ကျမ်းစာတွေ ဘာကြောင့် ဒီလောက်များရတာလဲ
အခုချိန်မှာ ဘာသာပြန်ကျမ်းတွေ ဘာကြောင့် ဒီလောက်များရတာလဲ။ ဘာသာပြန်ကျမ်းသစ်တွေကို ကျမ်းစာနားလည်ဖို့ ကူညီပေးတဲ့အရာ ဒါမှမဟုတ် နားလည်ရ ခက်စေတဲ့အရာအဖြစ် ရှုမြင်သလား။ ပြန်ဆိုရတဲ့ အကြောင်းရင်းကို သိထားမယ်ဆိုရင် ဘာသာပြန်ကျမ်းတွေကို မှန်မှန်ကန်ကန် အကဲဖြတ်နိုင်ပါလိမ့်မယ်။
ဒါဆိုရင် ကျမ်းစာကို ဘယ်သူတွေက ဘယ်အချိန်မှာ ရေးခဲ့တာလဲ။
မူရင်းကျမ်းစာ
ကျမ်းစာကို အပိုင်းနှစ်ပိုင်း ခွဲထားတယ်။ ပထမပိုင်း ကျမ်းစောင် ၃၉ စောင်မှာ “ဘုရားသခင်ရဲ့ ဗျာဒိတ်တော်တွေ” ပါတယ်။ (ရောမ ၃:၂) အဲဒီကျမ်းစောင်တွေကို ဘုရားရဲ့ စွမ်းအားတော်ရရှိတဲ့ သစ္စာရှိအမျိုးသားတွေ ရေးခဲ့တယ်။ ဘီစီ ၁၅၁၃ ကနေ ဘီစီ ၄၄၃ နောက်ပိုင်း တစ်ချိန်ချိန်အထိ နှစ်ပေါင်း ၁,၁၀၀ လောက်အတွင်းမှာ ရေးခဲ့တာ။ အဲဒီအပိုင်းကို အများအားဖြင့် ဟီဘရူးဘာသာစကားနဲ့ ရေးခဲ့တဲ့အတွက် ဟီဘရူးကျမ်းစောင်များလို့ ခေါ်တယ်။ ဓမ္မဟောင်းကျမ်းလို့လည်း လူသိများတယ်။
ဒုတိယပိုင်း ကျမ်းစောင် ၂၇ စောင်မှာလည်း “ဘုရားသခင်ရဲ့ တရားစကား” ပါတယ်။ (၁ သက်သာလောနိတ် ၂:၁၃) ယေရှုခရစ်ရဲ့ သစ္စာရှိတပည့်တွေ စွမ်းအားတော်ရရှိပြီး ရေးခဲ့တယ်။ အေဒီ ၄၁ ကနေ အေဒီ ၉၈ အထိ နှစ်ပေါင်း ၆၀ အတွင်းမှာ ရေးခဲ့တာ။ အဲဒီအပိုင်းကို အများအားဖြင့် ဂရိဘာသာစကားနဲ့ ရေးခဲ့တဲ့အတွက် ခရစ်ယာန်ဂရိကျမ်းစောင်များလို့ ခေါ်တယ်။ ဓမ္မသစ်ကျမ်းလို့လည်း လူသိများတယ်။
ဘုရားရဲ့ သတင်းစကားတွေ ပါတဲ့ အဲဒီကျမ်းစောင် ၆၆ စောင်ကို ပေါင်းလိုက်တဲ့အခါ ကျမ်းစာတစ်အုပ် ဖြစ်လာတယ်။ ဘာဖြစ်လို့ ဘာသာပြန်ကျမ်းတွေ ထပ်ထုတ်ရတာလဲ။ အကြောင်းရင်း သုံးခု ရှိတယ်။
-
ကျမ်းစာကို မိခင်ဘာသာစကားနဲ့ ဖတ်ရှုနိုင်ဖို့။
-
ကျမ်းကူးသူတွေရဲ့ အမှားကို ပြင်ပြီး မူရင်းကျမ်းစာသားတွေ ပြန်ထည့်ဖို့။
-
ခေတ်သုံးစကားနဲ့ ရနိုင်ဖို့ ဖြစ်တယ်။
အဲဒီအချက်တွေနဲ့အညီ လုပ်ဆောင်ခဲ့တဲ့ အစောပိုင်း ဘာသာပြန်ကျမ်း နှစ်ခုကို သုံးသပ်ကြည့်ပါ။
ဂရိစက်ပ်တွားဂျင့်ကျမ်း
