မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“တစ်ဦးကိုတစ်ဦး နေ့စဉ် တိုက်တွန်းနှိုးဆော်လျက်နေကြ”

“တစ်ဦးကိုတစ်ဦး နေ့စဉ် တိုက်တွန်းနှိုးဆော်လျက်နေကြ”

“ညီ​အစ်ကို​တို့၊ ဤသူတို့​ကို အားပေး​စကား​ပြောလို​လျှင် ပြောကြပါ။” —တ. ၁၃:၁၅

သီချင်း– ၁၂၁၊ ၄၅

၁၊ ၂။ တခြား​သူ​တွေ​ကို အားပေးဖို့ ဘာကြောင့် အရေးကြီး​သလဲ။

“ကျွန်မ​ရဲ့ မိဘ​တွေ​က တော်ရုံ​နဲ့ အားပေး​စကား မပြော​ကြဘူး။ တစ်ချိန်လုံး အပြစ်တင်​စကား​ပဲ ပြော​ကြတယ်။ သူတို့​ရဲ့ စကား​တွေ​က အရမ်း​ထိခိုက်​စေတယ်။ ကျွန်မ မရင့်ကျက်​ဘူး၊ ဘယ်တော့မှ မသင်ယူ​ဘူး၊ ဝတုတ်မ​လို့ ပြော​ကြတယ်။ ဒါကြောင့် ခဏခဏ ငိုရ​တယ်။ သူတို့နဲ့ စကား​ကို မပြော​ချင်ဘူး။ တန်ဖိုး​မရှိဘူး​လို့ ခံစား​ရတယ်” ဆိုပြီး ၁၈ နှစ်အရွယ် ခရစ္စတီးနား ပြော​တယ်။ []  အားပေးမှု​မရှိတဲ့ ဘဝဟာ ဆိုးဝါး​လှပါတယ်။

ဒါပေမဲ့ အားပေး​စကားက တခြား​သူတွေကို အကျိုး​ပြုတယ်။ “တန်ဖိုး​မရှိဘူး​ဆိုတဲ့ ခံစားချက်​ကို နှစ်ပေါင်း​များစွာ တိုက်လှန်​ခဲ့ရတယ်။ တစ်ကြိမ်​မှာတော့ ကျွန်တော်​နဲ့ တွဲအမှုဆောင်​တဲ့ အကြီးအကဲ​က အဲဒါကို သတိ​ထား​မိတယ်။ ကျွန်တော့်​ခံစားချက်​တွေ​ကို ပြောပြ​တဲ့အခါ စာနာစိတ်​နဲ့ နားထောင်​ပေး​တယ်။ ပြီးတော့ ကျွန်တော်​ပြီးမြောက်​ခဲ့တဲ့ ကောင်းတဲ့အရာ​တွေ​ကို ပြောပြ​ပေးတယ်။ ကျွန်တော်​တို့​ယောက်တိုင်း​ဟာ စာငှက်​များစွာ​ထက် တန်ဖိုး​ရှိတယ်​ဆိုတဲ့ ယေရှု​ရဲ့ စကား​ကိုလည်း ပြန်​အမှတ်​ရစေ​တယ်။ အဲဒီ​ကျမ်းချက်​ကို မကြာ​မကြာ ပြန်​တွေး​လေ့ရှိတယ်။ အခုထိ ကျွန်တော့်​စိတ်နှလုံး​ကို ထိမိ​နေတုန်းပဲ။ အကြီးအကဲ​ရဲ့ အားပေး​စကား​က အများကြီး ထူးခြား​သွား​စေတယ်” လို့ ရုဗင် ပြောတယ်။—မ. ၁၀:၃၁

၃။ (က) အားပေးမှု​နဲ့ပတ်သက်ပြီး တမန်တော် ပေါလု ဘာ​ပြောခဲ့​သလဲ။ (ခ) ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း သုံးသပ်​ကြ​မလဲ။

