မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်နဲ့အတူ တွဲဖက်လုပ်ဆောင်ခြင်းက ရွှင်လန်းဝမ်းမြောက်စေ

ဘုရားသခင်နဲ့အတူ တွဲဖက်လုပ်ဆောင်ခြင်းက ရွှင်လန်းဝမ်းမြောက်စေ

“ငါတို့သည် ကိုယ်တော်နှင့်အတူတကွ လုပ်ဆောင်နေကြသဖြင့် ဘုရားသခင်၏ မဟာကရုဏာတော်ကို လက်ခံပြီး ယင်း၏ရည်ရွယ်ချက်ကို အချည်းနှီးမဖြစ်စေရန် သင်တို့ကို တောင်းပန်ပါ၏။” —၂ ကော. ၆:၁

သီချင်း– ၇၅၊ ၇၄

၁။ ယေဟောဝါဟာ အချုပ်အခြာအာဏာရှင်ဖြစ်ပေမဲ့ တခြားသူတွေကို ဘာလုပ်ဖို့ ဖိတ်ခေါ်သလဲ။

ယေဟောဝါဟာ အချုပ်အခြာအာဏာရှင်၊ ဖန်ဆင်းရှင် ဖြစ်တယ်။ အတိုင်းအဆမဲ့ ဉာဏ်ပညာနဲ့တန်ခိုး ရှိတယ်။ အဲဒီအကြောင်း ယောဘ နားလည်လာပြီးနောက် ‘ကိုယ်တော်ဟာ အရာရာကို လုပ်ဆောင်နိုင်မှန်း၊ ကိုယ်တော်ကြံစည်သမျှ မဖြစ်နိုင်တာ မရှိမှန်း ကျွန်တော်သိပါပြီ’ လို့ ပြောတယ်။ (ယောဘ ၄၂:၂ကဘ) ယေဟောဝါဟာ ဆုံးဖြတ်ထားသမျှကို ဘယ်သူ့အကူအညီမှမပါဘဲ လုပ်ဆောင်နိုင်တယ်။ ဒါပေမဲ့ ရည်ရွယ်ချက် ပြီးမြောက်အောင် လုပ်ဆောင်ရာမှာ တခြားသူတွေကို မိမိနဲ့အတူ တွဲဖက်လုပ်ဆောင်ဖို့ ဖိတ်ခေါ်ခြင်းအားဖြင့် မေတ္တာပြတယ်။

၂။ ယေဟောဝါက ယေရှုကို ဘယ်အရေးကြီးလုပ်ငန်းမှာ ပါဝင်ဖို့ ဖိတ်ခေါ်သလဲ။

ဘုရားသခင်ဟာ တခြားဘယ်အရာကိုမှ မဖန်ဆင်းခင် သားတော်ယေရှုကို ဖန်ဆင်းခဲ့တယ်။ အဲဒီနောက် တခြားအရာအားလုံးကို ဖန်ဆင်းရာမှာ သားတော်ကို တွဲဖက်လုပ်ဆောင်စေတယ်။ (ယော. ၁:၁-၃၊ ၁၈) ယေရှုနဲ့ပတ်သက်ပြီး တမန်တော်ပေါလု အခုလို ပြောတယ်– “ကောင်းကင်နှင့် မြေကြီးပေါ်တွင် ရှိသမျှသော မြင်နိုင်သည့်အရာ၊ မမြင်နိုင်သည့်အရာ ခပ်သိမ်းသည် ကိုယ်တော်အားဖြင့် ဖန်ဆင်းခံကြရ၏။ ရာဇပလ္လင်ဖြစ်စေ၊ အုပ်စိုးခြင်းဖြစ်စေ၊ အစိုးရဖြစ်စေ၊ အာဏာစက်ဖြစ်စေ အရာခပ်သိမ်းသည် ကိုယ်တော်အားဖြင့်လည်းကောင်း၊ ကိုယ်တော်အတွက်လည်းကောင်း ဖန်ဆင်းခံကြရပြီ။” (ကော. ၁:၁၅-၁၇) ဖန်ဆင်းခြင်းလုပ်ငန်းမှာ ယေရှုကို ပါဝင်စေတဲ့အပြင် ယေရှုရဲ့ အခန်းကဏ္ဍအကြောင်း တခြားသူတွေကို ပြောခြင်းအားဖြင့် ယေရှုကို ယေဟောဝါ ဂုဏ်တင်ခဲ့တယ်။

