မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အလှူငွေတွေကို အသုံးပြုပုံ

လက်ထဲက စာကြည့်တိုက်

လက်ထဲက စာကြည့်တိုက်

စက်တင်ဘာ ၁၊ ၂၀၂၁

 “ကျမ်းစာ စာပေတွေကို အီလက်ထရောနစ်ပုံစံနဲ့ ရလာမယ်လို့ ထင်မထားခဲ့ဘူး။” သင်ကော အဲဒီလို ယူဆဖူးပါသလား။ ၂၀၂၀ အုပ်ချုပ်ရေးအဖွဲ့ဆီက နောက်ဆုံးရသတင်း #၆ မှာ ပါတဲ့ ဂျက်ဖရီ ဂျက်ဆင်ရဲ့ အားရှိစရာ ဟောပြောချက်ထဲမှာ အဲဒီအကြောင်း ပါတယ်။ “JW Library မရှိဘဲ ဒီကပ်ရောဂါကာလကို ဘယ်လိုများ ကျော်ဖြတ်ကြမလဲဆိုပြီး ကျွန်တော်တို့ တွေးကောင်း တွေးမိကြမယ်။ အခုလို အဆင်သင့်ဖြစ်နိုင်အောင် နှစ်တွေတစ်လျှောက် ကျွန်တော်တို့အတွက် ယေဟောဝါ ပြင်ဆင်ပေးထားတယ်” လို့ သူ ပြောတယ်။

 ယေဟောဝါ ဘယ်လို ပြင်ဆင်ပေးသလဲ။ JW Library app ဖန်တီးဖို့ ဘာတွေ လုပ်ရသလဲ။ ပြုပြင်ထိန်းသိမ်းဖို့၊ အဆင့်မြှင့်ဖို့ ဘာတွေ လိုအပ်သလဲ။

အစ ကနဦး

 ၂၀၁၃၊ မေလမှာ အုပ်ချုပ်ရေးအဖွဲ့က ကမ္ဘာသစ်ဘာသာပြန် တည်းဖြတ်ကျမ်း ပါတဲ့ app ကို ဖန်တီးဖို့ ကမ္ဘာ့ဌာနချုပ် MEPS Programming ဌာနကို ညွှန်ကြားတယ်။ အဲဒီဌာနမှာ လုပ်ဆောင်တဲ့ ပေါလ် ဝီလီက “အဲဒီအချိန်အထိ app ထည့်ထားတဲ့ မိုဘိုင်း app တစ်ခုမှ မထုတ်သေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အဖွဲ့တစ်ခု ဖွဲ့လိုက်တယ်။ တချို့အလုပ်တွေ ခဏ ဆိုင်းထားလိုက်တယ်။ ဒီ app ကို ဒီဇိုင်းဆွဲ ထုတ်လုပ်ဖို့ တခြားဌာနတွေနဲ့ ပူးပေါင်းလုပ်ဆောင်တယ်။ ဆုလည်း တောင်းတယ်။ ယေဟောဝါအကူအညီနဲ့ ငါးလအကြာ နှစ်ပတ်လည် အစည်းအဝေးမှာ ဒီ app ကို ထုတ်ဝေနိုင်ခဲ့တယ်” လို့ ပြောတယ်။

 နောက်အခက်အခဲက ဒီ app ကို စာပေတွေ၊ ဘာသာစကားတွေ အများကြီး ပါတဲ့ library ဖြစ်အောင် လုပ်ဖို့ပါပဲ။ ၂၀၁၅၊ ဇန်နဝါရီမှာ အင်္ဂလိပ်လို စာပေအများစုကို app မှာ ရနိုင်ပြီ။ နောက်ခြောက်လအကြာ စာပေတွေကို နောက်ထပ်ဘာသာစကားများစွာနဲ့ ဒေါင်းလုတ်ဆွဲနိုင်ပါပြီ။

