မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါအပေါ် သစ္စာစောင့်သိကြောင်း သက်သေပြပါ

ယေဟောဝါအပေါ် သစ္စာစောင့်သိကြောင်း သက်သေပြပါ

‘ယေဟောဝါသည် သင်နှင့် ကျွန်ုပ်စပ်ကြား၊ သင့်အမျိုးအနွယ်နှင့် ကျွန်ုပ်အမျိုးအနွယ် စပ်ကြားမှာ အစဉ်အမြဲရှိတော်မူစေသတည်း။’—၁ ရာ. ၂၀:၄၂

သီချင်း– ၁၂၅၊ ၆၂

၁၊ ၂။ ယောနသန်နဲ့ ဒါဝိဒ်ရဲ့ ခင်မင်မှုဟာ ဘာကြောင့် ထူးခြားတဲ့သစ္စာစောင့်သိမှု ပုံနမူနာဖြစ်သလဲ။

လူငယ်ဒါဝိဒ်ရဲ့ သတ္တိကို ယောနသန် တော်တော်အံ့သြမိမှာပဲ။ ဖိလိတ္တိလူထွားကြီးဂေါလျတ်ကို သတ်ပြီး “သူ၏ဦးခေါင်း” ကို ယောနသန်ရဲ့ဖခင်၊ အစ္စရေးဘုရင် ရှောလုဆီ ဒါဝိဒ်ယူလာတယ်။ (၁ ရာ. ၁၇:၅၇) ဒါဝိဒ်နဲ့အတူ ဘုရားသခင်ရှိမှန်း ယောနသန် လုံးဝ ယုံကြည်သွားတယ်။ အဲဒီအချိန်ကစပြီး ယောနသန်နဲ့ ဒါဝိဒ်ဟာ သိပ်ခင်တဲ့သူငယ်ချင်းတွေ ဖြစ်သွားတယ်။ အချင်းချင်းအပေါ် သစ္စာစောင့်သိပါ့မယ်လို့ ကတိပေးကြတယ်။ (၁ ရာ. ၁၈:၁-၃) ကျန်တစ်ဘဝလုံး ဒါဝိဒ်အပေါ် ယောနသန် သစ္စာစောင့်သိခဲ့တယ်။

နောက်တက်မယ့်ဘုရင်အဖြစ် ယောနသန်ကိုမဟုတ်ဘဲ ဒါဝိဒ်ကို ယေဟောဝါရွေးချယ်တာတောင် ဒါဝိဒ်အပေါ် ယောနသန် သစ္စာစောင့်သိခဲ့တယ်။ ဒါဝိဒ်ကိုသတ်ဖို့ ရှောလုကြိုးစားတဲ့အခါ သူငယ်ချင်းအတွက် စိတ်ပူမိတယ်။ ဟောရရှအရပ်မှာရှိတဲ့ တောကန္တာရမှာ ဒါဝိဒ်ပုန်းအောင်းနေမှန်း သိတဲ့အတွက် ယေဟောဝါကို ဆက်အားကိုးပါလို့ အားပေးဖို့ အဲဒီကို ယောနသန်လိုက်သွားတယ်။ ပြီးတော့ ‘မစိုးရိမ်နှင့်။ သင်သည် ကျွန်ုပ်အဘ ရှောလု၏လက်မှလွတ်၍ အစ္စရေးရှင်ဘုရင်ဖြစ်လိမ့်မည်။ ကျွန်ုပ်သည်လည်း သင့်အောက်မှာ အရာကြီးလိမ့်မည်’ လို့ ယောနသန်ပြောတယ်။—၁ ရာ. ၂၃:၁၆၊ ၁၇

၃။ ဒါဝိဒ်ကို သစ္စာစောင့်သိဖို့ထက် ယောနသန်အတွက် ဘာက ပိုအရေးကြီးသလဲ။ ကျွန်တော်တို့ ဘယ်လို သိရသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

