မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

ဘုရားသခင့်လူမျိုးဟာ ဘယ်အချိန်တုန်းက မဟာဗာဗုလုန်ရဲ့ သုံ့ပန်းဘဝ ကျရောက်ခဲ့သလဲ။

အေဒီ ၁၀၀ နောက်ပိုင်း တစ်ချိန်ချိန်ကစပြီး ၁၉၁၉ ခုနှစ်အထိ မဟာဗာဗုလုန်ရဲ့ သုံ့ပန်းဘဝ ကျရောက်ခဲ့တယ်။ အခုလို နားလည်မှုပြုပြင်ပြောင်းလဲဖို့ ဘာကြောင့် လိုအပ်သလဲ။

ဘိသိက်ခံခရစ်ယာန်တွေဟာ ၁၉၁၉ မှာ မဟာဗာဗုလုန်ရဲ့ ချုပ်နှောင်မှုကနေ လွတ်မြောက်မှန်း၊ အဲဒီအချိန်ကစပြီး သန့်ရှင်းတဲ့အသင်းတော်ထဲ စုသိမ်းခံရမှန်း အထောက်အထားအားလုံးက ဖော်ပြတယ်။ ဒီအချက်ကို စဉ်းစားကြည့်ပါ– ၁၉၁၄ တုန်းက ကောင်းကင်မှာ ဘုရားသခင့်နိုင်ငံတော် တည်ထောင်ပြီးတာနဲ့ ဘုရားသခင့်လူမျိုးဟာ စမ်းသပ်ခံရပြီး သန့်စင်ခံခဲ့ရတယ်။ * (မာလ. ၃:၁-၄) အဲဒီနောက် ၁၉၁၉ မှာ ယေရှုဟာ သန့်စင်ခံရပြီးဖြစ်တဲ့ ဘုရားသခင့်လူမျိုးကို “အချိန်တန်အစာ ဝေပေး” ဖို့ ‘သစ္စာနဲ့ သတိပညာရှိကျွန်’ ကို ခန့်အပ်ခဲ့တယ်။ (မ. ၂၄:၄၅-၄၇) အဲဒီနှစ်မှာပဲ ဘုရားသခင့်လူမျိုးဟာ မဟာဗာဗုလုန်ရဲ့ ပုံဆောင်သုံ့ပန်းဘဝကနေ လွတ်မြောက်ခဲ့တယ်။ (ဗျာ. ၁၈:၄) ဒါပေမဲ့ ဘယ်အချိန်ကစပြီး သုံ့ပန်းဘဝ ကျရောက်ခဲ့သလဲ။

ဘုရားသခင့်လူမျိုးဟာ မဟာဗာဗုလုန်ရဲ့ သုံ့ပန်းဘဝကို ၁၉၁၈ ကစပြီး အချိန်တစ်ခဏပဲ ကျရောက်ခဲ့တယ်လို့ အရင်တုန်းက ရှင်းပြခဲ့တယ်။ ဥပမာ၊ ၁၉၉၂၊ မတ် ၁၅ ကင်းမျှော်စင် မှာ အခုလို ဖော်ပြထားတယ်– “သို့သော် ရှေးဘုရားသခင့်လူမျိုးတော်သည် အချိန်အတိုင်းအတာတစ်ခုအထိ ဗာဗုလုန်သုံ့ပန်းအဖြစ် ခေါ်ဆောင်ခံရသကဲ့သို့ပင် ၁၉၁၈ ခုနှစ်ရောက်သောအခါ ယေဟောဝါ၏ကျေးကျွန်များသည် မဟာဗာဗုလုန်အနှောင်အဖွဲ့အောက်သို့ တစ်စိတ်တစ်ဒေသ ရောက်ရှိခဲ့သည်။” ဒါပေမဲ့ ဘုရားသခင့်လူမျိုးဟာ မဟာဗာဗုလုန်ရဲ့ သုံ့ပန်းဘဝကို ၁၉၁၈ မတိုင်ခင် နှစ်ပေါင်းများစွာကတည်းက ကျရောက်ခဲ့မှန်း ထပ်ဆင့်လေ့လာမှုတွေက ဖော်ပြတယ်။

