မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံး​အကြောင်းအရာ | အကောင်းဆုံး လက်ဆောင်​ဟာ ဘာလဲ

အကောင်းဆုံးလက်ဆောင် ရှာပုံတော်

အကောင်းဆုံးလက်ဆောင် ရှာပုံတော်

လူတစ်ဦး​အတွက် အကောင်းဆုံး​လက်ဆောင်​ဟာ ဘာဖြစ်​မလဲဆိုတာ သိ​ဖို့ မလွယ်​ဘူး။ လက်ဆောင်​ရဲ့​တန်ဖိုး​ကို လက်ဆောင်​ရသူ​က​ပဲ ဆုံးဖြတ်​ပါလိမ့်မယ်။ တစ်ယောက်​အတွက် အကောင်းဆုံး ဖြစ်ပေမဲ့ နောက်​တစ်ယောက်​အတွက် အဲဒီလို ဖြစ်ချင်​မှ​ဖြစ်မယ်။

ဥပမာ၊ ဆယ်ကျော်သက်​တစ်ဦး​အတွက် နောက်ဆုံး​ပေါ် အီလက်ထရောနစ်​ပစ္စည်း​ဟာ အကောင်းဆုံး​လက်ဆောင် ဖြစ်နိုင်တယ်။ လူကြီး​တွေ​ဆိုရင်တော့ ဘိုးဘွား​အမွေပစ္စည်း​လို လက်ဆောင်​မျိုး ရတာ​ကို သိပ်တန်ဖိုးထား​မှာပဲ။ တချို့​ယဉ်ကျေးမှု​တွေမှာ ငွေကြေး​လက်ဆောင်​ပေး​ရင် လူကြီးလူငယ်​မရွေး ကြိုက်​ကြ​တယ်။ အဲဒီ​ငွေ​ကို လို​သလို သုံးနိုင်​လို့ပဲ။

သူများ​အတွက် စဉ်းစား​ပေး​တတ်​သူတွေက​တော့ တစ်စုံ​တစ်ဦး​အတွက် အသင့်တော်ဆုံး​လက်ဆောင် ဘာဖြစ်​မလဲဆိုတာ သိ​ဖို့ ကြိုးစားကြ​တ​ယ်။ အဲဒီလို​သိ​ဖို့ အမြဲ မလွယ်​ပေ​မဲ့ အောက်ပါ​အချက်တွေကို သိထားခြင်း​က လက်ဆောင်​ရွေးချယ်​ရာမှာ အထောက်အကူ ပြုပါ​လိမ့်မယ်။ လက်ဆောင်​ရသူ​ကို ပျော်ရွှင်​စေနိုင်​တဲ့ အချက် လေးချက်​ကို သုံးသပ်ကြည့်​ကြစို့။

လက်ဆောင်​ရသူ​ရဲ့ လိုအင်ဆန္ဒ။ မြောက်ပိုင်း​အိုင်​ယာ​လ​န်​နိုင်ငံ၊ ဘဲ​လ်​ဖတ်​စ်​မြို့မှာ နေထိုင်သူ​တစ်ဦး​က သူ အသက် ၁၀ နှစ်၊ ၁၁ နှစ်​လောက်မှာ ရခဲ့တဲ့ ပြိုင်ဘီး​ဟာ အကောင်းဆုံး​လက်ဆောင်​ပဲလို့ ပြောတယ်။ ဘာကြောင့်လဲ။ “ကျွန်တော် သိပ်​လိုချင်​နေ​လို့ပဲ” ဆိုပြီး သူပြောတယ်။ လက်ဆောင်​ကို တန်ဖိုးထား၊ မထား​ဆိုတာ ရရှိ​သူရဲ့ လိုအင်ဆန္ဒ​အပေါ် အများကြီး​မူတည်​မှန်း ဒီ​အချက်​က​နေ သိရတယ်။ ဒါကြောင့် သင် လက်ဆောင်​ပေးမယ့်​သူရဲ့ အကြောင်းကို​သာမက သူ ဘာကို တန်ဖိုးထား​တတ်​မှန်း သိအောင် ကြိုးစားပါ။ ဘာကြောင့်လဲဆိုတော့ လူတွေဟာ ကိုယ်​လိုချင်​တဲ့​အရာ​ကို တန်ဖိုးထား​တတ်ကြ​လို့ပဲ။ ဥပမာ၊ အဘိုးအဘွား​တွေဟာ မိသားစုနဲ့​အတူ ရှိနေ​ရတာ​ကို တန်ဖိုးထား​လေ့ရှိတယ်။ သားသမီး၊ မြေး​မြစ်​တွေကို မကြာခဏ တွေ့ချင်​ကြ​တ​ယ်။ သားမြေး​တွေနဲ့​အတူ မိသားစု​အားလပ်ရက် အပန်းဖြေ​တာ​ကို တခြား​လက်ဆောင်​တွေ​ထက် ပိုတန်ဖိုး​ထားကြ​တ​ယ်။