ပုံမှန်​အားပေး​ဖို့ လိုအပ်​ကြောင်း ကျမ်းစာ​မှာ အလေး​ပေး ဖော်ပြ​ထားတာ​ကို မ​အံ့သြ​သင့်ဘူး။ ဟီဘရူး ခရစ်ယာန်​တွေ​ဆီ တမန်တော် ပေါလု စာရေး​ခဲ့တယ်– “ညီ​အစ်ကို​တို့၊ သင်တို့​တွင် မည်သူမျှ အသက်​ရှင်​တော်မူသော ဘုရား​သခင်​ထံမှ ဆုတ်ခွာ​သွားခြင်း​ဖြင့် ယုံကြည်ခြင်း ကင်းမဲ့​၍ ဆိုးညစ်သော​စိတ်နှလုံး မရှိ​စေရန် သတိပြု​ကြလော့။ . . . တစ်ဦး​ကို​တစ်ဦး နေ့စဉ် တိုက်တွန်း​နှိုးဆော်​လျက်​နေကြလော့။ အကြောင်း​မူကား သင်တို့​တစ်ဦးဦး​သည် အပြစ်​၏ လှည့်စား​နိုင်စွမ်း​ကြောင့် စိတ်နှလုံး ခိုင်မာလာ​မည်​ဟု စိုးရိမ်​စရာ​ရှိ၏။” (ဟေဗြဲ ၃:၁၂၊ ၁၃) အားပေး​စကား​ကြောင့် စိတ်​အား​တက်ခဲ့ရတဲ့​အချိန်ကို ပြန်​စဉ်းစား​ကြည့်ရင် တခြား​သူတွေ​ကို အားပေးပါ​ဆိုတဲ့​စကား အရေးကြီး​ပုံ​ကို သဘောပေါက်​ပါ​လိမ့်မယ်။ ဒါကြောင့် ဒီ​မေးခွန်း​တွေ​ကို သုံးသပ်​ကြည့်ကြစို့– အားပေးဖို့ ဘာကြောင့် အရေးကြီး​သလဲ။ တခြား​သူတွေ​ကို အားပေး​ခဲ့ကြ​တဲ့ ယေဟောဝါ၊ ယေရှု၊ ပေါလု​တို့ဆီ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။ ဘယ်လို ထိထိ​ရောက်ရောက် အားပေး​နိုင်​သလဲ။

လူတွေ အားပေးမှု လိုအပ်​ကြ

၄။ ဘယ်သူ​တွေ အားပေး​မှု လိုအပ်​သလဲ။ ဒီနေ့​ခေတ်​မှာ ဘာကြောင့် အားပေးမှု ရှားပါး​နေ​သလဲ။

ကျွန်တော်​တို့​အားလုံး အားပေးမှု လိုအပ်​ကြ​တယ်။ အထူး​သဖြင့် ကလေး​ဘဝ​မှာ ဖြစ်တယ်။ “အပင်​တွေ​ဟာ ရေ​လိုအပ်​သလို သားသမီး​တွေ​လည်း . . . အားပေးမှု လိုအပ်​ကြတယ်။ အားပေး​ခံရတဲ့​အခါ တန်ဖိုး​ရှိတယ်၊ အသုံးဝင်​တယ်​လို့ ခံစား​ရတယ်” ဆိုပြီး ကျောင်းဆရာ တီမိုသီအီဗန် ပြော​တယ်။ ခက်ခဲ​ကျပ်တည်း​တဲ့​ကာလမှာ ကျွန်တော်​တို့ အသက်ရှင်​နေကြ​တယ်။ လူ​တွေ တစ်ကိုယ်​ကောင်း ဆန်​လာပြီး ချစ်ခင်​တွယ်တာ​စိတ် မရှိ​ကြ​တော့ဘူး။ အားပေးမှု​လည်း ရှားပါး​လာ​တယ်။ (၂ တိ. ၃:၁-၅) ကိုယ်တိုင် အားပေး​မှု မခံ​ခဲ့​ရ​ဖူးတဲ့ မိဘ​တချို့​ဟာ သား​သမီး​တွေ​ကို ဘယ်တော့မှ မ​ချီးမွမ်း​ကြဘူး။ အလုပ်သမား​တွေ​ကလည်း လုပ်ငန်းခွင်​မှာ အားပေး​စကား၊ ချီးမွမ်းစ​ကား မကြား​ရဘူး​လို့ ညည်းညူ​ကြတယ်။

၅။ အားပေးမှု​မှာ ဘာတွေ ပါဝင်​သလဲ။

အားပေးမှု​မှာ တစ်ယောက်​ယောက် လုပ်​ခဲ့တဲ့​အရာ​အတွက် ချီးမွမ်း​ပေးခြင်း ပါဝင်​လေ့​ရှိတယ်။ အရည်အသွေး​ကောင်း​တွေ​ရှိကြောင်း ပြောပေး​ခြင်း၊ “စိတ်​အားငယ်​သူ​တို့ကို နှစ်သိမ့်​စကားဆို” ခြင်း​အားဖြင့် အားပေး​နိုင်တယ်။ (၁ သက်. ၅:၁၄) “အားပေးမှု” လို့ပြန်ဆို​ထားတဲ့ ဂရိ​စကားလုံး​ဟာ “အနီးအပါး​သို့ ခေါ်ထားခြင်း” လို့​အဓိပ္ပာယ် ရှိ​တယ်။ ညီ​အစ်ကို/မ​တွေ​နဲ့အတူ တွဲ​အမှုဆောင်တဲ့​အခါ အားပေး​ဖို့ အခွင့်​အရေး​တွေ ရနိုင်​တယ်။ (ဒေသနာ ၄:၉၊ ၁၀ ကို​ဖတ်ပါ။) တခြား​သူတွေ​ကို ချစ်ကြောင်း၊ တန်ဖိုးထား​ကြောင်း ပြောပြ​သလား။ အဖြေ​မပေးခင် “အချိန်တန်​၍ ပြောသော​စကား​သည်​လည်း အလွန်​လျောက်ပတ်​ပေ၏” ဆိုတဲ့ စကား​ကို စဉ်းစား​သုံးသပ်​သင့်​တယ်။—သု. ၁၅:၂၃

