မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘယ်– ချီလီနိုင်ငံမှာ တောမီးကြောင့် ပျက်စီးသွားတဲ့ မောင်နှံတစ်စုံရဲ့အိမ်ကို ကယ်ဆယ်ရေးညီအစ်ကိုတွေ ပြန်ဆောက်လုပ်ပေး။ ညာ– နိုင်ဂျီးရီးယားနိုင်ငံ၊ ရေဘေးသင့်ဒေသက ညီအစ်မနှစ်ယောက် ကယ်ဆယ်ရေးပစ္စည်းတွေ ရရှိ

အလှူငွေတွေကို အသုံးပြုပုံ

၂၀၂၃ ခုနှစ် သဘာဝဘေး ကယ်ဆယ်ရေး—“ယေဟောဝါဘုရားရဲ့ မေတ္တာကို ကိုယ်တွေ့ခံစားလိုက်ရတယ်”

၂၀၂၃ ခုနှစ် သဘာဝဘေး ကယ်ဆယ်ရေး—“ယေဟောဝါဘုရားရဲ့ မေတ္တာကို ကိုယ်တွေ့ခံစားလိုက်ရတယ်”

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်

 “လောကစနစ်နိဂုံးပိုင်း” မှာ ‘လူတစ်မျိုးနဲ့ တစ်မျိုး တိုက်ခိုက်ကြမယ်၊’ သဘာဝဘေးတွေ ဖြစ်မယ်ဆိုပြီး ကျမ်းစာ ကြိုဟောထားတယ်။ (မဿဲ ၂၄:၃၊ ၇) ၂၀၂၃ လုပ်ငန်းတော်နှစ်အတွင်း အဲဒီကြိုဟောချက်တွေအတိုင်း ဖြစ်ခဲ့တယ်။ a နိုင်ငံ ၁၀၀ နီးပါးမှာ စစ်ဘေး၊ သဘာဝဘေးသင့်ခဲ့တယ်။ ယေဟောဝါရဲ့ မေတ္တာတော်ကို ယေဟောဝါသက်သေတွေ ဘယ်လိုတုပကြသလဲ။

 ၂၀၂၃ လုပ်ငန်းတော်နှစ်အတွင်း သဘာဝဘေး၊ လူကြောင့်ဖြစ်တဲ့ ဘေး ၂၀၀ ကျော်ကို ညီအစ်ကိုတွေ ရင်ဆိုင်ခဲ့ရတယ်။ ယေဟောဝါသက်သေတွေက ကယ်ဆယ်ရေးပစ္စည်းအတွက် ကမ္ဘာချီအလှူငွေ ဒေါ်လာ ဆယ်သန်းကျော် b သုံးစွဲခဲ့တယ်။ ဒါ့အပြင် ဒေသခံ ညီအစ်ကို/မတွေကလည်း ကိုယ့်ဒေသအတွက် ပေးလှူကြတယ်။ သဘာဝဘေးနှစ်ခုအတွက် အလှူငွေတွေ အသုံးပြုခဲ့ပုံကို လေ့လာကြည့်ပါ။

“မေတ္တာစစ် တကယ် ရှိတာပဲ”

 နိုင်ဂျီးရီးယားနိုင်ငံရဲ့ ဒေသတချို့မှာ မကြာမကြာ ရေကြီးတတ်တယ်။ ဒါပေမဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှာ ဆယ်နှစ်အတွင်း အဆိုးရွားဆုံး ရေကြီးခဲ့တယ်။ စိုက်ခင်း ဧက ၁,၆၇၀,၄၃၂ (၆၇၆,၀၀၀ ဟက်တာ) ကျော် ပျက်စီးသွားပြီး လူနှစ်သန်းကျော် နေအိမ် စွန့်ခွာရတယ်။ နိုင်ဂျီးရီးယား ဌာနခွဲက ဘေးသင့် ညီအစ်ကို/မတွေကို ကူညီထောက်ပံ့ဖို့၊ ယုံကြည်ခြင်းခိုင်ခံ့စေဖို့ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီတွေ အမြန်ဆုံး စီစဉ်ဖွဲ့စည်းတယ်။

