ယေရှုရဲ့ ပုံပန်းသဏ္ဌာန် ဘယ်လိုရှိသလဲ
ယေရှုရဲ့ ဓာတ်ပုံ ဘယ်သူ့ဆီမှာမှ မရှိဘူး။ ပန်းချီပန်းပုဆရာတွေရှေ့ ယေရှု ကိုယ်ဟန်ပြခဲ့တာလည်း မရှိဘူး။ ဒါပေမဲ့ ရာစုနှစ်တွေတစ်လျှောက် ပန်းချီပန်းပုဆရာတွေဟာ ယေရှုကို အမျိုးမျိုးပုံဖော် ရေးဆွဲခဲ့ကြတယ်။
တကယ်တော့ ယေရှုရဲ့ ပုံပန်းသဏ္ဌာန် ဘယ်လိုရှိမှန်း ပန်းချီပန်းပုဆရာတွေ မသိကြဘူး။ ခေတ်စားနေတဲ့ ယဉ်ကျေးမှု၊ ဘာသာရေးယုံကြည်ချက်၊ ဖောက်သည်တွေရဲ့ အကြိုက်ပေါ် မူတည်ပြီး ယေရှုကို ပုံဖော်လေ့ရှိကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ ပုံဖော်ချက်တွေက ယေရှုနဲ့ သူ့ရဲ့သွန်သင်ချက်တွေအပေါ် လူတွေရဲ့ရှုမြင်ပုံကို သြဇာလွှမ်းရုံမက အထင်မှားစေနိုင်တယ်။
ပန်းချီပန်းပုဆရာတချို့က ယေရှုကို ဆံပင်ရှည်ရှည်၊ မုတ်ဆိတ်မွေးပါးပါး၊ နွဲ့နွဲ့နှောင်းနှောင်း၊ အဆွေးသမားရုပ်မျိုး ပုံဖော်ကြတယ်။ တချို့ကျတော့ ခေါင်းမှာ ရောင်ခြည်စက်ဝန်းပါတဲ့ စွမ်းအားရှင်အဖြစ်၊ လူတွေနဲ့ ခပ်ခွာခွာနေသူအဖြစ် ပုံဖော်ကြတယ်။ အဲဒီပုံတွေက ယေရှုရဲ့ ပုံပန်းသဏ္ဌာန်အမှန်ကို ဖော်ပြသလား။ ကျွန်တော်တို့ ဘယ်လိုသိနိုင်သလဲ။ ယေရှုရဲ့ ပုံပန်းသဏ္ဌာန်ကို သိနိုင်တဲ့နည်းကတော့ ကျမ်းစာဖော်ပြချက်တွေကို လေ့လာကြည့်ခြင်းပဲ။ ဒါဆိုရင် ယေရှုကို အမှန်အတိုင်း ရှုမြင်နိုင်ပါလိမ့်မယ်။
“ကျွန်တော့်အတွက် ကိုယ်ခန္ဓာကို ပြင်ဆင်ထားတယ်”
ယေရှု နှစ်ခြင်းခံချိန်မှာ ဆုတောင်းတဲ့အခါ အဲဒီအတိုင်း ပြောခဲ့တယ်။ (ဟီဘရူး ၁၀:၅။ မဿဲ ၃:၁၃-၁၇) အဲဒီကိုယ်ခန္ဓာဟာ ဘယ်လိုပုံမျိုး ဖြစ်မလဲ။ အဲဒီမတိုင်ခင် အနှစ် ၃၀ လောက်မှာ ကောင်းကင်တမန် ဂါဗြေလက မာရိဆီရောက်လာပြီး “ခင်ဗျားမှာ ကိုယ်ဝန်ရှိလာပြီး သားလေးမွေးလိမ့်မယ်။ . . . ဘုရားသခင်ရဲ့သားလို့ အခေါ်ခံရလိမ့်မယ်” ဆိုပြီး ပြောတယ်။ (လုကာ ၁:၃၁၊ ၃၅) ဒါကြောင့် ယေရှုဟာ အာဒံ ဖန်ဆင်းခံရချိန်ကလိုပဲ ပြည့်ဝစုံလင်သူဖြစ်တယ်။ (လုကာ ၃:၃၈။ ၁ ကောရိန္သု ၁၅:၄၅) ဂျူးလူမျိုး မိခင်မာရိနဲ့ ရုပ်ချင်းဆင်သူ၊ ရုပ်ဖြောင့်သူ ဖြစ်ရမယ်။