၆။ ကျွန်တော်​တို့ကို စာတန် ဘာကြောင့် စိတ်ဓာတ်​ကျ​စေ​ချင်​သလဲ။ ဥပမာ​ပေးပါ။

စိတ်ဓာတ်​ကျ​တဲ့​အခါ ယေဟောဝါ​နဲ့ ဆက်ဆံရေး​ရော၊ တခြား​ကဏ္ဍ​တွေ​မှာပါ ထိခိုက်​နိုင်​မှန်း စာတန် သိထား​လို့ ကျွန်တော်​တို့​ကို စိတ်ဓာတ်​ကျ​စေ​ချင်​တယ်။ “သင်သည် အမှုရောက်​သော​ကာလ​၌ စိတ်ပျက်​လျှင် အားနည်း​၏” လို့ သုတ္တံ ၂၄:၁၀ မှာ ဆိုထား​တယ်။ ဖြောင့်​မတ်​တဲ့​ယောဘ စိတ်ဓာတ်​ကျ​အောင် ဒုက္ခ​တွေ၊ စွပ်စွဲချက်​တွေ​ကို စာတန် သုံးခဲ့​ပေမဲ့ အဲဒီ​ရက်စက်တဲ့​အကြံ မ​အောင်မြင်​ခဲ့ဘူး။ (ယောဘ ၂:၃။ ၂၂:၃။ ၂၇:၅) မိသားစု​ဝင်​တွေ၊ ညီ​အစ်ကို/မ​တွေ​ကို အားပေး​ခြင်း​အားဖြင့် စာတန်​ရဲ့ လုပ်ရပ်​တွေ​ကို တိုက်ခိုက်​နိုင်​ပါတယ်။ ဒီနည်း​အားဖြင့် အိမ်နဲ့ နိုင်ငံတော်​ခန်းမ​ဟာ ပျော်ရွှင်မှု၊ လုံခြုံမှု​ပေးတဲ့​နေရာ ဖြစ်လာ​ပါ​လိမ့်မယ်။

အားပေးမှု​ဆိုင်ရာ ကျမ်းစာ​ပုံနမူနာ​များ

၇၊ ၈။ (က) အားပေး​ဖို့ အရေးကြီး​တယ်လို့ ယေဟောဝါ ယူဆ​ကြောင်း ဘယ်​ကျမ်းစာ​ပုံနမူနာ​တွေ​က ဖော်ပြ​သလဲ။ (ခ) ယေဟောဝါ​ရဲ့ ပုံသက်သေ​ကို မိဘ​တွေ ဘယ်လို လိုက်လျှောက်​နိုင်​သလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)

ယေဟောဝါ။ ‘ယေဟောဝါ​ဘုရား​သည် ကျိုးပဲ့​သော စိတ်​ရှိသော​သူတို့​နှင့် နှလုံး​ကြေကွဲ​သော​သူတို့​ကို နီး​တော်မူ၏’ လို့ ဆာလံ​ဆရာ သီဆို​ခဲ့တယ်။ (ဆာ. ၃၄:၁၈) သစ္စာရှိ​တဲ့ ပရောဖက် ယေရမိ ကြောက်ရွံ့​စိတ်ဓာတ်​ကျတဲ့​အခါ ယေဟောဝါ အားပေး​ခဲ့တယ်။ (ယေ. ၁:၆-၁၀) အသက်​ကြီးတဲ့ ပရောဖက် ဒံယေလ​ကို အားပေး​ဖို့ ကောင်းကင်​တမန်​ကို ဘုရား​သခင် စေလွှတ်​တဲ့​အခါ ဘယ်လောက် အားရှိ​သွား​မလဲ​ဆိုတာ မြင်ယောင်​ကြည့်ပါ။ အဲဒီ​ကောင်းကင်​တမန်​က ဒံယေလ​ကို “အလွန်​ချစ်အပ်သော​သူ” လို့​ခေါ်တယ်။ (ဒံ. ၁၀:၈၊ ၁၁၊ ၁၈၊ ၁၉) သင်လည်း ကြေညာသူ၊ ရှေ့ဆောင်၊ အားနည်း​လာတဲ့ သက်ကြီး ညီ​အစ်ကို/မ​တွေ​ကို အားပေး​နိုင်​မလား။