လူတစ်ဦး​ရဲ့ လိုအင်ဆန္ဒ​တွေကို သိနိုင်ဖို့​ဆိုရင် သူပြောတာ​ကို ကောင်းကောင်း နားထောင်ပေး​ရမယ်။ “နားထောင်​ဖို့ အမြဲ အသင့်​ဖြစ်နေ​ရမယ်။ စကား​ပြောတဲ့အခါ​မှာ မစဉ်းစား​မဆင်​ခြင်​ဘဲ မပြော​ရဘူး” လို့ ကျမ်းစာ တိုက်တွန်း​တ​ယ်။ (ယာကုပ် ၁:၁၉) မိတ်ဆွေတွေ၊ ဆွေမျိုး​တွေနဲ့ စကား​ပြောတဲ့အခါ သူတို့ ဘာတွေ ကြိုက်​တ​ယ်၊ မကြိုက်​ဘူးဆို​တာ သိနိုင်ဖို့ အသေအချာ နားထောင်ပေး​ပါ။ ဒါဆိုရင် သူတို့​ကြိုက်​တဲ့ လက်ဆောင်​မျိုး ပေးနိုင်​ပါလိမ့်မယ်။

လက်ဆောင်​ရသူ​ရဲ့ လိုအပ်ရာ။ စျေးကြီး​တဲ့​လက်ဆောင် မဟုတ်​ရင်တောင် တကယ်​လိုအပ်​နေတဲ့​အရာ ဖြစ်မယ်ဆိုရင် တန်ဖိုးထား​ကြ​စ​မြဲ​ပဲ။ ဒါဆိုရင် သူ ဘာ​လိုအပ်​နေမှန်း ဘယ်လို သိနိုင်​သလဲ။

အလွယ်​ကူ​ဆုံး​နည်း​က​တော့ သူ ဘာ​လိုအပ်တယ်၊ ဘာ​လိုချင်​တယ်ဆိုတာ မေးလိုက်​ရုံ​ပါပဲ။ အဲဒီ​နည်းဟာ အများစု​အတွက် သိပ်ပျော်​စရာ မကောင်း​ဘူး။ ဘာကြောင့်လဲဆိုတော့ လက်ဆောင်​ရသူ အံ့သြ​ဝမ်းသာ​သွားတာကို မြင်​ချင်​လို့ပဲ။ တချို့​သူတွေဟာ ကိုယ်​ဘာတွေ ကြိုက်​တ​ယ်၊ မကြိုက်​ဘူးဆို​တာ ပြောပြ​တတ်​ပေ​မဲ့ ဘာတွေ လိုအပ်တယ်​ဆိုတာ​ကိုတော့ ပြော​လေ့​မရှိဘူး။

ဒါကြောင့် တစ်ဖက်​သားရဲ့ အခြေအနေကို မျက်စိရှင်ရှင်​ထားပြီး အကဲခတ်​ကြည့်ပါ။ လူကြီး​လား၊ လူငယ်​လား၊ တစ်ကိုယ်ရေ​လား၊ အိမ်ထောင်သည်​လား၊ ကွာရှင်း​ထားသူ​လား၊ မုဆိုး​ဖို​လား၊ မုဆိုးမ​လား၊ အလုပ်အကိုင်​ရှိ​သလား၊ ပင်စင်​စား​လား။ ဘယ်သူ့​ကို ဘယ်​လက်ဆောင်​ပေး​ရင် သင့်တော်​မလဲဆိုတာ စဉ်းစားပါ။

