မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်စည်းလုံးမှု တိုးများအောင် သင် ဘယ်လို လုပ်ဆောင်နိုင်သလဲ

ခရစ်ယာန်စည်းလုံးမှု တိုးများအောင် သင် ဘယ်လို လုပ်ဆောင်နိုင်သလဲ

‘ကိုယ်တော်အားဖြင့် ခန္ဓာကိုယ်တစ်ခုလုံးသည် လိုက်ဖက်စွာ စေ့စပ်ပေါင်းစည်းလျက် ပူးပေါင်းဆောင်ရွက်ကြ၏။’—ဧ. ၄:၁၆

သီချင်း– ၅၃၊ ၁၀၇

၁။ အစကတည်းက ဘုရားသခင့်လုပ်ဆောင်မှုတွေမှာ ဘယ်အချက် ပေါ်လွင်ထင်ရှားသလဲ။

ယေဟောဝါနဲ့ ယေရှုဟာ ဖန်ဆင်းခြင်းလုပ်ငန်း စကတည်းက စည်းလုံးကြတယ်။ ဘာကိုမှမဖန်ဆင်းခင် ယေရှုကို ယေဟောဝါ ဦးဆုံး ဖန်ဆင်းတယ်။ အဲဒီနောက် ယေရှုဟာ ယေဟောဝါနဲ့အတူ တွဲဖက်လုပ်ဆောင်ပြီး ‘ကျွမ်းကျင်လုပ်သားအဖြစ် ဘုရားရဲ့ဘေးမှာ ရှိနေခဲ့တယ်။’ (သု. ၈:၃၀ကဘ) ယေဟောဝါရဲ့ ကျေးကျွန်တွေလည်း အချင်းချင်း ပူးပေါင်းလုပ်ဆောင်ကြတယ်။ ဥပမာ၊ နောဧဟာ မိသားစုနဲ့အတူ သင်္ဘောဆောက်တယ်။ နောက်ပိုင်းမှာ အစ္စရေးတွေဟာ တဲတော်ဆောက်ဖို့၊ ဖြုတ်ဖို့၊ ရွှေ့ဖို့ အတူလုပ်ဆောင်ခဲ့တယ်။ ဗိမာန်တော်မှာ ယေဟောဝါကို တေးဂီတနဲ့ ချီးမွမ်းဖို့ တူရိယာတွေ အတူတကွ တီးမှုတ်ပြီး သီဆိုခဲ့ကြတယ်။ ဒါတွေအားလုံး လုပ်ဆောင်နိုင်ခဲ့တာဟာ အချင်းချင်း ပူးပေါင်းလုပ်ဆောင်ကြလို့ပဲ။—က. ၆:၁၄-၁၆၊ ၂၂; တော. ၄:၄-၃၂; ၅ ရာ. ၂၅:၁-၈

၂။ (က) ပထမရာစု ခရစ်ယာန်အသင်းတော်မှာ ဘယ်အချက် ပေါ်လွင်ထင်ရှားသလဲ။ (ခ) ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။

ပထမရာစုခရစ်ယာန်တွေလည်း ခေါင်းဆောင်ယေရှုခရစ်ရဲ့ လက်အောက်မှာ အချင်းချင်း ပူးပေါင်းလုပ်ဆောင်ကြတယ်။ အားလုံးဟာ အရည်အချင်းတွေ၊ တာဝန်တွေ တစ်မျိုးစီ ရရှိထားပေမဲ့ စည်းလုံးကြတယ်လို့ ပေါလု ပြောတယ်။ အင်္ဂါအစိတ်အပိုင်းအားလုံး ပူးပေါင်းလုပ်ဆောင်တဲ့ ခန္ဓာကိုယ်နဲ့ သူတို့ကို ပေါလု ခိုင်းနှိုင်းခဲ့တယ်။ (၁ ကောရိန္သု ၁၂:၄–၆၊ ၁၂ ကိုဖတ်ပါ။) ဒီနေ့ခေတ်မှာကော ဘယ်လိုလဲ။ ဟောပြောခြင်းလုပ်ငန်းမှာ၊ အသင်းတော်မှာ၊ မိသားစုမှာ ကျွန်တော်တို့ ဘယ်လို ပူးပေါင်းလုပ်ဆောင်နိုင်သလဲ။