 အဲဒီအချိန်ကစပြီး ညီအစ်ကိုတွေက app ကို နည်းအမျိုးမျိုးနဲ့ အဆင့်မြှင့်တင်ကြတယ်။ ဗီဒီယိုတွေ ထပ်ဖြည့်တယ်။ အသင်းတော် အစည်းအဝေးမှာ သုံးတဲ့ စာပေတွေကို tab တစ်ခုတည်းအောက်မှာ စုစည်းလိုက်တယ်။ ကျမ်းစာအခန်းငယ်ကနေပဲ လေ့လာမှုလမ်းညွှန် အညွှန်းတွေ ရှာလို့ ရအောင် လုပ်တယ်။

Library ကို ဆက်ပြုပြင်ထိန်းသိမ်းခြင်း

 JW Library ကို ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာတို့နဲ့ ဝင်ရောက်ကြည့်ရှုမှုပေါင်း တစ်နေ့ကို ရှစ်သန်း၊ လစဉ် ၁၅ သန်းကျော် ရှိတယ်။ စက်တွေမှာ ဒီ app ကို အဆင်ပြေပြေ ဆက်လည်ပတ်လုပ်ဆောင်စေဖို့ ဘာတွေ လိုအပ်သလဲ။ “မိုဘိုင်း app တစ်ခု အချောသတ် ပြီးစီးပြီလို့ ဘယ်တော့မှ ပြောလို့ မရဘူး။ အသွင်အပြင်သစ်တွေ ထပ်ဖြည့်ရသလို သုံးရ ပိုလွယ်အောင် အမြဲ လုပ်နေရတယ်။ ဒီဂျစ်တယ် စက်ပစ္စည်းတွေအတွက် စီပွားရေးလုပ်ငန်းသုံး စနစ်တွေ မကြာခဏ အပ်ဒိတ်လုပ်နေကြတော့ နောက်ဆုံးထုတ် စနစ်တွေနဲ့ ကိုက်အောင် ကျွန်တော်တို့ရဲ့ app ကို အမြဲ ပြုပြင်ရတယ်။ JW Library မှာ စာပေတွေ၊ အသံသွင်းထားရာတွေကို ပိုများများ ရနိုင်လာတာနဲ့အမျှ ဆော့ဖ်ဝဲကို ဆက်ထိန်းသိမ်း၊ အဆင့်မြှင့်တင်ဖို့ လုပ်ဆောင်ရတယ်” လို့ ညီအစ်ကို ဝီလီ ပြောတယ်။ JW Library မှာ ဘာသာစကား အားလုံးပေါင်းရင် စာပေ ၂၀၀,၀၀၀၊ အော်ဒီယိုနဲ့ ဗီဒီယို ၆၀၀,၀၀၀ ကျော် ရနိုင်ပြီ။

 ဒီ app ကို ဆက်ထောက်ပံ့နိုင်ဖို့ ကွန်ပျူတာဟာ့ဒ်ဝဲတွေ ပိုလိုအပ်နေတယ်။ ဆော့ဖ်ဝဲ လိုင်စင်တွေလည်း ဝယ်ရမယ်။ တစ်နှစ်ကို လိုင်စင်ကြေးတစ်ခုတည်းအတွက် ယူအက်စ် ဒေါ်လာ ၁,၅၀၀ ကုန်ကျတယ်။ ဒါ့အပြင် နှစ်စဉ် အသစ်ထုတ်လုပ်တဲ့ ကွန်ပျူတာ၊ တက်ဘလက်၊ ဖုန်းတွေမှာလည်း ဒီ app ကို ဆက်ပြီး အဆင်ပြေပြေ သုံးနိုင်ဖို့ MEPS Programming က နှစ်စဉ် ယူအက်စ် ဒေါ်လာ ၁၀,၀၀၀ အကုန်အကျခံ လုပ်ဆောင်တယ်။