သစ္စာစောင့်သိသူကို လူတိုင်းလိုလို အထင်ကြီးလေးစားတယ်။ ယောနသန်ကို ကျွန်တော်တို့ အထင်ကြီးလေးစားတာဟာ ဒါဝိဒ်အပေါ် သစ္စာစောင့်သိလို့သာ မဟုတ်ဘူး။ ယောနသန်ရဲ့ဘဝမှာ အရေးကြီးဆုံးက ယေဟောဝါအပေါ် သစ္စာစောင့်သိဖို့ပဲ။ တကယ်တော့ သူ့အစား ဒါဝိဒ်ဘုရင်ဖြစ်မယ်ဆိုတာ သိသိကြီးနဲ့တောင် ဒါဝိဒ်အပေါ် သစ္စာစောင့်သိတာ၊ ဒါဝိဒ်ကို မနာလိုမဖြစ်တာဟာ ယေဟောဝါအပေါ်ထားတဲ့ ယောနသန်ရဲ့ သစ္စာစောင့်သိမှုကြောင့်ပဲ။ ယေဟောဝါကို အားကိုးဖို့တောင် ဒါဝိဒ်ကို သူ ကူညီပေးခဲ့တယ်။ အဲဒီအမျိုးသားနှစ်ယောက်စလုံးဟာ ယေဟောဝါကိုရော အချင်းချင်းကိုပါ သစ္စာစောင့်သိခဲ့တယ်။ ‘ယေဟောဝါသည် သင်နှင့် ကျွန်ုပ်စပ်ကြား၊ သင့်အမျိုးအနွယ်နှင့် ကျွန်ုပ်အမျိုးအနွယ်စပ်ကြားမှာ အစဉ်အမြဲရှိတော်မူစေသတည်း’ ဆိုတဲ့ ကတိအတိုင်း နေထိုင်ခဲ့ကြတယ်။—၁ ရာ. ၂၀:၄၂

၄။ (က) ဘယ်အရာက ကျွန်တော်တို့ကို အမှန်တကယ် ကျေနပ်ပျော်ရွှင်စေသလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

ကျွန်တော်တို့လည်း မိသားစု၊ မိတ်ဆွေနဲ့ အသင်းတော်မှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေကို သစ္စာစောင့်သိရမယ်။ (၁ သက်. ၂:၁၀၊ ၁၁) ဒါပေမဲ့ အရေးကြီးဆုံးကတော့ ကျွန်တော်တို့ကို အသက်ပေးထားတဲ့ ယေဟောဝါကို သစ္စာစောင့်သိရမယ်။ (ဗျာ. ၄:၁၁) ယေဟောဝါကို သစ္စာစောင့်သိခြင်းက အမှန်တကယ် ကျေနပ်ပျော်ရွှင်စေတယ်။ ဒါပေမဲ့ ခက်ခဲချိန်တွေမှာတောင် ဘုရားသခင်ကို သစ္စာစောင့်သိရမယ်ဆိုတာ နားလည်ထားရမယ်။ အောက်ပါအခြေအနေ လေးခုမှာ ယေဟောဝါအပေါ် သစ္စာစောင့်သိဖို့ ယောနသန်ရဲ့ ပုံနမူနာက ကျွန်တော်တို့ကို ဘယ်လို ကူညီပေးနိုင်တယ်ဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်– (၁) အခွင့်အာဏာရှိသူ တစ်ယောက်ယောက်ကို မလေးစားထိုက်ဘူးလို့ ခံစားရတဲ့အခါ၊ (၂) ဘယ်သူ့ကို သစ္စာစောင့်သိသင့်ကြောင်း ရွေးချယ်ရတဲ့အခါ၊ (၃) ဦးဆောင်နေတဲ့ညီအစ်ကိုက ကျွန်တော်တို့ကို နားလည်မှုလွဲတဲ့အခါ ဒါမှမဟုတ် မမျှမတဆက်ဆံတဲ့အခါ၊ (၄) ကတိတည်ဖို့ သိပ်ခက်တယ်လို့ ခံစားရတဲ့အခါတွေ ဖြစ်တယ်။