ယေရှုဟာ ရောမတွေနဲ့မတူဘဲ ဂျူးတွေရဲ့ ထုံးစံအတိုင်း မုတ်ဆိတ်မွေး ထားတယ်။ ဂျူးတွေဟာ မုတ်ဆိတ်မွေးထားတာကို ဂုဏ်ရှိတယ်လို့ ယူမှတ်ပြီး သပ်သပ်ရပ်ရပ် တိထားလေ့ရှိတယ်။ ယေရှုလည်း ဆံပင်ကို သပ်သပ်ရပ်ရပ် ညှပ်ပြီး မုတ်ဆိတ်မွေး တိထားမှာ သေချာတယ်။ ရှံဆုန်လိုမျိုး နာဇရိလူတွေသာ ဆံပင်ရှည်ထားကြတယ်။—တောလည်ရာ ၆:၅။ တရားသူကြီး ၁၃:၅။
ယေရှုဟာ အသက် ၃၀ အရွယ်အထိ လက်သမားလုပ်တယ်။ အခုခေတ်လို ခေတ်မီကိရိယာတွေ မရှိသေးဘူး။ (မာကု ၆:၃) ဒါကြောင့် ယေရှုဟာ သန်မာကြံ့ခိုင်သူ ဖြစ်ရမယ်။ အမှုဆောင်လုပ်ငန်းအစပိုင်းမှာ ယေရှုဟာ “သိုးနွားရောင်းသူတွေကိုရော သိုးနွားတွေကိုပါ ဗိမာန်တော်ကနေ နှင်ထုတ်တယ်။ ငွေလဲသူတွေရဲ့ ငွေတွေကိုလည်း သွန်ချပြီး စားပွဲတွေကို မှောက်လှန်ပစ်တယ်။” ဒါတွေကို သူတစ်ယောက်တည်း လုပ်ခဲ့တာ။ (ယောဟန် ၂:၁၄-၁၇) အားကောင်းမောင်းသန် ဖြစ်လို့သာ အဲဒီလို လုပ်နိုင်တာ။ ဘုရားပြင်ဆင်ပေးတဲ့ ကိုယ်ခန္ဓာကိုသုံးပြီး ဘုရားပေးတာဝန်ကို ထမ်းဆောင်ခဲ့တယ်။ “ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို တခြားမြို့ရွာတွေမှာလည်း ဟောရဦးမယ်။ အဲဒီအတွက် ကျွန်တော့်ကို စေလွှတ်လိုက်တာ” လို့ ယေရှု ပြောတယ်။ (လုကာ ၄:၄၃) ပါလက်စတိုင်းတစ်ခွင် ခြေကျင်လျှောက်ပြီး သတင်းကောင်းဟောဖို့ဆိုတာ သက်လုံကောင်းရမယ်။
“ကျွန်တော့်ဆီ လာကြပါ။ ခင်ဗျားတို့ကို လန်းဆန်းစေမယ်”
