မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါရဲ့ စကားတော် ကျမ်းစာကို သင် အလွန် တန်ဖိုး​ထား​သ​လား

ယေဟောဝါရဲ့ စကားတော် ကျမ်းစာကို သင် အလွန် တန်ဖိုး​ထား​သ​လား

“သင်​တို့​သည် . . . ဘု​ရား​သ​ခင်​၏ တ​ရား​စ​ကား​တော်​ကို . . . ဘု​ရား​သ​ခင်​၏ တ​ရား​စ​ကား​တော်​ဖြစ်​သည်​ဟု အ​ဖြစ်​မှန်​အ​တိုင်း ခံ​ယူ​ကြ​၏။” —၁ သက်. ၂:၁၃

သီ​ချင်း– ၁၁၄၊ ၁၁၃

၁–၃။ ဧ​ဝေါ​ဒိ​နဲ့ သု​န္တုတ်​တို့​ကြား​မှာ ဘာ​ပြ​ဿ​နာ​တွေ ပေါ်​ပေါက်​ခဲ့​နိုင်​သ​လဲ။ အဲ​ဒီ​ပြ​ဿ​နာ​တွေ​ကို ဘယ်​လို ရှောင်​နိုင်​သ​လဲ။ (ဆောင်း​ပါး​အ​စ​မှာ​ပါ​တဲ့ ရုပ်​ပုံ​ကို ကြည့်​ပါ။)

ယေ​ဟော​ဝါ​ရဲ့ ကျေး​ကျွန်​တွေ​ဟာ ဘု​ရား​သ​ခ​င့် စ​ကား​တော် ကျမ်း​စာ​ကို အ​လွန် တန်​ဖိုး​ထား​ကြ​တယ်။ မ​စုံ​လင်​သူ​တွေမို့ ကျမ်း​စာ​သွန်​သင်​ချက်​တွေ မ​ကြာ​ခ​ဏ ရ​ရှိ​ကြ​တယ်။ အဲ​ဒီ​အ​ခါ ဘယ်​လို တုံ့​ပြန်​ကြ​မ​လဲ။ ပ​ထ​မ​ရာ​စု ခ​ရစ်​ယာ​န် ဧ​ဝေါ​ဒိ​နဲ့ သုန္တုတ်​တို့​အ​ကြောင်း သုံး​သပ်​ကြည့်​ပါ။ ဒီ​ဘိ​သိက်​ခံ ညီ​အစ်​မ​တွေ​ကြား​မှာ ကြီး​မား​တဲ့​ပြ​ဿ​နာ​တွေ ပေါ်​ပေါက်​ခဲ့​တယ်။ ဘာ​ပြ​ဿ​နာ​တွေ​လဲ။ ကျမ်း​စာ​မှာ အ​တိ​အ​ကျ မပြော​ထား​ဘူး။ ဒါ​ပေ​မဲ့ ဖြစ်​နိုင်​ချေ​တွေ​ကို သုံး​သပ်​ကြည့်​ကြ​စို့။

ဧ​ဝေါ​ဒိ​က ညီ​အစ်​ကို/မ​တ​ချို့​ကို ဖိတ်​ပြီး အိမ်​မှာ ပျော်​ပျော်​ပါး​ပါး စား​သောက်၊ စု​ဆုံ​ပေါင်း​သင်း​ကြ​တယ် ဆို​ပါ​စို့။ သု​န္တုတ်​ကို​တော့ မ​ဖိတ်​ဘူး။ အား​လုံး ပျော်​ခဲ့​ကြ​တဲ့​အကြောင်း သု​န္တုတ် ပြန်​ကြား​တယ်။ ‘ငါ့​ကို ဧ​ဝေါ​ဒိ ဘာ​ကြောင့် မ​ဖိတ်​တာ​ပါ​လိမ့်။ ငါ​တို့​က အ​ခင်​ဆုံး​သူ​ငယ်​ချင်း​တွေ​ပဲ’ လို့ သု​န္တုတ် စဉ်း​စား​မိ​မယ်။ သ​စ္စာ​ဖောက်​ခံ​ရ​တယ်​လို့ ခံ​စား​ရ​တဲ့​အ​တွက် ဧ​ဝေါ​ဒိ​အ​ပေါ် အ​မြင်​မ​ကြည်​တော့​ဘူး။ ဒါ​နဲ့ သု​န္တုတ်​လည်း အိမ်​မှာ အဲ​ဒီ​ညီ​အစ်​ကို/မ​တွေ​ကို​ပဲ ခေါ်​ဖိတ်​ပြီး ဧ​ဝေါ​ဒိ​ကို မ​ဖိတ်​ဘူး။ သူ​တို့​ရဲ့ ပြ​ဿ​နာ​က အသင်း​တော်​တစ်​ခု​လုံး​ရဲ့ ငြိမ်​သက်​မှု​ကို ပျက်​စီး​စေ​နိုင်​တယ်။ ဘာ​တွေ ဆက်​ဖြစ်​သ​လဲ​ဆို​တာ ကျမ်း​စာ​မှာ မ​ဖော်​ပြ​ထား​ဘူး။ ဒါ​ပေ​မဲ့ ဒီ​ညီ​အစ်​မ​နှစ်​ယောက်​စ​လုံး တ​မန်​တော် ပေါ​လု​ရဲ့ မေ​တ္တာ​ပါ သွန်​သင်​ချက်​ကို လိုက်​နာ​ခဲ့​ကြ​မှာ​ပဲ။—ဖိ. ၄:၂၊ ၃

ဒီ​နေ့​လည်း အ​လား​တူ အ​ခြေ​အ​နေ​တွေ​က ယေ​ဟော​ဝါ​လူ​မျိုး​ရဲ့ အ​သင်း​တော်​တွေ​ကို တစ်​ခါ​တ​လေ စိတ်​ဝမ်း​ကွဲ​ပြား​စေ​နိုင်​တယ်။ ဒါ​ပေ​မဲ့ ကျမ်း​စာ​သွန်​သင်​ချက်​တွေ​ကို လိုက်​လျှောက်​မယ်​ဆို​ရင် အဲ​ဒီ​ပြ​ဿ​နာ​တွေ​ကို ဖြေ​ရှင်း​နိုင်​မယ်၊ လုံး​ဝ​တောင် ရှောင်​နိုင်​ပါ​မယ်။ ယေ​ဟော​ဝါ​ရဲ့ စ​ကား​တော် ကျမ်း​စာ​ကို အ​လွန် တန်​ဖိုး​ထား​မယ်​ဆို​ရင် ကျမ်း​စာ​ညွှန်​ကြား​ချက်​တွေ​အ​တိုင်း အ​သက်​ရှင်​ပါ​လိမ့်​မယ်။—ဆာ. ၂၇:၁၁