ဟောပြောခြင်းလုပ်ငန်းမှာ ပူးပေါင်းလုပ်ဆောင်ပါ

၃။ ဘယ်စိတ်အာရုံကို တမန်တော်ယောဟန် မြင်ခဲ့သလဲ။

ပထမရာစုကုန်ခါနီးမှာ တမန်တော်ယောဟန်က တံပိုးမှုတ်နေတဲ့ ကောင်းကင်တမန် ခုနစ်ပါးကို စိတ်အာရုံမှာ မြင်ခဲ့တယ်။ ပဉ္စမကောင်းကင်တမန် တံပိုးမှုတ်တဲ့အခါ ‘ကောင်းကင်ကနေ မြေကြီးပေါ်ကို ကြယ်တစ်လုံး ကျလာတယ်။’ အဲဒီ “ကြယ်” ဟာ တွင်းနက်ကြီးရဲ့တံခါးကို သော့တစ်ချောင်းနဲ့ ဖွင့်တယ်။ ဖွင့်လိုက်တဲ့အခါ တွင်းထဲကနေ မီးခိုးတွေ တက်လာတယ်။ အဲဒီနောက် မီးခိုးထဲကနေ ကျိုင်းကောင်တွေ ထွက်လာတယ်။ အဲဒီကျိုင်းကောင်တွေက သစ်ပင်တွေကို ဒုက္ခပေးမယ့်အစား “နဖူးပေါ်၌ ဘုရားသခင့် တံဆိပ်တော်မပါသော လူတို့ကို” တိုက်ခိုက်တယ်။ (ဗျာ. ၉:၁-၄) ကျိုင်းကောင်အုပ်ရဲ့ အဖျက်စွမ်းအားကို ယောဟန် သိတယ်။ မောရှေခေတ်တုန်းကလည်း အီဂျစ်ပြည်မှာ ကျိုင်းကောင်ကပ်ဘေး ကျရောက်ခဲ့ဖူးတယ်။ (ထွ. ၁၀:၁၂-၁၅) ယောဟန် မြင်ခဲ့တဲ့ ကျိုင်းကောင်တွေဟာ ယေဟောဝါရဲ့ ပြင်းထန်တဲ့ တရားစီရင်ချက်သတင်းကို ကြေညာနေတဲ့ ဘိသိက်ခံခရစ်ယာန်တွေကို ပုံဆောင်တယ်။ အခုဆိုရင် သန်းနဲ့ချီတဲ့ မြေကြီးမျှော်လင့်ချက်ရှိသူတွေလည်း သူတို့နဲ့ ပူးပေါင်းနေတယ်။ ဟောပြောခြင်းလုပ်ငန်းမှာ သူတို့ စည်းလုံးစွာ ပါဝင်နေကြတယ်။ ဒီလုပ်ငန်းဟာ မှားယွင်းတဲ့ဘာသာနဲ့ စာတန့်ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်ဖို့ လူများစွာကို ကူညီပေးနေတယ်။

အချင်းချင်း ပူးပေါင်း လုပ်ဆောင်တဲ့အတွက် တစ်ကမ္ဘာလုံးမှာ ဟောပြောနိုင်တယ်

၄။ ဘယ်လုပ်ငန်းလုပ်ဆောင်ဖို့ ဘုရားသခင့်လူမျိုး တာဝန်ရရှိထားသလဲ။ အောင်မြင်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက ဘာလဲ။

