မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“သင်တို့နှင့်အတူ လိုက်ပါမည်”

“သင်တို့နှင့်အတူ လိုက်ပါမည်”

“ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူသည်ဟု အကျွန်ုပ်တို့သည် ကြားသိ၍ သင်တို့နှင့်အတူ လိုက်ပါမည်။”—ဇာ. ၈:၂၃

သီချင်း– ၆၅၊ ၁၂၂

၁၊ ၂။ (က) ကျွန်တော်တို့ခေတ်နဲ့ပတ်သက်ပြီး ယေဟောဝါ ဘာကြိုပြောသလဲ။ (ခ) ဒီဆောင်းပါးမှာ ဘယ်မေးခွန်းတွေကို ဆွေးနွေးမလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

ကျွန်တော်တို့ခေတ်နဲ့ပတ်သက်ပြီး ယေဟောဝါ အခုလို ကြိုပြောတယ်– “ထိုကာလ၌ ဘာသာအသီးအသီးကိုပြောတတ်သော လူအမျိုးမျိုးတို့တွင် တစ်ကျိပ်သောလူ [ဆယ်ယောက်] တို့သည် ယုဒလူဖြစ်သောသူ၏ အဝတ်စွန်းကိုကိုင်လျက် ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူသည်ဟု အကျွန်ုပ်တို့သည် ကြားသိ၍ သင်တို့နှင့်အတူ လိုက်ပါမည်ဟု ဆိုကြလိမ့်မည်။” (ဇာ. ၈:၂၃) “ယုဒလူ” ဟာ သန့်ရှင်းသောစွမ်းအားတော်နဲ့ ဘိသိက်ပေးခံရသူတွေကို ပုံဆောင်တယ်။ သူတို့ကို “ဘုရားသခင်၏ အစ္စရေးလူမျိုး” လို့လည်း ခေါ်တယ်။ (ဂလ. ၆:၁၆) ‘လူဆယ်ယောက်’ ဟာ မြေကြီးပေါ် ထာဝစဥ်အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိသူတွေကို ပုံဆောင်တယ်။ ဘိသိက်ခံတွေကို ယေဟောဝါ ကောင်းချီးပေးနေမှန်း သိတဲ့အတွက် သူတို့နဲ့အတူ ယေဟောဝါကို ဝတ်ပြုရတာ ဂုဏ်ယူကြတယ်။

ပရောဖက်ဇာခရိလိုပဲ ယေရှုလည်း ဘုရားသခင့်လူမျိုးရဲ့ စည်းလုံးမှုအကြောင်း ပြောခဲ့တယ်။ ကောင်းကင်မျှော်လင့်ချက်ရှိသူတွေကို “သိုးစုငယ်” အဖြစ်၊ မြေကြီးမျှော်လင့်ချက်ရှိသူတွေကို “အခြားသိုး” အဖြစ် ယေရှု ဖော်ပြတယ်။ အဲဒီအုပ်စုနှစ်စုစလုံးက “သိုးအုပ်တစ်အုပ်” အဖြစ် “သိုးထိန်းတစ်ပါးတည်း” ရဲ့နောက်ကို လိုက်ကြလိမ့်မယ်လို့ ယေရှု ပြောတယ်။ (လု. ၁၂:၃၂; ယော. ၁၀:၁၆) အုပ်စုနှစ်စုဖြစ်နေတဲ့အတွက် မေးခွန်းတချို့ ပေါ်လာတယ်– (၁) ဒီနေ့ခေတ် ဘိသိက်ခံအားလုံးရဲ့ နာမည်ကို အခြားသိုးတွေ သိဖို့လိုသလား။ (၂) ဘိသိက်ခံတွေဟာ ကိုယ့်ကိုယ်ကိုယ် ဘယ်လို သဘောထားသင့်သလဲ။ (၃) အသင်းတော်မှာ တစ်ယောက်ယောက်က အောက်မေ့ရာပွဲမှာ မုန့်နဲ့စပျစ်ဝိုင်ကို စသုံးဆောင်ရင် သူ့ကို ဘယ်လို ဆက်ဆံသင့်သလဲ။ (၄) အောက်မေ့ရာပွဲမှာ မုန့်နဲ့စပျစ်ဝိုင် သုံးဆောင်သူ အရေအတွက် မြင့်တက်လာရင် စိုးရိမ်သင့်သလား။ အဲဒီမေးခွန်းတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

