မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့် ‘ဆုလက်ဆောင်’ ကြောင့် သင် လှုံ့ဆော်ခံရသလား

ဘုရားသခင့် ‘ဆုလက်ဆောင်’ ကြောင့် သင် လှုံ့ဆော်ခံရသလား

‘ပြော၍မကုန်နိုင်သော ဆုလက်ဆောင်အတွက် ဘုရားသခင်၏ကျေးဇူးတော် ကြီးလှပါ၏။’ —၂ ကော. ၉:၁၅

သီချင်း– ၁၂၁၊ ၆၃

၁၊ ၂။ (က) ‘ပြော၍မကုန်နိုင်သော ဆုလက်ဆောင်’ ထဲမှာ ဘာတွေ ပါဝင်သလဲ။ (ခ) ဒီဆောင်းပါးမှာ ဘယ်မေးခွန်းတွေကို သုံးသပ်မလဲ။

ယေဟောဝါဟာ တစ်ပါးတည်းသောသားတော် ယေရှုကို မြေကြီးပေါ်စေလွှတ်ခြင်းအားဖြင့် လူသားတွေကို အကြီးမားဆုံးနည်းနဲ့ မေတ္တာပြခဲ့တယ်။ (ယော. ၃:၁၆; ၁ ယော. ၄:၉၊ ၁၀) အဲဒီမေတ္တာဆုလက်ဆောင်ကို တမန်တော်ပေါလုက ‘ပြော၍မကုန်နိုင်သော ဆုလက်ဆောင်’ လို့ ခေါ်ထားတယ်။ (၂ ကော. ၉:၁၅) ပေါလု ဘာကြောင့် အဲဒီလိုခေါ်တာလဲ။

ယေရှုရဲ့ ပူဇော်သကာဟာ ဘုရားသခင့်အံ့ဖွယ်ကတိအားလုံး ပြည့်စုံလာမယ်ဆိုတဲ့ အာမခံချက်ဖြစ်မှန်း ပေါလု သိတယ်။ (၂ ကောရိန္သု ၁:၂၀ ကိုဖတ်ပါ။) ဒါကြောင့် ‘ပြော၍မကုန်နိုင်သော ဆုလက်ဆောင်’ ထဲမှာ ယေရှုရဲ့ ပူဇော်သကာအပြင် ယေဟောဝါ ပြုလုပ်ပေးတဲ့ ကောင်းမှုအားလုံး၊ ယေဟောဝါ တင်ပြတဲ့ မေတ္တာလုပ်ရပ်အားလုံး ပါဝင်တယ်လို့ ဆိုလိုတယ်။ တန်ဖိုးကြီးလွန်းတဲ့ အဲဒီဆုလက်ဆောင်အကြောင်း လူ့ဦးနှောက်နဲ့ အပြည့်အဝ နားလည်နိုင်မှာမဟုတ်ဘူး။ အဲဒီအထူးဆုလက်ဆောင်က ကျွန်တော်တို့အပေါ် ဘယ်လို အကျိုးသက်ရောက်သင့်သလဲ။ ၂၀၁၆၊ မတ် ၂၃၊ ဗုဒ္ဓဟူးနေ့မှာ ကျင်းပမယ့် ခရစ်တော်ရဲ့ သေခြင်း အောက်မေ့ရာပွဲအတွက် ပြင်ဆင်ရာမှာ အဲဒီဆုလက်ဆောင်က ကျွန်တော်တို့ကို ဘယ်လိုနည်းတွေနဲ့ လှုံ့ဆော်ပေးသင့်သလဲ။

ဘုရားသခင့် အထူးဆုလက်ဆောင်

၃၊ ၄။ (က) တစ်ယောက်ယောက်ဆီက လက်ဆောင်ရတဲ့အခါ သင် ဘယ်လို ခံစားရသလဲ။ (ခ) အထူးလက်ဆောင်တစ်ခုက သင့်ဘဝကို ဘယ်လို ပြောင်းလဲသွားစေနိုင်သလဲ။