နိုင်ဂျီးရီးယားနိုင်ငံက ညီအစ်ကိုတွေက ဗွက်ထူထူလမ်းတွေ၊ မြစ်တွေကို ဖြတ်ပြီး ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့ခဲ့ကြ

ညီအစ်ကို/မတွေရဲ့ အခြေအနေ

  •   ကြေညာသူ ၇,၅၀၅ ယောက် ဘေးလွတ်ရာထွက်ပြေး

  •   အိမ်အလုံး ၈၆၀ ပျက်စီး

  •   အစည်းအဝေးခန်းမ အလုံး ၉၀ နဲ့ အစည်းအဝေးကြီး ခန်းမတစ်လုံး ရေမြုပ်

အလှူငွေ အသုံးပြုပုံ

 အောက်ပါ ကယ်ဆယ်ရေးပစ္စည်းတွေအတွက် ဒေါ်လာ ၂၅၀,၀၀၀ သုံးစွဲခဲ့ပါတယ်–

  •   ဆန်၊ ပဲ၊ ခေါက်ဆွဲ စတဲ့ အစားအစာ

  •   မွေ့ရာ၊ ခြင်ထောင် စတဲ့ အိမ်သုံးပစ္စည်း

  •   ပျက်စီးသွားတဲ့ အိမ်တွေကို ပြုပြင်ဆောက်လုပ်ခြင်း

 အလှူငွေတွေကို ပညာရှိရှိ အသုံးပြုဖို့ ညီအစ်ကိုတွေ ဘယ်လို စီစဉ်ခဲ့ကြသလဲ။ တစ်နည်းကတော့ အိမ်တွေကို ပြုပြင်ပေးလို့ရမရ သေချာ စစ်ဆေးကြည့်တာပါ။ အစအဆုံး ပြန်ဆောက်ပေးဖို့လိုအပ်ရင် ဒေသခံအိမ်ပုံစံအတိုင်း ရိုးရိုးရှင်းရှင်း ဆောက်လုပ်ပေးကြတယ်။

 အကူအညီရတဲ့ ညီအစ်ကို/မတွေ သိပ်ကျေးဇူးတင်ကြတယ်။ ညီအစ်မတစ်ယောက် အခုလို ပြောပြတယ်– “ရေဘေးသင့်လို့ ကျွန်မတို့ရဲ့ဘဝ ပရမ်းပတာ ဖြစ်ကုန်တယ်။ လယ်တွေ အကုန်ပါသွားတယ်။ အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်တယ်။ ဒါပေမဲ့ ရေကြီးတဲ့နေ့မှာပဲ ညီအစ်ကို/မတွေ ရောက်လာပြီး ကျွန်မတို့ကို လုံခြုံတဲ့နေရာ ခေါ်သွားတယ်။ စိတ်အေးသွားတာပဲ။ ဌာနခွဲရုံးက ပို့ပေးတဲ့ အစားအစာတွေ ရတော့ ပိုလို့တောင် စိတ်အေးသွားတယ်။ ယောဟန် ၁၃:၃၄၊ ၃၅ ရဲ့ပြည့်စုံချက်ကို ကိုယ်တိုင်မြင်တွေ့ခွင့်ရလို့ အံ့ဩမဆုံးဘူး။ . . . မေတ္တာစစ် တကယ် ရှိတာပဲ။ အလိုအပ်ဆုံးအချိန်မှာ လာကူညီပေးကြတဲ့ ညီအစ်ကို/မတွေကို ကျွန်မတို့ တစ်အိမ်သားလုံး ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။”