ဒီနေ့ခေတ် ဘိသိက်ခံအားလုံးရဲ့ နာမည်ကို သိဖို့လိုသလား

၃။ ၁၄၄,၀၀၀ ထဲမှာ ဘယ်သူတွေ ပါမယ်ဆိုတာ အတိအကျသိဖို့ ဘာကြောင့် မဖြစ်နိုင်သလဲ။

ဒီနေ့ခေတ် ဘိသိက်ခံအားလုံးရဲ့ နာမည်ကို အခြားသိုးတွေ သိဖို့လိုသလား။ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ ကောင်းကင်ဆုကျေးဇူး တကယ်ရ,မရဆိုတာကို အတိအကျသိဖို့ မဖြစ်နိုင်လို့ပဲ။ [၁] ဘုရားသခင်က ကောင်းကင်သွားဖို့ သူတို့ကို ဖိတ်ခေါ်ပေမဲ့ သူတို့ ဆက်သစ္စာရှိနေမှသာ ကောင်းကင်ဆုကျေးဇူး ရရှိမှာဖြစ်တယ်။ အဲဒီအချက်ကို စာတန် သိတဲ့အတွက် “ပရောဖက်အတုအယောင်” တွေကို သုံးပြီး သူတို့ကို “လှည့်ဖြား” ဖို့ ကြိုးစားနေတယ်။ (မ. ၂၄:၂၄) ဘိသိက်ခံတစ်ယောက်ကို ကောင်းကင်ဆုကျေးဇူး ရရှိထိုက်သူအဖြစ် ယေဟောဝါ တရားစီရင်ချိန် မရောက်မချင်း သူ ကောင်းကင်ဆုကျေးဇူး တကယ်ရ,မရဆိုတာ သေချာမပြောနိုင်ဘူး။ သူ မသေဆုံးခင် ဒါမှမဟုတ် “ကြီးစွာသောဒုက္ခ” မစခင်လေးမှာ အဲဒီနောက်ဆုံးအတည်ပြုချက်ကို ယေဟောဝါ ချမှတ်ပြီး နောက်ဆုံးတံဆိပ်ခတ်ပါလိမ့်မယ်။ (ဗျာ. ၂:၁၀; ၇:၃၊ ၁၄) ဒါကြောင့် ၁၄၄,၀၀၀ ထဲမှာ ဘယ်သူတွေ ပါမယ်ဆိုတာ သိဖို့ကြိုးစားတာဟာ အဓိပ္ပာယ်မရှိဘူး။

ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ဟာ ယေရှု ဖြစ်တယ်။ သူ့နောက်ကိုပဲ လိုက်ရမယ်

၄။ ဒီနေ့ခေတ် ဘိသိက်ခံအားလုံးရဲ့ နာမည်ကိုသိဖို့ မဖြစ်နိုင်ဘူးဆိုရင် အခြားသိုးဟာ သူတို့နဲ့အတူ ဘယ်လို “လိုက်” နိုင်မလဲ။

ဒီနေ့ခေတ် ဘိသိက်ခံအားလုံးရဲ့ နာမည်ကိုသိဖို့ မဖြစ်နိုင်ဘူးဆိုရင် အခြားသိုးဟာ သူတို့နဲ့အတူ ဘယ်လို “လိုက်” နိုင်မလဲ။ လူဆယ်ယောက်က “ယုဒလူဖြစ်သောသူ၏ အဝတ်စွန်းကိုကိုင်လျက် ‘ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူသည်ဟု အကျွန်ုပ်တို့သည် ကြားသိ၍ သင်တို့နှင့်အတူ လိုက်ပါမည်’ ဟု ဆိုကြလိမ့်မည်” ဆိုပြီး ကျမ်းစာပြောတယ်။ အဲဒီအခန်းငယ်မှာ ယုဒလူတစ်ယောက်လို့ ဖော်ပြထားပေမဲ့ တစ်ယောက်ထက်မကကို ဆိုလိုတယ်။ ဒါကြောင့် အဲဒီယုဒလူဟာ တစ်ယောက်တည်းကို မဟုတ်ဘဲ ဘိသိက်ခံအုပ်စုတစ်စုလုံးကို ပုံဆောင်တယ်။ အဲဒီအချက်ကို အခြားသိုးတွေ သိတယ်။ အဲဒီအုပ်စုနဲ့အတူ ယေဟောဝါကို ဝတ်ပြုပြီး သူတို့ကို ကူညီထောက်မနေတယ်။ ဒါကြောင့် သူတို့တစ်ယောက်စီရဲ့နာမည်ကို သိဖို့၊ သူတို့တစ်ယောက်စီနောက်ကို လိုက်ဖို့ မလိုဘူး။ ကျမ်းစာမှာလည်း လူနောက်လိုက်ဖို့ ကျွန်တော်တို့ကို အားမပေးထားဘူး။ အဲဒီအစား ခေါင်းဆောင်ယေရှုနောက်ကို လိုက်ဖို့ပဲ အားပေးထားတယ်။—မ. ၂၃:၁၀