၃။ ယေဟောဝါက အာဒံကို ဘာလုပ်ဖို့ ဖိတ်ခေါ်သလဲ။ ဘာကြောင့်လဲ။

ယေဟောဝါက လူသားတွေကိုလည်း မိမိနဲ့အတူ တွဲဖက်လုပ်ဆောင်ဖို့ ဖိတ်ခေါ်တယ်။ ဥပမာ၊ တိရစ္ဆာန်တွေကို နာမည်ပေးဖို့ အာဒံကို တာဝန်ပေးတယ်။ (က. ၂:၁၉၊ ၂၀) ဒီလုပ်ငန်းမှာ အာဒံ ဘယ်လောက် ပျော်မယ်ဆိုတာ စဥ်းစားကြည့်ပါ။ တိရစ္ဆာန်တွေရဲ့ ပုံပန်းသဏ္ဌာန်နဲ့ အလေ့အထတွေကို သေချာလေ့လာပြီးနောက် တစ်ကောင်ချင်းစီအတွက် အသင့်တော်ဆုံးနာမည်ကို သူ ရွေးချယ်ခဲ့တယ်။ ယေဟောဝါဟာ ကိုယ်ဖန်ဆင်းခဲ့တဲ့ တိရစ္ဆာန်တွေကို ကိုယ်တိုင် နာမည်ပေးနိုင်တာပေါ့။ ဒါပေမဲ့ အာဒံကို ဒီတာဝန်ပေးခြင်းအားဖြင့် မေတ္တာပြခဲ့တယ်။ ကမ္ဘာတစ်ခုလုံးကို ပရဒိသုဖြစ်အောင်လုပ်ဖို့လည်း အာဒံကို တာဝန်ပေးတယ်။ (က. ၁:၂၇၊ ၂၈) ဒါပေမဲ့ အာဒံက ဘုရားနဲ့အတူ ဆက်မလုပ်ဆောင်တော့ဖို့ ဆုံးဖြတ်ခဲ့တယ်။ ရလဒ်အနေနဲ့ သူရော သားစဥ်မြေးဆက်တွေပါ ဒုက္ခလှလှ တွေ့ရတယ်။—က. ၃:၁၇-၁၉၊ ၂၃

၄။ ဘုရားသခင်နဲ့အတူ တခြားသူတွေ ဘယ်လို တွဲဖက်လုပ်ဆောင်ခဲ့ကြသလဲ။

နောက်ပိုင်းမှာ ဘုရားသခင်က တခြားသူတွေကို မိမိနဲ့အတူ တွဲဖက်လုပ်ဆောင်ဖို့ ဖိတ်ခေါ်တယ်။ နောဧက ရေလွှမ်းမိုးဘေးအတွင်း ကိုယ်တိုင်နဲ့ မိသားစု လွတ်မြောက်ဖို့ သင်္ဘောဆောက်ခဲ့တယ်။ မောရှေက အစ္စရေးလူမျိုးကို အီဂျစ်ပြည်ကနေ ကယ်နုတ်ခဲ့တယ်။ ယောရှုက အစ္စရေးလူမျိုးကို ကတိထားရာပြည်ထဲ ဦးဆောင်ခေါ်သွားတယ်။ ရှောလမုန်က ဂျေရုဆလင်မြို့မှာ ဗိမာန်တော် တည်ဆောက်ခဲ့တယ်။ မာရိဟာ ယေရှုရဲ့မိခင် ဖြစ်လာတယ်။ ဒီသစ္စာရှိသူတွေနဲ့ တခြားသူများစွာဟာ ယေဟောဝါရဲ့အလိုတော် ဖြစ်မြောက်ရေးမှာ ကိုယ်တော်နဲ့အတူ တွဲဖက်လုပ်ဆောင်ခဲ့ကြတယ်။

၅။ ဘယ်လုပ်ငန်းမှာ ကျွန်တော်တို့ ပါဝင်နိုင်သလဲ။ ဒီလုပ်ငန်းမှာ ကျွန်တော်တို့ကို ယေဟောဝါ မရှိမဖြစ်လိုအပ်သလား။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