ဒီလောကစနစ်ရဲ့အဆုံး မရောက်ခင် တစ်ကမ္ဘာလုံးမှာရှိတဲ့လူတွေကို “သတင်းကောင်း” ဟောဖို့ ကျွန်တော်တို့ တာဝန်ရရှိထားတယ်။ တာဝန်ကြီးပါပဲ။ (မ. ၂၄:၁၄; ၂၈:၁၉၊ ၂၀) “အသက်ရေကို” လာသောက်ဖို့ “ရေငတ်သူတိုင်း” ကို ကျွန်တော်တို့ ဖိတ်ခေါ်တယ်။ တစ်နည်းအားဖြင့်၊ ကျမ်းစာအမှန်တရားအကြောင်း နားလည်ချင်သူတိုင်းကို သင်ကြားပေးတယ်။ (ဗျာ. ၂၂:၁၇) ဒါပေမဲ့ အသင်းတော်မှာ အချင်းချင်း ပူးပေါင်းလုပ်ဆောင်မှ၊ “လိုက်ဖက်စွာ စေ့စပ်ပေါင်းစည်း” မှ ဒီလုပ်ငန်း အောင်မြင်နိုင်မယ်။—ဧ. ၄:၁၆

၅၊ ၆။ ဟောပြောခြင်းလုပ်ငန်းက ကျွန်တော်တို့ကို ဘယ်လို စည်းလုံးစေသလဲ။

လူများနိုင်သမျှများများကို ဟောပြောနိုင်ဖို့ဆိုရင် အစီအစဉ်တကျ လုပ်ဆောင်ဖို့ လိုအပ်တယ်။ အသင်းတော်ကနေရရှိတဲ့ လမ်းညွှန်ချက်တွေက အဲဒီလိုလုပ်ဆောင်နိုင်ဖို့ ကူညီပေးတယ်။ လယ်ကွင်းစုဆုံမှုပြီးနောက် ကျွန်တော်တို့ သွားဟောပြောတဲ့အပြင် သန်းနဲ့ချီတဲ့ ကျမ်းစာစာပေတွေ ဝေငှကြတယ်။ တစ်ခါတလေ အထူးဟောပြောခြင်းကင်ပိန်းတွေမှာလည်း ပါဝင်ကြတယ်။ ဒီနည်းအားဖြင့် သင်ဟာ ထပ်တူသတင်းတရားကို ကြေညာနေတဲ့ ညီအစ်ကိုညီအစ်မ သန်းပေါင်းများစွာနဲ့ရော ကောင်းကင်တမန်တွေနဲ့ပါ စည်းလုံးစွာ ပူးပေါင်းလုပ်ဆောင်နေတယ်။—ဗျာ. ၁၄:၆

ကမ္ဘာတစ်ဝန်းက ဟောပြောခြင်းလုပ်ငန်းရဲ့ ရလဒ်တွေကို နှစ်ချုပ်စာအုပ် မှာ ဖတ်ရတဲ့အခါ ကျွန်တော်တို့ စိတ်လှုပ်ရှားကြတယ်။ စည်းဝေးကြီးတွေ တက်ရောက်ဖို့လည်း လူတွေကို ကျွန်တော်တို့ စည်းစည်းလုံးလုံး ဖိတ်ခေါ်ကြတယ်။ အဲဒီစည်းဝေးကြီးတွေမှာ ကြားနာရတဲ့ ဟောပြောချက်တွေ၊ ပြဇာတ်တွေ၊ သရုပ်ပြတွေအားလုံး တစ်ပုံစံတည်းပဲ။ ယေဟောဝါကို အကောင်းဆုံး ပေးဆက်ဖို့ ကျွန်တော်တို့ အားပေးခံရတယ်။ နှစ်တိုင်း သတိရအောက်မေ့ပွဲ တက်ရောက်ချိန်မှာလည်း ကမ္ဘာချီညီအစ်ကိုညီအစ်မတွေနဲ့ စည်းစည်းလုံးလုံးပဲ။ (၁ ကော. ၁၁:၂၃-၂၆) ယေဟောဝါရဲ့ မေတ္တာကို ကျေးဇူးတင်တဲ့အနေနဲ့၊ ယေရှုရဲ့ မိန့်မှာချက်ကို နာခံတဲ့အနေနဲ့ ကျွန်တော်တို့အားလုံး နိသန်လ ၁၄ ရက် နေဝင်ပြီးနောက်မှာ အတူစည်းဝေးကြတယ်။ အောက်မေ့ရာပွဲမတိုင်ခင် သီတင်းပတ်တွေမှာလည်း လူများနိုင်သမျှများများကို ဖိတ်ခေါ်ကြတယ်။