ဘိသိက်ခံတွေဟာ ကိုယ့်ကိုယ်ကိုယ် ဘယ်လို သဘောထားသင့်သလဲ

၅။ ဘယ်သတိပေးချက်ကို ဘိသိက်ခံတွေ အလေးအနက် တွေးတောသင့်သလဲ။ ဘာကြောင့်လဲ။

ဘိသိက်ခံတွေဟာ ၁ ကောရိန္သု ၁၁:၂၇–၂၉ (ဖတ်ပါ။) မှာပါတဲ့ သတိပေးချက်ကို အလေးအနက် တွေးတောသင့်တယ်။ ဘိသိက်ခံတစ်ယောက်ဟာ ယေဟောဝါနဲ့ဆက်ဆံရေးကောင်း မရှိဘဲ၊ ဘုရားအပေါ်သစ္စာမရှိဘဲ မုန့်နဲ့စပျစ်ဝိုင်ကို သုံးဆောင်မိရင် “မထိုက်မတန်ဘဲ” သုံးဆောင်တဲ့သဘော၊ မလေးစားတဲ့သဘော သက်ရောက်တယ်။ (ဟေဗြဲ ၆:၄-၆; ၁၀:၂၆-၂၉) အဲဒီပြင်းထန်တဲ့သတိပေးချက်က “ခရစ်တော်ယေရှုအားဖြင့် အထက်အရပ်သို့ ဘုရားသခင်၏ ခေါ်တော်မူခြင်း ဆုကျေးဇူးကို” ရရှိချင်ရင် ဆက်သစ္စာရှိနေရမယ်ဆိုတာ ဘိသိက်ခံတွေကို အမှတ်ရစေတယ်။—ဖိ. ၃:၁၃-၁၆

၆။ ဘိသိက်ခံတွေဟာ ကိုယ့်ကိုယ်ကိုယ် ဘယ်လို သဘောထားသင့်သလဲ။

“သင်တို့သည် ခေါ်တော်မူခြင်းနှင့် ထိုက်တန်စွာ လျှောက်လှမ်းကြရန် သခင်အတွက် အကျဥ်းသားဖြစ်သူ ငါသည် သင်တို့ကို တောင်းပန်ပါ၏” လို့ ဘိသိက်ခံတွေကို ပေါလုပြောတယ်။ သူတို့ ဘယ်နည်းနဲ့ အဲဒီလိုလျှောက်လှမ်းနိုင်သလဲ။ “စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့နှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ မေတ္တာတရား၌ အချင်းချင်း သည်းခံခြင်းရှိလျက်၊ ငြိမ်သက်ခြင်း အနှောင်အဖွဲ့အားဖြင့် ဘုရားသခင့် စွမ်းအားတော်ကြောင့်ရသော တစ်လုံးတစ်ဝတည်းအဖြစ်ကို ကြိုးစားအားထုတ်၍ စောင့်ရှောက်ကြလော့” လို့ ပေါလုရှင်းပြတယ်။ (ဧ. ၄:၁-၃) ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်က ဘုရားသခင့်ကျေးကျွန်တွေကို မာနမကြီးဘဲ နှိမ့်ချမှုရှိဖို့ ကူညီပေးတယ်။ (ကော. ၃:၁၂) ဒါကြောင့် ဘိသိက်ခံတွေဟာ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေထက် ပိုသာတယ်လို့ သဘောမထားကြဘူး။ သူတို့ဟာ တခြားသူတွေထက် သန့်ရှင်းသောစွမ်းအားတော် ပိုမရရှိဘူးဆိုတာ အသိအမှတ်ပြုကြတယ်။ တခြားသူတွေထက် ကျမ်းစာအမှန်တရားအကြောင်း ပိုနားလည်တယ်လို့ မယူမှတ်ကြဘူး။ တခြားသူတွေကိုလည်း ဘိသိက်ခံတွေလို့ ကိုယ့်အထင်နဲ့ကိုယ် သတ်မှတ်ပြီး အောက်မေ့ရာပွဲမှာ မုန့်နဲ့စပျစ်ဝိုင် သုံးဆောင်ဖို့ ဘယ်တော့မှ မတိုက်တွန်းဘူး။ အဲဒီအစား ကောင်းကင်သွားဖို့ ဖိတ်ခေါ်သူဟာ ယေဟောဝါတစ်ပါးတည်းဖြစ်မှန်း နှိမ့်ချစွာ အသိအမှတ်ပြုကြတယ်။