ဘု​ရား​သ​ခ​င့် စ​ကား​တော် ကျမ်း​စာ​နဲ့ လူ့​ခံ​စား​ချက်​များ

၄၊ ၅။ ခံ​စား​ချက်​တွေ​ကို ထိန်း​ချုပ်​ခြင်း​နဲ့​ပတ်​သက်​ပြီး ကျမ်း​စာ​မှာ ဘယ်​လို သွန်​သင်​ပေး​ထား​သ​လဲ။

မ​မျှ​မ​တ ဆက်​ဆံ​ခံ​ရ​တယ်​လို့ ထင်​တဲ့​အ​ခါ​မျိုး​မှာ ခံ​စား​ချက်​တွေ​ကို ထိန်း​ချုပ်​ရ​ခက်​တတ်​တယ်။ လူ​မျိုး၊ အ​သား​အ​ရောင်၊ တ​ခြား​ကွဲ​ပြား​မှု​တွေ​ကြောင့် ခွဲ​ခြား​ဆက်​ဆံ​ခံ​ရ​တဲ့​အ​ခါ ပို​ဆိုး​တတ်​တယ်။ ခ​ရစ်​ယာ​န်​ချင်း​တစ်​ယောက်​က အဲ​ဒီ​လို ဆက်​ဆံ​ရင် ပို​ပြီး​တော့​တောင် နာ​ကျင်​ခံ​စား​ရ​တယ်။ အဲ​ဒီ​မ​စုံ​လင်​တဲ့ လူ့​စ​ရိုက်​ဆိုး​ကို ရင်​ဆိုင်​ရ​တဲ့​အ​ခါ ကျမ်း​စာ​သွန်​သင်​ချက်​တွေ​က ဘယ်​လို ကူ​ညီ​ပေး​သ​လဲ။

လူ့​သ​မိုင်း​အ​စ​က​တည်း​က လူ​တွေ​အ​ကြောင်း၊ လူ့​ခံစားချက်၊ လုပ်​ရပ်တွေ​အ​ကြောင်း ယေ​ဟော​ဝါ သိတယ်။ စိတ်​ထိ​ခိုက်​လာ​တဲ့​အ​ခါ နောက်​မှ နောင်​တ​ရ​စေ​မ​ယ့် အ​ပြု​အ​မူ၊ အ​ပြော​အ​ဆို​တွေ လုပ်​မိ​ပြော​မိ​နိုင်​တယ်။ စိတ်​ထိန်း​ဖို့၊ ထစ်​ခ​နဲ​ဆို ဒေါ​သ​မ​ထွက်​ဖို့ ကျမ်း​စာ သွန်​သင်​ချက်​ကို လိုက်​လျှောက်​ခြင်း​က အ​လွန်​ပ​ညာ​ရှိ​ပါ​တယ်။ (သု​တ္တံ ၁၆:၃၂ နဲ့ ဒေ​သ​နာ ၇:၉ တို့​ကို​ဖတ်​ပါ။) ထိ​လွယ်​ရှ​လွယ် မ​ဖြစ်​လွန်း​ဖို့၊ ပို​ခွင့်​လွှတ်​တတ်​ဖို့ ကြိုး​စား​ကြ​ရ​မယ်။ ယေ​ဟော​ဝါ​နဲ့ ယေ​ရှု​ဟာ ခွင့်​လွှတ်​မှု​ကို သိပ်​အ​လေး​ထား​တယ်။ (မ. ၆:၁၄၊ ၁၅) သင်​ဟာ ပို​ခွင့်​လွှတ်​တတ်​ဖို့၊ ခံ​စား​ချက်​တွေ​ကို ပို​ထိန်း​ချုပ်​နိုင်ဖို့ လိုအပ်​နေ​သ​လား။

၆။ နာ​ကြည်း​စိတ် မ​ဝင်​အောင် ဘာ​ကြောင့် သ​တိ​ထား​သင့်​သ​လဲ။

ခံ​စား​ချက်​ကို မ​ထိန်း​ချုပ်​နိုင်​တဲ့​သူ​တွေ​ဟာ စိတ်​နာ​ကြည်း​လာ​တတ်​ကြ​တယ်။ ရ​လ​ဒ်​အ​နေ​နဲ့ တ​ခြား​သူ​တွေ​ဟာ သူ​တို့​နဲ့ မ​ပေါင်း​ချင်​ကြ​တော့​ဘူး။ စိတ်​နာ​ကြည်း​သူ​ဟာ အ​သင်း​တော်​အ​ပေါ် အ​ပျက်​သြ​ဇာ လွှမ်း​မိုး​နိုင်​တယ်။ နာ​ကြည်း​မှု၊ မုန်း​တီး​မှု​ကို ဖုံး​ကွယ်​ထား​နိုင်​ပေ​မဲ့ စိတ်​နှ​လုံး​ထဲ​မှာ ကိန်း​အောင်း​နေ​တဲ့ အ​ပျက်​သ​ဘော​တွေ​က “ပ​ရိ​သတ်​ရှေ့​မှာ ထင်​ရှား” လာ​လိမ့်​မယ်။ (သု. ၂၆:၂၄-၂၆) နာ​ကြည်း​မှု၊ မုန်း​တီး​မှု၊ အ​ငြိုး​ထား​မှု​တွေ ဘုရား​အ​ဖွဲ့​အ​စည်း​ထဲ​မှာ မ​ရှိ​သင့်​ကြောင်း နား​လည်​လာ​အောင် အ​ကြီး​အ​ကဲ​တွေ ကူ​ညီ​ပေး​နိုင်​ပါ​တယ်။ ဒါ​နဲ့​ပတ်​သက်​ပြီး ကျမ်း​စာ​မှာ ရှင်း​ရှင်း​လင်း​လင်း ဖော်​ပြ​ထား​တယ်။ (ဝတ်. ၁၉:၁၇၊ ၁၈။ ရော. ၃:၁၁-၁၈) သင် သ​ဘော​တူ​ပါ​သ​လား။