တစ်ယောက်ယောက်ဆီက လက်ဆောင်ရတဲ့အခါ ကျွန်တော်တို့ ပျော်တယ်။ လက်ဆောင်တချို့က ဘဝကို ပြောင်းလဲသွားစေနိုင်လောက်အောင် ထူးခြားကောင်းမွန်တယ်။ ဥပမာ၊ ရာဇဝတ်မှုတစ်ခုမှာ သင် ပါဝင်ပတ်သက်မိလို့ သေဒဏ်ကျတော့မယ်လို့ မြင်ယောင်ကြည့်ပါ။ သင့်အစား သေဒဏ်ခံပေးမယ့်လူတစ်ယောက် ရုတ်တရက် ပေါ်လာတယ်။ သူ့ကို သင် မသိဘူး။ သူကတော့ သင့်အတွက် အသေခံဖို့ အဆင်သင့်ပဲ။ အဲဒီအထူးလက်ဆောင်အတွက် သင် ဘယ်လို ခံစားရမလဲ။

ကိုယ်ကျိုးမငဲ့တဲ့ အဲဒီမေတ္တာလက်ဆောင်ကြောင့် သင်ဟာ ကိုယ့်လုပ်ရပ်ကို ပြန်တွေးပြီး ပြင်သင့်တာပြင်ဖို့ လှုံ့ဆော်ခံရမှာ သေချာတယ်။ ရက်ရောဖို့၊ မေတ္တာပြဖို့၊ ကိုယ့်ကိုပြစ်မှားသူတွေကို ခွင့်လွှတ်ဖို့လည်း လှုံ့ဆော်ခံရမှာပဲ။ ကိုယ့်အတွက် အသက်ပေးသွားသူကို ကျန်ဘဝတစ်လျှောက်လုံး ကျေးဇူးတင်နေမှာပဲ။

၅။ ဘုရားသခင်ပြင်ဆင်ပေးတဲ့ ရွေးနုတ်ဖိုးလက်ဆောင်ဟာ တခြားလက်ဆောင်တွေထက် ဘာကြောင့် အများကြီး သာလွန်သလဲ။

ဘုရားသခင်ပြင်ဆင်ပေးတဲ့ ရွေးနုတ်ဖိုးလက်ဆောင်ဟာ အခုနဥပမာထဲက လက်ဆောင်ထက် အများကြီး သာလွန်တယ်။ (၁ ပေ. ၃:၁၈) ဒီအချက်ကို စဥ်းစားကြည့်ပါ– အာဒံဆီက အမွေရထားတဲ့အပြစ်ကြောင့် ကျွန်တော်တို့အားလုံး သေဒဏ်ကျခံရတယ်။ (ရော. ၅:၁၂) ယေဟောဝါဟာ လူသားတွေကို ချစ်လို့ ယေရှုကို မြေကြီးပေါ်စေလွှတ်ပြီး “လူအားလုံးအတွက် အသေခံ” စေခဲ့တယ်။ (ဟေဗြဲ ၂:၉) ယေရှုရဲ့ ပူဇော်သကာဟာ သေခြင်းကို ထာဝစဥ် ဖယ်ရှားပေးပါလိမ့်မယ်။ (ဟေရှာ. ၂၅:၇၊ ၈; ၁ ကော. ၁၅:၂၂၊ ၂၆) ယေရှုကို ယုံကြည်ကြောင်း တင်ပြသူအားလုံးဟာ ကောင်းကင်မှာ ယေရှုနဲ့အတူ တွဲဖက်ဘုရင်တွေအနေနဲ့ဖြစ်စေ၊ မြေကြီးမှာ ဘုရားသခင့်နိုင်ငံသားတွေအနေနဲ့ဖြစ်စေ ငြိမ်းချမ်းပျော်ရွှင်စွာ ထာဝစဥ် အသက်ရှင်ရပါလိမ့်မယ်။ (ရော. ၆:၂၃; ဗျာ. ၅:၉၊ ၁၀) ယေဟောဝါပေးတဲ့ ဆုလက်ဆောင်ထဲမှာ ဘယ်ကောင်းချီးတွေ ပါဝင်သေးသလဲ။

