မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝအတ္ထုပ္ပတ္တိ

အမှုဆောင်လုပ်ငန်းကို ယေဟောဝါ အောင်မြင်စေ

အမှုဆောင်လုပ်ငန်းကို ယေဟောဝါ အောင်မြင်စေ

စစ်ထဲမဝင်လို့ ကျွန်တော် ထောင်ကျဖူးတယ်လို့ စစ်အရာရှိကို ပြောပြီး “အခုလည်း ထောင်ထပ်ချမလို့လား” လို့ မေးလိုက်တယ်။ အမေရိကန်စစ်တပ်ထဲဝင်ဖို့ ဆင့်ခေါ်ခံရတာ ဒါနဲ့ဆို နှစ်ခါရှိပြီ။

၁၉၂၆ တုန်းက အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်အိုပြည်နယ်၊ ခရွတ်ခ်ဗီးလ်ရွာလေးမှာ ကျွန်တော် မွေးဖွားလာတယ်။ မိဘတွေက ဘာသာတရားကိုင်းရှိုင်းသူတွေ မဟုတ်ပေမဲ့ သားသမီးရှစ်ယောက်ကိုတော့ ချာ့ခ်ျတက်ခိုင်းတယ်။ ဒါကြောင့် မက်သဒစ်ချာ့ခ်ျကို ကျွန်တော် သွားတက်တယ်။ တစ်နှစ်ပတ်လုံး တနင်္ဂနွေနေ့တိုင်း ချာ့ခ်ျတက်တာမှန်လွန်းလို့ အသက် ၁၄ နှစ်အရွယ်မှာ ဆုတောင် ရလိုက်တယ်။

ကျွန်တော် အမှန်တရားသိလာအောင် ညီအစ်မ မာဂရက် ဝေါ်ကာ (ဘယ်ဘက်က ဒုတိယမြောက်) ကူညီပေး

အဲဒီအချိန်လောက်မှာ မာဂရက် ဝေါ်ကာလို့ခေါ်တဲ့ အိမ်နီးချင်း ယေဟောဝါသက်သေတစ်ယောက် အမေ့ဆီ စလည်ပတ်ပြီး ကျမ်းစာအကြောင်း ပြောတယ်။ တစ်နေ့၊ ကျွန်တော်လည်း ထိုင်နားထောင်တယ်။ သူတို့လေ့လာတာကို ဝင်ရှုပ်မှာစိုးလို့ အမေက အပြင်မှာ သွားနေခိုင်းတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ဆက်နားထောင်တယ်။ အပတ်အနည်းငယ် လည်ပတ်ပြီးနောက်မှာ ညီအစ်မမာဂရက်က “ဘုရားနာမည် သိလား” လို့ ကျွန်တော့်ကို မေးတယ်။ “ဒါများ လူတိုင်းသိတာပေါ့။ ဘုရားသခင်လေ” လို့ ကျွန်တော်ပြန်ဖြေတယ်။ သူက “ကျမ်းစာသွားယူပြီး ဆာလံ ၈၃:၁၈ ကို ဖတ်ကြည့်ပါဦး” လို့ပြောလို့ ဖတ်ကြည့်တဲ့အခါ ဘုရားနာမည် ယေဟောဝါဖြစ်မှန်း သိသွားတယ်။ ဒါနဲ့ သူငယ်ချင်းတွေဆီ ပြေးသွားပြီး “ဒီည အိမ်ပြန်ရောက်ရင် ဆာလံ ၈၃:၁၈ ကို ဖတ်ကြည့်ကြ။ ဘုရားသခင့်နာမည်ကို တွေ့လိမ့်မယ်” လို့ ဖောက်သည်ချလိုက်တယ်။ သိလာတာကို ချက်ချင်းပဲ သက်သေခံနေပြီလို့ ပြောနိုင်ပါတယ်။

ကျွန်တော် ကျမ်းစာလေ့လာပြီး ၁၉၄၁ မှာ နှစ်ခြင်းခံလိုက်တယ်။ သိပ်မကြာခင်မှာပဲ အသင်းတော်စာအုပ်ကြီးသင်တန်း ကိုင်ဖို့ တာဝန်ရတယ်။ အမေနဲ့ မောင်နှမတွေကို လာတက်ဖို့ အားပေးတော့ သူတို့လည်း လာတယ်။ အဖေကတော့ စိတ်မဝင်စားဘူး။