၇၊ ၈။ ဘိသိက်ခံတွေ ဘာကို မမျှော်လင့်ကြသလဲ။ ဘာကြောင့်လဲ။

ကောင်းကင်သွားဖို့ ဖိတ်ခေါ်ခံရတာ အခွင့်ထူးဖြစ်ပေမဲ့ ဘိသိက်ခံတွေက အထူးအရေးတယူ ဆက်ဆံခံရဖို့ မမျှော်လင့်ကြဘူး။ (ဧ. ၁:၁၈၊ ၁၉; ဖိလိပ္ပိ ၂:၂၊ ၃ ကိုဖတ်ပါ။) သူတို့ကို ယေဟောဝါ ဘိသိက်ပေးချိန်မှာ တစ်ကမ္ဘာလုံးသိအောင် ကြေညာတာမဟုတ်ဘဲ တစ်ယောက်ချင်းစီကိုပဲ စွမ်းအားတော်အားဖြင့် အသိပေးတယ်။ ဒါကြောင့် သူတို့ ဘိသိက်ခံဖြစ်တာကို တခြားသူတွေ ချက်ချင်း မယုံတဲ့အခါ မအံ့သြကြဘူး။ ဘုရားသခင်ဆီက အထူးတာဝန်ရရှိထားတယ်လို့ ပြောသူတိုင်းကို ချက်ချင်းမယုံဖို့ ကျမ်းစာမှာ သတိပေးထားမှန်း သူတို့သိတယ်။ (ဗျာ. ၂:၂) တခြားသူတွေရဲ့ အထူးအရေးပေးမှုကို မမျှော်လင့်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဘိသိက်ခံပါလို့ ပြောပြီး မိတ်ဆက်မှာမဟုတ်ဘူး။ တကယ်တော့ အဲဒီအကြောင်း တခြားသူတွေကို သူတို့ ထုတ်ပြောလေ့မရှိဘူး။ ကောင်းကင်ဆုကျေးဇူးအကြောင်း ဝါကြွားပြောဆိုတာမျိုးလည်း မလုပ်ကြဘူး။—၁ ကော. ၁:၂၈၊ ၂၉; ၁ ကောရိန္သု ၄:၆–၈ ကိုဖတ်ပါ။

ဘိသိက်ခံတွေဟာ အထူးအဖွဲ့တစ်ဖွဲ့ရဲ့ အဖွဲ့ဝင်တွေလို ကိုယ့်ကိုယ်ကိုယ် သဘောမထားကြဘူး။ ဘိသိက်ခံအချင်းချင်းပဲ ပေါင်းသင်းတာ၊ သီးသန့်အုပ်စုဖွဲ့ပြီး ကျမ်းစာလေ့လာတာမျိုး မလုပ်ကြဘူး။ (ဂလ. ၁:၁၅-၁၇) ဘိသိက်ခံတွေ အဲဒီလိုလုပ်ရင် အသင်းတော်မှာ စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်လာလိမ့်မယ်။ ဘုရားသခင့်လူမျိုးကို ငြိမ်သက်စည်းလုံးစေတဲ့ သန့်ရှင်းသောစွမ်းအားတော်ကိုလည်း ဆန့်ကျင်ရာရောက်ပါလိမ့်မယ်။ရောမ ၁၆:၁၇၊ ၁၈ ကိုဖတ်ပါ။

သူတို့ကို သင် ဘယ်လို ဆက်ဆံသင့်သလဲ

၉။ အောက်မေ့ရာပွဲမှာ မုန့်နဲ့စပျစ်ဝိုင် သုံးဆောင်သူတွေကို ဆက်ဆံပုံနဲ့ပတ်သက်ပြီး ဘာကြောင့် သတိထားသင့်သလဲ။ (“ မေတ္တာဟာ ‘မလျောက်ပတ်စွာ မကျင့်တတ်’” လေးထောင့်ကွက်ကို ကြည့်ပါ။)