၇။ ကျွန်တော်တို့ရဲ့ စုပေါင်းလုပ်အားကြောင့် ဘာကို ပြီးမြောက်နိုင်သလဲ။

ကျိုင်းကောင်တစ်ကောင်တည်းနဲ့ ဘာမှ အလုပ်မဖြစ်သလို ကျွန်တော်တို့လည်း တစ်ယောက်အားနဲ့ တစ်ကမ္ဘာလုံးကို မဟောနိုင်ဘူး။ ကျွန်တော်တို့အားလုံး ပူးပေါင်းလုပ်ဆောင်နေလို့သာ ဂုဏ်တင်ချီးမွမ်းမှုမှန်သမျှကို ရထိုက်တဲ့ ယေဟောဝါအကြောင်း လူသန်းပေါင်းများစွာကို ကြေညာနိုင်တာဖြစ်တယ်။

အသင်းတော်မှာ ပူးပေါင်းလုပ်ဆောင်ပါ

၈၊ ၉။ (က) ခရစ်ယာန်တွေကို စည်းလုံးနေအောင် သင်ပေးဖို့ ဘယ်ပုံဥပမာကို ပေါလု သုံးခဲ့သလဲ။ (ခ) အသင်းတော်မှာ ဘယ်လို ပူးပေါင်းလုပ်ဆောင်နိုင်သလဲ။

ဧဖက်မြို့ကခရစ်ယာန်တွေဆီ ရေးတဲ့စာမှာ အသင်းတော်ဖွဲ့စည်းပုံအကြောင်း ပေါလု ရှင်းပြတယ်။ အသင်းတော်သားအားလုံးဟာ ‘အရာရာမှာ ကြီးပွား’ ဖို့ လိုတယ်လို့ ပေါလု ပြောတယ်။ (ဧဖက် ၄:၁၅၊ ၁၆ ကိုဖတ်ပါ။) အဲဒီပန်းတိုင်ရောက်အောင် ဘာက ကူညီပေးမလဲ။ လူ့ခန္ဓာကိုယ် ပုံဥပမာကို ပေါလု သုံးပြီး အသင်းတော်ရဲ့ဦးခေါင်း ယေရှုခရစ်ရဲ့ လက်အောက်မှာ စည်းလုံးမှု ရှိနေအောင် ယောက်တိုင်း ကူညီပေးနိုင်တဲ့အကြောင်း အလေးပေးပြောခဲ့တယ်။ ခန္ဓာကိုယ်မှာ အင်္ဂါအစိတ်အပိုင်းအားလုံးဟာ “အဆစ်” တွေအားဖြင့် ပူးပေါင်းလုပ်ဆောင်ကြတယ်။ ဒါကြောင့် လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ၊ ကျန်းမာရေးကောင်းသူဖြစ်စေ၊ မကောင်းသူဖြစ်စေ ကျွန်တော်တို့ယောက်တိုင်း ဘာလုပ်ဆောင်သင့်သလဲ။

အသင်းတော်မှာ စည်းလုံးမှု ရှိနေအောင် သင် ဘယ်လို ကူညီပေးနိုင်သလဲ

အသင်းတော်မှာ ဦးဆောင်ဖို့ အကြီးအကဲတွေကို ယေရှု ခန့်အပ်ထားတယ်။ သူတို့ကို ကျွန်တော်တို့ လေးစားဖို့၊ သူတို့ပေးတဲ့ လမ်းညွှန်ချက်တွေကို လိုက်လျှောက်ဖို့ လိုအပ်တယ်။ (ဟေဗြဲ ၁၃:၇၊ ၁၇) အဲဒီလိုလုပ်ဖို့ အမြဲတော့ မလွယ်ဘူး။ ဒါပေမဲ့ ယေဟောဝါဆီ အကူအညီတောင်းနိုင်တယ်။ အကြီးအကဲတွေပေးတဲ့ ဘယ်လမ်းညွှန်ချက်ကိုမဆို နာခံဖို့ သန့်ရှင်းသောစွမ်းအားတော်က ကူညီပေးနိုင်တယ်။ ကျွန်တော်တို့သာ နှိမ့်ချမှုရှိပြီး အကြီးအကဲတွေနဲ့ ပူးပေါင်းလုပ်ဆောင်ရင် အသင်းတော်ကို ဘယ်လောက် အကူအညီဖြစ်စေမယ်ဆိုတာ စဉ်းစားကြည့်ပါ။ အသင်းတော်စည်းလုံးနေပြီး အချင်းချင်းအပေါ်ထားတဲ့ မေတ္တာလည်း တိုးများလာပါလိမ့်မယ်။