အခွင့်အာဏာရှိသူ တစ်ယောက်ယောက်ကို မလေးစားထိုက်ဘူးလို့ ခံစားရတဲ့အခါ

၅။ ဘုရင်ရှောလုအုပ်ချုပ်ချိန်မှာ ဘုရားသခင်ကို သစ္စာစောင့်သိဖို့ လူတွေအတွက် ဘာကြောင့် သိပ်ခက်သလဲ။

ယောနသန်နဲ့ အစ္စရေးလူတွေ အကျပ်ရိုက်နေတယ်။ ယောနသန်ရဲ့ဖခင် ဘုရင်ရှောလုဟာ ယေဟောဝါကို မနာခံတဲ့အတွက် သူ့ကို ဘုရားသခင် ငြင်းပယ်လိုက်တယ်။ (၁ ရာ. ၁၅:၁၇-၂၃) ဒါပေမဲ့ နှစ်ပေါင်းများစွာ ဆက်အုပ်ချုပ်ခွင့်ပြုထားတယ်။ ‘ယေဟောဝါရဲ့ရာဇပလ္လင်’ ပေါ်ထိုင်တဲ့ဘုရင်က လမ်းမှားလိုက်နေတဲ့အတွက် ဘုရားသခင်ကို သစ္စာစောင့်သိဖို့ လူတွေအတွက် သိပ်ခက်လာတယ်။—၅ ရာ. ၂၉:၂၃

၆။ ယေဟောဝါကို ယောနသန် ဆက်သစ္စာစောင့်သိမှန်း ဘာက ဖော်ပြသလဲ။

ယောနသန်ကတော့ ဘုရားသခင်ကို ဆက်သစ္စာစောင့်သိခဲ့တယ်။ ဘုရားသခင်ကို ရှောလု စတင်မနာခံပြီးနောက် ယောနသန် ဘာလုပ်တယ်ဆိုတာ စဉ်းစားကြည့်ပါ။ (၁ ရာ. ၁၃:၁၃၊ ၁၄) အစ္စရေးတွေကို တိုက်ခိုက်ဖို့ မြင်းရထား ၃၀,၀၀၀ [၁] နဲ့အတူ ဖိလိတ္တိတပ် ချီတက်လာချိန်မှာ ရှောလုမှာတော့ စစ်သား ၆၀၀ ပဲ ရှိတယ်။ ရှောလုနဲ့ ယောနသန်မှာပဲ လက်နက်ရှိတယ်။ ဒါပေမဲ့ ယောနသန် မကြောက်ဘူး။ ‘ယေဟောဝါသည် မဟာနာမတော်ကိုထောက်၍ မိမိလူတို့ကိုစွန့်တော်မမူ’ လို့ပြောခဲ့တဲ့ ပရောဖက်ရှမွေလရဲ့စကားကို သူအမှတ်ရတယ်။ (၁ ရာ. ၁၂:၂၂) ‘လူများသော်လည်းကောင်း၊ နည်းသော်လည်းကောင်း၊ ယေဟောဝါကယ်တင်တော်မူခြင်းကို အဆီးအတားမရှိနိုင်’ လို့ သူ့ရဲ့လက်နက်ဆောင်လုလင်ကို ပြောတယ်။ သူတို့နှစ်ယောက်တည်း ဖိလိတ္တိလူတွေကို ဝင်တိုက်ပြီး လူ ၂၀ လောက်ကို သတ်ပစ်လိုက်တယ်။ အဲဒီနောက် ယေဟောဝါက မြေငလျင်လှုပ်စေတဲ့အတွက် ဖိလိတ္တိလူတွေ ထိတ်လန့်ပြီး အချင်းချင်းသတ်ဖြတ်ပါလေရော။ ယေဟောဝါကို ယောနသန်ယုံကြည်တဲ့အတွက် ဖိလိတ္တိလူတွေကို အောင်ပွဲရရှိခဲ့တယ်။—၁ ရာ. ၁၃:၅၊ ၁၅၊ ၂၂; ၁၄:၁၊ ၂၊ ၆၊ ၁၄၊ ၁၅၊ ၂၀

