မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဂျပန်ဌာနခွဲ (ဘယ်) ကို ပြုပြင်မွမ်းမံဖို့၊ အင်ဂိုလာဌာနခွဲ (ညာ) ကို တိုးချဲ့ဖို့ များစွာလုပ်ဆောင်ခဲ့ရ

အလှူငွေတွေကို အသုံးပြုပုံ

သတင်းကောင်း ဝေမျှခြင်းကို အထောက်အကူပြုတဲ့ ဆောက်လုပ်ရေး

သတင်းကောင်း ဝေမျှခြင်းကို အထောက်အကူပြုတဲ့ ဆောက်လုပ်ရေး

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်

 အုပ်ချုပ်ရေးအဖွဲ့က ဘုရားနိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းကို အထောက်အကူပြုတဲ့ အဆောက်အအုံတွေ ဆောက်လုပ်ရာမှာ အလှူငွေတွေကို အသုံးပြုနေပါတယ်။ ဥပမာ၊ ၂၀၂၃ လုပ်ငန်းတော်နှစ်အတွင်း ယေဟောဝါသက်သေများရဲ့ ဌာနခွဲရုံးတွေ အသုံးပြုတဲ့ တရားဝင်အသင်းအဖွဲ့တွေက ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဝတ်ပြုရာခန်းမ၊ စည်းဝေးပွဲခန်းမတွေ ဝယ်ယူ၊ ဆောက်လုပ်၊ ပြုပြင်ထိန်းသိမ်းဖို့ ဒေါ်လာ သန်း ၅၀၀ ကျော် အသုံးပြုခဲ့တယ်။ a ဒီပမာဏထဲမှာ ကမ္ဘာတစ်ဝန်းက ဝတ်ပြုရာခန်းမတွေအတွက် အသုံးပြုတဲ့စရိတ်တွေ မပါသေးဘူး။

 ကမ္ဘာချီ သတင်းကောင်းဟောပြောခြင်းလုပ်ငန်းကို စီစဉ်ဖွဲ့စည်း၊ ထောက်မပေးတဲ့ ဌာနခွဲအဆောက်အအုံတွေ တည်ဆောက်၊ ထိန်းသိမ်းရာမှာလည်း အလှူငွေတွေကို အသုံးပြုနေပါတယ်။ အလှူငွေတွေကို ဝတ်ပြုရာခန်းမ၊ စည်းဝေးပွဲခန်းမတွေ ပြင်ဆင်ဆောက်လုပ်ရာမှာ အသုံးပြုနိုင်ဖို့ ဌာနခွဲရုံးအလုပ်တွေကို ရိုးရှင်းအောင် စီစဉ်ခဲ့တယ်။ ဒါတောင် ဌာနခွဲအဆောက်အအုံတွေ ပြုပြင်၊ ပြင်ဆင်၊ ပြောင်းရွှေ့ဆောက်လုပ်ဖို့ ငွေကြေးများစွာ လိုအပ်နေဆဲပဲ။ ဌာနခွဲဆောက်လုပ်ရေးတွေလုပ်ဖို့ ဘာကြောင့် အရေးကြီးတာလဲ။ ဌာနခွဲရုံးတွေက သတင်းကောင်းဟောပြောခြင်းကို ဘယ်လို ထောက်မပေးကြသလဲ။ ကြည့်ကြရအောင်။

“ပိုကြာကြာ သုံးနိုင်”

 ဌာနခွဲရုံးအတော်များများက အနှစ် ၃၀၊ ၄၀ သက်တမ်းရှိနေပြီ။ ကမ္ဘာချီ ဒီဇိုင်း/ဆောက်လုပ်ရေးဌာနက ညီအစ်ကို နီကိုလပ်စ် ဒီလိုရှင်းပြတယ်– “အဆောက်အအုံကို ကောင်းကောင်း ပြုပြင်ထိန်းသိမ်းရင်တောင် အချိန်ကြာလာရင် ယိုယွင်းပျက်စီးလာတာပဲ။ ပြုပြင်မွမ်းမံလိုက်တော့ ပိုကြာကြာ သုံးနိုင်တာပေါ့။”

