မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါကို ပျော်ရွှင်စွာ ဆက်ဝတ်ပြုပါ

ယေဟောဝါကို ပျော်ရွှင်စွာ ဆက်ဝတ်ပြုပါ

ဘဝမှာ သင် အပျော်ရွှင်ရဆုံးနေ့က ဘယ်နေ့လဲ။ လက်ထပ်တဲ့နေ့လား။ သားဦးလေး မွေးတဲ့နေ့လား။ နှစ်ခြင်းခံတဲ့နေ့လား။ နှစ်ခြင်းခံတဲ့နေ့ဟာ ဘဝမှာ အရေးကြီးဆုံးနဲ့ အပျော်ဆုံးနေ့ ဖြစ်နိုင်တယ်။ ဘုရားသခင်ကို စိတ်စွမ်း၊ ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ ခွန်အားရှိသမျှနဲ့ ချစ်ကြောင်း သင် သက်သေပြလိုက်တာကို ညီအစ်ကိုညီအစ်မတွေ မြင်ရလို့ သူတို့လည်း သိပ်ပျော်တယ်။—မာ. ၁၂:၃၀

နှစ်ခြင်းခံတဲ့နေ့ကစပြီး ယေဟောဝါကို ဝတ်ပြုရာမှာ သင် သိပ်ပျော်ရွှင်ပါလိမ့်မယ်။ ဒါပေမဲ့ ကြေညာသူများစွာဟာ တစ်ချိန်ကရှိခဲ့တဲ့ ပျော်ရွှင်မှု ပျောက်ဆုံးသွားကြတယ်။ ဘာကြောင့်လဲ။ ယေဟောဝါကို ပျော်ရွှင်စွာ ဆက်ဝတ်ပြုဖို့ ဘာအကြောင်းရင်းတွေ ရှိသလဲ။

တချို့ မပျော်ရွှင်တော့တဲ့ အကြောင်းရင်း

နိုင်ငံတော်သတင်းတရားက ကျွန်တော်တို့ကို သိပ်ပျော်ရွှင်စေတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်က ဒီလောကဆိုးကို မကြာခင် ဖျက်ဆီးပြီး ကမ္ဘာသစ်ကို ဖြစ်ပေါ်စေမယ်လို့ ယေဟောဝါ ကတိပေးထားလို့ပဲ။ ဇေဖနိ ၁:၁၄ မှာ ‘ယေဟောဝါ၏နေ့ကြီး နီးပြီ။ နီးပြီ။ အလျင်အမြန်လာ၏’ လို့ ပြောထားတယ်။ ဒါပေမဲ့ စောင့်ရတာ တော်တော်ကြာနေပြီလို့ ခံစားရတဲ့အခါ တစ်ချိန်ကရှိခဲ့တဲ့ ပျော်ရွှင်မှု ပျောက်သွားနိုင်တယ်။ အဲဒီလိုပျောက်သွားရင် ဘုရားအမှုတော်မှာ အရှိန်လျော့သွားနိုင်တယ်။—သု. ၁၃:၁၂

ညီအစ်ကိုညီအစ်မတွေနဲ့ အချိန်ပေးပေါင်းသင်းခြင်းက ယေဟောဝါကို ပျော်ရွှင်စွာ ဆက်ဝတ်ပြုဖို့ အားရှိစေတယ်။ တကယ်တော့ ယေဟောဝါလူမျိုးရဲ့ အမူအကျင့်ကောင်းကြောင့် စစ်မှန်တဲ့ဝတ်ပြုရေးကို သင် နှစ်သက်ပြီး ဘုရားသခင်ကို စတင်ဝတ်ပြုလာတာ ဖြစ်နိုင်တယ်။ (၁ ပေ. ၂:၁၂) ဒါပေမဲ့ ဘုရားသခင့်ပညတ်တွေကို မနာခံလို့ ညီအစ်ကိုညီအစ်မတစ်ယောက်ယောက် ဆုံးမခံရတဲ့အခါ ဘာဖြစ်နိုင်သလဲ။ တချို့ စိတ်ဓာတ်ကျပြီး ပျော်ရွှင်မှု ပျောက်သွားနိုင်တယ်။