၁၀။ အသင်းတော်အမှုထမ်းတွေဟာ အသင်းတော်စည်းလုံးအောင် ဘယ်လို ကူညီပေးကြသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

၁၀ အသင်းတော်အမှုထမ်းတွေလည်း အသင်းတော်စည်းလုံးအောင် ကူညီပေးကြတယ်။ ဘယ်အသက်အရွယ်ပဲရှိပါစေ အားလုံးကိုအကျိုးပြုတဲ့ လုပ်ငန်းတွေကို ကိုယ်ကျိုးမငဲ့ ထမ်းဆောင်နေကြတယ်။ သူတို့ရဲ့ လုပ်ဆောင်မှုအားလုံးအတွက် ကျေးဇူးတင်စရာပဲ။ ဥပမာ၊ အကြီးအကဲတွေကို သူတို့ ကူညီပေးတယ်။ အမှုဆောင်လုပ်ငန်းမှာ အသုံးပြုဖို့ စာပေအလုံအလောက်ရှိအောင် စီစဉ်ပေးတယ်။ အစည်းအဝေးလာတဲ့ ဧည့်သည်တွေကို ကြိုဆိုနှုတ်ဆက်တယ်။ နိုင်ငံတော်ခန်းမကို ပုံမှန်ပြုပြင်ထိန်းသိမ်းပြီး သန့်သန့်ရှင်းရှင်း ထားကြတယ်။ အဲဒီညီအစ်ကိုတွေနဲ့ ကျွန်တော်တို့ ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် ယေဟောဝါကို စည်းလုံးစွာ စနစ်တကျ ဝတ်ပြုနိုင်မှာဖြစ်တယ်။—တမန်တော် ၆:၃-၆ နဲ့နှိုင်းယှဉ်ပါ။

၁၁။ အသင်းတော်မှာ စည်းလုံးမှုတိုးများအောင် လူငယ်တွေ ဘယ်လို လုပ်ဆောင်နိုင်သလဲ။

၁၁ အကြီးအကဲတချို့ဟာ အသင်းတော် တာဝန်တွေကို နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ကြတယ်။ အခုတော့ အသက်ကြီးလာလို့ အရင်ကလောက် မလုပ်ဆောင်နိုင်တော့တာ ဖြစ်နိုင်တယ်။ သူတို့ကို လူငယ်ညီအစ်ကိုတွေ ကူညီပေးနိုင်ပါတယ်။ လူငယ်ညီအစ်ကိုတွေကို ကောင်းကောင်း လေ့ကျင့်ပေးထားမယ်ဆိုရင် အသင်းတော် တာဝန်တွေကို ပိုထမ်းဆောင်နိုင်ပါလိမ့်မယ်။ အလုပ်ကြိုးစားတဲ့ အသင်းတော်အမှုထမ်းတွေဟာ နောင်တစ်ချိန်မှာ အကြီးအကဲတွေအဖြစ် အရည်အချင်း ပြည့်မီလာနိုင်တယ်။ (၁ တိ. ၃:၁၊ ၁၀) လူငယ်အကြီးအကဲတချို့ဟာ တိုက်နယ်လုပ်ငန်းမှာ ပါဝင်နိုင်လောက်တဲ့အထိ အရည်အချင်း ပြည့်မီလာတဲ့အတွက် အသင်းတော်များစွာကို လည်ပတ်ပြီး ညီအစ်ကိုညီအစ်မတွေကို ကူညီပေးနေကြတယ်။ ဒီလူငယ်တွေရဲ့ လိုလိုလားလား ထောက်မကူညီမှုကို ကျွန်တော်တို့ ကျေးဇူးတင်ကြတယ်။ဆာလံ ၁၁၀:၃ နဲ့ ဒေသနာ ၁၂:၁ တို့ကိုဖတ်ပါ။