၇။ ဖခင်ကို ယောနသန် ဘယ်လို ဆက်ဆံခဲ့သလဲ။

ယေဟောဝါကို ဖခင်ရှောလု ဆက်မနာခံတော့ပေမဲ့ ယောနသန်ကတော့ ဖြစ်နိုင်တဲ့အခါတိုင်း ဖခင်ကို နာခံတယ်။ ဥပမာ၊ ယေဟောဝါရဲ့လူတွေကို ကာကွယ်ဖို့ သူတို့ အတူတိုက်ပွဲဝင်ခဲ့ကြတယ်။—၁ ရာ. ၃၁:၁၊ ၂

၈၊ ၉။ အခွင့်အာဏာရှိသူတွေကို လေးစားခြင်းက ဘာကြောင့် ဘုရားသခင်ကို လေးစားရာရောက်သလဲ။

ကျွန်တော်တို့လည်း ယောနသန်လိုပဲ ဖြစ်နိုင်တဲ့အခါတိုင်း အစိုးရကို နာခံခြင်းအားဖြင့် ယေဟောဝါကို သစ္စာစောင့်သိကြောင်း သက်သေပြနိုင်တယ်။ “အထက်မင်းအာဏာစက်ကို” ယေဟောဝါ ခွင့်ပြုထားတာဖြစ်ပြီး သူတို့ကိုလေးစားဖို့ တောင်းဆိုထားတယ်။ (ရောမ ၁၃:၁၊ ၂ ကိုဖတ်ပါ။) ဒါကြောင့် အထက်အရာရှိတစ်ယောက်ယောက် မရိုးသားရင်တောင်၊ သူ့ကို မလေးစားထိုက်ဘူးလို့ ခံစားရရင်တောင် ကျွန်တော်တို့ လေးစားသင့်တယ်။ တကယ်တော့ ယေဟောဝါ အခွင့်အာဏာပေးထားသူအားလုံးကို လေးစားခြင်းအားဖြင့် ယေဟောဝါကို သစ္စာစောင့်သိကြောင်း သက်သေပြနိုင်တယ်။—၁ ကော. ၁၁:၃; ဟေဗြဲ ၁၃:၁၇

ယေဟောဝါကို သစ္စာစောင့်သိကြောင်း တင်ပြနိုင်တဲ့ နည်းတစ်နည်းကတော့ မယုံကြည်တဲ့ အိမ်ထောင်ဖက်ကိုတောင် လေးလေးစားစား ဆက်ဆံခြင်းဖြစ် (အပိုဒ် ၉ ကိုကြည့်ပါ)

တောင်အမေရိကမှာနေထိုင်တဲ့ ညီအစ်မအောဂါဟာ ခက်ခဲတဲ့အခြေအနေမှာတောင် လင်ယောက်ျားကို လေးစားခြင်းအားဖြင့် ယေဟောဝါကို သစ္စာစောင့်သိကြောင်း သက်သေပြခဲ့တယ်။ [၂] သူ ယေဟောဝါသက်သေဖြစ်တာကို သူ့ယောက်ျား လုံးဝ မကြိုက်ဘူး။ သူ့ကို စိတ်ဒုက္ခရောက်အောင်လုပ်တယ်။ ကြမ်းကြမ်းတမ်းတမ်းပြောတယ်။ လုံးဝ စကားမပြောတဲ့အခါတွေလည်း ရှိတယ်။ ကလေးတွေကိုခေါ်ပြီး သူ့ကို ပစ်သွားမယ်လို့တောင် ခြိမ်းခြောက်တယ်။ ညီအစ်မကတော့ ‘အဆိုးကို အဆိုးနဲ့ မတုံ့ပြန်’ ဘူး။ အိမ်ရှင်မ,ကောင်းဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားတယ်။ ချက်ပြုတ်လျှော်ဖွပ်ပြီး မိသားစုကို ကောင်းကောင်းဂရုစိုက်တယ်။ (ရော. ၁၂:၁၇) မိသားစုတွေ၊ မိတ်ဆွေတွေဆီ သွားလည်တဲ့အခါ လိုက်သွားတယ်။ ဥပမာ၊ တခြားမြို့တစ်မြို့မှာ သူ့ယောက်ျားရဲ့အဖေ ဆုံးသွားတဲ့အခါ ခရီးအတွက်လိုအပ်တာမှန်သမျှ ပြင်ဆင်ပေးတယ်။ ကလေးတွေကိုလည်း အဆင်သင့်လုပ်ပေးပြီး လိုက်သွားတယ်။ အသုဘမှာလည်း အခမ်းအနားပြီးသွားတဲ့အထိ ချာ့ခ်ျအပြင်မှာ ရပ်စောင့်တယ်။ နှစ်ပေါင်းများစွာကြာပြီးနောက်မှာတော့ အောဂါရဲ့ စိတ်ရှည်မှုနဲ့ လေးစားမှုကြောင့် ယောက်ျားဖြစ်သူရဲ့ သဘောထား နည်းနည်းပျော့ပျောင်းလာတယ်။ အခုဆို အောဂါကို အစည်းအဝေးတွေ လိုက်ပို့ပေးတယ်၊ အစည်းအဝေးတက်ဖို့တောင် အားပေးတယ်။ တစ်ခါတလေ သူလည်း လိုက်တက်တယ်။—၁ ပေ. ၃:၁