ဒီနေ့ခေတ်မှာလည်း မေရှိယနိုင်ငံတော်ကို အတတ်နိုင်ဆုံး ကူညီထောက်မဖို့ ကျွန်တော်တို့ကို ယေဟောဝါ ဖိတ်ခေါ်ထားတယ်။ ယေဟောဝါကို အမှုဆောင်နိုင်တဲ့ နည်းလမ်းများစွာ ရှိတယ်။ ကျွန်တော်တို့အားလုံး တစ်ပုံစံတည်း အမှုမဆောင်နိုင်ပေမဲ့ နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းမှာ အားလုံးပါဝင်နိုင်တယ်။ တကယ်တော့ ဒီလုပ်ငန်းကို ယေဟောဝါကိုယ်တိုင် လုပ်ဆောင်နိုင်တယ်။ မြေကြီးပေါ်မှာရှိတဲ့လူသားတွေကို ကောင်းကင်ကနေ တိုက်ရိုက် စကားပြောနိုင်တယ်။ မေရှိယဘုရင်အကြောင်း ကြေညာနိုင်အောင် ကျောက်ခဲတွေကိုတောင် ယေဟောဝါ လုပ်ဆောင်ပေးနိုင်တယ်လို့ ယေရှု ပြောတယ်။ (လု. ၁၉:၃၇-၄၀) ဒါပေမဲ့ ယေဟောဝါက ကျွန်တော်တို့ကို မိမိရဲ့ “လုပ်ဖော်ဆောင်ဖက်” ဖြစ်ခွင့်ပေးထားတယ်။ (၁ ကော. ၃:၉) “ငါတို့သည် ကိုယ်တော်နှင့်အတူတကွ လုပ်ဆောင်နေကြသဖြင့် ဘုရားသခင်၏ မဟာကရုဏာတော်ကို လက်ခံပြီး ယင်း၏ရည်ရွယ်ချက်ကို အချည်းနှီးမဖြစ်စေရန် သင်တို့ကို တောင်းပန်ပါ၏” လို့ တမန်တော်ပေါလု ပြောတယ်။ (၂ ကော. ၆:၁) ဘုရားသခင်နဲ့အတူ တွဲဖက်လုပ်ဆောင်ရခြင်းက အခွင့်ထူးကြီးဖြစ်ပြီး ကျွန်တော်တို့ကို ရွှင်လန်းဝမ်းမြောက်စေတယ်။ အကြောင်းရင်းတချို့ကို သုံးသပ်ကြည့်ကြစို့။

ဘုရားသခင်နဲ့အတူ တွဲဖက်လုပ်ဆောင်ခြင်းက ကျွန်တော်တို့ကို ပျော်ရွှင်စေ

၆။ ဘုရားသခင့်သားဦးဟာ ဖခင်နဲ့အတူ တွဲဖက်လုပ်ဆောင်ရခြင်းနဲ့ပတ်သက်တဲ့ ခံစားချက်ကို ဘယ်လို ဖော်ပြသလဲ။

ယေဟောဝါနဲ့အတူ တွဲဖက်လုပ်ဆောင်ခြင်းက ကိုယ်တော့်ကျေးကျွန်တွေကို အမြဲ ပျော်ရွှင်စေတယ်။ မြေကြီးပေါ်မလာခင် ဘုရားသခင့်သားဦး ယေရှု အခုလို ပြောတယ်– ‘ယေဟောဝါက ငါ့ကိုဖြစ်ပေါ်စေခဲ့တယ်။ ဘုရားဖန်ဆင်းရာတွေထဲမှာ ငါဟာ ဦးဆုံးပဲ။ . . . ကျွမ်းကျင်လုပ်သားအဖြစ် ဘုရားရဲ့ဘေးမှာ ငါရှိနေခဲ့တယ်။ ဘုရားက ငါ့ကို တစ်နေ့ထက်တစ်နေ့ ချစ်မြတ်နိုးလာတယ်။ ရှေ့တော်မှာ ငါအမြဲဝမ်းမြောက်နေတယ်။’ (သု. ၈:၂၂၊ ၃၀ကဘ) ယေရှုဟာ ဖခင်နဲ့အတူ ပျော်ရွှင်စွာ တွဲဖက်လုပ်ဆောင်ခဲ့တယ်။ သူ ပြီးမြောက်ခဲ့ရာတွေကြောင့်သာမက သူ့ကို ယေဟောဝါ ချစ်တယ်ဆိုတဲ့ အသိစိတ်ကြောင့် သူ သိပ်ပျော်တယ်။ ကျွန်တော်တို့ကော။

တစ်ယောက်ယောက်ကို အမှန်တရားသင်ပေးရတာထက် ပိုကျေနပ်စရာကောင်းတဲ့လုပ်ငန်း မရှိနိုင် (အပိုဒ် ၇ ကိုကြည့်ပါ)