 အဖွဲ့အစည်း လိုအပ်ချက်နဲ့အညီ ဗေသလအဆောက်အအုံတွေကို အလိုက်သင့် ပြောင်းလဲရတာလည်း ရှိတယ်။ ဌာနခွဲရုံးများစွာ ဆောက်လုပ်ပြီး နောက်ပိုင်းမှာ ကမ္ဘာတစ်ဝန်းက ကြေညာသူအရေအတွက် သိသိသာသာ တိုးများလာတယ်။ ဌာနခွဲရုံးတွေမှာ အလုပ်လုပ်မယ့် စေတနာ့ဝန်ထမ်းတွေလည်း ပိုလိုအပ်လာတယ်။ ဒါကြောင့် ဌာနခွဲရုံးတွေရဲ့အရွယ်အစားဟာ အရင်အချိန်အတွက် အနေတော်ဆိုပေမဲ့ အခုအချိန်အတွက်တော့ သေးသွားပြီ။

 နောက်အရေးကြီးတဲ့အချက်ကတော့ ဘေးကင်းရေးပါ။ နောက်ဆုံးကာလရဲ့ အဆုံးပိုင်းကို ရောက်လာတာနဲ့အမျှ အသက်အန္တရာယ်ထိခိုက်စေတဲ့ သဘာဝဘေးတွေ ပိုပိုများလာတယ်။ (လုကာ ၂၁:၁၁) ဆောက်လုပ်ရေးနည်းသစ်တွေ သုံးပြီး ပြုပြင်မွမ်းမံလိုက်တဲ့အခါ အဆောက်အအုံတွေ ပိုခိုင်ခံ့ဘေးကင်းလာတယ်။ ရလဒ်အနေနဲ့ သဘာဝဘေးတစ်ခု ဖြစ်ပွားတဲ့အခါ ညီအစ်ကိုတွေက ဒီအဆောက်အအုံတွေကို သုံးပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ စီစဉ်ဖွဲ့စည်းနိုင်တယ်၊ အမှုဆောင်လယ်ကွင်းက အလုပ်တွေကို ထောက်ပံ့ပေးနိုင်တယ်။

“ဒီဆုံးဖြတ်ချက်ကို ယေဟောဝါ ကောင်းချီးပေးခဲ့တယ်”

 အုပ်ချုပ်ရေးအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့အညီ ၂၀၂၃ လုပ်ငန်းတော်နှစ်အတွင်း ဌာနခွဲအဆောက်အအုံ ၄၃ ခုကို ဆောက်လုပ်ပြုပြင်ခဲ့တယ်။ ကမ္ဘာတစ်ဝန်းက ဗေသလအဆောက်အအုံ ထက်ဝက်နီးပါးကို ဆောက်လုပ်ပြုပြင်နေတယ် ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဆောက်လုပ်ရေးကြောင့် ရရှိခဲ့တဲ့ အကျိုးကျေးဇူးတချို့ကို လေ့လာကြည့်ပါ။

 အင်ဂိုလာ။ အင်ဂိုလာ ဌာနခွဲကော်မတီဝင် ညီအစ်ကို မတ် ဒီလိုပြောတယ်– “ဟဂ္ဂဲ ၂:၇ ကြိုဟောချက် အထူးနည်းနဲ့ ပြည့်စုံနေတာကို ကျွန်တော်တို့ မြင်တွေ့ခွင့်ရခဲ့တယ်။ ဆယ်နှစ်အတွင်း ကြေညာသူ ၆၀ ရာခိုင်နှုန်း တိုးတက်လာတာ။ ဒီတော့ ဗေသလမိသားစုရဲ့ အရေအတွက်လည်း သုံးဆ တိုးဖို့ လိုလာတယ်။ ဒါပေမဲ့ ဗေသလက သေးတော့ လာကူပေးမယ့်သူတွေကို လိုသလောက် မခေါ်နိုင်ခဲ့ဘူး။ ဗေသလအိမ်သားတွေ အလုပ်အများကြီး ပိုလုပ်ခဲ့ရတယ်၊ အချိန်ပိုတွေ ဆင်းခဲ့ရတယ်။”