ဘယ်သူ့ကို သစ္စာစောင့်သိသင့်ကြောင်း ရွေးချယ်ရတဲ့အခါ

၁၀။ ဘယ်သူ့ကို သစ္စာစောင့်သိသင့်တယ်ဆိုတာ ယောနသန် ဘယ်လို သိခဲ့သလဲ။

၁၀ ဒါဝိဒ်ကိုသတ်ဖို့ရှောလုကြိုးစားတဲ့အခါ ယောနသန် အခက်တွေ့တော့တယ်။ တစ်ဖက်မှာ ဖခင်၊ တစ်ဖက်မှာ သူငယ်ချင်းဖြစ်နေတယ်။ ဒါပေမဲ့ ရှောလုနဲ့အတူ ဘုရားသခင်မရှိတော့ဘဲ ဒါဝိဒ်နဲ့အတူရှိတယ်ဆိုတာ ယောနသန်သိတယ်။ ဒါကြောင့် ဒါဝိဒ်ကို သစ္စာစောင့်သိဖို့ သူရွေးချယ်လိုက်တယ်။ ဒါဝိဒ်ကို ပုန်းနေဖို့ သတိပေးပြီး ရှောလုဆီမှာ ဒါဝိဒ်ဘက်ကနေ ပြောပေးခဲ့တယ်။၁ ဓမ္မရာဇဝင် ၁၉:၁-၆ ကိုဖတ်ပါ။

၁၁၊ ၁၂။ ဘုရားသခင်ကို သစ္စာစောင့်သိဖို့ ဆုံးဖြတ်နိုင်အောင် ဘုရားသခင်ကိုချစ်တဲ့ မေတ္တာက ဘယ်လို ကူညီပေးသလဲ။

၁၁ သြစတြေးလျမှာနေထိုင်တဲ့ ညီအစ်မအဲလစ်ဟာ ဘယ်သူ့ကို သစ္စာစောင့်သိရမယ်ဆိုတာ ဆုံးဖြတ်ခဲ့ရတယ်။ ကျမ်းစာစလေ့လာရင်း သိလာတာတွေကို မိသားစုကို ပြောပြတယ်။ နောက်ပိုင်း၊ ခရစ္စမတ်ပွဲ မကျင်းပတော့ဘူးလို့ ပြောပြီး အကြောင်းရင်းတွေကို ရှင်းပြတဲ့အခါ မိသားစုဝင်တွေ အကြီးအကျယ် စိတ်ဆိုးကြတယ်။ မိသားစုကို ဂရုမစိုက်တော့ဘူးလို့ သူတို့ထင်နေကြတယ်။ သူ့ကို လုံးဝ မတွေ့ချင်တော့ဘူးလို့ အမေပြောတယ်။ “မိသားစုကို သိပ်ချစ်တော့ ကျွန်မ အံ့သြတုန်လှုပ်ပြီး တအားခံစားရတယ်။ ဒါပေမဲ့ ယေဟောဝါနဲ့ ယေရှုကို နှလုံးသားမှာ ပထမနေရာထားဖို့ ဆုံးဖြတ်ထားတဲ့အတွက် နောက်တိုက်နယ်စည်းဝေးမှာ နှစ်ခြင်းခံခဲ့တယ်” လို့ အဲလစ်ပြောတယ်။—မ. ၁၀:၃၇