အိမ်တွင်းဆန့်ကျင်မှု

အသင်းတော်မှာ တာဝန်တွေ ပိုရလာတယ်။ အိမ်မှာလည်း အဖွဲ့အစည်းထုတ်စာပေတွေကို စုစည်းပြီး စာကြည့်တိုက်တစ်ခု လုပ်ထားတယ်။ တစ်နေ့၊ ကျွန်တော့်စာအုပ်တွေကို အဖေ လက်ညှိုးထိုးပြီး “အဲဒီစာအုပ်အားလုံးကို ဒီအိမ်မှာ ငါမမြင်ချင်တော့ဘူး။ မင်းလည်း ထွက်သွားချင် ထွက်သွား” လို့ပြောတယ်။ ဒါနဲ့ အိမ်ကထွက်လာပြီး အနီးအနားက ဇိန်းဗီးလ်မြို့မှာ နေတယ်။ မိသားစုဆီတော့ ပုံမှန်အသွားအပြန်လုပ်ပြီး အားပေးတယ်။

အမေ အစည်းအဝေးတက်တာကို အဖေ မကြိုက်ဘူး။ တစ်ခါတလေ အစည်းအဝေးသွားနေတုန်း နောက်ကလိုက်ပြီး အိမ်ထဲ ပြန်ဆွဲခေါ်လာတတ်တယ်။ ဒါပေမဲ့ အမေက တခြားတံခါးကနေ ပြန်ပြေးထွက်ပြီး သွားတက်တာပဲ။ ဒါကြောင့် “ဘာမှ မစိုးရိမ်ပါနဲ့။ အဖေ မောသွားလိမ့်မယ်” လို့ အမေ့ကို အားပေးရတယ်။ ဒီလိုနဲ့ အဖေ လက်မြှောက်လိုက်လို့ အမေ့ခမျာ အစည်းအဝေးတက်ဖို့ တိုက်ပွဲဝင်စရာမလိုတော့ဘူး။

၁၉၄၃ မှာ ဟောပြောသွန်သင်ခြင်းသင်တန်း (သီအိုကရက်တစ်ဓမ္မအမှုကျောင်း) စတင်တော့ ကျွန်တော် ကျောင်းသားတာဝန်တွေ ရတယ်။ သင်တန်းပြီးနောက်မှာရရှိတဲ့ အကြံဉာဏ်က အဟောအပြောကောင်းသူဖြစ်လာဖို့ ကူညီပေးတယ်။

စစ်အတွင်း ကြားနေခြင်း

၁၉၄၄၊ ဒုတိယကမ္ဘာစစ်အတွင်းမှာ စစ်ထဲဝင်ဖို့ ဆင့်ခေါ်ခံရတယ်။ ဒါနဲ့ အိုဟိုင်အိုပြည်နယ်၊ ကိုလံဘတ်စ်မြို့မှာရှိတဲ့ ဖော့တ်ဟေးဇ် စစ်ဌာနမှာ ကိုယ်တိုင်သွားအတွေ့ခံတယ်။ လျှောက်လွှာဖြည့်စရာရှိတာတွေ ဖြည့်တယ်။ ကျွန်တော့်ကျန်းမာရေးအခြေအနေကို သူတို့ စစ်ဆေးတယ်။ ပြီးနောက် စစ်ထဲတော့ မဝင်ဘူးလို့ အရာရှိတွေကို ပြောလိုက်တယ်။ ကျွန်တော့်ကို သူတို့ အိမ်ပြန်ခွင့်ပေးတယ်။ ဒါပေမဲ့ ရက်အနည်းငယ်ကြာပြီးနောက် အိမ်ရှေ့ကို အရာရှိတစ်ယောက် ရောက်လာပြီး “ကော်ဝမ် ရော်ဘစန်၊ မင်းကိုဖမ်းဖို့ ဝရမ်းပါတယ်” လို့ပြောတယ်။