ဘုရားသခင်​ဟာ ချစ်သား​ယေရှု​နဲ့ နှစ်ပေါင်း​များစွာ တွဲလုပ်​ခဲ့လို့ မြေကြီး​ပေါ် လာတဲ့​အခါ ချီးမွမ်း​အားပေး​ဖို့ မလို​တော့ဘူး​လို့ မယူဆ​ခဲ့ဘူး။ အဲဒီ​အစား “ဤ​သူ​သည် ငါ​နှစ်သက်​မြတ်နိုး​သော ငါ​၏​ချစ်သား​ဖြစ်၏” လို့ ကောင်းကင်​ကနေ နှစ်ကြိမ် ပြောတာ​ကို ယေရှု ကြား​ခဲ့တယ်။ အမှုဆောင်​လုပ်ငန်း အစပိုင်း​မှာ တစ်ကြိမ်၊ မြေကြီး​အသက်တာ​ရဲ့ နောက်ဆုံး​နှစ်​မှာ တစ်ကြိမ် ကြား​ခဲ့ရ​တယ်။ (မ. ၃:၁၇။ ၁၇:၅) ယေရှု​ကို ချီးမွမ်း​ပြီး တော်​တယ်​လို့ ပြော​ခဲ့တယ်။ ယေရှု သိပ်​အားရှိ​ခဲ့မှာပဲ။ မ​သေဆုံး​ခင်​ည​မှာ စိတ်သောက ရောက်နေ​တုန်း အားပေး​ဖို့ ကောင်းကင်​တမန်​ကို ယေဟောဝါ စေလွှတ်​ခဲ့​တယ်။ (လု. ၂၂:၄၃) ကျွန်တော်​တို့​လည်း မိဘ​ဖြစ်မယ်​ဆိုရင် သားသမီး​တွေ​ကို ပုံမှန်​အားပေးခြင်း၊ ချီးမွမ်းခြင်း​အားဖြင့် ယေဟောဝါ​ရဲ့ ပုံသက်သေ​ကို တုပ​ကြပါစို့။ နေ့တိုင်း ကျောင်းမှာ ကြုံနေ​ရတဲ့ စမ်းသပ်မှု​တွေ​ကို ရင်ဆိုင်​နိုင်ဖို့ ထပ်ဆင့် အကူအညီ​တွေ ပေးကြပါစို့။

၉။ တမန်တော်​တွေ​ကို ယေရှု ဆက်ဆံ​ပုံ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။

ယေရှု။ သတိရ​အောက်မေ့​ပွဲ စ​ကျင်းပတဲ့​ည​မှာ တမန်တော်​တွေ​ရဲ့ မကောင်း​တဲ့​သဘောထား မာနစိတ်​ကို ယေရှု သတိပြုမိ​ခဲ့တယ်။ သူတို့​ရဲ့​ခြေ​ကို ယေရှု နှိမ့်ချစိတ်​နဲ့ ဆေးပေး​ခဲ့​ပေမဲ့ ဘယ်သူ အကြီးမြတ်​ဆုံးလဲ​ဆိုပြီး ငြင်းခုံ​နေကြ​တုန်း​ပဲ။ ပေတရု​ဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်​စိတ်ချမှု လွန်ကဲ​နေ​တယ်။ (လု. ၂၂:၂၄၊ ၃၃၊ ၃၄) ဒါတောင်မှ စမ်းသပ်မှု ကြုံရ​ချိန်မှာ မ​စွန့်ခွာ​တဲ့​အတွက် သစ္စာရှိ​တမန်တော်​တွေ​ကို ယေရှု ချီးမွမ်း​ခဲ့တယ်။ မိမိ​လုပ်ခဲ့တာ​တွေ​ထက် ကြီးမား​တဲ့​အလုပ်​တွေ လုပ်ကြ​လိမ့်မယ်​လို့ ကြိုပြော​ခဲ့တယ်။ သူ​တို့ကို ဘုရားသခင် ချစ်​မြတ်နိုး​ကြောင်း စိတ်ချ​စေ​ခဲ့တယ်။ (လု. ၂၂:၂၈။ ယော. ၁၄:၁၂။ ၁၆:၂၇) ကျွန်တော်​တို့​လည်း ‘သားသမီး​တွေ၊ တခြား​သူ​တွေ​ရဲ့ အားနည်းချက်​တွေ​ကို အာရုံစိုက်​မယ့်​အစား သူတို့​ရဲ့ လုပ်ရပ်​ကောင်း​တွေ​အတွက် ချီးမွမ်း​ပေးခြင်း​အားဖြင့် ယေရှု​ကို တုပ​နေ​သလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်​နိုင်​တယ်။

၁၀၊ ၁၁။ တခြား​သူ​တွေ​ကို အားပေး​ဖို့ လိုအပ်​တယ်​ဆိုတာ သိကြောင်း ပေါလု ဘယ်လို ဖော်ပြ​ခဲ့သလဲ။