ရုံးခန်းသစ်တွေ (ဘယ်) ကြောင့် အလုပ်လုပ်ရတာ ပိုတွင်ကျယ်လာ

 ဒါကြောင့် ဌာနခွဲ တိုးချဲ့ဖို့နည်းလမ်းတွေ ရှာကြဖို့ ညီအစ်ကိုတွေကို တာဝန်ပေးလိုက်တယ်။ ရှိပြီးသား ဌာနခွဲ အဆောက်အအုံကို ပြုပြင်မွမ်းမံတာက မြန်ဆန်မယ်၊ လက်တွေ့ကျမယ်လို့ ထင်ခဲ့ပေမဲ့ အသေအချာ ဆန်းစစ်လိုက်တော့ ပြုပြင်မွမ်းမံတာက အလှူငွေတွေကို အကောင်းဆုံးအသုံးပြုတဲ့ နည်းမဟုတ်မှန်း သိလာကြတယ်။ အဲဒီအစား အနီးနားက အဆောက်အအုံတစ်ခုကို ဝယ်ပြီး မွမ်းမံဖို့ ထောက်ခံကြတယ်။ “ရှိပြီးသား အဆောက်အအုံကို ဝယ်ပြီး မွမ်းမံမယ့်အစီအစဉ်ကို ဌာနခွဲကော်မတီဆီ တင်သွင်းကြတယ်။ ကိုယ်တိုင်ဆောက်တဲ့ အဆောက်အအုံလောက်တော့ အလုပ်ဖြစ်ပါ့မလားလို့ တွေးပူမိကြသေးတယ်။ ဒါပေမဲ့ အတော်လေး အလုပ်ဖြစ်မြောက်တာကို တွေ့နေရပါပြီ။ ဒီဆုံးဖြတ်ချက်ကို ယေဟောဝါ ကောင်းချီးပေးခဲ့တယ်” လို့ ညီအစ်ကို မတ်ပြောတယ်။

တိုးတက်လာတဲ့ လယ်ကွင်းလုပ်ငန်းကို ထောက်မကူညီပေးမယ့် စေတနာ့ဝန်ထမ်းတွေဟာ ဌာနခွဲမြေပေါ်မှာ ဆောက်ထားတဲ့ ယာယီလူနေအိမ်တွေမှာ နေထိုင်နိုင်ပြီဖြစ်

 နောက်ပိုင်းမှာ အင်ဂိုလာ ဌာနခွဲကို ထပ်တိုးချဲ့ဖို့ လိုလာနိုင်တယ်။ ဒါပေမဲ့ လောလောဆယ်တော့ ဝယ်ထားတဲ့ အဆောက်အအုံအသစ်၊ ဗေသလမြေပေါ်မှာ အသစ်ဆောက်ထားတဲ့ ယာယီလူနေအိမ်တွေနဲ့ ငှားထားတဲ့ တိုက်ခန်းတွေကို အသုံးပြုပြီး မြန်မြန်ဆန်ဆန်တိုးတက်နေတဲ့ အမှုဆောင်လယ်ကွင်းကို ဆက်လက်ထောက်မပေးနေပါတယ်။

အင်ဂိုလာ ဌာနခွဲစီမံကိန်းမှာ ညီအစ်မတွေ ပျော်ပျော်ပါးပါး ပါဝင်နေကြ

 ဂျပန်။ ပင်မဌာနခွဲအဆောက်အအုံတွေကို လွန်ခဲ့တဲ့ အနှစ် ၄၀ နီးပါးက ဆောက်လုပ်ခဲ့ပြီး တစ်ခါမှ အကြီးစားမွမ်းမံမှု မလုပ်ခဲ့ဖူးဘူး။ နှစ်တွေတစ်လျှောက် အဆောက်အအုံတွေကို ကြိုးကြိုးစားစား ပြုပြင်ထိန်းသိမ်းခဲ့ပေမဲ့ သုံးသင့်တဲ့သက်တမ်းထက် ပိုသုံးခဲ့လို့ အခုအချိန်မှာတော့ အကြီးစား ပြုပြင်မွမ်းမံဖို့ လိုနေပါပြီ။