လှူဒါန်းငွေတွေကို ချွေတာတဲ့ ကူးယူမှုများ

 စာအုပ်တွေ ပုံနှိပ်ဖို့၊ စာအုပ်ချုပ်ဖို့၊ ထုတ်ပို့ဖို့ သုံးတဲ့ အကုန်အကျတွေလည်း JW Library ကြောင့် အလွန် သက်သာသွားတယ်။ ဥပမာ၊ နေ့စဉ်ကျမ်းချက် စာအုပ်ငယ်ကို သုံးသပ်ကြည့်ပါ။ ၂၀၁၃—ကျမ်းစာကို နေ့စဉ် ဆန်းစစ်ခြင်း စာအုပ်ရေ ၁၂ သန်း ပုံနှိပ်ခဲ့တယ်။ ဒါပေမဲ့ ၂၀၂၀ မှာ ကြေညာသူ ၇၀၀,၀၀၀ ကျော် တိုးများလာပေမဲ့ အုပ်ရေ ငါးသန်းလောက်ပဲ ပုံနှိပ်ရတယ်။ ဘာကြောင့်လဲ။ ညီအစ်ကို/မ အများစုက JW Library မှာ နေ့စဉ်ကျမ်းချက်ကို ဖတ်နေကြပြီ ဖြစ်လို့ပါ။ a

“သိပ်အဖိုးတန်တယ်”

 JW Library က နည်းအမျိုးမျိုးနဲ့ အကူအညီ ဖြစ်စေတယ်။ ကနေဒါမှာ နေတဲ့ ဂျန်နဗီက ဒီ app ကြောင့် လေ့လာမှုတွေ ပုံမှန် လုပ်ဖြစ်တယ်လို့ ခံစားရတယ်။ “ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် လေ့လာဖို့ စာအုပ်တွေကို စုနေရမယ်ဆိုရင် မနက်တိုင်း လေ့လာဖြစ်မယ် မထင်ဘူး။ ဒါပေမဲ့ ဒီ app ရှိထားတော့ တက်ဘလက်ကို ယူလိုက်ရုံပဲ။ လိုတာအကုန် အဲဒီထဲမှာ ရှိတယ်။ ဒီလို ပုံမှန် လေ့လာတာက ယုံကြည်ခြင်း ခိုင်ခံ့စေပြီး ဘုရားနဲ့ ပိုရင်းနှီးစေတယ်” လို့ သူ ပြောတယ်။

ဂျန်နဗီ

 ဒီ app က အထူးသဖြင့် ဒီကပ်ရောဂါကာလမှာ အလွန် အကူအညီ ဖြစ်စေတယ်။ အမေရိကန် ပြည်ထောင်စုမှာ နေတဲ့ ရှာလင်က “တစ်ကမ္ဘာလုံး ကိုဗစ်-၁၉ ပြန့်နေတော့ ပုံနှိပ်စာအုပ်သစ်တွေ မရတာ တစ်နှစ်ကျော်ပြီ။ ဒါပေမဲ့ JW Library မှာတော့ အသစ်တွေ ဝင်လာမစဲ တသဲသဲပဲ။ ဒီလို မေတ္တာပါ ပြင်ဆင်မှုအတွက် ယေဟောဝါကို ကျေးဇူးတင်တယ်” လို့ ပြောတယ်။

 လူများစွာက ဖိလစ်ပိုင်မှာ နေတဲ့ ဖေးလို ခံစားရတယ်။ “ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေဖို့ အစွမ်းထက်တဲ့ ဒီ app ကို ကျွန်မ သုံးနေတယ်။ မနက် အိပ်ယာထရင် အရင်ဆုံး ဖွင့်ကြည့်ဖြစ်တယ်။ အိမ်မှုကိစ္စတွေ လုပ်ရင်း နားထောင်ဖြစ်တယ်။ အစည်းအဝေးအတွက် ပြင်ဆင်တဲ့အခါ သုံးတယ်။ ကျမ်းစာသင်အံမှုအတွက် ပြင်ဆင်တဲ့အခါ သုံးတယ်။ အားတဲ့အချိန် ဗီဒီယိုတွေ ဖွင့်ကြည့်တယ်။ တန်းစီစောင့်ဆိုင်းချိန်တွေမှာ ဆောင်းပါးဖြစ်ဖြစ်၊ ကျမ်းစာဖြစ်ဖြစ် ဖတ်တယ်။ သိပ်အဖိုးတန်တယ်” လို့ သူ ပြောတယ်။