ကျွန်​တော်​တို့​ကို ယေ​ဟော​ဝါ ဦး​ဆောင်​နေ

၇၊ ၈။ (က) အ​ဖွဲ့​အ​စည်း​ရဲ့ မြေ​ကြီး​ဆိုင်​ရာ​အ​ပိုင်း​ကို ယေ​ဟော​ဝါ ဘယ်​လို ဦး​ဆောင်​နေ​သ​လဲ။ (ခ) ကျမ်း​စာ​မှာ ဖော်​ပြ​ထား​တဲ့ လမ်း​ညွှန်​ချက်​တချို့က ဘာ​တွေ​လဲ။ ဘာ​ကြောင့် နာ​ခံ​သင့်​သ​လဲ။

မိ​မိ​အ​ဖွဲ့​အ​စည်း​ရဲ့ မြေ​ကြီး​ဆိုင်​ရာ​အ​ပိုင်း​ကို “အ​သင်း​တော်​၏ ဦး​ခေါင်း” ခ​ရစ်​တော် လမ်း​ညွှန်​နေ​တဲ့ ‘သ​စ္စာ​နဲ့ သ​တိ​ပ​ညာ​ရှိ​ကျွန်’ အား​ဖြ​င့် ယေ​ဟော​ဝါ ဦး​ဆောင် သွန်​သင်​ပေး​နေ​တယ်။ (မ. ၂၄:၄၅-၄၇။ ဧ. ၅:၂၃) ပ​ထ​မ​ရာ​စု အုပ်​ချုပ်​ရေး​အ​ဖွဲ့​လို​ပဲ ဒီ​ကျွန်​ဟာ ဘု​ရား​သ​ခ​င့် စ​ကား​တော်​ကို လက်​ခံ​ပြီး အ​လွန်​တန်​ဖိုး​ထား​တယ်။ (၁ သက်​သာ​လော​နိ​တ် ၂:၁၃ ကို​ဖတ်​ပါ။) ကျွန်​တော်​တို့​အကျိုး​အ​တွက် ကျမ်း​စာ​မှာ ဖော်​ပြ​ထား​တဲ့ လမ်း​ညွှန်​ချက်​တ​ချို့​က ဘာ​တွေ​လဲ။

အ​စည်း​အ​ဝေး ပုံ​မှန်​တက်​ဖို့ ကျမ်း​စာ​မှာ လမ်း​ညွှန်​ထား​တယ်။ (ဟေ​ဗြဲ ၁၀:၂၄၊ ၂၅) အ​ယူ​ဝါ​ဒ​ပိုင်း​မှာ စည်း​လုံး​နေ​ဖို့ တိုက်​တွန်း​ထား​တယ်။ (၁ ကော. ၁:၁၀) ဘ​ဝ​မှာ ဘု​ရား​နိုင်​ငံ​တော်​ကို ဦး​စား​ထား​ဖို့ မိန့်​မှာ​ထား​တယ်။ (မ. ၆:၃၃) တစ်​အိမ်​မှ တစ်​အိမ်​ဖြစ်​စေ၊ လူ​အ​များ​ရှေ့​မှာ​ဖြစ်​စေ၊ အ​လွတ်​သ​ဘော​ဖြစ်​စေ ဟော​ပြော​ရ​မ​ယ့် တာ​ဝန်​နဲ့ အ​ခွင့်​ထူး​အ​ကြောင်း အ​လေး​ပေး​ဖော်​ပြ​ထား​တယ်။ (မ. ၂၈:၁၉၊ ၂၀။ တ. ၅:၄၂။ ၁၇:၁၇။ ၂၀:၂၀) အ​ဖွဲ့​အ​စည်း​ကို သန့်​ရှင်း​နေ​စေ​ဖို့ အ​ကြီး​အ​ကဲ​တွေ​ကို ကျမ်း​စာ​မှာ ညွှန်​ကြား​ထား​တယ်။ (၁ ကော. ၅:၁-၅၊ ၁၃။ ၁ တိ. ၅:၁၉-၂၁) အ​ဖွဲ့​အ​စည်း​ဝင်​အား​လုံး ရုပ်​ပိုင်း၊ ဘုရားရေးရာ​ပိုင်း သန့်​ရှင်း​နေ​ဖို့ ယေ​ဟော​ဝါ မိန့်​မှာ​ထား​တယ်။—၂ ကော. ၇:၁

၉။ ကျမ်း​စာ နား​လည်​အောင် ကူ​ညီ​ပေး​ဖို့ ဘယ်​လမ်း​ကြောင်း​ကို အ​သုံး​ပြု​နေ​သ​လဲ။

ကျမ်း​စာ​ကို ကိုယ့်​ဘာ​သာ​ကိုယ် အ​နက်​ဖွင့်​လို့ရ​တယ်​ဆို​ပြီး တ​ချို့​ယူ​ဆ​နိုင်​တယ်။ ဒါ​ပေ​မဲ့ ကျမ်း​စာ​အကြောင်း​အ​ရာတွေ​ကို ဖြန့်​ဝေ​ပေး​တဲ့ တစ်​ခု​တည်း​သော လမ်း​ကြောင်း​အ​ဖြစ် ‘သ​စ္စာ​ရှိ​ကျွန်’ ကို​ပဲ ယေ​ရှု ခန့်​အပ်​ထား​တယ်။ မိ​မိ​နောက်​လိုက်​တွေ​ကို ကျမ်း​စာ​နား​လည်​အောင်၊ ကျမ်း​စာ လမ်း​ညွှန်​ချက်​တွေ​ကို လိုက်​နာ​နိုင်​အောင် ကူ​ညီ​ပေး​ဖို့ အဲ​ဒီ​ကျွန်​ကို ၁၉၁၉ ခု​နှစ်​က​စ​ပြီး ယေ​ရှု​ခ​ရစ် အ​သုံး​ပြု​နေ​တယ်။ ကျမ်း​စာ​လမ်း​ညွှန်​ချက်​တွေ​ကို နာ​ခံ​ခြင်း​အား​ဖြ​င့် အ​သင်း​တော်​ရဲ့ သန့်​ရှင်း​မှု၊ ငြိမ်​သက်​မှု​နဲ့ စည်း​လုံး​မှု​ကို အား​ဖြည့်​ပေး​နေ​ကြ​တယ်။ ဒါ​ကြောင့် ‘ဒီ​နေ့ ယေ​ရှု သုံး​နေ​တဲ့ လမ်း​ကြောင်း​ကို ငါ​သ​စ္စာ​စောင့်​သိ​နေ​သ​လား’ လို့ ကိုယ့်​ကိုယ်​ကိုယ် မေး​သင့်​တယ်။