နှစ်ပတ်ကြာပြီးနောက် တရားရုံးမှာ တရားသူကြီးက “ငါ့သဘောအတိုင်းသာဆို မင်းကို တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ပေးလိုက်ပြီ။ ဘာပြောစရာရှိလဲ” လို့ ပြောတယ်။ “တရားသူကြီးခင်ဗျာ၊ ကျွန်တော့်ကို တရားဟောဆရာအဖြစ် သတ်မှတ်လို့ရပါတယ်။ ကျွန်တော့် တရားဟောစင်ကတော့ အိမ်ပေါက်ဝတိုင်းပါပဲ။ လူတွေကို နိုင်ငံတော်သတင်းကောင်း ဟောပါတယ်” လို့ ကျွန်တော်ပြောလိုက်တယ်။ တရားသူကြီးက ဂျူရီအဖွဲ့ *ကို “ဒီလူငယ် တရားဟောဆရာဟုတ်,မဟုတ် ခင်ဗျားတို့ ဆုံးဖြတ်ရမှာမဟုတ်ဘူး။ စစ်ထဲဝင်ဖို့ သူ သဘောတူလား၊ မတူလားဆိုတာပဲ ဆုံးဖြတ်” လို့ပြောတယ်။ နာရီဝက်တောင် မပြည့်ပါဘူး။ ကျွန်တော့်မှာ အပြစ်ရှိတယ်လို့ ဂျူရီအဖွဲ့ ဆုံးဖြတ်တယ်။ ကင်တတ်ကီပြည်နယ်၊ အက်ရှ်လန်းမြို့က အကျဉ်းထောင်မှာ ထောင်ဒဏ်ငါးနှစ် ကျခံဖို့ တရားသူကြီး စီရင်ချက်ချလိုက်တယ်။

ထောင်ထဲမှာ ကျွန်တော့်ကို ယေဟောဝါကာကွယ်

ပထမနှစ်ပတ်တော့ အိုဟိုင်အိုပြည်နယ်၊ ကိုလံဘတ်စ်မြို့က အကျဉ်းထောင်မှာ နေရတယ်။ ပထမရက် တစ်ရက်လုံး ထောင်ခန်းလေးထဲမှာ နေရတယ်။ ဒါနဲ့ “ငါးနှစ်လုံးတော့ ထောင်ခန်းလေးထဲမှာ မနေနိုင်ဘူး။ ကျွန်တော် ဘာဆက်လုပ်ရမှန်း မသိတော့ဘူး” လို့ ယေဟောဝါဆီ ဆုတောင်းလိုက်တယ်။

နောက်တစ်နေ့မှာ အစောင့်တွေက အပြင်ထွက်ခွင့်ပေးတယ်။ အရပ်ရှည်ရှည်၊ ရင်အုပ်ကျယ်ကျယ် ထောင်သားတစ်ယောက်နား သွားပြီး ပြတင်းပေါက်ကနေ အပြင်ဘက်ကို လှမ်းကြည့်နေတုန်း “ဘာအတွက် ထောင်ကျနေတာလဲ ဂျပု” လို့ သူ ကျွန်တော့်ကို မေးတယ်။ “ကျွန်တော်က ယေဟောဝါသက်သေတစ်ယောက်ပါ” လို့ ပြန်ပြောတော့ “ဟုတ်လား၊ ဒါဆို ဘာလို့ထောင်ကျနေတာလဲ” လို့ မေးတယ်။ “ယေဟောဝါသက်သေတွေက စစ်ထဲမဝင်ဘူး၊ လူမသတ်ဘူး” လို့ ပြောတော့ “လူမသတ်လို့ မင်းကို သူတို့ ထောင်ချတယ်။ တခြားသူတွေကိုကျတော့ လူသတ်လို့ ထောင်ချနေရတယ်။ အဓိပ္ပာယ်ရှိရဲ့လား” လို့ပြောတယ်။ “မရှိပါဘူး” လို့ ကျွန်တော်လည်း ပြန်ဖြေလိုက်တယ်။

