိုးပေးနေသလဲ။

ရိုက်ကူးရေးအဖွဲ့ရဲ့ လိုအပ်ရာတွေကို ထောက်မပေး

 ယေရှုဇာတ်လမ်း ဇာတ်ဝင်ခန်း အများစုကို ဩစတြေးလျအေးရှား ဌာနခွဲမှာ ရိုက်ကူးပါတယ်။ a ရိုက်ကွင်းမှာ လူ ၅၀ ကနေ ၈၀ ကြား အမြဲရှိနေတတ်တယ်။ သူတို့အတွက် နေ့လယ်စာ၊ ညစာနဲ့ အဆာပြေမုန့်တွေ စီစဉ်ပေးပါတယ်။ ဒါကို အချိန်အတော်ကြာ ကြိုတင် ဇယားဆွဲ ပြင်ဆင်ရတာပါ။ အစားအသောက်ဌာနက ညီအစ်မ အက်စတာ အခုလို ရှင်းပြတယ်– “လတ်ဆတ်တဲ့ အသားငါးတွေကို အချိုသာဆုံး စျေးနဲ့ရဖို့ အပြင်ကုမ္ပဏီအမျိုးမျိုးကနေ မှာယူတယ်။ အစားအစာတွေ အလဟဿမဖြစ်အောင်လည်း ဂရုစိုက်တယ်။” တစ်ရက်ကို လူတစ်ယောက် လေးဒေါ်လာ (အမေရိကန်) နှုန်းနဲ့ ပြင်ဆင်ချက်ပြုတ်ပေးပါတယ်။

 ရိုက်ကူးရေးအဖွဲ့ဟာ အစားအစာအပြင် အကာအကွယ်လည်း လိုအပ်တယ်။ နေပူဒဏ်ကနေ ကာကွယ်ပေးဖို့ပါ။ ဩစတြေးလျနိုင်ငံမှာ ကောင်းကင် ကြည်လင်ပြီး ရာသီဥတုကောင်းပေမဲ့ ခရမ်းလွန်ရောင်ခြည် ပမာဏလည်း သိပ်မြင့်တယ်။ ခရမ်းလွန်ရောင်ခြည်နဲ့ နေပူဒဏ်ကနေ ကာကွယ်ဖို့ တဲတွေ ထိုးပေးတယ်၊ အပူဒဏ်ရှောင်နိုင်တဲ့ နေရာတွေ ပြင်ဆင်ပေးတယ်။ နေလောင်ကာ ခရင်မ်တွေ၊ ထီးတွေနဲ့ ရေဘူးတွေ အဆင်သင့် ထားပေးတယ်။ ရုပ်သံဝန်ဆောင်မှုဌာနက ညီအစ်ကို ကယ်ဗင် အခုလို ရှင်းပြတယ်– “ဒီအပိုင်းမှာ တာဝန်ယူ လုပ်အားပေးကြတဲ့ ညီအစ်ကို၊ ညီအစ်မ အများစုဟာ ပြင်ပနေ စေတနာ့ဝန်ထမ်းတွေပါ။ ရသမျှတာဝန်ကို နှိမ့်ချမှု ရှိရှိ၊ ပျော်ပျော်ရွှင်ရွှင် လုပ်ဆောင်ကြတာ။ သူတို့သာ မရှိရင် ဒီစီမံကိန်း ပြီးမြောက်နိုင်မှာ မဟုတ်ဘူး။”

ပြင်ပမှာ ရိုက်ကူးခြင်း

 ဌာနခွဲ မြေကွက်မှာ၊ စတူဒီယိုမှာ ရိုက်လို့ အဆင်မပြေတဲ့ ဇာတ်ဝင်ခန်းတွေကို အပြင်မှာ သွားရိုက်ကူးရတယ်။ ကျမ်းစာခေတ်က မြင်ကွင်းနဲ့တူအောင် ဓာတ်အားလိုင်း၊ လမ်းမ၊ အဆောက်အအုံတွေ မရှိတဲ့၊ လူသူကင်းဝေးတဲ့နေရာတွေဆီ သွားရောက် ရိုက်ကူးရပါတယ်။ ရိုက်ကူးရေးအဖွဲ့ရဲ့ ဝတ်စုံ၊ ဇာတ်ဝင်အသုံးအဆောင်နဲ့ ပစ္စည်းကိရိယာတွေကို ထုပ်ပိုးပြီး ရိုက်ကူးမယ့်နေရာဆီ ယူသွားတယ်။ အဲဒီမှာ နေရာတကျ ထားပေးတယ်။ တာဝန်ခံ ညီအစ်ကိုတစ်ယောက်က ရိုက်ကူးရေး မစခင် မီးစက်တွေ၊ သောက်ရေသန့်တွေ၊ အိမ်သာတွေ အဆင်သင့် ဖြစ်အောင် စီစဉ်ထားပေးတယ်။ ရိုက်ကူးရေးအဖွဲ့ဟာ ဒေသခံ ညီအစ်ကို၊ ညီအစ်မတွေရဲ့ အိမ်တွေ၊ နောက်တွဲယာဉ်တွေ၊ တည်းခိုခန်းတွေမှာ တည်းခိုကြတယ်။