ယေ​ဟော​ဝါ​ရဲ့ ရ​ထား ရွေ့​လျား​နေ

၁၀။ ယေ​ဟော​ဝါ့ အ​ဖွဲ့​အ​စည်း​ရဲ့ ကောင်း​ကင်​ဆိုင်​ရာ​အ​ပိုင်း​အ​ကြောင်း ယေ​ဇ​ကျေ​လ​ကျမ်း​မှာ ဘယ်​လို ဖော်​ပြ​ထား​သ​လဲ။

၁၀ ယေ​ဟော​ဝါ​ရဲ့ စ​ကား​တော် ကျမ်း​စာ​က အ​ဖွဲ့​အ​စည်း​ရဲ့ ကောင်း​ကင်​ဆိုင်​ရာ အ​ပိုင်း​နဲ့​လည်း အ​ကျွမ်း​ဝင်​စေ​တယ်။ ဥ​ပ​မာ၊ ပ​ရော​ဖက် ယေ​ဇ​ကျေ​လ​ဟာ ကောင်း​ကင်​ရ​ထား​နဲ့ တင်​စား​ထား​တဲ့ ဘု​ရား​သ​ခ​င့် အ​ဖွဲ့​အ​စည်း​ရဲ့ ကောင်း​ကင်​ဆိုင်​ရာ​အ​ပိုင်း​ကို စိတ်​အာ​ရုံ​မှာ မြင်​ခဲ့ရ​တယ်။ (ယေ​ဇ. ၁:၄-၂၈) ယေ​ဟော​ဝါ​က ရ​ထား​ကို မောင်း​နှင်​နေ​တယ်။ စွမ်း​အား​တော် စေ​လို​ရာ​အ​တိုင်း ရ​ထား သွား​တယ်။ အ​ဖွဲ့​အ​စည်း​ရဲ့ ကောင်း​ကင်​ဆိုင်​ရာ​အ​ပိုင်း​က မြေ​ကြီး​ဆိုင်​ရာ​အ​ပိုင်း​ကို ဩ​ဇာ​လွှမ်း​ထား​တယ်။ ရ​ထား​ဟာ အ​မှန်​တ​ကယ် ရွေ့​လျား​နေ​ပါ​တယ်။ လွန်​ခဲ့​တဲ့​ဆယ်​စု​နှစ်​အ​တွင်း အ​ဖွဲ့​အ​စည်း​ဆိုင်​ရာ အ​ပြောင်း​အ​လဲ​များ​စွာ​အ​ကြောင်း စဉ်း​စား​ကြည့်​ပါ။ အဲ​ဒါ​တွေ​ရဲ့ နောက်​ကွယ်​မှာ ယေ​ဟော​ဝါ ရှိ​နေ​ကြောင်း သ​တိ​ရ​ပါ။ ဒီ​ဆိုး​ညစ်​တဲ့ လော​က​ကို ခ​ရစ်​တော်​နဲ့ သန့်​ရှင်း​တဲ့ ကောင်း​ကင်​တ​မန်​တွေ ဖျက်​ဆီး​ကြ​တော့​မှာ​မို့ အ​ချုပ်​အ​ခြာ​အာ​ဏာ သံ​သ​ယ​ကင်း​ရှင်း​ရေး၊ နာ​မ​တော် သန့်​ရှင်း​မြင့်​မြတ်​ရေး​အ​တွက် ယေ​ဟော​ဝါ​ရဲ့ ရ​ထား အ​လျင်​အ​မြန် ရွေ့​လျား​နေ​တယ်။

ဆောက်​လုပ်​ရေး စီ​မံ​ကိန်း​တွေ​မှာ မ​နား​မ​နေ လုပ်​ဆောင်​နေ​ကြ​တဲ့ စေ​တ​နာ့ ဝန်​ထမ်း​များ​စွာ​ကို ကျေး​ဇူး​တင်​ကြ​ပါ​တယ် (အ​ပိုဒ် ၁၁ ကို​ကြည့်​ပါ)

၁၁၊ ၁၂။ ယေ​ဟော​ဝါ​ရဲ့ အ​ဖွဲ့​အ​စည်း ပြီး​မြောက်​နေ​တဲ့​အ​ရာ​တ​ချို့​ကို ဖော်​ပြ​ပါ။