ကိုယ်​လက်ဆောင်​ပေးမယ့်​သူရဲ့ လိုအပ်ရာ​ကို သိမြင်​နိုင်​ဖို့ အတွေ့အကြုံ​ရှိသူ​တွေနဲ့ တိုင်ပင်​ကြည့်ပါ။ တခြားသူတွေ သတိ​မထား​မိ​တဲ့ တကယ့်​လိုအပ်ရာတွေကို သူတို့ ပြောပြနိုင်တယ်။ ဒီနည်းအားဖြင့် တခြားသူတွေ မစဉ်းစား​မိ​တဲ့ လက်ဆောင်​မျိုး ပေးနိုင်​မယ်။

အချိန်ကို​က်​ဖြစ်​ခြင်း။ “သင့်တော်​တဲ့​အချိန်​မှာ ပြောလိုက်တဲ့​စကားဟာ သိပ်ကောင်း​တ​ယ်” လို့ ကျမ်းစာ​ပြောတယ်။ (ပညာအလိမ္မာ ၁၅:၂၃) အချိန်သင့်​အခါသင့် ပြောလိုက်တဲ့​စကားဟာ ထူးခြားမှု ရှိစေ​နိုင်တယ်​ဆိုတဲ့ သဘော​ပဲ။ ကျွန်တော်တို့ရဲ့ လုပ်ရပ်​ကလည်း အလားတူ​ပါပဲ။ အချိန်သင့်​အခါသင့် ပြောလိုက်တဲ့​စကားဟာ ကြား​ရသူ​ကို စိတ်ချမ်းသာ​စေနိုင်​သလို အချိန်သင့်​အခါသင့်​ပေးတဲ့ လက်ဆောင်​ဟာ ရတဲ့​သူ​ကို ဝမ်းသာအားရ ဖြစ်စေတယ်။

မိတ်ဆွေ​တစ်ဦး မင်္ဂလာဆောင်​တော့မယ်။ လူငယ်​တစ်ဦး အထက်တန်းကျောင်း ပြီးတော့​မယ်။ မောင်နှံတစ်စုံ ရင်သွေး ရ​တော့မယ်။ အဲဒီလို​အချိန်အခါ​မျိုးမှာ လက်ဆောင်​ပေး​တတ်ကြတယ်။ တချို့​သူတွေဟာ နောက်​နှစ်မှာ ကျရောက်​မယ့် အထူး​အချိန်အခါ​တွေကို မှတ်ထား​တတ်ကြတယ်။ ဒီနည်းနဲ့ အချိန်အခါ​နဲ့​ကိုက်ညီ​မယ့် လက်ဆောင်​မျိုး ကြိုတင်​စီစဉ်​နိုင်တယ်။ *

အထူး​အချိန်အခါ​တွေ​ကျ​မှ လက်ဆောင်​ပေးဖို့ မဟုတ်ပါဘူး။ ဘယ်​အချိန်​ပဲ​ပေး​ပေး ပျော်ရွှင်​နိုင်ပါတယ်။ သတိထား​စရာ​တစ်ခု​တော့ ရှိတယ်။ ဥပမာ၊ အမျိုးသား​တစ်ဦး​က အမျိုးသမီး​တစ်ဦးကို ဘာအကြောင်း​ရင်း​မှ​မရှိဘဲ လက်ဆောင်​ပေးမယ်​ဆိုရင် သူ့ကို စိတ်ဝင်စား​လို့​ပေးတာ​ဆိုပြီး ထင်​သွားနိုင်တယ်။ အဲဒီ​သဘော​မျိုးနဲ့​ပေးတာ မဟုတ်ဘူး​ဆိုရင် လက်ဆောင်​ကြောင့် အထင်လွဲ​စရာ​ဖြစ်ပြီး ပြဿနာ​တက်​နိုင်တယ်။ ဒီ​အချက်​က လက်ဆောင်​ပေး​သူရဲ့ သဘောထား​ဟာ အရေးကြီး​မှန်း သိစေ​တ​ယ်။