၁၀ တမန်တော် ပေါလု။ ပေါလု​ရဲ့ စာ​တွေ​မှာ ခရစ်ယာန်​ချင်း​တွေ​ကို ချီးမွမ်း​ခဲ့တယ်။ သူတို့​ထဲက​တချို့​နဲ့ နှစ်ပေါင်း​များစွာ ခရီး အတူ​သွား​ခဲ့တဲ့​အတွက် အားနည်းချက်​တွေ သိခဲ့​မှာပဲ။ ဒါပေမဲ့ ကောင်းကွက်​တွေ​ကိုပဲ ပြော​ခဲ့တယ်။ ဥပမာ၊ တိမောသေ​ကို “သခင်၌ သစ္စာ​ရှိသော ငါ​၏​ချစ်သား၊” ခရစ်ယာန်ချင်း​တို့​ရဲ့ အကျိုး​ကို အမှန်​တကယ် လိုလား​တဲ့သူ​လို့ ခေါ်​ခဲ့တယ်။ (၁ ကော. ၄:၁၇။ ဖိ. ၂:၁၉၊ ၂၀) တိတု​နဲ့​ပတ်သက်​ပြီး​တော့​လည်း “သူသည် ငါ၏​အပေါင်း​အဖော်၊ သင်​တို့​၏ အကျိုး​အတွက် ငါ​၏​လုပ်ဖော်​ဆောင်ဖက်​ဖြစ်၏” ဆိုပြီး ကောရိန္သု​အသင်းတော်​ကို ပြော​ခဲ့​တယ်။ (၂ ကော. ၈:၂၃) သူတို့​အပေါ် ပေါလု​ရဲ့ သဘောထား​ကို သိရ​တဲ့အခါ တိမောသေ​နဲ့ တိတု အားရှိ​ခဲ့မှာပဲ။

၁၁ ပေါလု​နဲ့ ဗာနဗ​ဟာ အကြမ်းဖက်​တိုက်ခိုက်​ခံရတဲ့ မြို့​တွေဆီ အသက်​စွန့်ပြီး ပြန်​သွားခဲ့​ကြ​တယ်။ ဥပမာ၊ လုတ္တရ​မြို့မှာ ဆန့်ကျင်မှု​တွေ ကြုံခဲ့​ရပေမဲ့ တပည့်​သစ်​တွေ​ကို ယုံကြည်ခြင်း ဆက်​ရှိနေ​အောင် အားပေး​ဖို့ ပြန်သွား​ခဲ့​တယ်။ (တ. ၁၄:၁၉-၂၂) ဧဖက်​မြို့မှာ​လည်း ဒေါသ​ထွက်နေတဲ့​လူအုပ်နဲ့ ပေါလု ရင်ဆိုင်​ခဲ့​ရ​တယ်။ တမန်တော် ၂၀:၁၊ ၂ မှာ “ထို​ရုန်းရင်း​ခတ်မှု ရပ်စဲ​ပြီးနောက် ပေါလု​သည် တပည့်တော်​တို့ကို ခေါ်၍ အားပေး​လေ၏။ ထို့နောက် နှုတ်ဆက်​စကား ဆိုပြီး​လျှင် မက်ဆီဒိုးနီးယား​ပြည်​သို့ ခရီး​ဆက်​လေ၏။ ထို​အရပ်​များ​သို့ လှည့်လည်​၍ တပည့်တော်​တို့ကို အားပေး​စကားများ ပြောပြီး​လျှင် ဂရိ​ပြည်​သို့ ရောက်လာ​၏” လို့​ဆိုထား​တယ်။ အားပေးစကား ပြောတာက ပေါလုအတွက် အထူး အရေးကြီးတယ်။

အချင်းချင်း အားပေး​ကြ

၁၂။ အစည်းအဝေး​တွေ​မှာ ဘယ်လို အပြန်အလှန် အားပေး​နိုင်​သလဲ။

၁၂ ပုံမှန် အစည်း​အဝေး ကျင်းပ​ဖို့ ဘုရား​သခင် စီစဉ်​ပေး​ရတဲ့ အကြောင်းရင်း​တစ်ခု​က အပြန်အလှန် အားပေး​နိုင်​ဖို့​ပါပဲ။ (ဟေဗြဲ ၁၀:၂၄၊ ၂၅ ကိုဖတ်ပါ။) ယေရှု​ရဲ့ ကနဦး နောက်လိုက်​တွေ​လိုပဲ ကျွန်တော်​တို့​လည်း သင်ယူ​ဖို့၊ အားပေး​ခံရဖို့ စုဝေး​ကြ​တယ်။ (၁ ကော. ၁၄:၃၁) ဆောင်းပါး​အစ​မှာ ဖော်ပြ​ခဲ့တဲ့ ခရစ္စတီးနား ဒီလို​ပြော​တယ်– “အစည်း​အဝေး တက်​ရတာ အကြိုက်ဆုံး​ကတော့ မေတ္တာ​နဲ့ အားပေးမှု ရရှိ​လို့ပဲ။ တစ်ခါ​တလေ စိတ်ပျက်ပျက်​နဲ့ နိုင်ငံတော်​ခန်းမ ရောက်​လာ​တယ်။ ဒါပေမဲ့ ညီ​အစ်မ​တွေ ကျွန်မ​ကို​ဖက်ပြီး နှုတ်ဆက်​တယ်။ လှတယ်​လို့ ပြော​ကြ​တယ်။ ကျွန်မ​ကို ချစ်​ကြောင်း၊ တိုးတက်​နေ​တာ မြင်​ရလို့ ဝမ်းသာ​ကြောင်း ပြော​ကြ​တယ်။ သူတို့​ရဲ့ အားပေးမှု​ကြောင့် အားရှိ​လာ​တယ်။” အားလုံး​က “အပြန်အ​လှန် အားပေး” တဲ့အခါ တကယ့်​ကို လန်းဆန်း​စေ​ပါတယ်။—ရော. ၁:၁၁၊ ၁၂