ပြင်ပမှာ ရိုက်ကူးရတဲ့အခါ အခက်အခဲတွေ ရှိ

 အပြင်မှာ ရိုက်ကူးရတာ အချိန်ကုန်၊ ငွေကုန်တဲ့အပြင် လူပါပင်ပန်းတယ်။ ဒါကြောင့် ၂၀၂၃ ခုနှစ်မှာ အုပ်ချုပ်ရေးအဖွဲ့က အမေရိကန်ဒေါ်လာ ၂.၅ သန်း ရှိတဲ့ ဗီဒီယိုနံရံကြီး ဝယ်ဖို့ ခွင့်ပြုခဲ့တယ်။ ဒီဗီဒီယိုနံရံဟာ ရုပ်ထွက် သိပ်ကောင်းပြီး ဖန်သားပြင်မှာ ပေါ်တဲ့ အလင်းအမှောင်အတိုင်း အပြင်ကနေ မီးထိုးပေးတဲ့ စနစ်ရှိလို့ နေရာအစစ်မှာ ရိုက်ကူးထားသလို သဘာဝကျတယ်။ ဒီလိုနဲ့ အပြင်မှာ ရိုက်ကူးရတဲ့ ကုန်ကျစရိတ်တွေကို လျှော့ချနိုင်ခဲ့တယ်။ ဩစတြေးလျအေးရှား ဌာနခွဲကော်မတီဝင် ညီအစ်ကို ဒယ်ရန် အခုလို ရှင်းပြတယ်– “ဗီဒီယိုနံရံကြောင့် ရိုက်ကူးရေးအဖွဲ့ အရင်ကလောက် မပင်ပန်းတော့ဘူး။ ဇာတ်ဝင်ခန်းတွေကိုလည်း စိတ်ကြိုက်ဖြစ်တဲ့အထိ ပြန်ရိုက်နိုင်ပြီ။ နေဝင်ချိန် ဇာတ်ဝင်ခန်းတစ်ခုကို အပြင်မှာ ရိုက်ရင် မိနစ်ပိုင်းနဲ့ နေဝင်သွားမှာဖြစ်လို့ အချိန်ကိုလုပြီး ရိုက်ရတယ်။ ဗီဒီယိုနံရံ ရှိပြီဆိုတော့ နေဝင်ချိန် ဇာတ်ဝင်ခန်းကို လိုချင်တဲ့ပုံစံ မရမချင်း စိတ်ကြိုက်ရိုက်နိုင်ပြီ။”

ရိုက်ကူးရေး မစခင် အသစ်တပ်ဆင်ထားတဲ့ ဗီဒီယိုနံရံကို ချိန်ညှိ၊ စစ်ဆေးနေ

“ပေးဆပ်နေရတယ်လို့ကို မခံစားရဘူး”

 ယေရှုဇာတ်လမ်း အပိုင်းတိုင်းအတွက် သရုပ်ဆောင် ရာနဲ့ချီ အသုံးပြုတယ်။ ရိုက်ကူးရေးအဖွဲ့သားဆိုရင် ပိုတောင် များသေးတယ်။ ပံ့ပိုးပေးတဲ့ ဒီအစီအစဉ်တွေနဲ့ပတ်သက်ပြီး သူတို့တွေ ဘယ်လို ခံစားကြရသလဲ။

 စီမံကိန်းမှာ ပါဝင်ဖို့ ၄၃၅ မိုင် ဝေးတဲ့ မဲလ်ဘုန်းမြို့ကနေ လာတဲ့ ညီအစ်မ အမ်ဘာ အခုလို ရေးတယ်– “လေဆိပ် ရောက်တဲ့အချိန်က စပြီး ဗေသလညီအစ်ကိုတွေက ကျွန်မကို လိုလေသေးမရှိအောင် ဂရုစိုက်ပေးတယ်။ ဗေသလအိမ်သားတွေက နေ့လယ်စာစားဖို့၊ လက်ဖက်ရည်သောက်ဖို့ အခန်းခေါ်လည်တယ်။ ရိုက်ကွင်းမှာလည်း နေရမခက်အောင် ထားပေးတယ်၊ မေတ္တာပြတယ်။ ကောင်းချီးတွေ တောက်လျှောက် ခံစားရလို့ ကိုယ့်ကိုယ်ကိုယ် ပေးဆပ်နေရတယ်လို့ကို မခံစားရဘူး။”

 ထုတ်လုပ်ရေးအဖွဲ့က ညီအစ်ကို ဒဲရက် အခုလို ပြောတယ်– “စီမံကိန်း စကတည်းက တခြားဌာနတွေ ဝိုင်းဝန်းကူညီပေးကြတယ်။ ကိုယ့်အချိန်၊ ဥစ္စာ၊ ခွန်အား ပေးဆပ်ကြတဲ့ ညီအစ်ကို၊ ညီအစ်မတွေ ပတ်ပတ်လည်မှာ ရှိနေတာ ကျေးဇူးတင်စရာပါပဲ။ သူတို့တွေ သိပ်အားပေးတတ်တယ်၊ ကြင်နာတယ်၊ ကူညီဖို့ အသင့်ပဲ။ ကျွန်တော်တို့ အားလုံးကို ယေဟောဝါ ကောင်းချီးပေးနေမှန်း ထင်ရှားတယ်။ ယေဟောဝါဘုရားသခင်က အပြီးသတ်ရလဒ်ကိုရော၊ နောက်ကွယ်က လုပ်ဆောင်မှုအားလုံးကိုပါ ဂရုစိုက်ပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။”

 ဒီဗီဒီယို ဇာတ်လမ်းတွဲကို သင်တို့ရဲ့ အလှူငွေတွေ၊ donate.pr418.com ကနေ ပေးလှူမှုတွေနဲ့ ထုတ်လုပ်နေတာပါ။ ကျေးဇူးတင်ပါတယ်။

a ဩစတြေးလျအေးရှား ဌာနခွဲဟာ သြစတြေးလျနိုင်ငံနဲ့ တောင်ပစိဖိတ် ကျွန်းနိုင်ငံအတော်များများရဲ့ ဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်ပေးပါတယ်။ ဒီဌာနခွဲဟာ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ပြင်မှာ တည်ရှိတယ်။