“တခြားထောင်တစ်ခုမှာ ငါ ၁၅ နှစ် ထောင်ကျဖူးတယ်။ အဲဒီမှာ မင်းတို့ရဲ့စာပေတွေ ဖတ်ခဲ့ရတယ်” လို့ သူပြောတယ်။ အဲဒါကိုလည်းကြားရော “ယေဟောဝါဘုရားသခင်၊ ဒီလူ ကျွန်တော့်ဘက်ရပ်တည်ပေးအောင် ကူညီပေးပါ” လို့ ဆုတောင်းလိုက်တယ်။ အဲဒီအချိန်မှာပဲ ပေါလ်လို့ခေါ်တဲ့ အဲဒီထောင်သားက “ဒီကောင်တွေထဲက တစ်ယောက်ယောက် မင်းကို ထိရင် အော်သာအော်လိုက်။ ငါကြည့်ရှင်းမယ်” လို့ပြောတယ်။ ဒါကြောင့် အဲဒီအဆောင်မှာရှိတဲ့ ထောင်သား ၅၀ နဲ့ ပြဿနာလုံးဝမဖြစ်ခဲ့ဘူး။

ကင်တတ်ကီပြည်နယ်၊ အက်ရှ်လန်းမြို့က အကျဉ်းထောင်မှာ ထောင်ချခံရတဲ့ သက်သေခံတွေထဲ ကျွန်တော်လည်း ပါဝင်

အက်ရှ်လန်းမြို့က အကျဉ်းထောင်ကို ရောက်တော့ အဲဒီမှာထောင်ကျနေတဲ့ ရင့်ကျက်တဲ့ညီအစ်ကိုတချို့နဲ့ တွေ့တယ်။ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်းနေအောင် ကျွန်တော်နဲ့ တခြားသူတွေကို သူတို့ ကူညီပေးတယ်။ အပတ်တိုင်း ဖတ်ရှုလေ့လာထားရမယ့် ကျမ်းစာအခန်းကြီးတွေကို သူတို့ တာဝန်ပေးတယ်။ သူတို့စီစဉ်ကျင်းပတဲ့ စုဆုံပေါင်းသင်းပွဲတွေမှာ သုံးဖို့ အမေးအဖြေတွေကို ကျွန်တော်တို့ ပြင်ဆင်ကြတယ်။ ကျွန်တော်တို့မှာ ရပ်ကွက်အမှုထမ်းလည်း ရှိတယ်။ ခုတင်တွေ တန်းစီထည့်ထားတဲ့ အဆောင်ထဲနေရတာဆိုတော့ ရပ်ကွက်အမှုထမ်းက ခုတင်တစ်ခုခုကိုပြပြီး “ရော်ဘစန်၊ ဒီခုတင်ကတော့ ခင်ဗျားတာဝန်ပဲ။ ဒီခုတင်မှာအိပ်တဲ့သူက ခင်ဗျားရပ်ကွက်။ သူ ထောင်ကမထွက်ခင် ဟောဖြစ်အောင် ဟောလိုက်ပါ” လို့ ပြောလေ့ရှိတယ်။ ဒီနည်းနဲ့ စနစ်တကျ ဟောခဲ့ရတယ်။

ထောင်ကလွတ်လာပြီးနောက်

၁၉၄၅ မှာ ဒုတိယကမ္ဘာစစ်ပြီးသွားပေမဲ့ ကျွန်တော်ကတော့ နောက်ထပ်အချိန်အတန်ကြာ ထောင်ထဲ ဆက်နေရသေးတယ်။ “မင်းကိုသာ အိမ်ကနှင်ထုတ်နိုင်ရင် ကျန်တာအားလုံး ငါဆက်ထိန်းနိုင်တယ်” လို့ အဖေပြောထားတာမို့ မိသားစုအတွက် စိတ်ပူမိတယ်။ ထောင်ကလွတ်တော့ အံ့သြဝမ်းသာသွားတယ်။ အဖေ့ ဆန့်ကျင်မှုကြားမှာတောင် မိသားစုဝင်ခုနစ်ယောက် အစည်းအဝေးတွေတက်နေပြီး ညီမတစ်ယောက်က နှစ်ခြင်းခံပြီးပြီ။