၁၁ ဒီ​နောက်​ဆုံး​ကာ​လ​အ​တွင်း ဘု​ရား​သ​ခ​င့် အ​ဖွဲ့​အစည်း​ရဲ့ မြေ​ကြီး​ဆိုင်​ရာ​အ​ပိုင်း ပြီး​မြောက်​အောင်မြင်​ခဲ့ရာတွေ​ကို သုံး​သပ်​ကြည့်​ပါ။ ဆောက်​လုပ်​ရေး။ ထောင်​နဲ့​ချီ​တဲ့​လုပ်​သား​တွေ​ဟာ အ​မေ​ရိ​ကန်​နိုင်​ငံ၊ နယူး​ယောက်​ပြည်​နယ်၊ ဝေါ​ဝစ်​မြို့​က ယေ​ဟော​ဝါ​သက်​သေ​တွေ​ရဲ့ ဌာ​န​ချုပ်​အ​သစ် ဆောက်​လုပ်​ရာ​မှာ အ​လုပ်​များ​နေ​ကြ​တယ်။ က​မ္ဘာ​ချီ ဒီ​ဇိုင်း/ဆောက်​လုပ်​ရေး​ဌာ​န​ရဲ့ ညွှန်​ကြား​မှု​အောက်​မှာ သောင်း​နဲ့​ချီ​တဲ့​လုပ်​သား​တွေ​ဟာ နိုင်​ငံ​တော်​ခန်း​မ အ​သစ်​တွေ ဆောက်​လုပ်​ဖို့၊ ဌာ​န​ခွဲ​အ​ဆောက်​အ​ဦတွေ တိုး​ချဲ့​ဖို့ ကြိုး​စား​လုပ်​ဆောင်​နေ​ကြ​တယ်။ အဲ​ဒီ​စီ​မံ​ကိန်း​တွေ​မှာ မ​နား​မ​နေ ကြိုး​စား​နေ​ကြ​တဲ့ စေ​တ​နာ့ ဝန်​ထမ်း​များ​စွာ​ကို ကျေး​ဇူး​တင်​ကြ​ပါ​တယ်။ အဲ​ဒီ​စီ​မံ​ကိန်း​တွေ​အ​တွက် သ​စ္စာ​ရှိ​စွာ၊ နှိမ့်​ချ​စွာ ငွေ​ကြေး​ထောက်​ပံ့​နေ​တဲ့ က​မ္ဘာ​တစ်​ဝန်း​က ကြေ​ညာ​သူ​တွေ​ကို ယေ​ဟော​ဝါ ကောင်း​ချီး​ပေး​နေ​ကြောင်း သ​တိ​ရ​ပါ။—လု. ၂၁:၅

၁၂ ပ​ညာ​ရေး။ မြင့်​မြတ်​တဲ့​ပ​ညာ​ရေး​ကို ပို့​ချ​ပေး​နေ​တဲ့ သင်​တန်း​များ​စွာ​ကို​လည်း စဉ်း​စား​ကြည့်​ပါ။ (ဟေ​ရှာ. ၂:၂၊ ၃) ရှေ့​ဆောင်​လုပ်​ငန်း​သင်​တန်း၊ သ​တင်း​ကောင်း ဟော​ပြော​သူ​များ​အ​တွက် သင်​တန်း၊ ဂိ​လ​ဒ်​သင်​တန်း​ကျောင်း၊ ဗေ​သ​လ​ဝင်​ခွင့်​သင်​တန်း၊ တိုက်​နယ်​ကြီး​ကြပ်​မှူး​များ​နဲ့ ဇ​နီး​များ​အ​တွက် သင်​တန်း၊ အ​သင်း​တော် အ​ကြီး​အ​ကဲ​များ​အ​တွက် သင်​တန်း၊ နိုင်​ငံ​တော် ဓ​မ္မ​အ​မှု​ကျောင်း၊ ဌာ​န​ခွဲ ကော်​မ​တီ​ဝင်​များ​နဲ့ ဇ​နီး​များ​အ​တွက် သင်​တန်း​တွေ ရှိ​တယ်။ မိ​မိ​လူ​မျိုး​ကို သွန်​သင်​ပေး​ရ​တာ​ကို ယေ​ဟော​ဝါ နှစ်​သက်​တယ်။ ဘာ​သာ​စ​ကား ရာ​ပေါင်း​များ​စွာ​နဲ့ စာ​ပေ​တွေ ရ​ရှိ​နေ​တဲ့ jw.org ဝက်​ဘ်​ဆိုက်​မှာ​လည်း ကျမ်း​စာ​ပ​ညာ​ရေး​ကို အား​ပေး​ထား​တယ်။ အဲ​ဒီ​ဝက်​ဘ်​ဆိုက်​မှာ က​လေး​တွေ၊ မိ​သား​စု​တွေ၊ သ​တင်း​တွေ​အ​တွက် အ​ထူး​က​ဏ္ဍတွေ ပါ​ဝင်​တယ်။ အ​မှု​ဆောင်​လုပ်​ငန်း​မှာ၊ မိ​သား​စု ဝတ်​ပြုမှု​မှာ jw.org ကို သင်​သုံး​နေ​ပါ​သ​လား။