မိသားစုမှာ ပူးပေါင်းလုပ်ဆောင်ပါ

၁၂၊ ၁၃။ အိမ်ထောင်မှာ ပူးပေါင်းလုပ်ဆောင်ဖို့ ယောက်တိုင်းကို ဘာက ကူညီပေးနိုင်သလဲ။

၁၂ မိသားစုဝင်အချင်းချင်း ပူးပေါင်းလုပ်ဆောင်ဖို့ ဘာက ကူညီပေးနိုင်သလဲ။ ပတ်စဉ် မိသားစုဝတ်ပြုမှု ပြုလုပ်ခြင်းက ကူညီပေးနိုင်တယ်။ မိဘနဲ့သားသမီးတွေ အချိန်ယူပြီး ယေဟောဝါအကြောင်း အတူလေ့လာခြင်းဟာ အချင်းချင်းအပေါ်ထားတဲ့ မေတ္တာ တိုးများစေတယ်။ မိသားစုဝတ်ပြုမှုမှာ လယ်ကွင်းလုပ်ငန်းအတွက် လေ့ကျင့်မယ်ဆိုရင် ထိထိရောက်ရောက် ဟောပြောဖို့ အကူအညီရရှိနိုင်တယ်။ မိသားစုဝင်တွေဟာ အမှန်တရားအကြောင်း အချင်းချင်း ပြောဆိုတာကို ကြားရတဲ့အခါ၊ အားလုံးမှာ ယေဟောဝါကိုချစ်တဲ့ မေတ္တာနဲ့ အလိုတော်ဆောင်ချင်တဲ့ဆန္ဒရှိမှန်း မြင်ရတဲ့အခါ ပိုရင်းနှီးလာကြတယ်။

ဇနီးမောင်နှံနှစ်ယောက်စလုံး ယေဟောဝါကိုချစ်ပြီး အတူဝတ်ပြုတဲ့အခါ အိမ်ထောင်မှာ ပိုပျော်ရွှင် စည်းလုံးလာပါလိမ့်မယ်

၁၃ အိမ်ထောင်မှာ ခင်ပွန်းနဲ့ဇနီးဟာ ဘယ်လို ပူးပေါင်းလုပ်ဆောင်နိုင်သလဲ။ (မ. ၁၉:၆) သူတို့နှစ်ယောက်စလုံး ယေဟောဝါကိုချစ်ပြီး အတူဝတ်ပြုတဲ့အခါ အိမ်ထောင်မှာ ပိုပျော်ရွှင်စည်းလုံးလာပါလိမ့်မယ်။ သူတို့ဟာ အာဗြဟံနဲ့ စာရာလို၊ ဣဇာက်နဲ့ ရေဗက္ကလို၊ ဧလကာနနဲ့ ဟန္နလို တစ်ယောက်ကိုတစ်ယောက် ချစ်မှန်း ဖွင့်ဟဖော်ပြသင့်တယ်။ (က. ၂၆:၈; ၁ ရာ. ၁:၅၊ ၈; ၁ ပေ. ၃:၅၊ ၆) အဲဒီလို လုပ်ဆောင်မယ်ဆိုရင် အိမ်ထောင်ဖက်အချင်းချင်း စည်းလုံးပြီး ယေဟောဝါနဲ့ ပိုရင်းနှီးလာပါလိမ့်မယ်။ဒေသနာ ၄:၁၂ ကိုဖတ်ပါ။

မိသားစုဝတ်ပြုမှုက လူကြီးနဲ့ လူငယ်တွေကို ပိုရင်းနှီးစေတယ် (အပိုဒ် ၁၂၊ ၁၅ ကိုကြည့်ပါ)

၁၄။ ယေဟောဝါကိုဝတ်မပြုတဲ့ အိမ်ထောင်ဖက်ရှိမယ်ဆိုရင် အိမ်ထောင်ခိုင်မြဲအောင် သင် ဘယ်လို လုပ်ဆောင်နိုင်သလဲ။