၁၉၁၃ ကစပြီး ယေဟောဝါကို အမှုဆောင်ခဲ့တဲ့ ဘိသိက်ခံညီအစ်ကို ဒမီးထရီးယပ်စ် ပါပါဂျော့ခ်ျနဲ့ အမှုဆောင်သွားနေ

၁၉၅၀ မှာ ကိုးရီးယားစစ်ပွဲ စတင်တော့ စစ်ထဲဝင်ဖို့ ဒုတိယအကြိမ် ဆင့်ခေါ်ခံရပြန်တယ်။ ဖော့တ်ဟေးဇ် စစ်ဌာနကို လာတွေ့ဖို့ ခေါ်ခံရတယ်။ ကျွန်တော့်ကို ကျန်းမာရေးစစ်ဆေးပြီး စစ်အရာရှိက “ဒီအုပ်စုမှာ မင်းကတော့ အမှတ်ပြည့်ပဲ” လို့ပြောတဲ့အခါ “ဟုတ်လား။ ဒါပေမဲ့ ကျွန်တော် စစ်ထဲတော့ မဝင်ဘူး” လို့ပြောလိုက်တယ်။ ပြီးတော့ ၂ တိမောသေ ၂:၃ ကို ကိုးကားပြီး “ကျွန်တော်က ခရစ်တော်ရဲ့စစ်သားဖြစ်နေပြီ” လို့ပြောတဲ့အခါ အရာရှိက အကြာကြီးတိတ်သွားပြီး “သွားနိုင်ပြီ” လို့ပြောတယ်။

သိပ်မကြာခင် အိုဟိုင်အိုပြည်နယ်၊ စင်ဆက်နတီမြို့၊ ခရိုင်စည်းဝေးမှာ ကျင်းပတဲ့ ဗေသလအစည်းအဝေးကို သွားတက်တယ်။ နိုင်ငံတော်အတွက် ကြိုးစားလုပ်ဆောင်လိုတဲ့ ညီအစ်ကိုတွေကို ဗေသလမှာ လိုနေတယ်လို့ ညီအစ်ကို မီလ်တန် ဟန်ရှယ် ပြောတယ်။ ဒါနဲ့ ဗေသလလုပ်ငန်းအတွက် လျှောက်လိုက်တယ်။ ဗေသလကို ဖိတ်ခေါ်ခံရတဲ့အတွက် ၁၉၅၄၊ သြဂုတ်လကစပြီး ဗေသလမှာ အမှုဆောင်ခဲ့တာ အခုအချိန်ထိပဲ။

ဗေသလမှာ အမြဲအလုပ်များတယ်။ နှစ်အတော်များများမှာ ပုံနှိပ်တိုက်နဲ့ ရုံးအဆောက်အအုံတွေမှာရှိတဲ့ ဘွိုင်လာအိုးတွေကို တာဝန်ယူရတယ်။ စက်တွေ၊ သော့တွေ ပြင်ရတယ်။ နယူးယောက်မြို့က စည်းဝေးပွဲခန်းမတွေမှာလည်း လုပ်ရတယ်။

ဘရွတ်ကလင်ဗေသလက ရုံးအဆောက်အအုံတွေမှာ ဘွိုင်လာအိုးတွေကို ကြည့်ရှုစစ်ဆေးနေ

နံနက်ဝတ်ပြုမှု၊ မိသားစု ကင်းမျှော်စင် သင်တန်း၊ အသင်းတော်နဲ့အတူ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ရတာ စတဲ့ ဗေသလအစီအစဉ်တွေကို ကျွန်တော်ကြိုက်တယ်။ အဲဒါတွေက ယေဟောဝါသက်သေမိသားစုတွေမှာလည်း ပုံမှန်လုပ်နေကျဖြစ်သင့်တယ်။ နေ့စဉ်ကျမ်းချက် အတူဆွေးနွေးတာ၊ မိသားစုဝတ်ပြုမှု မှန်မှန်လုပ်တာ၊ အသင်းတော် အစည်းအဝေးတွေနဲ့ အမှုဆောင်လုပ်ငန်းမှာ ထက်ထက်သန်သန် ပါဝင်တာက မိသားစုဝင်အားလုံးကို ယေဟောဝါနဲ့ ပိုရင်းနှီးစေပါလိမ့်မယ်။