 ကျွန်တော်တို့ရဲ့ ကယ်ဆယ်ရေးလုပ်ငန်းကို ပတ်ဝန်းကျင်ကလူတွေလည်း သတိထားမိကြတယ်။ ဘာရယ်ဆာပြည်နယ်၊ ဆာဘာဂယေယာဒေသက အကြီးအမှူးတစ်ယောက် အခုလို ပြောတယ်– “ကမ္ဘာပေါ်မှာ အဖွဲ့အစည်းတွေ၊ ဘုရားကျောင်းတွေ အများကြီးပဲ။ ဒါပေမဲ့ ဒီလိုမျိုး လုပ်ပေးတာဆိုလို့ ယေဟောဝါသက်သေတွေပဲ ရှိတယ်။ . . . မင်းတို့အဖွဲ့အစည်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအဖွဲ့တစ်ဖွဲ့ပဲ။”

“ယေဟောဝါဘုရားရဲ့ မေတ္တာကို ကိုယ်တွေ့ခံစားလိုက်ရတယ်”

 ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ချီလီနိုင်ငံမှာ မီးလောင်မှု ၄၀၀ ကျော် ဖြစ်ပွားလို့ အထိအခိုက်အပျက်အစီး များခဲ့တယ်။ ချီလီနိုင်ငံရဲ့ အရေးကြီး အဆောက်အအုံတွေအပါအဝင် မြေဧက ၁,၀၆၂,၅၅၃ (ဟက်တာ ၄၃၀,၀၀၀) ကျော် လောင်ကျွမ်းပျက်စီးသွားတယ်။ လူ ၈,၀၀၀ နီးပါး ဘေးလွတ်ရာ ထွက်ပြေးရတယ်။ မီးစလောင်ပြီး မကြာဘူး၊ ဌာနခွဲရုံးက ကယ်ဆယ်ရေးလုပ်ငန်းတွေ ချက်ချင်း စီစဉ်ခဲ့တယ်။

ချီလီနိုင်ငံမှာ ကယ်ဆယ်ရေးညီအစ်ကိုတွေ မိသားစုတစ်စုရဲ့အိမ်ကို အသစ်ဆောက်လုပ်ပေးကြ

ညီအစ်ကို/မတွေရဲ့ အခြေအနေ

  •   ကြေညာသူ ၂၂၂ ယောက် ဘေးလွတ်ရာကို ပြောင်းရွှေ့

  •   အိမ်အလုံး ၂၀ ပျက်စီး

အလှူငွေ အသုံးပြုပုံ

 အောက်ပါ ကယ်ဆယ်ရေးပစ္စည်းတွေအတွက် ဒေါ်လာ ၂၀၀,၀၀၀ သုံးစွဲခဲ့ပါတယ်–

  •   အစားအစာနဲ့ ရေ

  •   ဓာတ်ဆီ၊ သန့်ရှင်းရေးပစ္စည်း၊ ဆေးဝါး

  •   ပျက်စီးသွားတဲ့အိမ်တွေကို ဆောက်လုပ်ခြင်း

 မိသားစုတစ်စုခမျာ အိမ်၊ စီးပွားရေးနဲ့ ပိုင်ဆိုင်သမျှ ဆုံးရှုံးသွားတယ်။ အလုပ်လက်မဲ့ ဖြစ်သွားတယ်။ ပြီးခဲ့တဲ့ရက်ကပဲ မြေကွက်ပေါ်မှာ အိမ်တစ်လုံးလုံး ရှိနေခဲ့တာ။ အခုတော့ မြေကွက်လွတ်ပဲ ကျန်ခဲ့ပြီ။ မိသားစုဝင်တွေ တအားစိတ်ထိခိုက်ကြတယ်။ ဒါပေမဲ့ လုပ်အားပေးညီအစ်ကို/မတွေရဲ့ လှိုက်လှဲနွေးထွေးတဲ့ မေတ္တာကြောင့် ရှေ့ဆက်ဖို့ ခွန်အားရလာတယ်။ အိမ်ပြန်ဆောက်ပေးတာကို ကြည့်ရင်း တဖြည်းဖြည်း စိတ်သက်သာရာ ရလာတယ်။ စိတ်ထိမိလွန်းလို့ လုပ်အားပေးတွေနဲ့အတူ နောက်ညီအစ်ကိုတစ်ယောက်ရဲ့ အိမ်ကိုတောင် ဝိုင်းကူဆောက်လုပ်ပေးကြတယ်။