ယေရှုခေတ်မတိုင်မီ အနှစ် ၃၀၀ လောက်က ဂျူးလူမျိုး ကျမ်းပညာရှင်တွေဟာ ဟီဘရူးကျမ်းစောင်တွေကို ဂရိလို ဘာသာပြန်ခဲ့ကြတယ်။ အဲဒီဘာသာပြန်ကျမ်းကို ဂရိစက်ပ်တွားဂျင့်ကျမ်း လို့ လူသိများတယ်။ ဘာဖြစ်လို့ ဂရိလို ဘာသာပြန်ရတာလဲ။ ဟီဘရူးလို မပြောတော့ဘဲ ဂရိလိုပဲ ပြောနေကြတဲ့ ဂျူးတွေ “သမ္မာကျမ်းစာ” ကို ဖတ်ပြီး နားလည်နိုင်ဖို့အတွက်ပဲ။—၂ တိမောသေ ၃:၁၅။
စက်ပ်တွားဂျင့်ကျမ်းက ဂျူးမဟုတ်တဲ့ ဂရိစကားပြော လူသန်းပေါင်းများစွာ ကျမ်းစာသွန်သင်ရာတွေကို သိလာအောင် ကူညီပေးတယ်။ ဘယ်လိုနည်းနဲ့လဲ။ “လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၀၀၀ နီးပါးကစပြီး အဲဒီကျမ်းကို ချာ့ခ်ျတွေမှာ သုံးလာတယ်။ သာသနာပြုတွေဟာ တရားဇရပ်တွေဆီ သွားပြီး ‘မေရှိယဟာ ယေရှုဖြစ်မှန်း ကျမ်းချက်တွေနဲ့ရှင်းပြ’ ကြတယ်” လို့ ပါမောက္ခ ဒဗလျူ အက်ဖ် ဟားဝဒ် ပြောတယ်။ (တမန်တော် ၁၇:၃၊ ၄။ ၂၀:၂၀) အဲဒါကြောင့် ဂျူးများစွာဟာ “စက်ပ်တွားဂျင့်ကျမ်းကို စိတ်မဝင်စားတော့ဘူး” ဆိုပြီး ကျမ်းပညာရှင် အက်ဖ်အက်ဖ် ဘရူးစ် ပြောတယ်။
ယေရှုရဲ့တပည့်တွေဟာ ခရစ်ယာန်ဂရိကျမ်းစောင်တွေ ရတဲ့အခါ ဟီဘရူးကျမ်းစောင်တွေကို ဘာသာပြန်ထားတဲ့ စက်ပ်တွားဂျင့်ကျမ်းနဲ့ ပေါင်းလိုက်ကြတယ်။ ဒီနည်းနဲ့ အခုခေတ် ရနိုင်တဲ့ ကျမ်းစာမျိုးဖြစ်လာတယ်။
လက်တင်ဗားလ်ဂိတ်ကျမ်း
ကျမ်းစာရေးပြီးလို့ နောက်နှစ်ပေါင်း ၃၀၀ လောက်မှာ ဘာသာရေး ကျမ်းပညာရှင် ဂျရုမ်းက လက်တင်ဘာသာပြန်ကျမ်းတစ်အုပ် ထုတ်ဝေတယ်။ အဲဒီကျမ်းဟာ လက်တင်ဗားလ်ဂိတ်ကျမ်း ဖြစ်လာတယ်။ လက်တင်ဘာသာပြန်ကျမ်း အမျိုးမျိုးရှိထားပေမဲ့ ဘာဖြစ်လို့ အသစ်တစ်ခု လိုအပ်တာလဲ။ ဂျရုမ်းက “ဘာသာပြန်အမှား၊ သိသာတဲ့အမှား၊ ထပ်ထည့်မိတာ၊ ချန်ခဲ့မိတာတွေကို” ပြင်ဆင်ချင်လို့ပဲ ဆိုပြီး အပြည်ပြည်ဆိုင်ရာ စံကျမ်းစာ စွယ်စုံကျမ်းမှာ ပြောတယ်။
အမှားအတော်များများကို ဂျရုမ်း ပြင်ပေးလိုက်တယ်။ နောက်ပိုင်းမှာ ချာ့ခ်ျအာဏာပိုင်တွေက အကြီးဆုံးအမှားကို ကျူးလွန်ခဲ့ကြတယ်။ လက်တင်ဗားလ်ဂိတ်ကျမ်းသာလျှင် အတည်ပြုထားတဲ့ကျမ်း ဖြစ်တယ်လို့ ကြေညာလိုက်ခြင်းပဲ။ ရာစုနှစ်နဲ့ချီပြီး အဲဒီအတိုင်း လက်ခံခဲ့တယ်။ သာမန်လူတွေဟာ နားလည်ရခက်တဲ့ ဗားလ်ဂိတ်ကျမ်းကို မသုံးတော့ဘူး။ လူအများစုဟာ လက်တင်စကားကို မတတ်ကြလို့ပဲ။