၇။ ဟောပြောခြင်းလုပ်ငန်းက ကျွန်တော်တို့ကို ဘာကြောင့် ပျော်ရွှင်စေတာလဲ။

တစ်ခုခုရရှိချိန်မှာရော ပေးကမ်းချိန်မှာပါ ပျော်ရွှင်တယ်လို့ ယေရှု ပြောတယ်။ (တ. ၂၀:၃၅) အမှန်တရားရရှိလို့ ကျွန်တော်တို့ ပျော်ရွှင်သလို တခြားသူတွေကို ဝေမျှရလို့လည်း ပျော်ရွှင်ကြတယ်။ ကျမ်းစာသွန်သင်ချက်တွေကို နားလည်ပြီး ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်းရှိလာတဲ့အခါ သူတို့ ဘယ်လောက် ပျော်ရွှင်မှန်း ကျွန်တော်တို့ မြင်တွေ့ရတယ်။ သူတို့ရဲ့တွေးခေါ်ပုံနဲ့ ဘဝပုံစံပြောင်းလဲလာတာကို မြင်ရတဲ့အခါ ကျွန်တော်တို့ သိပ်ပျော်တယ်။ ဟောပြောခြင်းလုပ်ငန်းဟာ အရေးကြီးဆုံး၊ စိတ်ကျေနပ်မှုအပေးဆုံးလုပ်ငန်း ဖြစ်တယ်။ ဘုရားသခင်နဲ့မိတ်ဆွေဖြစ်လာသူတွေကို ထာဝရအသက်ရရှိဖို့ လမ်းဖွင့်ပေးတယ်။—၂ ကော. ၅:၂၀

၈။ ယေဟောဝါနဲ့အတူ တွဲဖက်လုပ်ဆောင်ရတဲ့ ပျော်ရွှင်မှုအကြောင်း လူတချို့ ဘာပြောသလဲ။

အမှန်တရားသိလာအောင် တခြားသူတွေကို ကူညီပေးတဲ့အခါ ယေဟောဝါရဲ့နှစ်သက်မှု ရရှိမှန်း၊ ကိုယ့်ကြိုးစားမှုကို ဘုရားတန်ဖိုးထားမှန်း သိရလို့ ကျွန်တော်တို့ ပျော်ရွှင်ကြတယ်။ (၁ ကောရိန္သု ၁၅:၅၈ ကိုဖတ်ပါ။) အီတလီမှာနေထိုင်တဲ့ မာကို,က “ကိုယ့်လုပ်ဆောင်မှုတွေကို မေ့သွားမယ့်သူအတွက်မဟုတ်ဘဲ ယေဟောဝါအတွက် အကောင်းဆုံးပေးဆက်နေတယ်ဆိုတဲ့ အသိစိတ်ကြောင့် သိပ်ပျော်တယ်” လို့ ပြောတယ်။ အီတလီမှာ အမှုဆောင်နေတဲ့ ဖရန်ကိုလည်း အခုလို ပြောတယ်– “ယေဟောဝါက ကျွန်တော်တို့ကို ချစ်မှန်း၊ သူ့အတွက် နှမ်းစေ့လောက်လုပ်ဆောင်ပေးတာကိုတောင် တန်ဖိုးထားမှန်း ကျမ်းစာနဲ့ တခြားပြင်ဆင်ပေးရာတွေကတစ်ဆင့် နေ့တိုင်းသတိပေးနေတယ်။ ဒါကြောင့် ဘုရားနဲ့အတူ တွဲဖက်လုပ်ဆောင်ရတာကို ကျွန်တော် သိပ်ပျော်တယ်။ ဘဝကလည်း အဓိပ္ပာယ်ရှိလာတယ်။”

ဘုရားသခင်နဲ့အတူ တွဲဖက်လုပ်ဆောင်ခြင်းက ကိုယ်တော်နဲ့ရော တခြားသူတွေနဲ့ပါ ရင်းနှီးစေ

၉။ ယေဟောဝါနဲ့ ယေရှုကြားမှာ ဘယ်လို ဆက်ဆံရေးမျိုး ရှိသလဲ။ ဘာကြောင့်လဲ။

ကိုယ်ချစ်ခင်သူတွေနဲ့အတူ အလုပ်လုပ်တဲ့အခါ သူတို့နဲ့ ပိုရင်းနှီးလာတယ်။ သူတို့အကြောင်း ပိုသိလာတယ်။ သူတို့မှာ ဘာပန်းတိုင်တွေ ရှိမှန်း၊ အဲဒီပန်းတိုင်တွေကို ရောက်ဖို့ ဘယ်လို ကြိုးစားနေမှန်း သိလာတယ်။ ယေရှုဟာ ယေဟောဝါနဲ့အတူ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့တယ်။ ဒါကြောင့် သူတို့နှစ်ဦးကြားမှာရှိတဲ့ ချစ်ခင်ရင်းနှီးမှုနှောင်ကြိုးဟာ ဖြတ်တောက်လို့ မရနိုင်လောက်အောင် ခိုင်မာလာတယ်။ “ငါနှင့် ခမည်းတော်သည် တစ်လုံးတစ်ဝတည်းဖြစ်၏” လို့ ယေရှု ပြောနိုင်လောက်တဲ့အထိ ချစ်ခင်ရင်းနှီးကြတယ်။ (ယော. ၁၀:၃၀) အမြဲ စိတ်တူကိုယ်တူ ပူးပေါင်းလုပ်ဆောင်တဲ့အတွက် သူတို့ သိပ်စည်းလုံးတယ်။