ဘိသိက်ခံညီအစ်ကိုညီအစ်မတွေကို သင် ဘယ်လို ဆက်ဆံသင့်သလဲ။ “သင်တို့အပေါင်းသည် ညီအစ်ကိုများဖြစ်ကြ၏” လို့ တပည့်တွေကို ယေရှု ပြောတယ်။ “ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်သူသည် နှိမ့်ချခြင်းကို ခံရလိမ့်မည်။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသူသည် ချီးမြှောက်ခြင်းကို ခံရလိမ့်မည်” လို့လည်း ဆက်ပြောတယ်။ (မ. ၂၃:၈-၁၂) ဒါကြောင့် တစ်ဦးတစ်ယောက်ကို အလွန်အကျွံ ချီးမြှောက်ရင် မှားပါလိမ့်မယ်။ ဘိသိက်ခံပဲဖြစ်နေပါစေ သူတို့ကို အလွန်အကျွံ မချီးမြှောက်သင့်ဘူး။ ကျမ်းစာမှာ အကြီးအကဲတွေရဲ့ ယုံကြည်ခြင်းကို တုပဖို့ အားပေးထားပေမဲ့ လူတွေကို ခေါင်းဆောင်တင်ဖို့ လုံးဝမမိန့်မှာထားဘူး။ (ဟေဗြဲ ၁၃:၇) လူတချို့ဟာ “ရိုသေလေးစားမှု နှစ်ဆခံထိုက်” တယ်လို့ ကျမ်းစာမှာ ပြောထားတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီလိုလေးစားသင့်တဲ့အကြောင်းရင်းက သူတို့ ဘိသိက်ခံဖြစ်နေလို့မဟုတ်ဘဲ “ကောင်းစွာဦးစီးနေ” လို့၊ “ဟောပြောခြင်းနှင့် သွန်သင်ခြင်းအမှုတို့ကို ကြိုးစားလုပ်ဆောင်နေ” လို့ ဖြစ်တယ်။ (၁ တိ. ၅:၁၇) ဘိသိက်ခံတွေကို အလွန်အကျွံ ချီးမွမ်းပြီး အရေးပေးတာက သူတို့ကို အနေရခက်စေတယ်။ ပိုဆိုးတာက သူတို့ မာနကြီးလာအောင် တွန်းပို့ရာကျတယ်။ (ရော. ၁၂:၃) ခရစ်တော်ရဲ့ညီတွေ အဲဒီလိုအမှားမျိုး ကျူးလွန်မိအောင် ကျွန်တော်တို့ မတွန်းပို့ချင်ဘူး။—လု. ၁၇:၂

အောက်မေ့ရာပွဲမှာ မုန့်နဲ့စပျစ်ဝိုင် သုံးဆောင်သူတစ်ယောက်ကို သင် ဘယ်လို ဆက်ဆံသင့်သလဲ (အပိုဒ် ၉-၁၁ ကိုကြည့်ပါ)

၁၀။ ဘိသိက်ခံခရစ်ယာန်တွေကို ရိုသေလေးစားကြောင်း ဘယ်လို တင်ပြနိုင်သလဲ။

၁၀ ယေဟောဝါ ဘိသိက်ပေးထားသူတွေကို ရိုသေလေးစားကြောင်း ဘယ်လို တင်ပြနိုင်သလဲ။ ဘိသိက်ပေးခံရခြင်းနဲ့ပတ်သက်တဲ့ ကိုယ်ရေးကိုယ်တာ မေးခွန်းတွေ သူတို့ကို မမေးသင့်ဘူး။ ဒီနည်းအားဖြင့် ကိုယ်နဲ့မဆိုင်တဲ့ကိစ္စမှာ ကျွန်တော်တို့ ဝင်မစွက်ကြဘူး။ (၁ သက်. ၄:၁၁; ၂ သက်. ၃:၁၁) ဘိသိက်ခံတွေရဲ့မိဘ၊ အိမ်ထောင်ဖက်၊ တခြားမိသားစုဝင်တွေလည်း ဘိသိက်ခံဖြစ်မှာပဲလို့ မထင်သင့်ဘူး။ ဘိသိက်ခံဖြစ်ခြင်းဟာ မိသားစုမျိုးရိုးနဲ့မဆိုင်ဘူး။ (၁ သက်. ၂:၁၂) ဘိသိက်ခံတွေရဲ့ အိမ်ထောင်ဖက်ကို စိတ်ထိခိုက်စေမယ့် မေးခွန်းတွေ မမေးသင့်ဘူး။ ဥပမာ၊ ကိုယ့်အိမ်ထောင်ဖက်မပါဘဲ မြေကြီးပရဒိသုမှာ ထာဝစဥ်အသက်ရှင်ရမှာကို ဘယ်လို ခံစားရသလဲလို့ မမေးသင့်ဘူး။ ကမ္ဘာသစ်မှာ ယေဟောဝါက “အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေ” မယ်ဆိုတာ ကျွန်တော်တို့ အကြွင်းမဲ့ ယုံကြည်စိတ်ချနိုင်ပါတယ်။—ဆာ. ၁၄၅:၁၆