၆။ (က) ယေဟောဝါပေးတဲ့ ဆုလက်ဆောင်ကြောင့်ရရှိမယ့် ဘယ်ကောင်းချီးတွေကို သင် စောင့်မျှော်နေသလဲ။ (ခ) ဘုရားသခင့် ဆုလက်ဆောင်က ဘယ်အရာသုံးခုကို လုပ်ဆောင်ဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးမလဲ။

ယေဟောဝါပေးတဲ့ ဆုလက်ဆောင်ထဲမှာ ရောဂါအားလုံး ပျောက်ကင်းသွားတာ၊ ကမ္ဘာ ပရဒိသုဖြစ်လာတာ၊ လူသေတွေ ထမြောက်လာတာတွေ ပါဝင်တယ်။ (ဟေရှာ. ၃၃:၂၄; ၃၅:၅၊ ၆; ယော. ၅:၂၈၊ ၂၉) အဲဒီ ‘ပြော၍မကုန်နိုင်သော ဆုလက်ဆောင်’ အတွက် ယေဟောဝါနဲ့ ယေရှုကို ကျွန်တော်တို့ သိပ်ချစ်ကြတယ်။ အဲဒီဆုလက်ဆောင်က ဘာလုပ်ဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးမလဲ။ (၁) ခရစ်တော်ယေရှုကို အနီးကပ်တုပဖို့၊ (၂) ညီအစ်ကိုညီအစ်မတွေကို ချစ်ဖို့၊ (၃) တခြားသူတွေကို လှိုက်လှိုက်လှဲလှဲ ခွင့်လွှတ်ဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။

“ခရစ်တော်၏ချစ်ခြင်းမေတ္တာသည် ငါတို့ကို အနိုင်အထက် နှိုးဆော်”

၇၊ ၈။ ခရစ်တော်ရဲ့မေတ္တာက ဘာလုပ်ဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးသင့်သလဲ။

ဦးဆုံး၊ ယေရှုကို ဂုဏ်တင်တဲ့နည်းနဲ့ အသက်ရှင်ဖို့ ကျွန်တော်တို့ လှုံ့ဆော်ခံရသင့်တယ်။ “ခရစ်တော်၏ချစ်ခြင်းမေတ္တာသည် ငါတို့ကို အနိုင်အထက် နှိုးဆော်၏” လို့ တမန်တော်ပေါလု ပြောတယ်။ (၂ ကောရိန္သု ၅:၁၄၊ ၁၅ ကိုဖတ်ပါ။) ယေရှုရဲ့ကြီးမြတ်တဲ့မေတ္တာကို ကောင်းကောင်းနားလည်ရင် ယေရှုကို ချစ်ဖို့၊ ဂုဏ်တင်ဖို့ ကျွန်တော်တို့ လှုံ့ဆော်ခံရမယ်ဆိုတာ ပေါလု သိတယ်။ ယေဟောဝါရဲ့မေတ္တာနဲ့ ကိုယ်တော်ပြုလုပ်ပေးထားရာတွေကို အပြည့်အဝ နားလည်မယ်ဆိုရင် ယေရှုကို ဂုဏ်တင်တဲ့နည်းအတိုင်း အသက်ရှင်ဖို့ လှုံ့ဆော်ခံရပါလိမ့်မယ်။ အဲဒီလိုဆန္ဒရှိကြောင်း ဘယ်လိုဖော်ပြနိုင်သလဲ။

ယေဟောဝါကိုချစ်တဲ့မေတ္တာက ယေရှုရဲ့ စံနမူနာကို အနီးကပ်တုပဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးပါလိမ့်မယ်။ (၁ ပေ. ၂:၂၁; ၁ ယော. ၂:၆) ဘုရားသခင်နဲ့ ခရစ်တော်ကို နာခံခြင်းအားဖြင့် သူတို့ကိုချစ်ကြောင်း သက်သေပြနိုင်တယ်။ “ငါ့ပညတ်များကိုခံယူ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့အားချစ်သောသူကို ငါ့ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့အား ကိုယ်ကိုထင်ရှားပြမည်” လို့ ယေရှု ပြောတယ်။—ယော. ၁၄:၂၁; ၁ ယော. ၅:၃