ဟောပြောခြင်းလုပ်ငန်းက ဘုရားသခင့်ကတိတွေနဲ့ မေတ္တာပါစံနှုန်းတွေကို အမှတ်ရစေတဲ့အတွက် ယုံကြည်ခြင်းကို ခိုင်မာစေတယ်

၁၀။ ဟောပြောခြင်းလုပ်ငန်းက ဘုရားသခင်နဲ့ရော တခြားသူတွေနဲ့ပါ ဘာကြောင့် ပိုရင်းနှီးစေသလဲ။

၁၀ တပည့်တွေကို ကာကွယ်ပေးဖို့ ယေဟောဝါဆီ ယေရှု ဆုတောင်းတယ်။ ဘာအတွက်လဲ။ “ကျွန်ုပ်တို့နည်းတူ သူတို့သည်လည်း တစ်လုံးတစ်ဝတည်းဖြစ်စေ” ဖို့အတွက်လို့ ယေရှု ပြောတယ်။ (ယော. ၁၇:၁၁) ဘုရားသခင့်စံနှုန်းတွေအတိုင်း အသက်ရှင်နေထိုင်ပြီး ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်တဲ့အခါ ဘုရားသခင်အကြောင်း ပိုသိလာတယ်။ အချင်းချင်း ပိုစည်းလုံးလာတယ်။ ကိုယ်တော့်ကို ယုံကြည်ကိုးစားတာ၊ လမ်းညွှန်ချက်တွေအတိုင်း လိုက်လျှောက်တာဟာ ဘာကြောင့် ပညာရှိလမ်းစဥ်ဖြစ်မှန်း သိလာတယ်။ ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားတဲ့အခါ ဘုရားသခင်လည်း ကျွန်တော်တို့နဲ့ ရင်းနှီးလာတယ်။ (ယာကုပ် ၄:၈ ကိုဖတ်ပါ။) ညီအစ်ကိုညီအစ်မတွေနဲ့လည်း ကျွန်တော်တို့ ရင်းနှီးလာတယ်။ ဘာကြောင့်လဲဆိုတော့ ပန်းတိုင်တွေ၊ ကြုံနေရတဲ့ပြဿနာတွေ၊ ပျော်ရွှင်စရာတွေ တူလို့ပဲ။ ကျွန်တော်တို့ အတူအလုပ်လုပ်၊ အတူဝမ်းသာပြီး အတူခံရပ်ကြတယ်။ “ယေဟောဝါနဲ့အတူ တွဲဖက်လုပ်ဆောင်တဲ့အတွက် တခြားသူတွေနဲ့ ပိုရင်းနှီးလာတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ရဲ့ ရင်းနှီးမှုနှောင်ကြိုးဟာ တူညီတဲ့ပန်းတိုင်နဲ့ ဦးတည်ချက်ပေါ် အခြေခံလို့ပဲ” လို့ အင်္ဂလန်မှာနေထိုင်တဲ့ အော့တေးဗီးယား ပြောတယ်။ ကျွန်တော်တို့လည်း အလားတူခံစားရတယ်။ ယေဟောဝါရဲ့နှစ်သက်မှုရဖို့ ညီအစ်ကိုညီအစ်မတွေ ကြိုးစားနေတာကို မြင်ရတဲ့အခါ သူတို့နဲ့ ပိုရင်းနှီးလာတယ်။

၁၁။ ကမ္ဘာသစ်မှာ ယေဟောဝါနဲ့ရော ညီအစ်ကိုညီအစ်မတွေနဲ့ပါ ဘာကြောင့် ပိုရင်းနှီးလာမလဲ။

၁၁ ဘုရားသခင်နဲ့ ညီအစ်ကိုညီအစ်မတွေအပေါ် ထားတဲ့မေတ္တာဟာ အခုအချိန်မှာ ခိုင်မာနေပေမဲ့ ကမ္ဘာသစ်မှာ ဒီထက်ပိုခိုင်မာပါလိမ့်မယ်။ အနာဂတ်မှာ လုပ်ဆောင်ရမယ့် စိတ်လှုပ်ရှားစရာ အလုပ်တွေအကြောင်း စဥ်းစားကြည့်လိုက်ပါ။ ထမြောက်လာသူတွေကို ကြိုဆိုရမယ်။ ယေဟောဝါအကြောင်း သင်ပေးရမယ်။ ကမ္ဘာတစ်ခုလုံးကို ပရဒိသုဖြစ်အောင် လုပ်ရမယ်။ အတူတကွ လုပ်ဆောင်ရင်း ခရစ်တော်ရဲ့အုပ်ချုပ်မှုအောက် တဖြည်းဖြည်း စုံလင်လာတဲ့အခါ သိပ်ကို ပျော်စရာကောင်းပါလိမ့်မယ်။ လူသားအားလုံးဟာ အချင်းချင်းနဲ့သာမက “အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေ” မယ့် ယေဟောဝါနဲ့ပါ ပိုရင်းနှီးလာပါလိမ့်မယ်။—ဆာ. ၁၄၅:၁၆

