“လုပ်ငန်းက ကြီးမား”
ဂျေရုဆလင်မြို့မှာ အလွန်အရေးကြီးတဲ့ အစည်းအဝေးတစ်ခု ကျင်းပနေတယ်။ မင်းညီမင်းသားတွေ၊ နန်းတွင်းအရာရှိတွေ၊ ခွန်အားကြီးသူတွေကို ဘုရင်ဒါဝိဒ် ဆင့်ခေါ်တယ်။ အထူးကြေညာချက်တစ်ခု ကြားရလို့ သူတို့ စိတ်လှုပ်ရှားနေကြတယ်။ စစ်မှန်တဲ့ ဘုရားသခင်ကို ဝတ်ပြုဖို့ ဆက်ကပ်အပ်နှံမယ့် အဆောက်အဦကြီးတစ်ခု ဆောက်ဖို့ ဒါဝိဒ်ရဲ့ သားတော် ရှောလမုန်ကို ယေဟောဝါ တာဝန်ပေးတယ်။ သက်ကြီး အစ္စရေးဘုရင် ဒါဝိဒ်က စိတ်အာရုံကတစ်ဆင့် ရထားတဲ့ ဗိသုကာပုံစံကို ရှောလမုန်ဆီ ပေးအပ်လိုက်တယ်။ ‘လုပ်ရမယ့်လုပ်ငန်းက ကြီးမားလွန်းတယ်။ အခုဆောက်ရမယ့် ဗိမာန်တော်ဟာ လူအတွက် မဟုတ်ဘဲ ယေဟောဝါဘုရားအတွက် ဖြစ်တယ်’ လို့ ဒါဝိဒ် ပြောတယ်။—၅ ရာ. ၂၈:၁၊ ၂၊ ၆၊ ၁၁၊ ၁၂။ ၂၉:၁၊ ကဘ။
‘အခု ယေဟောဝါဘုရားအတွက် စေတနာစိတ်နဲ့ ပေးလှူချင်တဲ့သူ ဘယ်သူ ရှိသလဲ’ လို့ ဒါဝိဒ် မေးတယ်။ (၅ ရာ. ၂၉:၅၊ ကဘ) သင်သာ အဲဒီမှာ ရှိနေရင် ဘယ်လို ဖြေမလဲ။ ဒီလုပ်ငန်းကို ထောက်ပံ့ဖို့ လှုံ့ဆော်ခံရမလား။ အစ္စရေးတွေ ချက်ချင်း တုံ့ပြန်ခဲ့ကြတယ်။ ‘စေတနာအလျောက် အဲဒီလိုလှူဒါန်းရတာကို လူတွေ ဝမ်းသာပီတိ ဖြစ်ကြတယ်။ ယေဟောဝါအတွက် စိတ်နှလုံး အကြွင်းမဲ့ စေတနာရှိရှိ ပေးလှူကြလို့ပဲ။’—၅ ရာ. ၂၉:၉၊ ကဘ။
ရာစုနှစ်တွေ ကြာပြီးတဲ့နောက် ဗိမာန်တော်ထက် ပိုကြီးမြတ်တဲ့အရာတစ်ခုကို ယေဟောဝါ တည်ထောင်တယ်။ ကြီးမြတ်တဲ့ ပုံဆောင်ဗိမာန်တော်ပဲ။ ယေရှုရဲ့ ရွေးနုတ်ဖိုးကို အခြေခံပြီး ဘုရားသခင်ကို ဝတ်ပြုနိုင်စေတဲ့ အစီအစဉ် ဖြစ်တယ်။ (ဟေဗြဲ ၉:၁၁၊ ၁၂) မိမိနဲ့ ပြန်လည်သင့်မြတ်အောင် လူတွေကို ယေဟောဝါ ဘယ်လို ကူညီပေးနေသလဲ။ တပည့်ဖြစ်စေခြင်းလုပ်ငန်းနဲ့ပါပဲ။ (မ. ၂၈:၁၉၊ ၂၀) အဲဒီလုပ်ငန်းကြောင့် နှစ်တိုင်း ကျမ်းစာသင်အံမှု သန်းနဲ့ချီ ကျင်းပနေပြီး တပည့်ထောင်ပေါင်းများစွာ နှစ်ခြင်းခံလာကြတယ်။ အသင်းတော်သစ် ရာပေါင်းများစွာ ဖြစ်ပေါ်လာတယ်။
အဲဒီလို တိုးတက်မှုကြောင့် ကျမ်းစာစာပေတွေကို ပုံနှိပ်ဖို့၊ နိုင်ငံတော်ခန်းမတွေ ဆောက်လုပ်ထိန်းသိမ်းဖို့၊ အစည်းအဝေးကြီးနေရာတွေ ရဖို့ ပိုလိုအပ်လာတယ်။ သတင်းကောင်း ပျံ့နှံ့စေတဲ့ လုပ်ငန်းဟာ ကြီးမားပြီး အကျိုးဖြစ်ထွန်းနေတယ်ဆိုတာ သဘောတူပါသလား။—မ. ၂၄:၁၄။
ဘုရားသခင်နဲ့ လူသားချင်းကို ချစ်တဲ့မေတ္တာ၊ ဘုရားနိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းရဲ့ အရေးကြီးမှုတို့ကြောင့် ဘုရားသခင့် လူမျိုးဟာ ‘ယေဟောဝါဘုရားအတွက် စေတနာစိတ်နဲ့ ပေးလှူ’ နေကြတယ်။ ‘ကိုယ့်မှာရှိတဲ့ အဖိုးတန်ဥစ္စာတွေ . . . ဆက်သပြီး ယေဟောဝါကို ဂုဏ်တင်’ နေတာ၊ လူ့သမိုင်းမှာ အကြီးမားဆုံး လုပ်ငန်းကို လုပ်ဆောင်ဖို့ အဲဒီဥစ္စာတွေကို ပညာရှိရှိ အသုံးပြုနေတာကို မြင်ရတာ စိတ်လှုပ်ရှားစရာပါပဲ။—သု. ၃:၉၊ ကဘ။