၉။ ဘယ်ဖိအားပေးမှုတွေကို ကျွန်တော်တို့ ကြုံနေရသလဲ။

အောက်မေ့ရာပွဲကာလအတွင်း ကိုယ့်ဘဝလမ်းစဥ်ကို ပြန်တွေးတောဆင်ခြင်သင့်တယ်။ ‘ဘယ်ကဏ္ဍတွေမှာ ယေရှုကို ငါ တုပနေသလဲ။ ဘယ်ကဏ္ဍတွေမှာ တိုးတက်ဖို့ လိုနေသလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ လောကပုံစံအတိုင်း အသက်ရှင်ဖို့ မပြတ် ဖိအားပေးခံနေရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အဲဒီလိုဆန်းစစ်ဖို့ အရေးကြီးတယ်။ (ရော. ၁၂:၂) ကျွန်တော်တို့ သတိမထားဘူးဆိုရင် လောကရဲ့ ပညာရှင်တွေ၊ နာမည်ကျော်ပုဂ္ဂိုလ်တွေ၊ အားကစားအကျော်အမော်တွေရဲ့ နောက်လိုက် ဖြစ်သွားနိုင်တယ်။ (ကော. ၂:၈; ၁ ယော. ၂:၁၅-၁၇) အဲဒီဖိအားတွေကို ဘယ်လို တွန်းလှန်နိုင်သလဲ။

၁၀။ အောက်မေ့ရာပွဲကာလအတွင်း ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ မေးသင့်သလဲ။ ဘာလုပ်ဖို့ လှုံ့ဆော်ခံရသင့်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

၁၀ ကိုယ့်အဝတ်အစား၊ ကိုယ်ကြည့်တဲ့ရုပ်ရှင်၊ နားထောင်တဲ့သီချင်းတွေအပြင် ကွန်ပျူတာ၊ ဆဲလ်ဖုန်း၊ တက်ဘလက်ထဲ ထည့်ထားတဲ့အရာတွေကို အောက်မေ့ရာပွဲကာလအတွင်း အချိန်ယူ ဆန်းစစ်သင့်တယ်။ ကိုယ့်ကိုယ်ကိုယ် အခုလို မေးပါ– ‘ယေရှုသာ ငါ့အနားမှာရှိပြီး ငါဝတ်ထားတာကို မြင်ရင် ငါ အနေရခက်မလား။’ (၁ တိမောသေ ၂:၉၊ ၁၀ ကိုဖတ်ပါ။) ‘ငါဟာ ခရစ်တော်ရဲ့ နောက်လိုက်ဖြစ်မှန်း ငါ့အဝတ်အစားက ဖော်ပြနေသလား။ ငါကြည့်တဲ့ရုပ်ရှင်ကို ယေရှု ကြည့်ချင်မလား။ ငါနားထောင်တဲ့သီချင်းကိုရော နားထောင်ချင်မလား။ ငါ့ဆဲလ်ဖုန်း ဒါမှမဟုတ် တက်ဘလက်ကို ယေရှု ငှားမယ်ဆိုရင် ဘာများတွေ့သွားမလဲဆိုပြီး ငါ နေမထိထိုင်မထိဖြစ်နေမလား။ ငါဆော့နေတဲ့ဗီဒီယိုဂိမ်းကို ဘာကြောင့် ကြိုက်မှန်း ယေရှုကို ရှင်းပြဖို့ အခက်တွေ့နေမလား။’ ဘယ်လောက်အကုန်အကျများပါစေ ခရစ်ယာန်တစ်ယောက်အတွက် မသင့်တော်တဲ့ ဘယ်အရာကိုမဆို ရှင်းထုတ်ပစ်ဖို့ ယေဟောဝါကိုချစ်တဲ့မေတ္တာက လှုံ့ဆော်ပေးသင့်တယ်။ (တ. ၁၉:၁၉၊ ၂၀) ကိုယ့်ဘဝကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံချိန်မှာ ယေရှုကို ဂုဏ်တင်တဲ့နည်းအတိုင်း အသက်ရှင်ဖို့ ကတိပေးခဲ့တယ်။ ဒါကြောင့် ယေရှုကို တုပဖို့ အခက်တွေ့စေနိုင်တဲ့ ဘယ်အရာကိုမှ မဖက်တွယ်ထားသင့်ဘူး။—မ. ၅:၂၉၊ ၃၀; ဖိ. ၄:၈