၁၁။ တခြားသူတွေကို မမြှောက်ပင့်ခြင်းက ဘယ်လိုနည်းနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရာရောက်သလဲ။

၁၁ ဘိသိက်ခံခရစ်ယာန်တွေကို ပုံမှန်အတိုင်းဆက်ဆံခြင်းက ကိုယ့်ကိုယ်ကိုယ်လည်း ကာကွယ်ရာရောက်တယ်။ ဘယ်နည်းအားဖြင့်လဲ။ အသင်းတော်ထဲမှာ “ညီအစ်ကိုအတုအယောင်” တွေ ပေါ်လာမယ်လို့ ကျမ်းစာပြောတယ်။ (ဂလ. ၂:၄၊ ၅; ၁ ယော. ၂:၁၉) အဲဒီအတုအယောင်တွေက ကိုယ့်ကိုယ်ကိုယ် ဘိသိက်ခံပါလို့တောင် ပြောလာနိုင်တယ်။ အဲဒီအပြင် ဘိသိက်ခံတချို့လည်း ယုံကြည်ခြင်းလမ်းကနေ လွဲသွားနိုင်တယ်။ (မ. ၂၅:၁၀-၁၂; ၂ ပေ. ၂:၂၀၊ ၂၁) ကျွန်တော်တို့ဟာ တခြားသူတွေကို မြှောက်ပင့်တာမျိုးမလုပ်ဘူးဆိုရင် ဘယ်တော့မှ လူနောက်လိုက်မိမှာမဟုတ်ဘူး။ ဘိသိက်ခံဖြစ်စေ၊ အထင်ကရပုဂ္ဂိုလ်ဖြစ်စေ၊ သက်တမ်းကြာခရစ်ယာန်ဖြစ်စေ သစ္စာမဲ့သွားတဲ့အခါ၊ အသင်းတော်ထဲက ထွက်သွားတဲ့အခါ သူတို့ကြောင့် ကျွန်တော်တို့ ယုံကြည်ခြင်းပျောက်သွားတာမျိုး၊ ယေဟောဝါကို ဝတ်မပြုတော့တာမျိုး ဖြစ်မှာမဟုတ်ဘူး။—ယု. ၁၆

အရေအတွက်နဲ့ပတ်သက်ပြီး စိုးရိမ်သင့်သလား

၁၂၊ ၁၃။ အောက်မေ့ရာပွဲမှာ မုန့်နဲ့စပျစ်ဝိုင် သုံးဆောင်သူ အရေအတွက်နဲ့ပတ်သက်ပြီး ဘာကြောင့် မစိုးရိမ်သင့်သလဲ။

၁၂ အောက်မေ့ရာပွဲမှာ မုန့်နဲ့စပျစ်ဝိုင် သုံးဆောင်သူ အရေအတွက် ကျဆင်းလာတာ နှစ်ပေါင်းများစွာ ရှိပြီ။ ဒါပေမဲ့ မကြာသေးခင်အချိန်ကစပြီး နှစ်တိုင်း အရေအတွက်မြင့်တက်လာတယ်။ အဲဒါကို စိုးရိမ်သင့်သလား။ မစိုးရိမ်သင့်ပါဘူး။ အကြောင်းရင်းတချို့ကို သုံးသပ်ကြည့်ကြစို့။

၁၃ “ယေဟောဝါဘုရားသည် မိမိ၏လူတို့ကို သိကျွမ်းတော်မူ၏။” (၂ တိ. ၂:၁၉) အောက်မေ့ရာပွဲမှာ မုန့်နဲ့စပျစ်ဝိုင် သုံးဆောင်သူတွေကို ရေတွက်တဲ့ညီအစ်ကိုတွေက ဘိသိက်ခံအစစ်အမှန် ဘယ်သူလဲဆိုတာ ခွဲခြားမသိနိုင်ဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဘိသိက်ခံလို့ ထင်ပေမဲ့ တကယ်မဟုတ်တဲ့သူတွေလည်း အဲဒီအရေအတွက်ထဲမှာ ပါဝင်တယ်။ ဥပမာ၊ မုန့်နဲ့စပျစ်ဝိုင် သုံးဆောင်ခဲ့သူတချို့ဟာ နောက်ပိုင်းမှာ မသုံးဆောင်ကြတော့ဘူး။ တချို့ကျတော့လည်း စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ဘိသိက်ခံလို့ ယူမှတ်နေတာဖြစ်နိုင်တယ်။ ဒါကြောင့် မြေကြီးပေါ်မှာ ဘိသိက်ခံ ဘယ်နှစ်ယောက် ကျန်နေမှန်း အတိအကျ မသိနိုင်တာ ထင်ရှားတယ်။