၁၄ မယုံကြည်သူနဲ့ အိမ်ထောင်မပြုဖို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း မိန့်မှာထားတယ်။ (၂ ကော. ၆:၁၄) ဒါပေမဲ့ မယုံကြည်သူအိမ်ထောင်ဖက်နဲ့ နေရတဲ့ ညီအစ်ကိုညီအစ်မတွေ ရှိပါတယ်။ တချို့က အိမ်ထောင်ပြုပြီးနောက်မှ အမှန်တရား သိရှိလာကြတယ်။ အိမ်ထောင်ဖက်ကတော့ သက်သေခံ ဖြစ်မလာဘူး။ တချို့ကျတော့ သက်သေခံအချင်းချင်းကို အိမ်ထောင်ပြုပေမဲ့ နောက်ပိုင်းမှာ အိမ်ထောင်ဖက်က အသင်းတော်နဲ့ ဝေးကွာသွားတာ ဖြစ်နိုင်တယ်။ အဲဒီလိုအခြေအနေတွေမှာ ခရစ်ယာန်တွေဟာ ကျမ်းစာမိန့်မှာချက်တွေကို နာခံခြင်းအားဖြင့် အိမ်ထောင်ခိုင်မြဲနေအောင် အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ အမြဲတော့ မလွယ်ပါဘူး။ ဥပမာ၊ မေရီနဲ့ ခင်ပွန်းဖြစ်သူ ဒေးဗစ်ဟာ ယေဟောဝါကို အတူဝတ်ပြုခဲ့ကြတယ်။ ဒါပေမဲ့ ဒေးဗစ်က အစည်းအဝေးတွေ မတက်တော့ဘူး။ မေရီဟာ အိမ်ရှင်မ,ကောင်းဖြစ်ဖို့၊ ကျမ်းစာမူတွေကို ကျင့်သုံးဖို့ ဆက်ကြိုးစားတယ်။ သားသမီးခြောက်ယောက်ကိုလည်း ယေဟောဝါအကြောင်း သင်ပေးပြီး အစည်းအဝေးတွေ၊ စည်းဝေးကြီးတွေ မပျက်မကွက် တက်ရောက်တယ်။ သားသမီးတွေ ကြီးလာပြီး အိမ်ခွဲသွားလို့ မေရီအတွက် ပိုခက်လာပေမဲ့ ယေဟောဝါကို ဆက်ဝတ်ပြုတယ်။ နောက်ပိုင်း၊ သူထားပေးတဲ့ မဂ္ဂဇင်းတွေကို ဒေးဗစ် ယူဖတ်လာတယ်။ တဖြည်းဖြည်း အစည်းအဝေးတွေ ပြန်တက်လာတယ်။ ခြောက်နှစ်အရွယ် မြေးလေးက ဒေးဗစ်အတွက် အမြဲ နေရာဦးပေးတယ်။ ဒေးဗစ် မလာတဲ့အခါ “ဒီနေ့အစည်းအဝေးမှာ ဖိုးဖိုးကို သတိရလိုက်တာ” လို့ ပြောလေ့ရှိတယ်။ အမှန်တရားကနေထွက်သွားပြီး ၂၅ နှစ်အကြာမှာတော့ ယေဟောဝါဆီ ဒေးဗစ် ပြန်လှည့်လာတယ်။ အခု၊ သူနဲ့သူ့ဇနီးဟာ ယေဟောဝါကို ပျော်ရွှင်စွာ အတူပြန်ဝတ်ပြုနေကြတယ်။

၁၅။ အသက်ကြီးတဲ့အိမ်ထောင်သည်တွေဟာ အသက်ငယ်တဲ့အိမ်ထောင်သည်တွေကို ဘယ်လို ကူညီပေးနိုင်သလဲ။