ပစ္စည်းဥစ္စာကို အဓိကထားခြင်းကလည်း ပျော်ရွှင်မှု ပျောက်ဆုံးစေနိုင်တယ်။ ဘယ်နည်းအားဖြင့်လဲ။ တကယ်မလိုအပ်တာကို လိုအပ်တယ်လို့ ထင်လာအောင် စာတန့်လောက,က အယုံသွင်းနေတယ်။ ဒါကြောင့် “မည်သူမျှ သခင်နှစ်ဦး၏အစေကို မခံနိုင်။ တစ်ဦးကို မုန်း၍ တစ်ဦးကို ချစ်မည်။ သို့မဟုတ် တစ်ဦးကို မှီခို၍ တစ်ဦးကို မခန့်လေးစားပြုမည်။ သင်တို့သည် ဘုရားသခင်၏အစေနှင့် စည်းစိမ်ချမ်းသာ၏အစေနှစ်ရပ်ကို မခံနိုင်ကြ” ဆိုတဲ့ ယေရှုရဲ့စကားကို သတိရသင့်တယ်။ (မ. ၆:၂၄) ယေဟောဝါကို ပျော်ရွှင်စွာ ဝတ်ပြုရင်း တစ်ချိန်တည်းမှာ ဒီလောက,ကနေ ရနိုင်သမျှကို ရယူဖို့ မဖြစ်နိုင်ဘူး။

ယေဟောဝါကို ပျော်ရွှင်စွာ ဝတ်ပြုပါ

ယေဟောဝါကို ချစ်တဲ့သူတွေအတွက် ကိုယ်တော့်ကို ဝတ်ပြုရတာ ဝန်ထုပ်မဟုတ်ဘူး။ (၁ ယော. ၅:၃) “ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့ လာကြလော့။ သင်တို့ကို ငါလန်းဆန်းစေမည်။ ငါ့ထမ်းပိုးကို ထမ်း၍ ငါ့ထံမှ သင်ယူကြလော့။ အကြောင်းမူကား ငါသည် နူးညံ့သိမ်မွေ့၍ စိတ်နှိမ့်ချသောသဘောရှိ၏။ သင်တို့သည် လန်းဆန်းရလိမ့်မည်။ အကြောင်းမူကား ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏” လို့ ယေရှုပြောခဲ့တာ သတိရပါ။ (မ. ၁၁:၂၈-၃၀) ဒါကြောင့် ခရစ်ယာန်စစ်ဖြစ်ရခြင်းဟာ လန်းဆန်းပျော်ရွှင်စေတယ်။ ယေဟောဝါကို ပျော်ရွှင်စွာ ဝတ်ပြုဖို့ အကြောင်းကောင်းတွေ ရှိတာ သေချာပါတယ်။ အဲဒီထဲက သုံးခုကို ဆွေးနွေးကြည့်ကြစို့။—ဟဗ. ၃:၁၈

အသက်ပေးရှင်၊ ပျော်ရွှင်တဲ့ဘုရားကို ကျွန်တော်တို့ ဝတ်ပြုနေတယ်။ (တ. ၁၇:၂၈; ၁ တိ. ၁:၁၁) ကျွန်တော်တို့ရဲ့အသက်ကို ဖန်ဆင်းရှင် ပိုင်မှန်း ကျွန်တော်တို့ နားလည်တယ်။ ဒါကြောင့် နှစ်ခြင်းခံပြီးတာ ဘယ်လောက်ပဲကြာနေပါစေ ဘုရားသခင်ကို ပျော်ရွှင်စွာ ဆက်ဝတ်ပြုသင့်တယ်။

ညီအစ်ကိုအက်တာဟာ နိုင်ငံတော်မျှော်လင့်ချက်ကို အဓိကတွေးနေပြီး တက်တက်ကြွကြွ လုပ်ဆောင်နေခြင်းအားဖြင့် ပျော်ရွှင်မှုကို ဆက်ထိန်းထား

တိုက်နယ်ကြီးကြပ်မှူးအဖြစ် နှစ်ပေါင်း ၄၀ အမှုဆောင်လာတဲ့ ညီအစ်ကိုအက်တာအကြောင်း သုံးသပ်ကြည့်ပါ။ သူဟာ “အသက်ကြီး” ချိန်မှာတောင် ယေဟောဝါကို ပျော်ရွှင်စွာ ဝတ်ပြုနေတယ်။ (ဆာ. ၉၂:၁၂-၁၄) ဇနီးရဲ့ ကျန်းမာရေးအခြေအနေကြောင့် ဘုရားအမှုတော်မှာ သိပ်မပါဝင်နိုင်တော့ပေမဲ့ ဆက်ပျော်နေတုန်းပဲ။ “ဇနီးရဲ့ ကျန်းမာရေးအခြေအနေ တစ်နေ့တခြားဆိုးလာတာကို မြင်ရလို့ စိတ်မကောင်းပေမဲ့ အဲဒါကြောင့် ဘုရားအမှုတော်မှာ ပျော်ရွှင်မှုပျောက်သွားတာမျိုးတော့ အဖြစ်မခံဘူး။ ကျွန်တော့်အသက်ကို ယေဟောဝါ ပိုင်မှန်း သိထားခြင်းက ကိုယ်တော့်ကို နှစ်နှစ်ကာကာချစ်ဖို့၊ စိတ်နှလုံးအကြွင်းမဲ့ အမှုဆောင်ဖို့ လုံလောက်တဲ့ အကြောင်းရင်းပဲ။ ပျော်ရွှင်မှု မပျောက်သွားအောင် ဟောပြောခြင်းလုပ်ငန်းမှာ အလုပ်များနေဖို့၊ နိုင်ငံတော်မျှော်လင့်ချက်ကို အဓိကတွေးနေဖို့ ကျွန်တော် ကြိုးစားတယ်။”