၁၄။ ကြီးစွာသောဒုက္ခ စတင်ချိန်မှာ မြေကြီးပေါ် ကျန်ကြွင်းနေမယ့် ဘိသိက်ခံ အရေအတွက်နဲ့ပတ်သက်ပြီး ကျမ်းစာ ဘာပြောသလဲ။

၁၄ ဘိသိက်ခံတွေကို ကောင်းကင်ခေါ်သွားဖို့ ယေရှု ကြွလာချိန်မှာ သူတို့ဟာ ကမ္ဘာ့ဒေသအသီးသီးမှာ ရှိနေကြလိမ့်မယ်။ ယေရှုဟာ “တံပိုးသံ ကျယ်စွာမှုတ်သော မိမိ၏ကောင်းကင်တမန်တို့ကို စေလွှတ်တော်မူမည်။ သူတို့သည် ရွေးကောက်တော်မူသောသူတို့ကို ကောင်းကင်တစ်စွန်းမှ တစ်စွန်းတိုင်အောင် အရပ်လေးမျက်နှာမှ စုရုံးစေကြလိမ့်မည်” လို့ ကျမ်းစာပြောတယ်။ (မ. ၂၄:၃၁) နောက်ဆုံးကာလအတွင်း မြေကြီးပေါ်မှာ ဘိသိက်ခံ အနည်းငယ်ပဲ ကျန်ကြွင်းနေမယ်လို့လည်း ကျမ်းစာပြောတယ်။ (ဗျာ. ၁၂:၁၇) ဒါပေမဲ့ ကြီးစွာသောဒုက္ခ စတင်ချိန်မှာ သူတို့ထဲက ဘယ်နှယောက် ကျန်ကြွင်းနေမယ်လို့ မဖော်ပြထားဘူး။

၁၅။ ယေဟောဝါ ရွေးချယ်တဲ့ ၁၄၄,၀၀၀ နဲ့ပတ်သက်ပြီး ဘယ်အချက်ကို နားလည်ဖို့လိုသလဲ။

၁၅ ဘိသိက်ခံတွေကို ဘယ်အချိန်မှာ ရွေးချယ်မယ်လို့ ဆုံးဖြတ်သူဟာ ယေဟောဝါဖြစ်တယ်။ (ရော. ၈:၂၈-၃၀) ယေရှု ထမြောက်ပြီးနောက်မှာ ဘိသိက်ခံတွေကို ယေဟောဝါ စပြီး ရွေးချယ်တယ်။ ပထမရာစုခရစ်ယာန်စစ်အားလုံးဟာ ဘိသိက်ခံတွေ ဖြစ်ပုံရတယ်။ အဲဒီနောက် ပထမရာစုကနေ နောက်ဆုံးကာလစတင်ချိန်အထိ နှစ်ပေါင်းများစွာအတွင်း ခရစ်ယာန်ပါလို့ ပြောသူအများစုဟာ ခရစ်ယာန်အတုအယောင်တွေ ဖြစ်တယ်။ သူတို့ကို “ပေါင်းပင်” တွေနဲ့ ယေရှု ခိုင်းနှုိင်းခဲ့တယ်။ ဒါပေမဲ့ အဲဒီနှစ်တွေတစ်လျှောက် သစ္စာရှိသူတချို့ကို ယေဟောဝါ ဆက်ဘိသိက်ပေးတယ်။ သူတို့ဟာ ယေရှုဖော်ပြတဲ့ ‘ဂျုံစပါးပင်’ တွေ ဖြစ်တယ်။ (မ. ၁၃:၂၄-၃၀) နောက်ဆုံးကာလအတွင်းမှာလည်း ၁၄၄,၀၀၀ အဝင် ဖြစ်လာမယ့်သူတွေကို ယေဟောဝါ ဆက်ရွေးချယ်တယ်။ [၂] အဆုံးမရောက်ခင်လေးမှာ လူတချို့ကို ရွေးချယ်ဖို့ ယေဟောဝါ ဆုံးဖြတ်တယ်ဆိုရင် ကျွန်တော်တို့ ဘာကြောင့် စောဒကတက်နေရမှာလဲ။ (ဟေရှာ. ၄၅:၉; ဒံ. ၄:၃၅; ရောမ ၉:၁၁၊ ၁၆ ကိုဖတ်ပါ။) [၃] နောက်ဆုံးမှ အလုပ်ဝင်သူတွေကို တန်းတူဆက်ဆံလို့ ခြံပိုင်ရှင်ကို ညည်းညူတဲ့ ခြံလုပ်သားတွေလို မဖြစ်မိဖို့ ကျွန်တော်တို့ သတိပြုရမယ်။မဿဲ ၂၀:၈–၁၅ ကိုဖတ်ပါ။