ဘုရားသခင်နဲ့အတူ တွဲဖက်လုပ်ဆောင်ခြင်းက အကာအကွယ်ဖြစ်

၁၂။ ဟောပြောခြင်းလုပ်ငန်းက ကျွန်တော်တို့ကို ဘယ်လိုနည်းနဲ့ ကာကွယ်ပေးသလဲ။

၁၂ ကျွန်တော်တို့ဟာ ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိနေတာကို ကာကွယ်ဖို့ လိုတယ်။ စာတန့်လောကမှာ နေထိုင်ရတဲ့အပြင် ကိုယ်တိုင်ရဲ့မစုံလင်မှုကြောင့် လောကလို စဥ်းစားပြုမူဖို့ သိပ်လွယ်တယ်။ ကိုယ်မသွားချင်တဲ့ဘက် စီးဆင်းနေတဲ့ မြစ်ချောင်းထဲ ရေကူးနေရသလိုပဲ။ ကိုယ်သွားချင်တဲ့ဘက်ကို ကူးဖို့ အစွမ်းကုန် အားစိုက်ထုတ်ရမယ်။ အဲဒီလိုပဲ စာတန့်လောကရဲ့ သြဇာလွှမ်းမိုးမှုကို ရှောင်နိုင်ဖို့ ကြိုးစားအားထုတ်ရမယ်။ ဟောပြောခြင်းလုပ်ငန်းက ကျွန်တော်တို့ကို ဘယ်လိုနည်းနဲ့ ကာကွယ်ပေးသလဲ။ တခြားသူတွေကို ဟောပြောတဲ့အခါ ယုံကြည်ခြင်းအားနည်းစေတဲ့ အရာတွေအပေါ်မဟုတ်ဘဲ ဘုရားရေးရာကိစ္စတွေအပေါ် ကျွန်တော်တို့ အာရုံရောက်နေတယ်။ (ဖိ. ၄:၈) ဟောပြောခြင်းလုပ်ငန်းက ဘုရားသခင့်ကတိတွေနဲ့ မေတ္တာပါစံနှုန်းတွေကို အမှတ်ရစေတဲ့အတွက် ယုံကြည်ခြင်းကိုလည်း ခိုင်မာစေတယ်။ ဘုရားသခင်ပြင်ဆင်ပေးတဲ့ လက်နက်စုံကို ဝတ်ဆင်ထားဖို့လည်း ကူညီပေးတယ်။ဧဖက် ၆:၁၄–၁၇ ကိုဖတ်ပါ။

ယေဟောဝါရဲ့လုပ်ငန်းမှာ အလုပ်များနေတဲ့အခါ ကိုယ့်ပြဿနာတွေအတွက် အလွန်အမင်း စိုးရိမ်နေဖို့ အချိန်မရှိတော့ဘူး

၁၃။ ဟောပြောခြင်းလုပ်ငန်းနဲ့ပတ်သက်ပြီး သြစတြေးလျနိုင်ငံက ညီအစ်ကိုတစ်ယောက် ဘယ်လို ခံစားရသလဲ။

၁၃ ဟောပြောခြင်းလုပ်ငန်းနဲ့ ဘုရားရေးရာလုပ်ဆောင်မှုတွေမှာ အလုပ်များနေတဲ့အခါ ကိုယ့်ပြဿနာတွေအတွက် အလွန်အမင်း စိုးရိမ်နေဖို့ အချိန်မရှိတော့ဘူး။ အဲဒါက ကျွန်တော်တို့ကို ကာကွယ်ပေးတယ်။ သြစတြေးလျနိုင်ငံမှာနေထိုင်တဲ့ ဂျိုဝဲလ် အခုလို ပြောတယ်– “ဟောပြောခြင်းလုပ်ငန်းက လက်တွေ့ဘဝနဲ့ မကင်းကွာစေဖို့ ကူညီပေးတယ်။ လူတွေကြုံနေရတဲ့ပြဿနာတွေနဲ့ ကျမ်းစာမူတွေကျင့်သုံးလို့ ကျွန်တော်ရရှိတဲ့ အကျိုးကျေးဇူးတွေကို အမှတ်ရစေတယ်။ နှိမ့်ချနေဖို့ ကူညီပေးတယ်။ ယေဟောဝါနဲ့ ညီအစ်ကိုညီအစ်မတွေကို အားကိုးဖို့ အခွင့်အရေးရရှိစေတယ်။”