လက်ဆောင်​ပေး​သူရဲ့ သဘောထား။ လက်ဆောင်​ရသူ​ဟာ လက်ဆောင်​ပေး​သူရဲ့ သဘောထားကို အထင်လွဲ​သွား​မလား​ဆိုတာ ထည့်​စဉ်းစား​သင့်​ကြောင်း အထက်ပါ ဥပမာ​က ဖော်ပြတယ်။ လက်ဆောင်​ပေး​သူက​လည်း ကိုယ့်ရဲ့ သဘောထားကို ဆန်းစစ်ကြည့်​တာ ကောင်း​တ​ယ်။ လူအများစုက​တော့ စိတ်ရင်းမှန်နဲ့ လက်ဆောင်​ပေးတာ​လို့ ယူဆကြ​ပေ​မဲ့ များ​သော​အားဖြင့် နှစ်​တစ်နှစ်​ရဲ့ သတ်မှတ်​ထား​ချိန်မှာ မပေး​မဖြစ်​လို့ ပေး​ကြတာ။ တချို့ကျတော့ တစ်ခုခု​ပြန်​ရမယ်​ဆိုတဲ့ မျှော်လင့်ချက်​နဲ့ အကျိုး​လို​လို့ ညောင်​ရေလောင်း​တာ ဖြစ်တယ်။

သဘောထား​မှန်​နဲ့ လက်ဆောင်​ပေးတာမျိုး​ဖြစ်ဖို့ ဘာ​လုပ်​ရ​မလဲ။ “အရာရာ​ကို မေတ္တာ​ရှေ့​ထားပြီး လုပ်ကြ​ပါ” လို့ ကျမ်းစာ​ပြောတယ်။ (၁ ကောရိန္သု ၁၆:၁၄) တစ်ဖက်​သား​ကို တကယ်​ချစ်​လို့၊ သူ့​အကျိုး​လိုလား​လို့ ပေးတဲ့ လက်ဆောင်​မျိုး ဖြစ်မယ်ဆိုရင် ရတဲ့​သူဟာ ပျော်​မယ်။ ပေးတဲ့​သူက​လည်း စေတနာ​နဲ့​ပေးတာ​ဖြစ်လို့ ပျော်ရွှင်​ကြည်နူး​ရပါလိမ့်မယ်။ စိတ်ရင်းမှန်နဲ့​ပေးမယ်​ဆိုရင် ကောင်းကင်ဖခင်​လည်း ပျော်​မယ်။ ရှေးခေတ် ကောရိန္သုမြို့​မှာရှိတဲ့ ခရစ်ယာန်​တွေဟာ ယုဒပြည်​က ခရစ်ယာန်​တွေအတွက် ရက်ရက်ရောရော၊ ကြည်ကြည်ဖြူဖြူ လှူဒါန်း​ခဲ့လို့ တမန်တော်​ပေါလု ချီးမွမ်း​တ​ယ်။ “စေတနာစိတ်​နဲ့ လှူဒါန်း​တဲ့​သူ​ကိုပဲ ဘုရားသခင် ချစ်မြတ်နိုး​တ​ယ်” လို့ ပေါလု ပြောတယ်။—၂ ကောရိန္သု ၉:၇

အထက်ပါ​အချက်​တွေ​အတိုင်း လုပ်ဆောင်​မယ်ဆိုရင် တခြားသူတွေကို ပျော်ရွှင်​စေတဲ့ လက်ဆောင်​မျိုး ပေးနိုင်​မှာပဲ။ လူတွေကို ဘုရား​ပေးတဲ့ အကောင်းတကာ့ အကောင်းဆုံး လက်ဆောင်​ဟာ​လည်း အဲဒီ​အချက်​တွေနဲ့ ကိုက်ညီ​တ​ယ်။ အဲဒီ အကောင်းဆုံး​လက်ဆောင်​အကြောင်း သိချင်ရင် နောက်​ဆောင်းပါးမှာ ဖတ်ကြည့်ပါ။

^ စာပိုဒ်၊ 13 လူအများ​စု​ဟာ မွေးနေ့​မှာ၊ နေ့ထူးနေ့မြတ်​တွေမှာ လက်ဆောင်​ပေး​တတ်ကြတယ်။ ဒါပေမဲ့ အဲဒီလို​ပွဲနေ့​တွေဟာ ကျမ်းစာနဲ့မညီတဲ့ ဓလေ့ထုံးစံ​တွေနဲ့ ဆက်စပ်​လေ့ရှိတယ်။ ဒီမဂ္ဂဇင်းမှာ​ပါတဲ့ “စာရှုသူများ​အမေး—ခရစ္စမတ်​ဟာ ခရစ်ယာန်တွေ​ရဲ့ ပွဲ​လား” ဆိုတဲ့ ဆောင်းပါးကို ကြည့်ပါ။