ယေရှုရဲ့ ဖော်ရွေတဲ့ မျက်နှာထားနဲ့ ပြောဆိုပြုမူပုံကြောင့် အဲဒီဖိတ်ခေါ်ချက်ဟာ “ဝန်ပိလို့ ပင်ပန်းနေသူ” တွေအတွက် နှစ်လို့ဖွယ် ဖြစ်ခဲ့မှာပဲ။ (မဿဲ ၁၁:၂၈-၃၀) ယေရှုရဲ့ ဖော်ရွေမှု၊ ကြင်နာမှုကြောင့် သူ့ဆီကနေ သင်ယူလိုသူတွေကို လန်းဆန်းစေမယ်ဆိုတဲ့ ကတိဟာ ပို လေးနက်လာတယ်။ “ကလေးငယ်တွေကို ပွေ့ဖက်တယ်” လို့ ကျမ်းစာ ပြောတာကို ကြည့်ရင် ကလေးတွေတောင် ယေရှုနားမှာ နေချင်တာ ထင်ရှားတယ်။—မာကု ၁၀:၁၃-၁၆။
ယေရှုဟာ မသေဆုံးခင်မှာ အကြီးအကျယ် ဝေဒနာ ခံစားခဲ့ရတာမှန်ပေမဲ့ အဆွေးသမားတော့ မဟုတ်ဘူး။ ဥပမာ၊ ရေကို စပျစ်ဝိုင်ဖြစ်အောင် ပြောင်းပေးခြင်းအားဖြင့် ကာနမြို့က မင်္ဂလာပွဲကို ပျော်စရာကောင်းအောင် လုပ်ပေးခဲ့တယ်။ (ယောဟန် ၂:၁-၁၁) တခြားစားသောက်ပွဲတွေမှာလည်း မမေ့အပ်တဲ့ သင်ခန်းစာတွေ သင်ပေးတယ်။—မဿဲ ၉:၉-၁၃။ ယောဟန် ၁၂:၁-၈။
ဒါ့အပြင် ယေရှုရဲ့ ဟောပြောချက်ဟာ နားထောင်သူတွေကို ထာဝရအသက် ရမယ်ဆိုတဲ့ ပျော်စရာမျှော်လင့်ချက် ရှိစေတယ်။ (ယောဟန် ၁၁:၂၅၊ ၂၆။ ၁၇:၃) တပည့် ၇၀ က ဟောပြောခြင်း အတွေ့အကြုံတွေ ပြန်ပြောပြတဲ့အခါ ယေရှုဟာ “ဝမ်းသာအားရ” ဖြစ်ပြီး “ကောင်းကင်မှာ နာမည်စာရင်းဝင်လို့ ဝမ်းသာကြပါ” လို့ ပြောတယ်။—လုကာ ၁၀:၂၀၊ ၂၁။
“ခင်ဗျားတို့ကတော့ အဲဒီလို မဖြစ်ရဘူး”
ယေရှုခေတ်က ဘာသာရေးခေါင်းဆောင်တွေဟာ လူတွေရဲ့ အာရုံစိုက်မှုရဖို့၊ အာဏာပြဖို့ ကြိုးစားကြတယ်။ (တောလည်ရာ ၁၅:၃၈-၄၀။ မဿဲ ၂၃:၅-၇) ယေရှုကတော့ သူတို့နဲ့မတူဘူး။ တခြားသူတွေကို “နိုင်ထက်စီးနင်း” မလုပ်ဖို့ တမန်တော်တွေကို သွန်သင်ခဲ့တယ်။ (လုကာ ၂၂:၂၅၊ ၂၆) “ကျမ်းတတ်တွေကို သတိထားကြ။ သူတို့က ဝတ်လုံရှည်တွေ ဝတ်ပြီး သွားလာချင်တယ်။ စျေးမှာ ရိုရိုသေသေ နှုတ်ဆက်တာကို ခံချင်တယ်” လို့ပြောခဲ့တယ်။—မာကု ၁၂:၃၈။
တစ်ခါတုန်းက ယေရှုဟာ လူတွေနဲ့အတူ ရှိနေချိန်မှာ သူ့ကို ဘယ်သူမှန်းတောင် မမှတ်မိကြဘူး။ (ယောဟန် ၇:၁၀၊ ၁၁) သစ္စာရှိတမန်တော် ၁၁ ယောက်နဲ့အတူ ရှိနေချိန်မှာတောင် သိသာထင်ရှားမနေဘူး။ သစ္စာဖောက်ယုဒက လူအုပ်ထဲမှာ သူနမ်းတဲ့သူဟာ ယေရှုပဲဆိုပြီး “အချက်ပေး” ခဲ့ရတယ်။—မာကု ၁၄:၄၄၊ ၄၅။