၁၁။ (က) ယေဟောဝါနဲ့ ယေရှုကိုချစ်တဲ့မေတ္တာက ဟောပြောခြင်းလုပ်ငန်းမှာ ဘယ်လို လှုံ့ဆော်ပေးသလဲ။ (ခ) အသင်းတော်မှာရှိတဲ့ တခြားသူတွေကို ကူညီဖို့ ကျွန်တော်တို့ရဲ့မေတ္တာက ဘယ်လို လှုံ့ဆော်ပေးနိုင်သလဲ။

၁၁ ယေရှုကိုချစ်တဲ့မေတ္တာက ဇွဲထက်သန်စွာ ဟောပြောသွန်သင်ဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးတယ်။ (မ. ၂၈:၁၉၊ ၂၀; လု. ၄:၄၃) အောက်မေ့ရာပွဲကာလအတွင်း အရန်ရှေ့ဆောင်အနေနဲ့ ဟောပြောခြင်းလုပ်ငန်းမှာ နာရီ ၃၀ ဒါမှမဟုတ် ၅၀ ပါဝင်ဖို့ စီစဥ်နိုင်မလား။ အသက် ၈၄ နှစ်အရွယ် မုဆိုးဖိုတစ်ယောက်ဟာ အသက်အရွယ်နဲ့ ကျန်းမာရေးကြောင့် အရန်ရှေ့ဆောင် လုပ်နိုင်မှာမဟုတ်ဘူးလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ အသင်းတော်က ရှေ့ဆောင်တွေ သူ့ကို ကူညီပေးတယ်။ သွားရေးလာရေးနဲ့ သင့်တော်တဲ့ရပ်ကွက်ကို စီစဥ်ပေးတယ်။ ဒါကြောင့် နာရီ ၃၀ ပြည့်မီနိုင်ခဲ့တယ်။ သင့်အသင်းတော်မှာလည်း မတ်လနဲ့ ဧပြီလအတွင်း အရန်ရှေ့ဆောင် လုပ်နိုင်အောင် တစ်ယောက်ယောက်ကို ကူညီပေးနိုင်မလား။ ယောက်တိုင်း ရှေ့ဆောင် မလုပ်နိုင်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ လုပ်ငန်းမှာ အချိန်နဲ့ ခွန်အား ပိုပေးဆက်နိုင်ပါတယ်။ အဲဒီလိုလုပ်ဆောင်မယ်ဆိုရင် ခရစ်တော်ရဲ့မေတ္တာကြောင့် ကျွန်တော်တို့ လှုံ့ဆော်ခံရတယ်ဆိုတာ ပေါလုလို တင်ပြနိုင်ပါလိမ့်မယ်။ ဘုရားသခင့်မေတ္တာက နောက်ထပ် ဘာတွေလုပ်ဆောင်ဖို့ လှုံ့ဆော်ပေးဦးမလဲ။

အချင်းချင်းချစ်ဖို့ တာဝန်ရှိ

၁၂။ ဘုရားသခင့်မေတ္တာက ဘာလုပ်ဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးသလဲ။

၁၂ ဒုတိယ၊ ဘုရားသခင့်မေတ္တာက ညီအစ်ကိုညီအစ်မတွေကို ချစ်ဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးသင့်တယ်။ “ချစ်ရသောသူတို့၊ ဘုရားသခင်သည် ငါတို့ကို ဤမျှလောက်ချစ်သည်မှန်လျှင် ငါတို့သည်လည်း အချင်းချင်း ချစ်ကြရမည့်တာဝန်ရှိ၏” လို့ တမန်တော်ယောဟန် ပြောခဲ့တယ်။ (၁ ယော. ၄:၇-၁၁) ဒါကြောင့် ဘုရားသခင့်မေတ္တာကို ကောင်းကောင်းနားလည်ရင် ညီအစ်ကိုညီအစ်မတွေကို ချစ်ဖို့ လိုတယ်။ (၁ ယော. ၃:၁၆) သူတို့ကို ချစ်ကြောင်း ဘယ်လို တင်ပြနိုင်သလဲ။