ယေ​ဟော​ဝါ​အ​ပေါ် သ​စ္စာ​စောင့်​သိ​ပါ၊ အ​ဖွဲ့​အ​စည်း​ကို ထောက်​မ​ပါ

၁၃။ ယေ​ဟော​ဝါ​ရဲ့ သ​စ္စာ​ရှိ​ကျေး​ကျွန်​တွေ​အ​နေ​နဲ့ ဘာ​တာ​ဝန်​ရ​ရှိ​ထား​သ​လဲ။

၁၃ ယေ​ဟော​ဝါ​ရဲ့ အ​ဖွဲ့​အ​စည်း​ဝင် ဖြစ်​ရ​တာ အ​ခွင့်​ထူး​ပါ​ပဲ။ ယေ​ဟော​ဝါ​ရဲ့ တောင်း​ဆို​ချက်၊ စံ​နှုန်း​တွေ​ကို သိ​ထား​တဲ့​အ​တွက် မှန်​ရာ​ကို လုပ်​ဆောင်​ဖို့၊ ဘု​ရား​သ​ခ​င့် အ​ချုပ်​အ​ခြာ​အာ​ဏာ​ကို ထောက်​ခံ​ဖို့ တာ​ဝန်​ရ​လာ​တယ်။ ဒီ​လော​က​ဟာ အ​ကျင့်​ပျက်​နွံ​ထဲ​မှာ နစ်​သည်​ထက် နစ်​နေ​ပေ​မဲ့ ကျွန်​တော်​တို့​က​တော့ ယေ​ဟော​ဝါ​လို​ပဲ “မ​ကောင်း​သော​အ​မှု​ကို ရွံ​ရှာ” ကြ​ရ​မယ်။ (ဆာ. ၉၇:၁၀) “မ​ကောင်း​ကို အ​ကောင်း၊ အ​ကောင်း​ကို မ​ကောင်း” လို့​ပြော​တဲ့ တ​ရား​မဲ့​သူ​တွေ​နဲ့ မ​ပေါင်း​ကြ​ဘူး။ (ဟေ​ရှာ. ၅:၂၀) ယေ​ဟော​ဝါ​ကို ပျော်​စေ​ချင်​တဲ့​အ​တွက် ရုပ်​ပိုင်း၊ ကိုယ်​ကျင့်​တ​ရား​ပိုင်း၊ ဘု​ရားရေးရာ​ပိုင်း​မှာ သန့်​ရှင်း​နေ​ဖို့ ကြိုး​စား​ကြ​တယ်။ (၁ ကော. ၆:၉-၁၁) ယေ​ဟော​ဝါ​ကို ချစ်​ကြ​တယ်။ ယုံ​ကြည်​ကိုး​စား​ကြ​တယ်။ ကျမ်း​စာ​မှာ ရှင်း​ရှင်း​လင်း​လင်း ဖော်​ပြ​ထား​တဲ့ စံ​နှုန်း​တွေ​အ​တိုင်း အ​သက်​ရှင်​နေ​ထိုင်​ခြင်း​အား​ဖြ​င့် ကိုယ်​တော့်​အ​ပေါ် သ​စ္စာ​စောင့်​သိ​နေ​ကြ​တယ်။ အိမ်​မှာ၊ အ​သင်း​တော်​မှာ၊ အ​လုပ်​မှာ၊ ကျောင်း​မှာ၊ နေ​ရာ​တိုင်း​မှာ အဲ​ဒီ​စံ​နှုန်း​တွေ​အ​တိုင်း နေ​ထိုင်​ဖို့ ကြိုး​စား​ကြ​တယ်။ (သု. ၁၅:၃) ဘု​ရား​သ​ခင်​ကို သ​စ္စာ​စောင့်​သိ​ကြောင်း တင်​ပြ​နိုင်​တဲ့ နောက်​ထပ်​နည်း​တွေ​ကို သုံး​သပ်​ကြည့်​ပါ။

၁၄။ ဘု​ရား​သ​ခင်​အ​ပေါ် သ​စ္စာ​စောင့်​သိ​ကြောင်း ခ​ရစ်​ယာ​န်​မိ​ဘ​တွေ ဘယ်​လို တင်​ပြ​နိုင်​သ​လဲ။

၁၄ သား​သ​မီး ပြု​စု​ပျိုး​ထောင်​ရေး။ ခ​ရစ်​ယာ​န်​မိဘတွေ​က သား​သ​မီး​တွေ​ကို ကျမ်း​စာ​နဲ့​အ​ညီ လေ့​ကျင့်​ပေး​ခြင်း​အား​ဖြ​င့် ယေ​ဟော​ဝါ​အ​ပေါ် သ​စ္စာ​စောင့်​သိ​ကြောင်း တင်​ပြ​နေ​ကြ​တယ်။ သား​သ​မီး ပြု​စု​ပျိုး​ထောင်​ရေး​နဲ့​ပတ်​သက်​ပြီး ဒေ​သ​ထုံး​စံ​တွေ​ရဲ့ မ​သင့်​တော်​တဲ့ လွှမ်း​မိုး​မှု​ကို မ​ခံ​ကြ​ဘူး။ ခ​ရစ်​ယာ​န်​အိမ်​ထောင်​မှာ လောက​စိတ်​ဓာတ်​ကို လက်​သင့်​မ​ခံ​ကြ​ဘူး။ (ဧ. ၂:၂) နှစ်​ခြင်း​ခံ​ပြီး​သား ဖ​ခင်​တစ်​ယောက်​က ‘ငါ​တို့​နိုင်​ငံ​မှာ​တော့ သား​သ​မီး​တွေ​ကို မိန်း​မ​တွေ​ပဲ သွန်​သင်​ဆုံး​မ​တယ်’ လို့​မတွေးဘူး။ “အ​ဖ​ဖြစ်​သူ​တို့၊ . . . [သား​သ​မီး​တို့​ကို] ယေ​ဟော​ဝါ​ဘု​ရား၏ ဆုံး​မ​ပဲ့​ပြင်​ခြင်း​နှင့် စိတ်​သ​ဘော​တော် [ညွှန်​ကြား​ချက်၊ လမ်း​ညွှန်​ချက်] အ​တိုင်း မွေး​မြူ​လျက်​နေ​ကြ​လော့” လို့ ကျမ်း​စာ​မှာ ရှင်း​ရှင်း​လင်း​လင်း မိန့်​မှာ​ထား​တယ်။ (ဧ. ၆:၄) ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​တဲ့ မိခင်​ဖ​ခင်​တွေ​က သား​သ​မီး​တွေ​ကို ယေ​ဟော​ဝါ​နဲ့​အ​တူ ရှိ​ခဲ့​တဲ့ ရှ​မွေ​လ​လို ဖြစ်​စေ​ချင်​ကြ​တယ်။—၁ ရာ. ၃:၁၉

၁၅။ အ​ရေး​ကြီး​တဲ့ ဆုံး​ဖြတ်​ချက်​တွေ ချ​တဲ့​အ​ခါ ယေ​ဟော​ဝါ​အ​ပေါ် သစ္စာ​စောင့်​သိ​ကြောင်း ဘယ်​လို တင်​ပြ​ကြ​သ​လဲ။