၁၆။ မိမိလူမျိုးကို ယေဟောဝါကျွေးမွေးပုံကနေ ဘာသိရသလဲ။

၁၆ ကောင်းကင်မျှော်လင့်ချက်ရှိသူအားလုံး ‘သစ္စာနဲ့ သတိပညာရှိကျွန်’ မှာ ပါဝင်တာမဟုတ်ဘူး။ (မ. ၂၄:၄၅-၄၇) ပထမရာစုတုန်းကလိုပဲ ဒီနေ့ခေတ်မှာလည်း ယေဟောဝါနဲ့ ယေရှုဟာ လူအနည်းငယ်ကတစ်ဆင့် လူများစွာကို ကျွေးမွေးနေတယ်။ ပထမရာစုမှာ ခရစ်ယာန်ဂရိကျမ်းကို ရေးဖို့ ဘိသိက်ခံ အနည်းငယ်ကိုပဲ အသုံးပြုခဲ့တယ်။ ဒီနေ့ခေတ်မှာလည်း ဘုရားသခင့်လူမျိုးကို “အချိန်တန်အစာ” ကျွေးဖို့ ဘိသိက်ခံခရစ်ယာန် အနည်းငယ်ပဲ တာဝန်ရရှိထားတယ်။

၁၇။ ဒီဆောင်းပါးကနေ ဘာသိရသလဲ။

၁၇ ဒီဆောင်းပါးကနေ ဘာသိရသလဲ။ ယေဟောဝါဟာ ပုံဆောင် “ယုဒလူ” ကို ကောင်းကင်အသက်တာ ပေးဖို့၊ ပုံဆောင် ‘လူဆယ်ယောက်’ ကို မြေကြီးအသက်တာ ပေးဖို့ ဆုံးဖြတ်တယ်။ ဒါပေမဲ့ အုပ်စုနှစ်စုစလုံးဆီကနေ ယေဟောဝါ တစ်ပုံစံတည်း တောင်းဆိုတယ်။ အုပ်စုနှစ်စုစလုံး သစ္စာရှိရမယ်။ နှိမ့်ချနေရမယ်။ အသင်းတော်မှာ ငြိမ်သက်စည်းလုံးမှုရှိဖို့ အတူလုပ်ဆောင်ရမယ်။ အဆုံးနီးလာတာနဲ့အမျှ ခရစ်တော်ရဲ့ ဦးဆောင်မှုအောက်မှာ သိုးအုပ်တစ်အုပ်အနေနဲ့ ယေဟောဝါကို ဆက်ဝတ်ပြုဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။

^ [၁] (အပိုဒ် ၃) ဆာလံ ၈၇:၅၊ ၆ အရ အနာဂတ်မှာ ဘုရားသခင်ဟာ ကောင်းကင်မှာ ယေရှုနဲ့အတူ အုပ်ချုပ်နေသူအားလုံးရဲ့နာမည်ကို ဖော်ပြကောင်းဖော်ပြပါလိမ့်မယ်။—ရော. ၈:၁၉

^ [၂] (အပိုဒ် ၁၅) တမန်တော် ၂:၃၃ မှာ ယေရှုကတစ်ဆင့် စွမ်းအားတော်သွန်းလောင်းတယ်လို့ ပြောထားပေမဲ့ ဘယ်သူ့ကို စွမ်းအားတော်နဲ့ ဘိသိက်ပေးမယ်လို့ ရွေးချယ်သူဟာ ယေဟောဝါ ဖြစ်တယ်။

^ [၃] (အပိုဒ် ၁၅) ထပ်သိချင်တယ်ဆိုရင် ၂၀၀၇၊ မေ ၁၊ ကင်းမျှော်စင် စာမျက်နှာ ၃၀-၃၁ မှာပါတဲ့ “စာရှုသူများထံမှ မေးခွန်းလွှာ” ကို ကြည့်ပါ။