 ကယ်ဆယ်ရေးလုပ်ငန်းကြောင့် ညီအစ်ကို/မ အတော်များများ စိတ်ထိမိခဲ့ကြတယ်။ ညီအစ်ကိုတစ်ယောက် အခုလို ပြောတယ်– “ကယ်ဆယ်ရေးကော်မတီကို ယေဟောဝါ ပြင်ဆင်ပေးပုံက တကယ် အံ့ဩဖို့ကောင်းတယ်။ ဘေးသင့်ပြီး နောက်တစ်နေ့မှာပဲ အခြေခံလိုအပ်ရာတွေ ပေးဖို့ ဘေးသင့်ဒေသကို ရောက်နေကြပြီ။ ကမ္ဘာတစ်ဝန်းက ကယ်ဆယ်ရေးလုပ်ငန်းအကြောင်း ဖတ်ရတာ အားရှိပါတယ်။ ဒါပေမဲ့ ကိုယ်တိုင် ကြုံရတာကိုတော့ ဘယ်မီပါ့မလဲ။ အဖွဲ့အစည်းကို ပိုတန်ဖိုးထားတတ်လာတယ်။ ယေဟောဝါရဲ့ အရည်အသွေးတွေကို ညီအစ်ကိုတွေ တုပနေကြတာ၊ ကျွန်တော်တို့ရဲ့ ကာယပိုင်း၊ ဘုရားရေးရာပိုင်း၊ စိတ်ပိုင်းအတွက် စိုးရိမ်ပေးကြတာကို မြင်ရတယ်။ ယေဟောဝါဘုရားရဲ့ မေတ္တာကို ကိုယ်တွေ့ခံစားလိုက်ရတယ်ဗျာ။”

 ဒီစနစ်ရဲ့ အဆုံးနီးလာလေ ဘေးဒုက္ခတွေ များလာလေပဲ။ (လုကာ ၂၁:၁၀၊ ၁၁) တစ်ချိန်တည်းမှာ ကြင်နာတတ်တဲ့ ဘုရင် ခရစ်တော်ယေရှုက ခရစ်ယာန်အသင်းတော်ကတစ်ဆင့် “လောကစနစ်နိဂုံးပိုင်းအထိ” ကျွန်တော်တို့နဲ့အတူ အမြဲရှိနေတယ်။ (မဿဲ ၂၈:၂၀) ကမ္ဘာချီလုပ်ငန်းအတွက် donate.pr418.com ကနေဖြစ်စေ၊ တခြားနည်းတွေနဲ့ဖြစ်စေ ရက်ရက်ရောရော ပေးလှူနေတာ၊ အချိန်နဲ့ ခွန်အား ပေးဆပ်နေတာဟာ နိုင်ငံတော်နဲ့ ဘုရင်ကို ထောက်ခံကြောင်း ပြသနေတာပါ။ သင်တို့ရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်။

a ၂၀၂၃ လုပ်ငန်းတော်နှစ်ဟာ ၂၀၂၂၊ စက်တင်ဘာ ၁ ရက်မှာ စတင်ပြီး ၂၀၂၃၊ သြဂုတ် ၃၁ ရက်မှာ ကုန်ဆုံးတယ်။

b ဒီဆောင်းပါးမှာ ဖော်ပြထားတဲ့ ဒေါ်လာဆိုတာ အမေရိကန်ဒေါ်လာ ဖြစ်တယ်။