ကျွန်တော်တို့ ပျော်ရွှင်တဲ့အသက်တာ ရနိုင်အောင် ရွေးနုတ်ဖိုးပူဇော်သကာကို ယေဟောဝါ ပြင်ဆင်ပေးထားတယ်။ မှန်ပါတယ်။ “ဘုရားသခင်၏သားတော်ကို ယုံကြည်ကြောင်း တင်ပြသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ ထာဝရအသက်ကိုရစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောကကို ချစ်” တယ်။ (ယော. ၃:၁၆) ဘုရားသခင့် မေတ္တာဆုလက်ဆောင်ဖြစ်တဲ့ ရွေးနုတ်ဖိုးကို ယုံကြည်ကြောင်း တင်ပြမယ်ဆိုရင် အပြစ်တွေ ခွင့်လွှတ်ခံရနိုင်ပြီး ထာဝရအသက် ရရှိနိုင်မယ်။ သိပ်ကျေးဇူးတင်စရာပါပဲ။ ရွေးနုတ်ဖိုးအတွက် ကျေးဇူးတင်ခြင်းက ယေဟောဝါကို ပျော်ရွှင်စွာ ဝတ်ပြုနိုင်ဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။

ညီအစ်ကိုဂျီစူးဟာ ဘဝကို ရိုးရှင်းစေပြီး ဘုရားသခင်ကို ပျော်ရွှင်စွာ ဝတ်ပြုလာတာ နှစ်ပေါင်းများစွာရှိပြီ

မက္ကဆီကိုမှာ နေထိုင်တဲ့ ညီအစ်ကိုဂျီစူး အခုလိုပြောတယ်– “ကျွန်တော်ဟာ အလုပ်ရဲ့ကျွန် ဖြစ်ခဲ့တယ်။ မလုပ်မဖြစ် မဟုတ်ပေမဲ့ ပိုက်ဆံပိုရချင်လို့ တစ်ခါတလေ နာရီပေါင်းများစွာ၊ ရက်ပေါင်းများစွာ ဆက်တိုက်အလုပ်လုပ်လေ့ရှိတယ်။ အဲဒီနောက် ယေဟောဝါအကြောင်း၊ လူသားတွေအတွက် သားတော်ရင်းကို ပေးခဲ့တဲ့အကြောင်း သိလာတယ်။ ယေဟောဝါကို ဝတ်ပြုချင်လာတယ်။ ဒါကြောင့် ဘဝကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံလိုက်တယ်။ ၂၈ နှစ်လုံးလုံး အလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီကနေ ထွက်ဖို့ ဆုံးဖြတ်လိုက်ပြီး အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်ခဲ့တယ်။” ဒီလိုနဲ့ ညီအစ်ကိုဂျီစူးဟာ ယေဟောဝါကို ပျော်ရွှင်စွာ ဝတ်ပြုလာခဲ့တယ်။

ကိုယ်ကျင့်တရား သန့်ရှင်းခြင်းက ပျော်ရွှင်စေတယ်။ ယေဟောဝါကို မသိခင်တုန်းက သင့်ဘဝ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ မှတ်မိလား။ ရောမမြို့ကခရစ်ယာန်တွေဟာ တစ်ချိန်တုန်းက “အပြစ်တရား၏ကျွန်ဖြစ်ခဲ့” ပေမဲ့ “ဖြောင့်မတ်ခြင်းတရား၏ကျွန် ဖြစ်လာကြ” တယ်လို့ တမန်တော်ပေါလု ပြောတယ်။ သန့်ရှင်းတဲ့အသက်တာနဲ့ နေထိုင်နေပြီဖြစ်လို့ ထာဝရအသက်ရဖို့ သူတို့မျှော်လင့်နိုင်ပြီ။ (ရော. ၆:၁၇-၂၂) ကျွန်တော်တို့လည်း ယေဟောဝါရဲ့စံနှုန်းတွေအတိုင်း အသက်ရှင်တဲ့အတွက် အကျင့်ပျက်ဘဝ၊ ရက်စက်ကြမ်းတမ်းတဲ့ဘဝရဲ့ နာကျင်ဖွယ်ဆိုးကျိုးတွေ မခံစားရတော့ဘူး။ တကယ့်ပျော်ရွှင်စရာ အကြောင်းရင်းပါပဲ။