၁၃။ ဘုရားသခင်​ရဲ့ ဝါရင့်​ကျေးကျွန်​တွေ ဘာကြောင့် အားပေးမှု လိုအပ်​ကြ​သလဲ။

၁၃ ဘုရားသခင်​ရဲ့ ဝါရင့်​ကျေးကျွန်​တွေ​တောင်မှ အားပေးမှု လိုအပ်​ကြတယ်။ ယောရှု​အကြောင်း သုံးသပ်​ကြည့်ပါ။ ဘုရားသခင်​ကို နှစ်ပေါင်း​များစွာ သစ္စာ​ရှိရှိ အမှုဆောင်​ခဲ့တယ်။ ဒါတောင် အားပေး​ဖို့ မောရှေ​ကို ယေဟောဝါ မိန့်မှာ​တယ်– “ယောရှု​ကို မှာခဲ့​၍ အားပေး​လော့။ မစ​ထောက်ပင့်​လော့။ သူသည် ဤ​လူမျိုး​ရှေ့မှာ သွား​၍ သင်​မြင်ရသော​ပြည်​ကို အမွေ​ခံစေ​ရမည်။” (တရား. ၃:၂၇၊ ၂၈) အစ္စရေး​တွေ​ကို ကတိထားရာ​ပြည်​ထဲ ဦးဆောင်​ခေါ်​သွား​ရမယ့် တာဝန်​ကြီး​ကို ယောရှု ထမ်းဆောင်​ရ​တော့မယ်။ အတား​အဆီး​တွေ ရင်ဆိုင်​ရမယ်။ တိုက်ပွဲ​မှာ အနည်း​ဆုံး တစ်ကြိမ် ၡုံးနိမ့်​ခဲ့တယ်။ (ယောရှု ၇:၁-၉) ယောရှု အားပေး​ထောက်မ​မှု လိုအပ်​မှာ သေချာ​တယ်။ ကျွန်တော်​တို့​လည်း ဘုရားသခင့် သိုး​တော်စု​ကို ကြိုးစား​စောင့်ရှောက်​နေတဲ့ အကြီးအကဲ​တွေ၊ တိုက်နယ်​ကြီးကြပ်မှူး​တွေ​ကို အားပေး​ကြပါစို့။ (၁ သက်သာလောနိတ် ၅:၁၂၊ ၁၃ ကိုဖတ်ပါ။) တိုက်နယ်​ကြီးကြပ်​မှူး​တစ်ယောက် ဒီလို​ပြောတယ်– “တစ်ခါတလေ ညီ​အစ်ကို​တွေ​က ကျွန်တော်​တို့ လည်ပတ်​လို့ ပျော်ရွှင်​တဲ့​အကြောင်း ကျေးဇူးတင်​စာ ရေး​ကြ​တယ်။ ဒီ​စာ​တွေ​ကို သိမ်းထား​ပြီး စိတ်ဓာတ်​ကျတဲ့​အခါ​တွေ​မှာ ပြန်​ဖတ်တယ်။ တကယ်​အားရှိ​စေတယ်။”

လှိုက်လှိုက်​လှဲလှဲ အားပေး​တာ​က သား​သမီး​တွေ​ကို တိုးတက်​စေ (အပိုဒ် ၁၄ ကို​ကြည့်ပါ)

၁၄။ သွန်သင်​ချက် ပေးတဲ့​အခါ ချီးမွမ်းမှု​နဲ့ အားပေးမှု​ဟာ ထိရောက်​ကြောင်း ဘာက ဖော်ပြ​သလဲ။