ဘာသာပြန်ကျမ်းသစ်တွေ များလာ
ဒီအတောအတွင်းမှာ တခြားဘာသာပြန်ကျမ်းတွေ ဆက်ထုတ်လာတယ်။ အေဒီငါးရာစုလောက်က လူသိများတဲ့ ဆီးရီးယက်ခ် ပက်ရှီတာကျမ်းလည်း ပါတယ်။ ၁၄ ရာစုရောက်တဲ့အခါ သာမန်လူတွေ မိခင်ဘာသာစကားနဲ့ ကျမ်းစာရနိုင်အောင် ထပ်မံကြိုးပမ်းလာကြတယ်။
၁၄ ရာစုနှောင်းပိုင်းမှာ အင်္ဂလန်နိုင်ငံက ဂျွန်ဝိကလိဖ်ဟာ သာမန်လူတွေ နားလည်နိုင်တဲ့ အင်္ဂလိပ်ဘာသာပြန်ကျမ်းကို ထုတ်ဝေခဲ့တယ်။ အဲဒီနောက် မကြာခင်မှာ ယိုဟန်နပ်စ် ဂူတင်ဘာ့ဂ် တီထွင်ခဲ့တဲ့ ပုံနှိပ်နည်းတွေကြောင့် ကျမ်းပညာရှင်တွေဟာ ဥရောပတစ်ခွင်မှာ ခေတ်သုံးဘာသာစကားများစွာနဲ့ ဘာသာပြန်ကျမ်းသစ်တွေ ထုတ်ဝေဖြန့်ချိနိုင်ခဲ့တယ်။
အင်္ဂလိပ်ဘာသာပြန်ကျမ်းတွေ များလာတဲ့အခါ ဝေဖန်ရေးသမားတွေက ဘာသာစကားတစ်မျိုးတည်းနဲ့ ဘာသာပြန်ကျမ်း အမျိုးမျိုးထုတ်ဖို့ လိုမလို စောဒကတက်ကြတယ်။ ၁၈ ရာစုက အင်္ဂလိပ်လူမျိုး ဘုန်းတော်ကြီး ဂျွန် လူးဝစ်က “အသုံးအနှုန်းတွေဟာ ခေတ်နောက်ကျပြီး နားလည်ရခက်လာတဲ့အတွက် ဘာသာပြန်ကျမ်းဟောင်းတွေကို အခုခေတ်လူတွေ နားလည်အောင် ခေတ်သုံးစကားနဲ့ ပြန်တည်းဖြတ်ဖို့ လိုတယ်” လို့ ရေးခဲ့တယ်။
အခုခေတ် ကျမ်းပညာရှင်တွေဟာ ဘာသာပြန်ကျမ်းဟောင်းတွေကို ပြန်တည်းဖြတ်ရာမှာ ပိုပြီး အခွင့်အရေးသာကြတယ်။ ရှေးဟောင်း ကျမ်းစာဘာသာစကားတွေကို အရင်ကထက် ပိုနားလည်လာကြတယ်။ ရှေးလက်ရေးစာမူတွေကိုလည်း မကြာသေးခင်က တွေ့ရှိခဲ့တယ်။ အဲဒါတွေကြောင့် မူရင်းကျမ်းစာသားတွေကို ပိုပြီးနားလည်လာကြတယ်။
ဒါကြောင့် ဘာသာပြန်ကျမ်းသစ်တွေ ရှိလာတာ သိပ်ကောင်းတယ်။ တချို့ကိုတော့ သတိထားဖို့ လိုတယ်။ * တည်းဖြတ်သူတွေဟာ ဘုရားကိုချစ်တဲ့စိတ်ကြောင့် ဘာသာပြန်ကျမ်းသစ်ကို တည်းဖြတ်တာဆိုရင်တော့ ကျွန်တော်တို့ အကျိုးကျေးဇူး အများကြီး ခံစားရနိုင်တယ်။
^ စာပိုဒ်၊ 24 ၂၀၀၈၊ မေ ၁၊ ကင်းမျှော်စင်မှာပါတဲ့ “ဘာသာပြန်ကျမ်းစာကောင်း တစ်အုပ်ကို သင် မည်သို့ရွေးချယ်နိုင်မည်နည်း” ဆောင်းပါးကို ကြည့်ပါ။