၁၄။ ဟောပြောခြင်းလုပ်ငန်းမှာ ဆက်ပါဝင်နေခြင်းက ဘာကို သက်သေထူသလဲ။

၁၄ ဟောပြောခြင်းလုပ်ငန်းက ဘုရားသခင့်စွမ်းအားတော် ကျွန်တော်တို့နဲ့အတူရှိနေတာကို ပိုယုံကြည်စိတ်ချစေတယ်။ ဒီဥပမာကို စဥ်းစားကြည့်ပါ– ရပ်ကွက်မှာရှိတဲ့လူတွေကို ထမင်းဝေဖို့ သင် အလုပ်ရတယ် ဆိုပါစို့။ လုပ်ခမရတဲ့အပြင် အသုံးစရိတ်တွေကို ကိုယ့်ဟာကိုယ် အကုန်အကျခံရတယ်။ အဲဒီအပြင် လူအများစုကလည်း ကိုယ်ဝေတဲ့ ထမင်းကို မလိုချင်ဘူး။ ဒီအလုပ်လုပ်လို့ မုန်းတဲ့သူတွေတောင် ရှိတယ်။ အဲဒီလိုအလုပ်မျိုးကို သင် ဘယ်လောက်ကြာကြာ ဆက်လုပ်နိုင်မလဲ။ ခဏလေးနဲ့ စိတ်ဓာတ်ကျပြီး အလုပ်ထွက်ပစ်မှာပဲ။ ကျွန်တော်တို့ အများစုဟာ အချိန်နဲ့ငွေတွေ အကုန်အကျခံရပေမဲ့၊ လူတွေလှောင်ပြောင်တာခံရပေမဲ့ တစ်နှစ်ပြီးတစ်နှစ် ဟောပြောခြင်းလုပ်ငန်းမှာ ဆက်ပါဝင်နေကြတယ်။ ဒါက ကျွန်တော်တို့နဲ့အတူ ဘုရားသခင့်စွမ်းအားတော် ရှိနေမှန်း သက်သေထူတယ်။

ဘုရားသခင်နဲ့အတူ တွဲဖက်လုပ်ဆောင်ခြင်းက ဘုရားကိုရော တခြားသူတွေကိုပါ ချစ်ကြောင်း ဖော်ပြရာရောက်

၁၅။ ဟောပြောခြင်းလုပ်ငန်းက လူသားတွေနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက်နဲ့ ဘယ်လို သက်ဆိုင်သလဲ။

၁၅ ဟောပြောခြင်းလုပ်ငန်းက လူသားတွေနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ရည်ရွယ်ချက်နဲ့ ဘယ်လို သက်ဆိုင်သလဲ။ ဘုရားသခင့်ရည်ရွယ်ချက်က မြေကြီးပေါ်မှာ လူသားတွေ ထာဝစဥ် နေထိုင်ဖို့ဖြစ်တယ်။ အာဒံ အပြစ်လုပ်ပေမဲ့ ကိုယ်တော့်ရည်ရွယ်ချက် မပြောင်းသွားဘူး။ (ဟေရှာ. ၅၅:၁၁) ကျွန်တော်တို့ကို အပြစ်နဲ့သေခြင်းအောက်ကနေ ကယ်တင်ဖို့ ဘုရားစီစဥ်ပေးတယ်။ ဘယ်နည်းအားဖြင့်လဲ။ ယေရှုကို မြေကြီးပေါ်စေလွှတ်ပြီး ရွေးနုတ်ဖိုးအဖြစ် အသေခံစေခြင်းအားဖြင့် ဖြစ်တယ်။ ဒါပေမဲ့ ယေရှုရဲ့ ရွေးနုတ်ဖိုးကနေ အကျိုးရရှိဖို့ဆိုရင် လူသားတွေဟာ ဘုရားသခင်ကို နာခံရမယ်။ ဒါကြောင့် ဘုရားသခင့်တောင်းဆိုချက်တွေအကြောင်း လူတွေကို ယေရှု သင်ပေးတယ်။ တပည့်တွေကိုလည်း အလားတူလုပ်ဆောင်ဖို့ မိန့်မှာတယ်။ ဘုရားသခင်နဲ့ မိတ်ဆွေဖြစ်လာအောင် တခြားသူတွေကို ကျွန်တော်တို့ ကူညီပေးတာက လူတွေကို အပြစ်နဲ့သေခြင်းအောက်ကနေ ကယ်တင်ပေးတဲ့ မေတ္တာပါအစီအစဥ်မှာ ဘုရားသခင်နဲ့ တွဲဖက်လုပ်ဆောင်နေရာရောက်တယ်။