ဗေသလနဲ့ အသင်းတော်မှာ မိတ်ဆွေအများကြီး ရလာတယ်။ တချို့က ဘိသိက်ခံတွေဖြစ်ပြီး ကောင်းကင်ဆုကျေးဇူး ရရှိသွားကြပြီ။ တချို့ကတော့ ဘိသိက်ခံတွေ မဟုတ်ဘူး။ ဒါပေမဲ့ ဗေသလအိမ်သားတွေ အပါအဝင် သူတို့အားလုံး မစုံလင်ဘူး။ ညီအစ်ကိုတစ်ယောက်ယောက်နဲ့ စကားများတဲ့အခါ ပြန်အဆင်ပြေဖို့ ကျွန်တော် အမြဲကြိုးစားတယ်။ မဿဲ ၅:၂၃၊ ၂၄ ကို အမြဲစဉ်းစားတယ်။ သဘောထားကွဲလွဲမှုတွေကို ဘယ်လို ကိုင်တွယ်သင့်မှန်းလည်း စဉ်းစားတယ်။ “တောင်းပန်ပါတယ်” လို့ ပြောရတာ မလွယ်ပေမဲ့ ပြဿနာအတော်များများက အဲဒီနည်းနဲ့ ပြေလည်သွားလေ့ရှိတယ်။

အမှုဆောင်လုပ်ငန်းက ရလဒ်ကောင်းတွေ

အခုတော့ အသက်အရွယ်ကြောင့် တစ်အိမ်တက်ဆင်းလုပ်ငန်းမှာ စိတ်သွားတိုင်း ကိုယ်မပါတော့ပေမဲ့ လက်မလျှော့ပါဘူး။ မန်ဒရင်းတရုတ်စကား နည်းနည်းသင်ထားပြီး လမ်းပေါ်မှာ တရုတ်လူမျိုးတွေကို ဟောပြောတယ်။ တချို့မနက်ခင်းတွေမှာ မဂ္ဂဇင်း ၃၀၊ ၄၀ လောက် ဝေငှရတယ်။

နယူးယောက်ပြည်နယ်၊ ဘရွတ်ကလင်မြို့မှာ တရုတ်လူမျိုးတွေကို ဟောပြောနေ

တရုတ်ပြည်မှာတောင် ပြန်လည်ပတ်မှုတစ်ခု ရလိုက်တယ်။ တစ်နေ့၊ ကောင်မလေးတစ်ယောက်က သစ်သီးဆိုင်ကြော်ငြာတွေကို ကမ်းရင်း ကျွန်တော့်ကို ပြုံးပြတယ်။ ကျွန်တော်လည်း ပြန်ပြုံးပြပြီး တရုတ် ကင်းမျှော်စင် နဲ့ နိုးလော့! တွေ ဝေငှလိုက်တယ်။ အဲဒါတွေကိုယူပြီး သူ့နာမည် ကေတီပါလို့ ပြောတယ်။ အဲဒီနောက် ကျွန်တော့်ကိုတွေ့တိုင်း လာစကားပြောတယ်။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် နာမည်တွေကို အင်္ဂလိပ်လို ကျွန်တော် သင်ပေးတော့ သူ လိုက်ရွတ်တယ်။ ကျမ်းချက်တွေကိုလည်း ကျွန်တော် ရှင်းပြတယ်။ ကျမ်းစာသွန်သင်ရာ စာအုပ်ကို သူလက်ခံလိုက်တယ်။ အပတ်အနည်းငယ်ကြာပြီးနောက် သူ့ကို ထပ်မတွေ့တော့ဘူး။