ဥပမာ၊ ဘုရားသခင့်လူမျိုး သုံ့ပန်းဘဝ ကျရောက်ပြီးနောက် ပြန်လွတ်လာမယ့်အကြောင်း ယေဇကျေလ ၃၇:၁-၁၄ မှာ ကြိုဟောထားတယ်။ အရိုးတွေပြည့်နေတဲ့ ချိုင့်ဝှမ်းတစ်ခုကို စိတ်အာရုံမှာ ယေဇကျေလ မြင်ခဲ့တယ်။ ‘ဒီအရိုးတွေဟာ အစ္စရေးတစ်မျိုးလုံးကို ဆိုလိုတယ်’ လို့ ယေဟောဝါ ပြောတယ်။ (အခန်းငယ် ၁၁၊ ကဘ) ဒီပရောဖက်ပြုချက်ဟာ ပကတိအစ္စရေးလူမျိုးမှာ အသေးစား ပြည့်စုံခဲ့ပြီး ဘိသိက်ခံတွေဖြစ်တဲ့ “ဘုရားသခင်၏ အစ္စရေးလူမျိုး” မှာ အကြီးစား ပြည့်စုံခဲ့တယ်။ (ဂလ. ၆:၁၆; တ. ၃:၂၁) အရိုးတွေ အသက်ပြန်ဝင်လာပြီး စစ်တပ်အလုံးအရင်းကြီး ဖြစ်လာတာကို စိတ်အာရုံမှာ ယေဇကျေလ ဆက်မြင်တယ်။ ဒါက ၁၉၁၉ မှာ မဟာဗာဗုလုန်ရဲ့ ချုပ်နှောင်မှုကနေ ဘုရားသခင့်လူမျိုး လွတ်မြောက်လာမယ့်ပုံကို သရုပ်ဖော်တယ်။ ဒါပေမဲ့ သုံ့ပန်းဘဝရဲ့ ကြာရှည်ချိန်နဲ့ပတ်သက်ပြီး ဒီပရောဖက်ပြုချက်က ဘာဖော်ပြသလဲ။

ဦးဆုံး၊ လူသေအရိုးတွေ “အလွန်သွေ့ခြောက်” နေတာကို ယေဇကျေလ သတိပြုမိတယ်။ (ယေဇ. ၃၇:၂၊ ၁၁) လူတွေ သေဆုံးတာ အတော်ကြာနေပြီဆိုတဲ့သဘော ဖြစ်တယ်။ ဒုတိယ၊ လူသေတွေဟာ ချက်ချင်း မဟုတ်ဘဲ တဖြည်းဖြည်း အသက်ပြန်ရှင်လာတာကို ယေဇကျေလ မြင်တွေ့တယ်။ ‘တချောက်ချောက် မြည်သံတွေ ထွက်ပေါ်လာပြီး အရိုးတွေ တစ်ခုနဲ့တစ်ခု ဆက်သွားတယ်။’ အဲဒီနောက် ‘အရိုးတွေပေါ်မှာ အရွတ်တွေ၊ အသားတွေ တက်လာတယ်။’ ပြီးနောက် အသားကို အရေပြားဖုံးသွားတယ်။ အဲဒီနောက် ‘အသက်စွမ်းအား ဝင်လာတဲ့အတွက် သူတို့ အသက်ရှင်လာတယ်။’ နောက်ဆုံး၊ အသက်ပြန်ရှင်လာသူတွေကို သူတို့ရဲ့ပြည်မှာ ယေဟောဝါ နေရာချပေးတယ်။ ဒါတွေအားလုံးဖြစ်လာဖို့ အချိန်လိုပါလိမ့်မယ်။—ယေဇ. ၃၇:၇-၁၀၊ ၁၄ကဘ။