 ဒီ app က အမှုဆောင်လုပ်ငန်းအတွက်လည်း အလွန် အဖိုးတန်တယ်။ ဥပမာ၊ ကင်မရွန်းက ညီအစ်မ တစ်ယောက် ဟောပြောချိန်မှာ လွန်ခဲ့တဲ့အပတ် အနည်းငယ်က ညီအစ်မ တစ်ယောက် သုံးခဲ့တဲ့ ကျမ်းချက်ကို သုံးချင်တယ်။ ဒါပေမဲ့ အခန်းငယ် ဘယ်လောက်လဲဆိုတာ မေ့နေတယ်။ “စကားစုကိုတော့ မှတ်မိတယ်။ ဒါနဲ့ app ကို ဖွင့်၊ ကျမ်းစာကို ထောက်၊ မှတ်မိနေတဲ့ စကားစုကို ရိုက်ထည့်ပြီး ရှာလိုက်တာနဲ့ ချက်ချင်းပဲ တွေ့သွားတယ်။ မေ့နေတဲ့ ကျမ်းချက် အတော်များများကို ဒီ app သုံးပြီး ရှာလို့ ရပြီ” ဆိုပြီး သူ ပြောတယ်။

 donate.pr418.com မှာ ပါတဲ့ နည်းလမ်းတွေကတစ်ဆင့် သင်တို့ ထည့်ဝင်တဲ့ အလှူငွေတွေကို ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေအတွက် JW Library app ဖန်တီးဖို့၊ ပြုပြင်ထိန်းသိမ်းဖို့၊ အဆင့်မြှင့်ဖို့ အသုံးပြုနေပါတယ်။ သင်တို့ရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်။

JW Library သမိုင်းမှတ်တိုင်များ

  1. ၂၀၁၃ အောက်တိုဘာ—ကမ္ဘာသစ်ဘာသာပြန် တည်းဖြတ်ကျမ်း ပါဝင်တဲ့ App ထွက်ရှိ

  2. ၂၀၁၅ ဇန်နဝါရီ—တခြားစာပေတွေကို အင်္ဂလိပ်အပြင် ဘာသာစကားများစွာနဲ့ ရရှိနိုင်

  3. ၂၀၁၅ နိုဝင်ဘာ—အရောင်ခြယ်တဲ့ အသွင်အပြင် ဖြည့်စွက်

  4. ၂၀၁၆ မေ—အစည်းအဝေး tab ဖြည့်စွက်

  5. ၂၀၁၇ မေ—မှတ်ချက်ယူခြင်း အသွင်အပြင် ဖြည့်စွက်

  6. ၂၀၁၇ ဒီဇင်ဘာ—လေ့လာမှုကျမ်းစာ အတွက် အထောက်အကူတွေ ထပ်ဖြည့်စွက်

  7. ၂၀၁၉ မတ်—အသံသွင်းထားရာတွေကို ကူးယူနိုင်မှု၊ ဗီဒီယိုတွေ တိုက်ရိုက် ကြည့်ရှုနိုင်မှုတွေကို အဆင့်မြှင့်တင်၊ လေ့လာမှုလမ်းညွှန် ထပ်ဖြည့်စွက်

  8. ၂၀၂၁ ဇန်နဝါရီ—ပျော်စရာဘဝ ထာဝရ စံစားကြ အသွင်အပြင်သစ်များ ထပ်ထည့်

a JW Library ကနေ ဒေါင်းလုတ် ဆွဲရတာ အကုန်အကျ ပိုသက်သာတယ်။ ပြီးခဲ့တဲ့နှစ်က jw.org ကနေ တိုက်ရိုက် ထုတ်လွှင့်မှုတွေ၊ ဒေါင်းလုတ်ဆွဲတာတွေ၊ JW Library app အတွက် ယူအက်စ်ဒေါ်လာ ၁.၅ သန်း ကုန်ကျတယ်။ ဒီဂျစ်တယ် စာပေတွေ၊ အသံသွင်းထားရာတွေကို ဒေါင်းလုတ်ဆွဲတာတွေက စာပေတွေ၊ CD တွေ၊ DVD တွေ ထုတ်လုပ်ပြီး ထုတ်ပို့တာထက် ပိုအကုန်အကျ သက်သာတယ်။