၁၅ မိသားစုတွေကို စာတန် တိုက်ခိုက်နေတယ်။ အဲဒါဟာ အိမ်ထောင်ဖက် အချင်းချင်း ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်ရတဲ့ အကြောင်းရင်းတစ်ခု ဖြစ်တယ်။ အိမ်ထောင်သက် ဘယ်လောက်ပဲ ရှိနေပါစေ အိမ်ထောင်ခိုင်မြဲအောင် ဘယ်လို ပြောဆို၊ လုပ်ဆောင်နိုင်တယ်ဆိုတာ စဉ်းစားပါ။ အသက်ကြီးတဲ့အိမ်ထောင်သည်တွေဟာ အသက်ငယ်တဲ့အိမ်ထောင်သည်တွေကို ကူညီပေးနိုင်တယ်။ မိသားစုဝတ်ပြုမှုမှာ ပါဝင်ဖို့ သူတို့ကို ဖိတ်ခေါ်နိုင်တယ်။ ဒီနည်းအားဖြင့် အိမ်ထောင်သက် ဘယ်လောက်ပဲ ရှိနေပါစေ တစ်ယောက်ကိုတစ်ယောက် ချစ်မှန်း ဖွင့်ဟဖော်ပြပြီး စည်းလုံးနေဖို့ လိုအပ်တယ်ဆိုတာ သူတို့ သိမြင်လာပါလိမ့်မယ်။—တိ. ၂:၃-၇

‘ယေဟောဝါ၏တောင်တော်သို့ တက်သွားကြကုန်အံ့’

၁၆၊ ၁၇။ စည်းလုံးမှုရှိတဲ့ ဘုရားသခင့်ကျေးကျွန်တွေ ဘာကို စောင့်မျှော်နေသလဲ။

၁၆ အစ္စရေးတွေဟာ ပွဲတော်တွေတက်ဖို့ ဂျေရုဆလင်ကို သွားတဲ့အခါ အချင်းချင်း ပူးပေါင်းလုပ်ဆောင်ကြတယ်။ ခရီးအတွက် လိုအပ်တာတွေ ပြင်ဆင်ကြတယ်။ အတူခရီးသွားပြီး လမ်းတစ်လျှောက် အချင်းချင်း ကူညီရိုင်းပင်းကြတယ်။ ဗိမာန်တော်ရောက်တဲ့အခါ ယေဟောဝါကို စည်းစည်းလုံးလုံး ဝတ်ပြုချီးမွမ်းကြတယ်။ (လု. ၂:၄၁-၄၄) ဒီနေ့လည်း ကမ္ဘာသစ်ကို ခရီးနှင်ရင်း အချင်းချင်း စည်းစည်းလုံးလုံး ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်တယ်။ ဒီကဏ္ဍမှာ သင် ပိုတိုးတက်အောင် လုပ်ဆောင်ဖို့ လိုအပ်နေသလား။

၁၇ ဒီနေ့လောကမှာ လူတွေဟာ ထစ်ခနဲဆို တုတ်တပြက်ဓားတပြက် ဖြစ်ကြတယ်။ ကျွန်တော်တို့ကိုတော့ အေးအေးချမ်းချမ်း နေတတ်အောင် ယေဟောဝါ သင်ပေးထားလို့ ကျေးဇူးတင်စရာပဲ။ ကမ္ဘာတစ်ဝန်းမှာ ဘုရားသခင့်လူမျိုးဟာ ဘုရားသခင်ကို စည်းစည်းလုံးလုံး ဝတ်ပြုနေကြတယ်။ ဟေရှာယနဲ့ မိက္ခာရဲ့ ကြိုဟောချက် ပြည့်စုံနေတာကို ကျွန်တော်တို့ မြင်တွေ့နေရတယ်။ ဘုရားသခင့်လူမျိုးဟာ အထူးသဖြင့် ဒီ ‘နောက်ဆုံးကာလမှာ’ ‘ယေဟောဝါ၏တောင်’ ပေါ်ကို စည်းစည်းလုံးလုံး တက်သွားနေကြတယ်။ (ဟေရှာ. ၂:၂-၄; မိက္ခာ ၄:၂–၄ ကိုဖတ်ပါ။) အနာဂတ်မှာ လူသားအားလုံး ယေဟောဝါကို ဝတ်ပြုဖို့ “လိုက်ဖက်စွာ စေ့စပ်ပေါင်းစည်း” ပြီး ပူးပေါင်းလုပ်ဆောင်တဲ့အခါ ဘယ်လောက် ပျော်ရွှင်စရာကောင်းမယ်ဆိုတာ မြင်ယောင်ကြည့်လိုက်ပါ။