ကြိုဟောထားတဲ့အတိုင်း ရှေးခေတ်အစ္စရေးလူမျိုးတွေဟာ အချိန်အတော်ကြာ သုံ့ပန်းဘဝ ရောက်ခဲ့တယ်။ ဘီစီ ၇၄၀ မှာ မြောက်ပိုင်းဆယ်နွယ်နိုင်ငံက အစ္စရေးတွေ ပြည်နှင်ခံရချိန်မှာ အဲဒီသုံ့ပန်းဘဝ စတင်ခဲ့တယ်။ နောက်ပိုင်း၊ ဘီစီ ၆၀၇ မှာ ဂျေရုဆလင်မြို့ ဖျက်ဆီးခံရပြီး တောင်ပိုင်းယုဒနိုင်ငံက အစ္စရေးတွေ ပြည်နှင်ခံခဲ့ရတယ်။ အဲဒီသုံ့ပန်းဘဝဟာ ဘီစီ ၅၃၇ မှာ ပြီးဆုံးခဲ့တယ်။ အဲဒီနှစ်မှာ ဂျူးအကြွင်းအကျန်တွေ ပြည်တော်ပြန်လာတယ်။ ဂျေရုဆလင်မှာ ဗိမာန်တော်ကို ပြုပြင်ပြီး စင်ကြယ်တဲ့ဝတ်ပြုရေးကို ပြန်တည်ထောင်ခဲ့ကြတယ်။

ဒီအသေးစိတ်အချက်အလက်အားလုံးက ဘိသိက်ခံခရစ်ယာန်တွေဟာ ၁၉၁၈ ကနေ ၁၉၁၉ အတွင်းသာ မဟာဗာဗုလုန်ရဲ့ သုံ့ပန်းဘဝ ကျရောက်ခဲ့တာမဟုတ်ဘဲ အချိန်အတော်ကြာ ကျရောက်ခဲ့တာဖြစ်ရမယ်ဆိုတာ ဖော်ပြတယ်။ ရှည်လျားတဲ့ အဲဒီကြာရှည်ချိန်အကြောင်း ယေရှုလည်း ပြောခဲ့တယ်။ ခရစ်ယာန်အတုအယောင်တွေဖြစ်တဲ့ ပေါင်းပင်တွေဟာ “နိုင်ငံတော်သား” တွေဖြစ်တဲ့ ဂျုံစပါးပင်တွေနဲ့အတူ ကြီးထွားလာမယ်လို့ ယေရှု ပြောတယ်။ (မ. ၁၃:၃၆-၄၃) အဲဒီအချိန်အတောအတွင်း ခရစ်ယာန်စစ်အနည်းငယ်ပဲ ရှိခဲ့တယ်။ ခရစ်ယာန်လို့ပြောတဲ့သူ အများစုဟာ မှားယွင်းတဲ့သွန်သင်ချက်တွေကို လက်ခံပြီး အယူဖောက်ပြန်သူတွေ ဖြစ်လာတယ်။ ဒါကြောင့် ခရစ်ယာန်အသင်းတော်ဟာ မဟာဗာဗုလုန်ရဲ့ သုံ့ပန်းဘဝ ကျရောက်ခဲ့တယ်လို့ ပြောနိုင်တယ်။ အဲဒီအချိန်ဟာ အေဒီ ၁၀၀ နောက်ပိုင်း တစ်ချိန်ချိန်ကနေ စတင်ပြီး နောက်ဆုံးကာလမှာ ဘုရားသခင့် ပုံဆောင်ဗိမာန်တော်ကို သန့်စင်ချိန်အထိ ဆက်ကြာရှည်တယ်။—တ. ၂၀:၂၉၊ ၃၀; ၂ သက်. ၂:၃၊ ၆; ၁ ယော. ၂:၁၈၊ ၁၉