၁၆။ ဟောပြောခြင်းလုပ်ငန်းဟာ ဘုရားသခင့်အကြီးမြတ်ဆုံးပညတ်တွေနဲ့ ဘယ်လို ဆက်စပ်သလဲ။

၁၆ ထာဝရအသက်လမ်းပေါ် ရောက်အောင် တခြားသူတွေကို ကျွန်တော်တို့ ကူညီပေးတာက သူတို့ကိုရော ယေဟောဝါကိုပါ ချစ်ကြောင်း ဖော်ပြရာရောက်တယ်။ “ဘုရားသခင်၏အလိုတော်မှာ လူအမျိုးမျိုးတို့သည် ကယ်တင်ခံရ၍ အမှန်တရားဆိုင်ရာ တိကျမှန်ကန်သောအသိပညာကို သိရှိလာရန်” ဖြစ်တယ်။ (၁ တိ. ၂:၄) ဘယ်ပညတ်က အကြီးမြတ်ဆုံးပညတ်လဲလို့ ဖာရိရှဲတစ်ယောက် မေးမြန်းချိန်မှာ ယေရှု အခုလို ဖြေတယ်– “‘သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှဖြင့် တစ်သက်တာလုံး ချစ်လော့။’ ဤပညတ်သည် အကြီးမြတ်ဆုံးနှင့် ပထမဆုံးပညတ်ဖြစ်၏။ ဤပညတ်နှင့်ဆင်တူသည့် ဒုတိယပညတ်ကား ‘လူသားချင်းကို ကိုယ်နှင့်အမျှ ချစ်လော့’ ဟူ၍ဖြစ်၏။” (မ. ၂၂:၃၇-၃၉) ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ခြင်းအားဖြင့် အဲဒီပညတ်တွေကို နာခံကြောင်း ကျွန်တော်တို့ ဖော်ပြကြတယ်။တမန်တော် ၁၀:၄၂ ကိုဖတ်ပါ။

၁၇။ ဟောပြောခြင်းအခွင့်ထူးနဲ့ပတ်သက်ပြီး သင် ဘယ်လို ခံစားရသလဲ။

၁၇ ဟောပြောခြင်းလုပ်ငန်းကို ယေဟောဝါ ပေးအပ်ထားတာ တကယ့် ကောင်းချီးပါပဲ။ ဒီလုပ်ငန်းက ကျွန်တော်တို့ကို ပျော်ရွှင်စေတယ်။ ဘုရားနဲ့ရော ညီအစ်ကိုညီအစ်မတွေနဲ့ပါ ရင်းနှီးစေတယ်။ ဘုရားနဲ့ဆက်ဆံရေးကို ကာကွယ်ပေးတယ်။ ဘုရားသခင်နဲ့ တခြားသူတွေကို ချစ်ကြောင်း ဖော်ပြခွင့်ရရှိစေတယ်။ ကမ္ဘာအနှံ့မှာရှိတဲ့ ဘုရားသခင့်ကျေးကျွန်တွေရဲ့ အခြေအနေတွေ ကွဲပြားပေမဲ့ လူကြီးလူငယ်၊ ဆင်းရဲချမ်းသာမရွေး၊ ကျန်းမာသူ၊ မကျန်းမာသူအားလုံးဟာ ဟောပြောခြင်းလုပ်ငန်းမှာ အတတ်နိုင်ဆုံး ပါဝင်နေကြတယ်။ ပြင်သစ်နိုင်ငံမှာနေထိုင်တဲ့ ချန်တယ်လ် အခုလို ပြောတယ်– “စကြဝဠာမှာ တန်ခိုးအကြီးဆုံးအရှင်၊ အရာခပ်သိမ်းဖန်ဆင်းရှင်၊ ပျော်ရွှင်တဲ့ဘုရား ယေဟောဝါက ‘သွားပြီး ငါ့အကြောင်း သက်သေခံပါ။ မင်းကို ခွန်အားပေးမယ်။ ကျမ်းစာ၊ ကောင်းကင်တမန်တွေ၊ ညီအစ်ကိုညီအစ်မတွေ၊ အဆင့်ဆင့် လေ့ကျင့်မှုနဲ့ တိကျတဲ့ညွှန်ကြားချက်တွေကို သင့်တော်တဲ့အချိန်မှာ ငါပေးမယ်’ လို့ ကျွန်မကို ပြောနေတယ်။ ယေဟောဝါတောင်းဆိုထားတဲ့ အလုပ်ကို လုပ်ဆောင်ရတာ၊ ဘုရားသခင်နဲ့အတူ တွဲဖက်လုပ်ဆောင်ရတာဟာ ကြီးမားတဲ့အခွင့်ထူးပါပဲ။”