၁၃။ တခြားသူတွေကို မေတ္တာပြရာမှာ ယေရှု ဘယ်ပုံနမူနာချမှတ်ခဲ့သလဲ။

၁၃ ယေရှုရဲ့ ပုံနမူနာကို စဥ်းစားကြည့်ပါ။ မြေကြီးပေါ် အမှုဆောင်ချိန်အတွင်း နိမ့်ကျသူတွေကို အထူးအရေးတယူ ဆက်ဆံခဲ့တယ်။ ဖျားနာ၊ ခြေဆွံ့၊ မျက်မမြင်၊ နားမကြား၊ ဆွံ့အသူတွေကို ကုသပေးခဲ့တယ်။ (မ. ၁၁:၄၊ ၅) ဘာသာရေးခေါင်းဆောင်တွေလိုမဟုတ်ဘဲ ယေရှုဟာ လူတွေကို အမှန်တရားသင်ပေးရတာ နှစ်သက်တယ်။ (ယော. ၇:၄၉) အဲဒီနိမ့်ကျသူတွေကို ယေရှု ချစ်ပြီး ကြိုးစားပမ်းစား ကူညီပေးတယ်။—မ. ၂၀:၂၈

အမှုဆောင်လုပ်ငန်းမှာ သက်ကြီးညီအစ်ကိုညီအစ်မ တစ်ယောက်ယောက်ကို သင် ကူညီပေးနိုင်မလား (အပိုဒ် ၁၄ ကိုကြည့်ပါ)

၁၄။ ညီအစ်ကိုညီအစ်မတွေကို မေတ္တာပြဖို့ ဘာတွေ လုပ်ဆောင်နိုင်သလဲ။

၁၄ အသင်းတော်မှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေ၊ အထူးသဖြင့် အသက်ကြီးသူတွေကို ဘယ်လို ကူညီပေးနိုင်တယ်ဆိုတာ အောက်မေ့ရာပွဲကာလအတွင်း အချိန်ယူ စဥ်းစားသင့်တယ်။ သူတို့ဆီ သင် လည်ပတ်နိုင်မလား။ ဟင်းတစ်ခွက် ပို့ပေးနိုင်မလား။ အိမ်အလုပ်တွေ ဝိုင်းလုပ်ပေးနိုင်မလား။ အစည်းအဝေး အကြိုအပို့ လုပ်ပေးနိုင်မလား။ အမှုဆောင်လုပ်ငန်းမှာ သင်နဲ့အတူပါဝင်ဖို့ ဖိတ်ခေါ်နိုင်မလား။ (လုကာ ၁၄:၁၂–၁၄ ကိုဖတ်ပါ။) ဘုရားသခင့်မေတ္တာက ညီအစ်ကိုညီအစ်မတွေကို မေတ္တာပြဖို့ သင့်ကို လှုံ့ဆော်ပေးပါစေ။

ညီအစ်ကိုညီအစ်မတွေကို သနားစာနာပါ

၁၅။ ဘာကို ကျွန်တော်တို့ အသိအမှတ်ပြုရမလဲ။

၁၅ တတိယ၊ ယေဟောဝါရဲ့မေတ္တာက ညီအစ်ကိုညီအစ်မတွေကို ခွင့်လွှတ်ဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးတယ်။ ကျွန်တော်တို့အားလုံးဟာ အာဒံဆီက အပြစ်နဲ့သေခြင်းကို အမွေရထားတဲ့အတွက် “ငါတော့ ရွေးနုတ်ဖိုး မလိုဘူး” လို့ ဘယ်သူမှ မပြောနိုင်ဘူး။ ဘုရားသခင်အပေါ် သစ္စာအရှိဆုံး ကျေးကျွန်တောင် ရွေးနုတ်ဖိုးလက်ဆောင် လိုအပ်တယ်။ ကျွန်တော်တို့ယောက်တိုင်းရဲ့ အကြီးမားဆုံးအကြွေး ဖြေလွှတ်ခံထားရတယ်ဆိုတာ အသိအမှတ်ပြုရမယ်။ အဲဒီလိုလုပ်ဖို့ ဘာကြောင့် အရေးကြီးသလဲ။ ယေရှုရဲ့ ပုံဥပမာတစ်ခုမှာ အဖြေကို တွေ့ရှိနိုင်တယ်။