အဲဒီနှစ်ပေါင်းများစွာအတွင်း ချာ့ခ်ျခေါင်းဆောင်တွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေက လူတွေကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဥပမာ၊ လူတွေကို ကျမ်းစာပိုင်ဆိုင်ခွင့် မပေးဘူး။ နေ့စဉ်သုံးစကားနဲ့ ကျမ်းစာဖတ်တာကို ရာဇဝတ်မှုအဖြစ်ယူမှတ်တယ်။ ကျမ်းစာဖတ်ရှုသူတချို့ဟာ သစ်တိုင်မှာ မီးရှို့ခံရတယ်။ ချာ့ခ်ျခေါင်းဆောင်တွေရဲ့ သွန်သင်ချက်ကို ဆန့်ကျင်သူတိုင်း ပြင်းပြင်းထန်ထန် အပြစ်ပေးခံရတယ်။ အမှန်တရားကို သင်ယူဖို့၊ တခြားသူတွေကို သင်ပေးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်ပဲ။

ဘုရားသခင့်လူမျိုးဟာ တဖြည်းဖြည်း အသက်ပြန်ရှင်လာပြီး မှားယွင်းတဲ့ ဘာသာကနေ လွတ်မြောက်လာမယ်လို့ ယေဇကျေလရဲ့ စိတ်အာရုံကနေ ကျွန်တော်တို့ သိခဲ့ရတယ်။ ဘယ်အချိန်မှာ ဘယ်နည်းနဲ့ အဲဒီလို ဖြစ်လာသလဲ။ ‘တချောက်ချောက် မြည်သံ’ အကြောင်း စိတ်အာရုံမှာ ဖော်ပြထားတယ်။ နောက်ဆုံးကာလ မတိုင်ခင် ရာစုနှစ်အနည်းငယ်အတွင်း အဲဒီလို စတင်ဖြစ်ပျက်လာတယ်။ မှားယွင်းတဲ့သွန်သင်ချက်တွေ လွှမ်းမိုးနေတဲ့ကြား သစ္စာရှိသူတချို့ဟာ အမှန်တရားကို ရှာဖွေပြီး စစ်မှန်တဲ့ဝတ်ပြုရေးဘက် ရပ်တည်ခဲ့ကြတယ်။ ကျမ်းစာကို သေချာလေ့လာပြီး သိရှိလာတာတွေကို အတတ်နိုင်ဆုံး ဝေမျှကြတယ်။ တချို့က ကျမ်းစာကို သာမန်လူတွေပြောတဲ့ နေ့စဉ်သုံးစကားတွေနဲ့ ဘာသာပြန်ခဲ့ကြတယ်။

အဲဒီနောက် ၁၈၇၀ ဝန်းကျင်မှာ အရိုးတွေပေါ် အသားတွေ၊ အရေပြားတွေ တက်လာသလိုမျိုး ဖြစ်ခဲ့တယ်။ ချားလ်စ် တေ့စ် ရပ်စယ်လ်နဲ့ အပေါင်းပါတွေဟာ ကျမ်းစာအမှန်တရားကို ကြိုးစားရှာဖွေခဲ့ကြတယ်။ ဇိအုန်ကင်းမျှော်စင် နဲ့ တခြားစာပေတွေ သုံးပြီး အမှန်တရားကို တခြားသူတွေ နားလည်လာအောင် ကူညီပေးခဲ့တယ်။ ၁၉၁၄ မှာ “ဖန်ဆင်းခြင်း ဓာတ်ပုံပြဇာတ်” နဲ့ ၁၉၁၇ မှာ ပြီးဆုံးလေသောနက်နဲရာ စာအုပ်စတဲ့ ကိရိယာတွေက ယေဟောဝါရဲ့ လူမျိုးကို ယုံကြည်ခြင်း ခိုင်ခံ့စေခဲ့တယ်။ နောက်ဆုံး၊ ၁၉၁၉ မှာ ဘုရားသခင့်လူမျိုးဟာ အသက်ပြန်ရှင်လာပြီး ပုံဆောင်ပြည်တော်သစ်မှာ နေရာရခဲ့တယ်။ အဲဒီအချိန်ကစပြီး ဘိသိက်ခံတွေနဲ့အတူ မြေကြီးမျှော်လင့်ချက်ရှိသူတွေ ပူးပေါင်းလာတယ်။ သူတို့အားလုံး ယေဟောဝါကို အတူဝတ်ပြုပြီး ‘စစ်တပ်အလုံးအရင်းကြီး’ ဖြစ်လာတယ်။—ယေဇ. ၃၇:၁၀ကဘ; ဇာ. ၈:၂၀-၂၃ *