၁၂ ယေဟောဝါထက်အားကစားအသင်း၊ ကျောင်း၊ နိုင်ငံ စတဲ့အရာတစ်ခုခုကို ဘယ်တော့မှ ပိုသစ္စာမစောင့်သိရဘူး။ ဥပမာ၊ ဟင်နရီဟာ စစ်တုရင်ကစားရတာ သိပ်ကြိုက်တယ်။ သူ့ကျောင်းဟာ စစ်တုရင်ပြိုင်ပွဲတိုင်း ဗိုလ်စွဲတဲ့ အစဉ်အလာရှိတယ်။ ဒီတစ်ကြိမ်မှာလည်း ဗိုလ်စွဲစေချင်တယ်။ ဒါကြောင့် ဟင်နရီ အစွမ်းကုန်ကြိုးစားတယ်။ စနေ၊ တနင်္ဂနွေ အပတ်တိုင်း ကစားတဲ့အတွက် အစည်းအဝေးနဲ့ အမှုဆောင်အတွက် အချိန်မရှိတော့ဘူး။ ဘုရားကို သစ္စာစောင့်သိဖို့ထက် ကျောင်းကို သစ္စာစောင့်သိဖို့က သူ့အတွက် ပိုအရေးကြီးလာတယ်လို့ သူပြောပြတယ်။ ဒါကြောင့် ကျောင်းစစ်တုရင်အသင်းကနေထွက်ဖို့ သူဆုံးဖြတ်လိုက်တယ်။—မ. ၆:၃၃

၁၃။ မိသားစုပြဿနာတွေကို ဖြေရှင်းဖို့ ဘုရားသခင်ကို သစ္စာစောင့်သိခြင်းက ဘယ်လို ကူညီပေးနိုင်သလဲ။

၁၃ တစ်ခါတလေ မိသားစုဝင်တွေထဲမှာ ဘယ်သူ့ကို ပိုသစ္စာစောင့်သိရမလဲဆိုတဲ့ကိစ္စ ပေါ်လာတဲ့အခါ သိပ်ခက်နိုင်တယ်။ ဥပမာ၊ ညီအစ်ကိုကန် အခုလိုပြောတယ်– “ကျွန်တော်က သက်ကြီးရွယ်အိုအမေ့ဆီ ပုံမှန်လည်ပတ်ချင်ပြီး မကြာမကြာ ကျွန်တော်တို့နဲ့ လာနေစေချင်တယ်။ ဒါပေမဲ့ အမေနဲ့ ကျွန်တော့်မိန်းမက အဆင်မပြေဘူး။ ဒီတစ်ယောက်ကို ကျေနပ်အောင်ထားရင် ဟိုတစ်ယောက်က မကျေနပ်ဆိုတော့ ကျွန်တော့်မှာ ခက်တာပေါ့။ ဒါပေမဲ့ ဒီလိုအခြေအနေမှာ ကိုယ့်မိန်းမ ကျေနပ်ဖို့၊ သူ့ကို သစ္စာစောင့်သိဖို့က ပိုအရေးကြီးမှန်း နားလည်လာတယ်။ ဒီလိုနဲ့ မိန်းမ ကြည်ဖြူမယ့် ဖြေရှင်းနည်း ရှာတွေ့သွားတယ်။” ဘုရားသခင်ကို သစ္စာစောင့်သိတဲ့အတွက်၊ ကျမ်းစာကို လေးစားတဲ့အတွက် ညီအစ်ကိုကန်ဟာ အချင်းချင်း ကြင်ကြင်နာနာ၊ လေးလေးစားစား ဆက်ဆံသင့်တဲ့အကြောင်း မိန်းမနဲ့ အမေကို သတ္တိရှိရှိ ရှင်းပြနိုင်ခဲ့တယ်။ကမ္ဘာဦး ၂:၂၄ နဲ့ ၁ ကောရိန္သု ၁၃:၄၊ ၅ တို့ကိုဖတ်ပါ။