 နှစ်တွေတစ်လျှောက် ဗေသလမှာလည်း အပြောင်းအလဲတွေ ရှိခဲ့တယ်။ ၂၀၁၅ ခုနှစ် မတိုင်ခင်က ဗေသလမိသားစုအတွက် အစားအစာ အနပ်တိုင်း ချက်ပြုတ်ပေးခဲ့တယ်။ ဒါကြောင့် ဗေသလလူနေခန်းတွေမှာ မီးဖိုချောင်နေရာက ကျဉ်းကျဉ်းလေးပဲ။ အခုတော့ ဗေသလအိမ်သားတွေ ကိုယ့်ဘာသာကိုယ် ချက်ပြုတ်ရတာ များတယ်။ ဒါကြောင့် အကြီးစားပြုပြင်မွမ်းမံမှု လုပ်တဲ့အခါ မီးဖိုချောင်တွေကို ချဲ့ပေးခဲ့တယ်။ ဗေသလအိမ်သားတွေ အခန်းထဲမှာ လွယ်လွယ်ကူကူ ချက်ပြုတ်နိုင်အောင်ပါ။ ဂျပန်ဗေသလမှာ အမှုဆောင်နေတဲ့ ညီအစ်မ ကူမီကို ဒီလိုပြောတယ်– “မီးဖိုချောင်ကို သုံးရတာ တော်တော်အဆင်ပြေလို့ ဗေသလရဲ့အစီအစဉ်အသစ်နဲ့အညီ အပြည့်အဝ ပူးပေါင်းလုပ်ဆောင်နိုင်ပြီ။”

ဗေသလမိသားစုအတွက် ပိုအသုံးတည့်တဲ့ မီးဖိုချောင်အသစ် (ညာ)

 ဂျပန်ဌာနခွဲမှာ လုပ်ဆောင်နေတဲ့ အလုပ်ဟာ ကမ္ဘာချီလုပ်ငန်းအတွက် အင်မတန်အရေးပါတယ်။ (မဿဲ ၂၈:၁၉၊ ၂၀) ကျမ်းစာတစ်အုပ်လုံးကို ပုံနှိပ်တဲ့ ဌာနခွဲနှစ်ခုထဲက တစ်ခုဟာ ဂျပန်ဌာနခွဲပါ။ ဒါကြောင့် ပုံနှိပ်စက်မှာ အလုပ်လုပ်တဲ့သူတွေ ဘေးကင်းစေဖို့ ဖြတ်စနဲ့အမှုန်တွေ စုသိမ်းတဲ့စက်ကို တပ်ဆင်ခဲ့တယ်။ အဲဒီစက်ကို ဝယ်ယူတပ်ဆင်ဖို့ ဒေါ်လာ တစ်သန်းနီးပါး ကုန်ကျတယ်။ ဒါပေမဲ့ ဒီစက်ရဲ့အကူအညီနဲ့ ဂျပန်ဌာနခွဲက ယုံကြည်ခြင်းခိုင်ခံ့စေတဲ့ ကျမ်းစာစာပေတွေနဲ့ ကျမ်းစာကို ဆက်လက် ပုံနှိပ်ထုတ်ပို့နိုင်ပါလိမ့်မယ်။

ပုံနှိပ်စက်မှာ အလုပ်လုပ်တဲ့သူတွေ ဘေးကင်းစေဖို့ ဖြတ်စနဲ့အမှုန်တွေ စုသိမ်းတဲ့စက်ကို တပ်ဆင်ခဲ့

 ဆောက်လုပ်ရေးကာလအတွင်း ကျမ်းစာ ဆက်ပုံနှိပ်နိုင်အောင် ညီအစ်ကိုတွေ သေချာစီစဉ်ကြတယ်။ ဂျပန်ဌာနခွဲကော်မတီဝင် ညီအစ်ကို ထရေး ဒီလိုပြောပြတယ်– “ဆောက်လုပ်ရေးကာလအတွင်း အဖွဲ့အစည်းက ဘာသာပြန်ကျမ်းတွေ ပိုထုတ်ဝေခဲ့တယ်။ ဒါကြောင့် ကမ္ဘာတစ်ဝန်းမှာ ကျမ်းစာအုပ်တွေ ပိုလိုလာတယ်။ စက်အသစ်တပ်ဆင်ဖို့၊ စာပေတွေ ဆက်ပုံနှိပ်နိုင်ဖို့ ဌာနအတော်များများနဲ့ရော ကန်ထရိုက်တာတွေနဲ့ပါ အသေအချာ ဇယားဆွဲပြီး ညှိနှိုင်းလုပ်ဆောင်ခဲ့ရတယ်။” ဒီလိုအခက်အခဲတွေအပြင် ပုံနှိပ်စက်မှာ အကြီးစားဆောက်လုပ်ရေးလုပ်ငန်း လုပ်ဆောင်နေစဉ်ကာလဖြစ်တဲ့ ၂၀၂၃၊ မတ်လကနေ ဩဂုတ်လအတွင်း လတိုင်း ကျမ်းစာအုပ်ရေ ၂၂၀,၀၀၀ နီးပါး ပုံနှိပ်ထုတ်ဝေနိုင်ခဲ့တယ်။ အပိုငွေ မကုန်ဘဲ အဲဒီအလုပ်အားလုံး ပြီးစီးခဲ့တာ။