“ယေဟောဝါကို ဝတ်ပြုရတဲ့အချိန်တွေကတော့ ကျွန်တော့်ဘဝမှာ အပျော်ရဆုံးအချိန်တွေပါပဲ။”—ညီအစ်ကို ဂျေမီ

ဘုရားမရှိဘူးလို့ ယုံကြည်ထားသူ၊ ဆင့်ကဲအယူကို လက်ခံသူ၊ လက်ဝှေ့သမား ဂျေမီအကြောင်း စဉ်းစားကြည့်ပါ။ ခရစ်ယာန်အစည်းအဝေးတွေ စတက်ချိန်မှာ ခံစားရတဲ့မေတ္တာကို သူ စွဲမှတ်သွားတယ်။ အရင်ဘဝပုံစံကို စွန့်နိုင်ဖို့၊ ယေဟောဝါကို ယုံကြည်လာအောင် ကူညီပေးဖို့ ဆုတောင်းခဲ့တယ်။ သူ အခုလိုပြောတယ်– “မေတ္တာရှင်ဖခင်၊ ကရုဏာရှင်ဘုရားသခင် တည်ရှိတယ်ဆိုတာကို တဖြည်းဖြည်း သိရှိလာတယ်။ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့စံနှုန်းတွေအတိုင်း အသက်ရှင်လို့ ကျွန်တော် အကာအကွယ်ရခဲ့တာ။ ကျွန်တော်သာ မပြောင်းလဲခဲ့ရင် လက်ဝှေ့လောက,က သူငယ်ချင်းတချို့လို ကျွန်တော်လည်း သေနေလောက်ပြီ။ ယေဟောဝါကို ဝတ်ပြုရတဲ့အချိန်တွေကတော့ ကျွန်တော့်ဘဝမှာ အပျော်ရဆုံးအချိန်တွေပါပဲ။”

လက်မလျှော့ပါနဲ့

ဒီလောကဆိုးရဲ့ အဆုံးကို စောင့်မျှော်ရင်း ဘယ်လိုခံစားချက်မျိုး ရှိနေသင့်သလဲ။ ဘုရားသခင့်အလိုတော်ကို ကျွန်တော်တို့ ထမ်းဆောင်နေမှန်း၊ ထာဝရအသက်ကို စောင့်မျှော်နေမှန်း သတိရပါ။ “လက်မလျှော့ဘဲ ကောင်းသောအမှုကို ပြုနေကြစို့။ အကြောင်းမူကား နွမ်းလျခြင်း မရှိဘဲနေလျှင် အချိန်တန်သော် ရိတ်သိမ်းကြရလိမ့်” မယ်။ (ဂလ. ၆:၈၊ ၉) ဒါကြောင့် ယေဟောဝါရဲ့ အကူအညီနဲ့ ဆက်ခံရပ်ကြပါစို့။ “ကြီးစွာသောဒုက္ခ” ကို လွတ်မြောက်ဖို့ လိုအပ်တဲ့ အရည်အသွေးတွေကို ဆက်မွေးမြူကြပါစို့။ ယေဟောဝါကို ပျော်ရွှင်စွာ ဆက်ဝတ်ပြုကြပါစို့။—ဗျာ. ၇:၉၊ ၁၃၊ ၁၄; ယာ. ၁:၂-၄

ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုနဲ့ သူ့အတွက်၊ နာမတော်အတွက် ကျွန်တော်တို့တင်ပြတဲ့ မေတ္တာကို သိလို့ ခံနိုင်ရည်ကို ဆုချမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။ ‘ယေဟောဝါဟာ ကျွန်တော့်ရှေ့မှာ အမြဲရှိနေတယ်။ ကျွန်တော့်ညာဘက်မှာ ဘုရားရှိနေလို့ ဘယ်တော့မှ တုန်လှုပ်မှာ မဟုတ်ဘူး။ ဒါကြောင့် ရင်ထဲမှာ ဝမ်းမြောက်နေတယ်။ ကျွန်တော် အတိုင်းမသိ ရွှင်လန်းနေတယ်။ ဘေးကင်းလုံခြုံစွာ နေနေရတယ်’ လို့ ဆာလံဆရာဒါဝိဒ် ပြောတယ်။ ကျွန်တော်တို့လည်း ဘုရားသခင်ကို ပျော်ရွှင်စွာ ဆက်ဝတ်ပြုမယ်ဆိုရင် ဒါဝိဒ်လိုပဲ ပြောနိုင်ပါလိမ့်မယ်။—ဆာ. ၁၆:၈၊ ၉ကဘ။