ညီအစ်ကိုတစ်ယောက် ကျွန်တော်တို့ကို နားလည်မှုလွဲတဲ့အခါ ဒါမှမဟုတ် မမျှမတ ဆက်ဆံတဲ့အခါ

၁၄။ ယောနသန်ကို ရှောလု ဘယ်လို မမျှမတ ဆက်ဆံခဲ့သလဲ။

၁၄ ဦးဆောင်နေတဲ့ ညီအစ်ကိုတစ်ယောက် ကျွန်တော်တို့ကို မမျှမတ ဆက်ဆံတဲ့အခါ ယေဟောဝါကို သစ္စာစောင့်သိဖို့ ခက်ခဲနိုင်တယ်။ အဲဒီလိုအခက်အခဲကို ယောနသန် ရင်ဆိုင်ခဲ့ရတယ်။ ဘုရားသခင့်ဘိသိက်ခံဘုရင် ရှောလုဟာ သားဖြစ်သူ ယောနသန်နဲ့ ဒါဝိဒ် သိပ်ခင်မှန်း သိတယ်။ ဘာကြောင့် ဒီလောက်ချစ်ခင်မှန်း အကြောင်းရင်းကိုတော့ မသိဘူး။ ဒါဝိဒ်ကို ကူညီဖို့ ယောနသန်ကြိုးစားချိန်မှာ ရှောလု အကြီးအကျယ် ဒေါသပေါက်ကွဲပြီး လူတွေရှေ့မှာ ယောနသန်ကို အရှက်ခွဲတယ်။ ဒါပေမဲ့ ယောနသန်ကတော့ အဖေကို ဆက်လေးစားမှုပြခဲ့တယ်။ တစ်ချိန်တည်းမှာ ယေဟောဝါနဲ့ အစ္စရေးမင်းလောင်း ဒါဝိဒ်အပေါ် သစ္စာစောင့်သိခဲ့တယ်။—၁ ရာ. ၂၀:၃၀-၄၁

၁၅။ ညီအစ်ကိုတစ်ယောက် ကျွန်တော်တို့ကို မမျှမတဆက်ဆံတဲ့အခါ ဘယ်လို တုံ့ပြန်သင့်သလဲ။

၁၅ ဒီနေ့လည်း အသင်းတော်မှာ ဦးဆောင်နေတဲ့ညီအစ်ကိုတွေဟာ လူတိုင်းကို မျှမျှတတဆက်ဆံဖို့ ကြိုးစားပေမဲ့ မစုံလင်တဲ့အတွက် နားလည်မှုလွဲတဲ့အခါတွေ ရှိနိုင်တယ်။ (၁ ရာ. ၁:၁၃-၁၇) ဒါကြောင့် ကိုယ့်ကို နားလည်မှုလွဲတဲ့အခါ၊ မမျှမတဆက်ဆံတဲ့အခါ ယေဟောဝါကို ဆက်သစ္စာစောင့်သိကြပါစို့။

ကတိတည်ဖို့ သိပ်ခက်တယ်လို့ ခံစားရတဲ့အခါ

၁၆။ ဘယ်လိုအခြေအနေတွေမှာ ကိုယ့်အကျိုးထက် ဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်းကို ဦးစားပေးရမလဲ။