၁၅ ဆုံး​ဖြတ်​ချက်​များ ချ​ခြင်း။ ဘ​ဝ​မှာ အ​ရေး​ကြီး​တဲ့ ဆုံး​ဖြတ်​ချက်​တွေ ချ​တဲ့​အ​ခါ ဘု​ရား​သ​ခင်​အ​ပေါ် သစ္စာ​စောင့်​သိ​ကြောင်း တင်​ပြ​နိုင်​တဲ့ နည်း​တစ်​နည်း​က​တော့ ကျမ်း​စာ​နဲ့ အ​ဖွဲ့​အ​စည်း​ရဲ့ အ​ကူ​အ​ညီ​ကို ရှာ​ယူ​ခြင်း​ပါ​ပဲ။ ဥ​ပ​မာ၊ မိ​ဘ​များ​စွာ​နဲ့ သက်​ဆိုင်​တဲ့ က​ဏ္ဍ​တစ်​ခု​ကို သုံး​သပ်​ကြည့်​ပါ။ နိုင်​ငံ​ခြား​ကို ပြောင်း​ရွှေ့​သွား​သူ​​တချို့က မွေး​ကင်း​စ က​လေး​တွေ​ကို ဆွေ​မျိုး​တွေ​ဆီ ပြန်​ပို့​ပြီး တိုင်း​ပြည်​သစ်​မှာ ငွေ​ဆက်​ရှာ​ကြ​တာ ထုံး​စံ​လို ဖြစ်​နေ​တယ်။ ဒါ ကိုယ်​ပိုင်​ဆုံး​ဖြတ်​ချက် ဖြစ်​ပေ​မဲ့ ကိုယ့်​ဆုံး​ဖြတ်​ချက်​အ​တွက် ဘု​ရား​သ​ခင်​ရှေ့​မှာ စာ​ရင်း​ရှင်း​ရ​မယ်​ဆို​တာ သ​တိ​ရ​သင့်​တယ်။ (ရော​မ ၁၄:၁၂ ကို​ဖတ်​ပါ။) ကျမ်း​စာ​လမ်း​ညွှန်​ချက်​တွေ​ကို အ​ရင်​မ​ရှာ​ဖွေ​ဘဲ မိ​သား​စု​နဲ့ ဘ​ဝ​အ​တွက် အ​ရေး​ကြီး​တဲ့ ဆုံး​ဖြတ်​ချက်​တွေ ချ​တာ ပ​ညာ​ရှိ​ပါ့​မ​လား။ မ​ရှိ​ပါ​ဘူး။ ကိုယ့်​ခြေ​လှမ်း​တွေ​ကို လမ်း​မ​ညွှန်​နိုင်​တဲ့​အ​တွက် ကောင်း​ကင်​ဖ​ခင်​ရဲ့ အ​ကူ​အ​ညီ လို​အပ်​ကြ​တယ်။—ယေ. ၁၀:၂၃

၁၆။ အ​မျိုး​သ​မီး​တစ်​ယောက် သား​လေး မွေး​လာ​တဲ့​အ​ခါ ဘာ​ဆုံး​ဖြတ်​ခဲ့​ရ​သ​လဲ။ မှန်​ကန်​တဲ့ ဆုံး​ဖြတ်​ချက် ချ​နိုင်​ဖို့ ဘာ​က ကူ​ညီ​ပေး​ခဲ့​သ​လဲ။

၁၆ နိုင်​ငံ​ခြား​မှာ နေ​ထိုင်​ရင်း သား​လေး​တစ်​ယောက် မွေး​တဲ့ အ​မျိုး​သ​မီး​တစ်​ယောက်​က က​လေး​ကို အ​ဘိုး​အဘွား​တွေ ထိန်း​ပေး​ဖို့ ပြန်​ပို့​တော့​မယ်။ အဲ​ဒီ​အ​ချိန်​မှာ​ပဲ ယေ​ဟော​ဝါ သက်​သေ​တွေ​နဲ့ ကျမ်း​စာ စ​လေ့​လာ​တယ်။ ယေ​ဟော​ဝါ​ကို ဝတ်​ပြု​လာ​အောင် သား​လေး​ကို ပြု​စု​ပျိုး​ထောင်​ရ​မှာ​က သူ့​ရဲ့ ဘု​ရား​ပေး​တာ​ဝန်​ပဲ​ဆို​တာ သိ​လာ​တယ်။ (ဆာ. ၁၂၇:၃။ သု. ၂၂:၆) ဒါ​နဲ့ ကျမ်း​စာ​မှာ အား​ပေး​ထား​တဲ့​အ​တိုင်း ဒီ​ကိ​စ္စ​ကို ယေ​ဟော​ဝါ​ဆီ ရင်​ဖွင့်​ဆု​တောင်း​ခဲ့​တယ်။ (ဆာ. ၆၂:၇၊ ၈) ကျမ်း​စာ​သင်​ပေး​တဲ့​သူ​နဲ့ အ​သင်း​တော်​က တ​ခြား​သူ​တွေ​ကို​လည်း ဒီ​အ​ကြောင်း ပြော​ပြ​တယ်။ ဆွေ​မျိုး​တွေ၊ မိတ်​ဆွေ​တွေ​ရဲ့ ဖိ​အား​ပေး​မှု​ကြား​က​နေ က​လေး​ကို အ​ဘိုး​အ​ဘွား​တွေ​ဆီ ပြန်​မ​ပို့​ဖို့ ဆုံး​ဖြတ်​ခဲ့​တယ်။ အ​သင်း​တော်​က သူ​နဲ့ က​လေး​အ​တွက် မှီ​ခို​အား​ကိုး​ရာ ဖြစ်​တာ​ကို ခင်​ပွန်း​ဖြစ်​သူ အ​ထင်​ကြီး​ပြီး ကျမ်း​စာ​သင်​အံ​မှု လက်​ခံ​ခဲ့​တယ်။ ဇ​နီး၊ သား​နဲ့​အ​တူ အ​စည်း​အ​ဝေး လိုက်​တက်​လာ​တယ်။ ဆု​တောင်း​ချက်​ကို ယေ​ဟော​ဝါ အ​ဖြေ​ပေး​ခဲ့​တယ်​လို့ ဒီ​မိ​ခင် ယူ​ဆ​သ​လား။ ယူ​ဆ​မှာ သေ​ချာ​ပါ​တယ်။