၁၆၊ ၁၇။ ယေရှုရဲ့ ပုံဥပမာကနေ ဘာသင်ယူနိုင်သလဲ။

၁၆ ဒေနာရိသန်း ၆၀ အကြွေးတင်နေတဲ့ကျွန်ကို ဖြေလွှတ်လိုက်တဲ့ ဘုရင်အကြောင်း ယေရှုပြောတယ်။ အဲဒီကျွန်က ဒေနာရိ ၁၀၀ ပဲ အကြွေးတင်နေတဲ့ကျွန်ချင်းကိုတော့ ခွင့်မလွှတ်ဘူး။ တကယ်တော့ ဘုရင်ရဲ့သနားစာနာမှုက အချင်းချင်းကို ခွင့်လွှတ်ဖို့ အဲဒီကျွန်ကို လှုံ့ဆော်ပေးသင့်တယ်။ ဘာမဟုတ်တဲ့ အကြွေးနည်းနည်းလေးကို မဖြေလွှတ်တဲ့ကျွန်အကြောင်း ဘုရင် ကြားတဲ့အခါ တအားဒေါသထွက်ပြီး “ဆိုးညစ်သောကျွန်၊ သင်အသနားခံသောကြောင့် သင့်အကြွေးရှိသမျှကို ငါဖြေလွှတ်၏။ ငါသည် သင့်ကိုသနားသည့်နည်းတူ သင်၏ကျွန်ချင်းကိုလည်း မသနားအပ်သလော” လို့ ပြောတယ်။ (မ. ၁၈:၂၃-၃၅) အဲဒီဘုရင်လိုပဲ ယေဟောဝါလည်း ကျွန်တော်တို့ရဲ့ အကြီးမားဆုံးအကြွေးကို ဖြေလွှတ်ထားတယ်။ ယေဟောဝါရဲ့မေတ္တာနဲ့ သနားစာနာမှုက ဘာလုပ်ဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးသင့်သလဲ။

၁၇ အောက်မေ့ရာပွဲအတွက် ပြင်ဆင်ရင်း ကိုယ့်ကိုယ်ကိုယ် အခုလို မေးပါ– ‘ညီအစ်ကိုညီအစ်မတစ်ယောက်ယောက်ကို ငါ ကြိတ်မနိုင်ခဲမရ ဖြစ်နေသလား။ ခွင့်လွှတ်ဖို့ အခက်တွေ့နေသလား။’ အဲဒီလိုဖြစ်နေတယ်ဆိုရင် ‘ခွင့်လွှတ်ဖို့ အသင့်ရှိ’ တဲ့ ယေဟောဝါကို တုပဖို့ အချိန်အခါကောင်းပဲ။ (နေ. ၉:၁၇; ဆာ. ၈၆:၅ကဘ) ယေဟောဝါရဲ့ ကြီးမားတဲ့သနားစာနာမှုကို ကျေးဇူးတင်လေးမြတ်တယ်ဆိုရင် တခြားသူတွေကို သနားစာနာမှုပြပြီး လှိုက်လှိုက်လှဲလှဲ ခွင့်လွှတ်ပါလိမ့်မယ်။ ညီအစ်ကိုညီအစ်မတွေကို မချစ်ဘူး၊ ခွင့်မလွှတ်ဘူးဆိုရင် ယေဟောဝါရဲ့မေတ္တာနဲ့ ခွင့်လွှတ်မှုကို ကျွန်တော်တို့ မမျှော်လင့်နိုင်ဘူး။ (မ. ၆:၁၄၊ ၁၅) ခွင့်လွှတ်လိုက်တာနဲ့ အရင်ကဖြစ်ခဲ့တာတွေ ပြောင်းလဲသွားမှာမဟုတ်ပေမဲ့ ရှေ့ဆက်မယ့်အနာဂတ်ကတော့ အကောင်းဘက် ပြောင်းလဲသွားပါလိမ့်မယ်။