လတွေကြာပြီးနောက် ကြော်ငြာတွေ လိုက်ကမ်းနေတဲ့ နောက်မိန်းကလေးတစ်ယောက်ကို ကျွန်တော် မဂ္ဂဇင်းဝေငှတယ်။ နောက်တစ်ပတ်ကျတော့ သူက ကျွန်တော့်ကို ဖုန်းလှမ်းပေးပြီး “တရုတ်ပြည်ကတစ်ယောက်နဲ့ စကားပြောကြည့်” လို့ ပြောတယ်။ “တရုတ်ပြည်မှာ အသိတစ်ယောက်မှ မရှိဘူး” လို့ ကျွန်တော် ပြောပေမဲ့ အတင်းပေးနေတာကြောင့် ယူပြီး “ဟုတ်ကဲ့၊ ရော်ဘစန်ပါ” လို့ ပြောလိုက်တယ်။ “ကျွန်မ ကေတီလေ။ တရုတ်ပြည် ပြန်ရောက်နေတာ” လို့ တစ်ဖက်ကနေ ပြောလာတယ်။ “တရုတ်ပြည်၊ ဟုတ်လား” လို့ ကျွန်တော် ပြန်မေးလိုက်တယ်။ ကေတီက “ဟုတ်တယ်။ အခု ဦးကို ဖုန်းပေးတဲ့ ကောင်မလေးက ကျွန်မညီမလေ။ ဦးက ကျွန်မကို ကောင်းတာတွေ အများကြီး သင်ပေးခဲ့တယ်။ သူ့ကိုလည်း သင်ပေးပါနော်” လို့ ပြောတယ်။ “ဦး အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်။ ဘယ်ရောက်နေတယ်ဆိုတာ အသိပေးလို့ ကျေးဇူးပဲ” လို့ ကျွန်တော် ပြောလိုက်တယ်။ မကြာခင်မှာပဲ ကေတီရဲ့ ညီမလေးကို နောက်ဆုံးအကြိမ် စကားပြောခွင့်ရခဲ့တယ်။ အဲဒီမိန်းကလေးနှစ်ယောက် ဘယ်နေရာမှာပဲ ရှိနေပါစေ ယေဟောဝါအကြောင်း ဆက်သင်ယူကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်တယ်။

ယေဟောဝါကို အမှုဆောင်လာတာ ၇၃ နှစ်ရှိပြီ။ နိုင်ငံရေးမှာ ကြားနေနိုင်ဖို့၊ ထောင်ထဲမှာ သစ္စာရှိနိုင်ဖို့ ကိုယ်တော် ကူညီပေးခဲ့လို့ သိပ်ပျော်မိတယ်။ မောင်နှမတွေကလည်း အဖေ့ ဆန့်ကျင်မှုကို ကျွန်တော် အရှုံးမပေးဘဲ ကြံ့ကြံ့ခံရပ်တည်ခဲ့လို့ သူတို့ သိပ်အားရှိတယ်လို့ ပြောကြတယ်။ နောက်ဆုံး၊ အမေနဲ့ ကျွန်တော့်မောင်နှမခြောက်ယောက် နှစ်ခြင်းခံခဲ့တယ်။ အဖေ့ သဘောထားလည်း နည်းနည်းပြောင်းပြီး မသေဆုံးခင်အထိ အစည်းအဝေးတချို့ကို လိုက်တက်ခဲ့တယ်။

သေဆုံးသွားတဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေဟာ ဘုရားအလိုတော်ရှိရင် ကမ္ဘာသစ်မှာ ပြန်ထမြောက်လာပါလိမ့်မယ်။ ကိုယ်ချစ်မြတ်နိုးရသူတွေနဲ့အတူ ယေဟောဝါကို ထာဝစဉ်ဝတ်ပြုရတဲ့အခါ ဘယ်လောက်ပျော်စရာကောင်းမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ *

^ စာပိုဒ်၊ 14 နိုင်ငံတချို့မှာ တရားရုံးမှာ အမှုအခင်းတွေကို ကြားနာဖို့၊ တရားစွဲခံရသူ အပြစ်ရှိ,မရှိ ထင်မြင်ချက်ပေးဖို့ အစိုးရ ခန့်ထားလေ့ရှိတဲ့ အရပ်သားအဖွဲ့တစ်ဖွဲ့ဖြစ်တယ်။

^ စာပိုဒ်၊ 32 ဒီဆောင်းပါးကို ပြင်ဆင်နေချိန်မှာပဲ ညီအစ်ကို ကော်ဝမ် ရော်ဘစန်ဟာ ယေဟောဝါအပေါ် သစ္စာရှိရှိ သေဆုံးသွားတယ်။