၁၇။ ကျမ်း​စာ​သင်​သား​တွေ​နဲ့​ပတ်​သက်​ပြီး ဘယ်​လမ်း​ညွှန်​ချက် ရ​ရှိ​ထား​သ​လဲ။

၁၇ လမ်း​ညွှန်​ချက်​များ​ကို လိုက်​လျှောက်​ခြင်း။ ဘု​ရား​သ​ခင်​ကို သ​စ္စာ​စောင့်​သိ​ကြောင်း တင်​ပြ​နိုင်​တဲ့ အ​ရေး​ကြီး နည်း​တစ်​နည်း​က​တော့ အ​ဖွဲ့​အ​စည်း​ရဲ့ လမ်း​ညွှန်​ချက်​ကို လိုက်​လျှောက်​ခြင်း​ပါ​ပဲ။ ဥ​ပ​မာ၊ ကျမ်း​စာ​သင်​သား​တွေ​နဲ့​ပတ်​သက်​တဲ့ အ​ကြံ​ပြု​ချက်​တွေ​ကို စဉ်း​စား​ကြည့်​ပါ။ သ​မ္မာ​ကျမ်း​စာ အ​မှန်​တ​ကယ် သွန်​သင်​ရာ​က ဘာ​လဲ စာ​အုပ်​နဲ့ ကျမ်း​စာ စ​လေ့​လာ​ပြီး မ​ကြာ​ခင်​မှာ​ပဲ သင်​အံ​မှု​ပြီး​တိုင်း မိ​နစ်​အ​နည်း​ငယ် အ​ချိန်​ယူ​ပြီး အ​ဖွဲ့​အ​စည်း​အ​ကြောင်း ပြော​ပြ​ပါ။ နိုင်​ငံ​တော်​ခန်း​မ​မှာ ဘာ​တွေ လုပ်​ဆောင်​ကြ​သ​လဲ ဗီ​ဒီ​ယို​နဲ့ ဒီ​နေ့​အ​ချိန်​မှာ ယေ​ဟော​ဝါ​ဘု​ရား​သ​ခ​င့် အ​လို​တော်​ကို ဘယ်​သူ​တွေ ဆောင်​ရွက်​နေ​ကြ​သ​လဲ ဘ​ရို​ရှာ​ကို သုံး​နိုင်​တယ်။ သ​မ္မာ​ကျမ်း​စာ သွန်​သင်​ရာ စာ​အုပ်​နဲ့ လေ့​လာ​ပြီး​နောက် နှစ်​ခြင်း​ခံ​ပြီး​ရင်​တောင် ဘု​ရား​သ​ခ​င့် မေ​တ္တာ​တော်​၌ တည်​နေ​ကြ​လော့စာ​အုပ်​နဲ့ ဆက်​လေ့​လာ​ဖို့ အ​ကြံ​ပြု​ထား​တယ်။ တ​ပ​ည့်​သစ်​တွေ “ယုံ​ကြည်​ခြင်း​၌ တည်​မြဲ” နေ​ဖို့ အ​ဖွဲ့​အ​စည်း​က အဲ​ဒီ​လို လမ်း​ညွှန်​ထား​တာ ဖြစ်​တယ်။ (ကော. ၂:၇) ယေ​ဟော​ဝါ့ အ​ဖွဲ့​အ​စည်း​ရဲ့ အဲ​ဒီ​အ​ကြံ​ပြု​ချက်​တွေ​ကို သင် လိုက်​လျှောက်​နေ​သ​လား။

၁၈၊ ၁၉။ ယေ​ဟော​ဝါ​ကို ကျေး​ဇူး​တင်​သင့်​တဲ့ အ​ကြောင်း​ရင်း​တ​ချို့​ကို ဖော်​ပြ​ပါ။

၁၈ ယေ​ဟော​ဝါ​ကို ကျေး​ဇူး​တင်​သင့်​တဲ့ အ​ကြောင်း​ရင်း​များ​စွာ ရှိ​ပါ​တယ်။ ယေ​ဟော​ဝါ​ကြောင့်​သာ ကျွန်​တော်​တို့ ရှင်​သန်​လှုပ်​ရှား​နေ​ကြ​တာ​မို့ ကျွန်​တော်​တို့​အသက်​ကို ကိုယ်​တော် ပိုင်​တယ်။ (တ. ၁၇:၂၇၊ ၂၈) အ​ဖိုး​တန်​လက်​ဆောင်​ဖြစ်​တဲ့ ဘု​ရား​သ​ခ​င့် စ​ကား​တော် ကျမ်း​စာ​ကို​လည်း ပေး​ထား​တယ်။ သက်​သာ​လော​နိ​တ် ခ​ရစ်​ယာ​န်တွေ​လို​ပဲ ကျွန်​တော်​တို့​လည်း ကျမ်း​စာ​ကို ဘုရား​သ​ခ​င့် စ​ကား​တော်​အ​ဖြစ် ကျေး​ဇူး​တင်​စွာ ခံ​ယူ​ကြ​တယ်။—၁ သက်. ၂:၁၃

၁၉ ဘု​ရား​သ​ခ​င့် စ​ကား​တော်​ကျမ်း​စာ​ကြောင့်​သာ ဘုရား​သ​ခင်​ဆီ ချဉ်း​ကပ်​နိုင်​ပြီး ကိုယ်​တော်​လည်း ကျွန်​တော်​တို့​ဆီ ချဉ်း​ကပ်​တယ်။ (ယာ. ၄:၈) ကိုယ်​တော့် အဖွဲ့​အ​စည်း​ဝင် ဖြစ်​ရ​တဲ့ အ​ခွင့်​ထူး​ကြီး​ကို​လည်း ပေး​ထား​တယ်။ အဲ​ဒီ​ကောင်း​ချီးတွေ​ကို တန်​ဖိုး​ထား​ကြ​ပါ​တယ်။ ‘ယေ​ဟော​ဝါ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ​၍ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သော​ကြောင့် ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့’ လို့ ဆာ​လံ​ဆ​ရာ သီ​ဆို​ခဲ့​တယ်။ (ဆာ. ၁၃၆:၁) ဆာ​လံ ၁၃၆ မှာ “က​ရု​ဏာ​တော် အစဉ်​အ​မြဲ တည်” ဆို​တဲ့ စ​ကား​စု ၂၆ ကြိမ်​ပါ​တယ်။ ယေ​ဟော​ဝါ​နဲ့ အ​ဖွဲ့​အ​စည်း​အ​ပေါ် သ​စ္စာ​စောင့်​သိ​ခြင်း​အား​ဖြင့် ထာ​ဝ​စဉ် အ​သက်​ရှင်​မှာ​ဖြစ်​လို့ အဲ​ဒီ​စ​ကား​တွေရဲ့ မှန်​ကန်​မှု​ကို တွေ့ကြုံ​ခံ​စား​ကြ​ရ​ပါ​လိမ့်​မယ်။