ယေရှုရဲ့ ပုံပန်းသဏ္ဌာန်အသေးစိတ်ကို မသိရပေမဲ့ လူတွေ ပုံဖော်လေ့ရှိတဲ့ ပုံစံမျိုးမဟုတ်တာ သေချာတယ်။ ယေရှု ဘယ်လို ပုံပန်းသဏ္ဌာန်ရှိတယ်ဆိုတာထက် သူ့ကို အခု ဘယ်လိုမြင်သလဲဆိုတာက ပိုအရေးကြီးတယ်။
“မကြာခင် လောကဟာ ကျွန်တော့်ကို မြင်ရတော့မှာ မဟုတ်ဘူး”
အဲဒီစကားကို ပြောတဲ့နေ့မှာပဲ ယေရှု သေဆုံးပြီး သင်္ဂြိုဟ်ခံရတယ်။ (ယောဟန် ၁၄:၁၉) “လူအများအတွက် ရွေးဖိုးအဖြစ်” အသက်ပေးခဲ့တယ်။ (မဿဲ ၂၀:၂၈) သုံးရက်မြောက်နေ့မှာ ဘုရားသခင်က သူ့ကို “ဝိညာဉ်ပုဂ္ဂိုလ်အဖြစ်” အသက်ပြန်ရှင်စေပြီး တပည့်တချို့ကို “မြင်ခွင့်ပေးခဲ့တယ်။” (၁ ပေတရု ၃:၁၈။ တမန်တော် ၁၀:၄၀) တပည့်တွေရှေ့ ကိုယ်ထင်ရှားပြချိန်မှာ ယေရှု ဘယ်လိုပုံစံမျိုး ရှိမလဲ။ အရင်းနှီးဆုံးတပည့်တွေတောင် သူ့ကို ချက်ချင်း မမှတ်မိတဲ့အတွက် နဂိုရုပ်သွင်မျိုး မဟုတ်တာ သေချာတယ်။ မာဂဒလမာရိက သူ့ကို ဥယျာဉ်စောင့်လို့ အထင်မှားခဲ့တယ်။ ဧမောက်ရွာကို သွားတဲ့လမ်းမှာ တပည့်နှစ်ယောက်က သူ့ကို တိုင်းတစ်ပါးသားလို့ အထင်မှားခဲ့တယ်။—လုကာ ၂၄:၁၃-၁၈။ ယောဟန် ၂၀:၁၊ ၁၄၊ ၁၅။
အခုချိန်မှာ ယေရှုကို ကျွန်တော်တို့ ဘယ်လိုပုံဖော်ကြမလဲ။ ယေရှု သေဆုံးပြီး နှစ်ပေါင်း ၆၀ ကျော်ကြာတဲ့အခါ တမန်တော်ယောဟန်က ယေရှုကို စိတ်အာရုံမှာ မြင်ရတယ်။ ကားတိုင်ပေါ်က သေခါနီးလူတစ်ယောက်လို မြင်ခဲ့တာမဟုတ်ဘူး။ “ဘုရင်တကာတို့ရဲ့ ဘုရင်၊ သခင်တကာတို့ရဲ့ သခင်၊” ဘုရားနိုင်ငံတော်ရဲ့ ဘုရင်အဖြစ် မြင်ခဲ့တယ်။ ယေရှုဟာ ဘုရားရဲ့ ရန်သူတွေဖြစ်တဲ့ နတ်ဆိုးတွေရော လူတွေကိုပါ အနိုင်ယူပြီး လူသားတွေအတွက် ထာဝရကောင်းချီးတွေ ရရှိစေမယ့်သူပဲ။—ဗျာဒိတ် ၁၉:၁၆။ ၂၁:၃၊ ၄။