၁၄ ကျမ်းစာ​သွန်သင်ချက်​တွေ​ကို လိုက်နာ​ဖို့ အလေး​ထား တိုက်တွန်း​တဲ့​အခါမှာ ချီးမွမ်းမှု​နဲ့ အားပေးမှု​ဟာ ထိရောက်​ကြောင်း ခရစ်ယာန် အကြီးအကဲ​တွေ၊ မိဘ​တွေ တွေ့ရှိ​ကြ​တယ်။ မိမိ​ရဲ့ သွန်သင်ချက်​ကို ကောရိန္သု ခရစ်ယာန်​တွေ လိုက်နာ​တဲ့​အတွက် ပေါလု ချီးမွမ်း​ခဲ့​တယ်။ အဲဒါက မှန်ရာ​ကို ဆက်​လုပ်ဆောင်​ဖို့ အားပေးမှု ဖြစ်စေ​ခဲ့​မှာပဲ။ (၂ ကော. ၇:၈-၁၁) သား​သမီး​နှစ်ယောက်​ရှိတဲ့ အန်ဒရေ ဒီလို​ပြော​တယ်– “အားပေးမှု​က သားသမီး​တွေ​ကို ဘုရား​ရေးရာ​နဲ့ စိတ်ဓာတ်​ရေးရာ​မှာ တိုးတက်​စေတယ်။ အားပေးခြင်း​အားဖြင့် သွန်သင်ချက်​ကို ရိုက်သွင်း​ပေး​ရတယ်။ သား​သမီး​တွေ​က မှန်ရာ​ကို သိ​ပေမဲ့ အဆက်​မပြတ် အားပေးခြင်း​အားဖြင့် တစ်သက်​လုံး မှန်ရာ​ကို လုပ်ဆောင်​သွား​စေ​ပါ​လိမ့်မယ်။”

ထိထိ​ရောက်ရောက် အားပေး​နိုင်​ပုံ

၁၅။ တခြား​သူ​တွေ​ကို အားပေး​နိုင်တဲ့ နည်းလမ်း​တစ်ခု​က ဘာလဲ။

၁၅ ဝတ်ပြု​သူ​ချင်း​တွေ​ရဲ့ ကြိုးစား​အားထုတ်မှု​တွေ၊ အရည်အသွေး​ကောင်း​တွေ​ကို တန်ဖိုး​ထား​ကြောင်း ဖော်ပြ​ပါ။ (၆ ရာ. ၁၆:၉။ ယောဘ ၁:၈) အခြေအနေ​ကြောင့် နိုင်ငံ​တော်​လုပ်ငန်း​ကို အကန့်​အသတ်​နဲ့​ပဲ လုပ်ဆောင်​ထောက်ပံ့​နိုင်တယ်​ဆိုရင်​တောင်မှ ယေဟောဝါ​နဲ့ ယေရှု တန်ဖိုး​ထား​တယ်။ (လုကာ ၂၁:၁–၄ နဲ့ ၂ ကောရိန္သု ၈:၁၂ တို့ကို​ဖတ်ပါ။) ဥပမာ၊ အသက်ကြီး​သူ​တချို့​ဟာ အစည်းအဝေး​တွေ၊ အမှုဆောင်​လုပ်ငန်း​တွေ​မှာ ပုံမှန်​ပါဝင်​ဖို့ အတော့်​ကို ကြိုးစား​အားထုတ်​ကြ​ရတယ်။ သူတို့ကို ချီးမွမ်း​အားပေး​သင့်တယ် မဟုတ်​လား။

၁၆။ တခြား​သူ​တွေ​ကို အားပေး​ဖို့ ဘာကြောင့် မ​တွန့်ဆုတ်​သင့်​သလဲ။

၁၆ တခြား​သူ​တွေ​ကို အားပေး​ဖို့ အခွင့်​အရေး ရှာ​ယူပါ။ ချီးမွမ်း​ထိုက်တဲ့​အရာ​တစ်ခုခု မြင်​ရင် မတွန့်​မဆုတ် ချီးမွမ်း​ပေး​လိုက်ပါ။ ပိသိဒိ​ပြည်၊ အန္တိအုတ်​မြို့​မှာ ပေါလု​နဲ့ ဗာနဗ ဘာ​ဖြစ်ခဲ့​တယ်​ဆိုတာ သုံးသပ်​ကြည့်ပါ။ တရား​ဇရပ်မှူး​တွေ​က “ညီ​အစ်ကို​တို့၊ ဤ​သူတို့​ကို အားပေး​စကား ပြော​လို​လျှင် ပြော​ကြပါ” လို့​ပြောတဲ့​အခါ ပေါလု ဟောပြော​ချက် ကောင်း​ကောင်း ပေး​ခဲ့​တယ်။ (တ. ၁၃:၁၃-၁၆၊ ၄၂-၄၄) ကျွန်တော်​တို့​လည်း အားပေး​စကား ပြော​နိုင်မယ်​ဆိုရင် ပြော​လိုက်​ပါ။ အားပေး​တာ​ကို အကျင့်​ဖြစ်​အောင် လုပ်ယူ​မယ်​ဆိုရင် တခြား​သူတွေ​လည်း ကျွန်တော်​တို့ကို ပြန်​အားပေး​ပါ​လိမ့်မယ်။—လု. ၆:၃၈