၁၆ ရှောလုက ယောနသန်ကို နောက်တက်မယ့်ဘုရင်ဖြစ်စေချင်တယ်။ (၁ ရာ. ၂၀:၃၁) ဒါပေမဲ့ ယောနသန်က ကိုယ့်အကျိုးကို ဦးစားမပေးဘူး။ ယေဟောဝါကို ချစ်ပြီး သစ္စာစောင့်သိတယ်။ ဒါဝိဒ်နဲ့ မိတ်ဆွေဖွဲ့ပြီး ကတိတည်ခဲ့တယ်။ တကယ်တော့ ယေဟောဝါကိုချစ်ပြီး သစ္စာစောင့်သိသူ ဘယ်သူမဆိုဟာ “ကိုယ်အကျိုးပျက်ရသော်လည်း ကိုယ်ကျိန်ဆိုသောသစ္စာကတိကို မဖျက်” ဘူး။ (ဆာ. ၁၅:၄) ဘုရားသခင်ကို သစ္စာစောင့်သိတဲ့အတွက် ကျွန်တော်တို့ ကတိတည်ပါလိမ့်မယ်။ ဥပမာ၊ စီးပွားရေးသဘောတူညီချက်တစ်ခု ပြုလုပ်တဲ့အခါ မျှော်လင့်ထားတာထက် ပိုခက်ခဲရင်တောင် သဘောတူထားတဲ့အတိုင်း ကတိတည်ဖို့ ကြိုးစားပါလိမ့်မယ်။ အိမ်ထောင်မှာ ပြဿနာတွေ ဖြစ်လာတဲ့အခါလည်း ကိုယ့်အိမ်ထောင်ဖက်ကို ဆက်သစ္စာရှိခြင်းအားဖြင့် ယေဟောဝါကိုချစ်ကြောင်း ဖော်ပြပါလိမ့်မယ်။မာလခိ ၂:၁၃–၁၆ ကိုဖတ်ပါ။

ဘုရားသခင်ကို ကျွန်တော်တို့ သစ္စာစောင့်သိတဲ့အတွက် စီးပွားရေးသဘောတူညီချက်တွေအတိုင်း ကတိတည်ပါလိမ့်မယ် (အပိုဒ် ၁၆ ကိုကြည့်ပါ)

၁၇။ အခု လေ့လာသွားတဲ့အကြောင်းအရာက သင့်ကို ဘယ်လို အကူအညီဖြစ်စေသလဲ။

၁၇ ယောနသန်ရဲ့ ပုံနမူနာကို တုပတဲ့အနေနဲ့ ကျွန်တော်တို့ဟာ ကိုယ်ကျိုးမရှာဘဲ ဘုရားသခင်ကို သစ္စာစောင့်သိသင့်တယ်။ ကျွန်တော်တို့ကို ညီအစ်ကိုညီအစ်မတွေ စိတ်ပျက်အောင်လုပ်တဲ့အခါမှာတောင် သူတို့ကို ဆက်သစ္စာစောင့်သိကြပါစို့။ ခက်ခဲတဲ့အခြေအနေတွေမှာတောင် ယေဟောဝါကို ဆက်သစ္စာစောင့်သိကြပါစို့။ ဒါဆို ယေဟောဝါရဲ့စိတ်ကို ရွှင်လန်းစေနိုင်ပြီး ကျွန်တော်တို့လည်း ပျော်ရွှင်မှုခံစားရပါလိမ့်မယ်။ (သု. ၂၇:၁၁) ယေဟောဝါအပေါ် ဆက်သစ္စာစောင့်သိမယ်ဆိုရင် ကျွန်တော်တို့ရဲ့ အကောင်းဆုံးအကျိုးအတွက် ကိုယ်တော် ဘယ်လို လုပ်ဆောင်မယ်ဆိုတာ မြင်တွေ့ခွင့်ရပါလိမ့်မယ်။ သစ္စာစောင့်သိတဲ့၊ သစ္စာမစောင့်သိတဲ့ ဒါဝိဒ်ရဲ့ တစ်ခေတ်တည်းသားတွေဆီကနေ ဘာသင်ယူနိုင်တယ်ဆိုတာ နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။

^ [၁] (အပိုဒ် ၆) ရှေးလက်ရေးကျမ်း စာမူတချို့မှာ “မြင်းရထား ၃၀,၀၀၀” လို့ပြောထားပြီး တချို့မှာတော့ “၃,၀၀၀” လို့ပြောထားတယ်။

^ [၂] (အပိုဒ် ၉) နာမည်တချို့ ပြောင်းထားပါတယ်။