၁၈။ ဘုရားသခင့်မေတ္တာက မစုံလင်မှုတွေကို သည်းခံဖို့ ညီအစ်မတစ်ယောက်ကို ဘယ်လို ကူညီပေးခဲ့သလဲ။

၁၈ ညီအစ်ကိုညီအစ်မတွေရဲ့ မစုံလင်မှုတွေကို သည်းခံဖို့ တော်တော်ခက်နိုင်တယ်။ (ဧဖက် ၄:၃၂ နဲ့ ကောလောသဲ ၃:၁၃၊ ၁၄ တို့ကိုဖတ်ပါ။) ဥပမာ၊ ညီအစ်မလီလီ [၁] ဟာ ကယ်ရယ်လို့ခေါ်တဲ့ မုဆိုးမညီအစ်မတစ်ယောက်ကို ကူညီပေးတယ်။ သွားရေးလာရေး ကူညီပေးတယ်။ လိုအပ်တာတွေ ဝယ်ခြမ်းပေးတယ်။ တခြားနည်းလမ်းများစွာနဲ့လည်း ကူညီပေးတယ်။ ဒီလောက်လုပ်ပေးတာတောင် ကယ်ရယ်ဟာ တတွတ်တွတ် အပြစ်ရှာပြီး ဘယ်တော့မှ မကျေနပ်နိုင်ဘူး။ တော်တော်ဆက်ဆံရခက်တယ်။ လီလီကတော့ ကယ်ရယ်ရဲ့ ကောင်းကွက်တွေကိုပဲ အာရုံစိုက်တယ်။ ကယ်ရယ် အိပ်ရာထဲ လဲပြီး သေဆုံးချိန်အထိ နှစ်ပေါင်းများစွာ ကူညီပေးခဲ့တယ်။ “ထမြောက်လာမယ့်ကယ်ရယ်နဲ့ ဆုံစည်းဖို့ ကျွန်မ စောင့်မျှော်နေတယ်။ သူ စုံလင်လာတဲ့အခါ သူ့အကြောင်း ထပ်သိချင်သေးတယ်” လို့ လီလီ ပြောတယ်။ မှန်ပါတယ်။ ဘုရားသခင့်မေတ္တာက ညီအစ်ကိုညီအစ်မတွေကို သည်းခံဖို့၊ လူ့မစုံလင်မှု ထာဝစဥ် ပပျောက်သွားမယ့်အချိန်ကို စောင့်မျှော်ဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။

၁၉။ ဘုရားသခင်ရဲ့ ‘ဆုလက်ဆောင်’ က သင့်ကို ဘာလုပ်ဖို့ လှုံ့ဆော်ပေးသလဲ။

၁၉ ယေဟောဝါဟာ ကျွန်တော်တို့ကို ‘ပြော၍မကုန်နိုင်သော ဆုလက်ဆောင်’ ပေးထားတာ သေချာတယ်။ အဲဒီလက်ဆောင်ကို တန်ဖိုးထားလေးမြတ်နိုင်ပါစေ။ အောက်မေ့ရာပွဲကာလဟာ ယေဟောဝါနဲ့ယေရှု ပြုလုပ်ပေးထားရာအားလုံးကို တွေးတောဆင်ခြင်ဖို့ အကောင်းဆုံးအချိန်ကာလပဲ။ ယေဟောဝါနဲ့ယေရှုရဲ့မေတ္တာက ယေရှုကို အနီးကပ်တုပဖို့၊ ညီအစ်ကိုညီအစ်မတွေကို ချစ်ဖို့၊ လှိုက်လှိုက်လှဲလှဲ ခွင့်လွှတ်ဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးပါစေ။

^ [၁] (အပိုဒ် ၁၈) နာမည်ပြောင်းထားပါတယ်။