 စွမ်းအင်ချွေတာခြင်းဟာလည်း အဆောက်အအုံ ပြုပြင်မွမ်းမံခြင်းရဲ့ အရေးကြီးကဏ္ဍတစ်ခုပဲ။ နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပြားတွေ အသစ်တပ်ဆင်မှာဖြစ်လို့ နှစ်တိုင်း စွမ်းအင်အတွက် ကုန်ကျငွေ ဒေါ်လာ ၁၂၀,၀၀၀ ချွေတာနိုင်မယ်။ စွမ်းအင် အကုန်အကျနည်းစေတဲ့ သုံးထပ်မှန်ပြတင်းပေါက်တွေ တပ်ဆင်မှာဖြစ်လို့ နှစ်တိုင်း နောက်ထပ် ဒေါ်လာ ၁၀,၀၀၀ ချွေတာနိုင်မယ်။ စွမ်းအင်ချွေတာစေတဲ့ ဆိုလာပြားတွေ၊ ပြတင်းပေါက်တွေ တပ်ဆင်လိုက်လို့ ကုန်ကျစရိတ် ပိုများပေမဲ့ ရေရှည်မှာ ဒေါ်လာ ၃.၅ သန်းကျော် ချွေတာနိုင်မယ့်အပြင် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှုနည်းစေပါလိမ့်မယ်။

စွမ်းအင်ချွေတာတဲ့ သုံးထပ်မှန်ပြတင်း

“လုပ်စရာတွေ အများကြီးရှိသေးတယ်”

 အမှုဆောင်လယ်ကွင်းရဲ့ လိုအပ်ချက်တွေကို ထောက်ပံ့ပေးဖို့ ဗေသလအဆောက်အအုံတွေကို ဘယ်လောက် ပြုပြင်ဖို့လိုတယ်ဆိုတာ ဒီဌာနခွဲနှစ်ခုရဲ့ စီမံကိန်းတွေက ဖော်ပြတယ်။ ဒါပေမဲ့ အလုပ်ပြီးသွားတယ်ရယ်လို့ မရှိပါဘူး။ “အလုပ်အများကြီး ပြီးမြောက်အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ လုပ်စရာတွေ အများကြီး ကျန်သေးတယ်” လို့ ကမ္ဘာချီ ဒီဇိုင်း/ဆောက်လုပ်ရေးဌာနက ညီအစ်ကို အေရွန် ပြောတယ်။ ဒီအလုပ် ဘယ်တော့ ပြီးမလဲ။ သူဒီလို ဆက်ပြောတယ်– “ဒီအရေးကြီးစီမံကိန်းတွေ ဖြစ်မြောက်ဖို့ ရက်ရက်ရောရော လှူဒါန်းသူတွေကိုရော စေတနာ့ဝန်ထမ်းအဖြစ် လိုလိုလားလား ပါဝင်လုပ်ဆောင်ခဲ့သူတွေ၊ ပါဝင်လုပ်ဆောင်ဖို့ ပြင်ဆင်နေတဲ့သူတွေကိုပါ သိပ်ကျေးဇူးတင်ပါတယ်။ ညီအစ်ကို/မတွေ လုပ်အား၊ ငွေအားနဲ့ ကူညီပေးနေကြတာဟာ အလုပ်ကို ယေဟောဝါဘုရား ကောင်းချီးပေးနေတယ်ဆိုတဲ့ အထောက်အထားပါပဲ။—ဆာလံ ၁၁၀:၃

 ဆောက်လုပ်ရေးနဲ့ ပြုပြင်မွမ်းမံရေးစီမံကိန်းအားလုံးကို စေတနာအလျောက် ထည့်ဝင်တဲ့ အလှူငွေတွေနဲ့ လုပ်ဆောင်ပါတယ်။ donate.pr418.com ကနေ လှူလေ့ရှိကြပါတယ်။ သင်တို့ရဲ့ ရက်ရောမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။

a ဒီဆောင်းပါးမှာ ဖော်ပြထားတဲ့ ဒေါ်လာဆိုတာ အမေရိကန်ဒေါ်လာ ဖြစ်တယ်။