၁၇။ ချီးမွမ်း​စကား​ကို ဘယ်​အရာ​က ပို​အလေး​စီး​စေ​သလဲ။

၁၇ စိတ်ရင်းမှန်​နဲ့ သတ်သတ်​မှတ်မှတ် ချီးမွမ်း​ပေး​ပါ။ အားပေး​စကား၊ ချီးမွမ်း​စကား ခြုံ​ပြော​လိုက်​တာက အကျိုး​ရှိ​ပေမဲ့ သွာတိရ ခရစ်ယာန်​တွေ​ကို ယေရှု ပြောတဲ့​စကား​အရ သတ်သတ်​မှတ်မှတ် ချီးမွမ်း​ခြင်း​က ပို​အကျိုး​ရှိတယ်။ (ဗျာဒိတ် ၂:၁၈၊ ၁၉ ကိုဖ​တ်ပါ။) ဥပမာ၊ မိဘ​ဖြစ်မယ်​ဆိုရင် သား​သမီး​တွေ​ရဲ့ တိုးတက်မှု​ကို တန်ဖိုး​ထား​ကြောင်း ပြော​နိုင်​တယ်။ ခက်ခဲ​တဲ့ အခြေ​အနေ​ကြား​မှာ သား​သမီး​တွေ​ကို ပြုစု​ပျိုးထောင်​နေတဲ့ သူ့ရဲ့ ဘယ်​နည်းလမ်း​ကို သဘောကျ​တယ်​ဆိုပြီး ကြင်ဖော်မဲ့​မိခင်​ကို ပြောပြ​နိုင်​တယ်။ အဲဒီလို ချီးမွမ်း​အားပေး​မှုက အကျိုး​များစွာ ရှိစေ​နိုင်​ပါတယ်။

၁၈၊ ၁၉။ အားပေး​မှု လိုအပ်​နေ​သူ​တွေ​ကို ဘယ်လို အားပေး​နိုင်​သလဲ။

၁၈ ယောရှု​ကို အားပေး​ထောက်မ​ဖို့ မောရှေ​ကို ယေဟောဝါ ပြော​ခဲ့​သလို ဘယ်သူ​ဘယ်ဝါ​ကို အားပေး​ပါ​လို့တော့ ကျွန်တော်​တို့​ကို တိတိကျကျ ပြောမှာ မဟုတ်​ဘူး။ ဒါပေမဲ့ ညီ​အစ်ကို/မ​တွေနဲ့ တခြား​သူ​တွေ​ကို အားပေး​တဲ့​အခါ ယေဟောဝါ နှစ်သက်​တယ်။ (သု. ၁၉:၁၇။ ဟေဗြဲ ၁၂:၁၂) ဥပမာ၊ ညီ​အစ်ကို​တစ်ယောက်​ရဲ့ ဟောပြောချက်​ကြောင့် ကိုယ်​လိုအပ်​တဲ့ အကြံဉာဏ် ရခဲ့ကြောင်း၊ ကျမ်းချက်​တစ်ချက်​ကို နားလည်​သွားကြောင်း ပြောပြ​နိုင်​တယ်။ ညီ​အစ်မ​တစ်ယောက်​က ဧည့်​ဟောပြောသူ​တစ်ယောက်​ဆီ စာရေး​ခဲ့​တယ်– “ခဏလေး​ပဲ စကား​ပြော​ဖြစ်​ခဲ့​ပေမဲ့ ကျွန်မ​ရဲ့ စိတ်​သောက​ကို ညီ​အစ်ကို မြင်ပြီး နှစ်သိမ့်​အားပေး​ခဲ့​တယ်။ စင်မြင့်​ကနေ ပြောတာ​ရော၊ ကျွန်မ​ကို ကိုယ်တိုင်​ကိုယ်ကျ ပြော​ခဲ့တဲ့ အားပေး​စကား​တွေ​ကိုပါ ယေဟောဝါ​ဆီက လက်ဆောင်​အဖြစ် သဘော​ထား​မှန်း သိ​စေချင်​ပါတယ်။”

၁၉ “ယခု သင်တို့​ပြုလျက်​ရှိသည့်အ​တိုင်း အချင်းချင်း နှစ်သိမ့်​၍ တည်ဆောက်​ပေး​လျက်​နေကြ​လော့” ဆိုတဲ့ ပေါလု​ရဲ့ စကား​ကို လိုက်နာ​ဖို့ စိတ်​ပိုင်းဖြတ်​ထားမယ်​ဆိုရင် အားပေး​နိုင်​တဲ့ နည်းလမ်း​တွေ ရှာတွေ့​ပါ​လိမ့်မယ်။ (၁ သက်. ၅:၁၁) “တစ်ဦး​ကို​တစ်ဦး နေ့စဉ် တိုက်တွန်း​နှိုးဆော်​လျက်​နေကြ” မယ်​ဆိုရင် ယေဟောဝါ နှစ်သက်​မှာ သေချာ​ပါတယ်။

^ [၁] (အပိုဒ် ၁) နာမည်​တချို့ ပြောင်း​ထား​ပါတယ်။