ဒါကြောင့် ဘုရားသခင့်လူမျိုးဟာ အေဒီ ၁၀၀ နောက်ပိုင်းကစပြီး မဟာဗာဗုလုန်ရဲ့ သုံ့ပန်းဘဝ ကျရောက်ခဲ့တာ ထင်ရှားတယ်။ အဲဒီအချိန်အတောအတွင်း အယူဖောက်ပြန်မှု ကြီးထွားလာတယ်။ ရှေးအစ္စရေးတွေ သုံ့ပန်းဘဝ ကျရောက်ချိန်တုန်းကလိုပဲ နှစ်ပေါင်းများစွာတစ်လျှောက် ယေဟောဝါကို ဝတ်ပြုဖို့ သိပ်ခက်ခဲခဲ့တယ်။ ဒီနေ့ခေတ်မှာတော့ လူတိုင်းကို သတင်းကောင်း ဟောပြောနေတယ်။ ‘ထိုးထွင်းဉာဏ်ရှိသူတွေ ထွန်းလင်းတောက်ပနေ’ တဲ့အချိန်မှာ ကျွန်တော်တို့ အသက်ရှင်နေရလို့ ဝမ်းသာစရာပဲ။ လူများစွာဟာ ‘ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းဖြူစင်အောင် လုပ်’ ပြီး စစ်မှန်တဲ့ဝတ်ပြုရေးကို လက်ခံနိုင်ကြပြီ။—ဒံ. ၁၂:၃၊ ၁၀ကဘ။

စာတန်ဟာ ယေရှုကို သွေးဆောင်ချိန်မှာ တကယ့် ဗိမာန်တော်ဆီ ခေါ်သွားတာလား ဒါမှမဟုတ် စိတ်အာရုံမှာ ပြတာလား။

ယေရှုမြင်အောင် ဗိမာန်တော်ကို စာတန် ဘယ်လို ပြခဲ့တယ်ဆိုတာ ကျွန်တော်တို့ အတိအကျ မသိဘူး။

ဒီဖြစ်ရပ်ကို ကျမ်းရေးသူ မဿဲရော လုကာပါ မှတ်တမ်းတင်ခဲ့တယ်။ ‘မာရ်နတ်သည် ယေရှုကို သန့်ရှင်းသောမြို့တော် (ဂျေရုဆလင်) သို့ ခေါ်ဆောင်သွား၍ ဗိမာန်တော်အထွတ် (အမြင့်ဆုံးနေရာ) ၌ ထား၏’ လို့ မဿဲ ရေးတယ်။ (မ. ၄:၅) ‘မာရ်နတ်သည် ယေရှုကို ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်သွား၍ ဗိမာန်တော်အထွတ်၌ ထား၏’ လို့ လုကာ ရေးတယ်။—လု. ၄:၉

စာတန်ဟာ ယေရှုကို သွေးဆောင်ချိန်မှာ တကယ့် ဗိမာန်တော်ဆီ ခေါ်သွားတာ မဖြစ်နိုင်ဘူးလို့ အရင်တုန်းက အဖွဲ့အစည်းထုတ် စာပေတွေမှာ ရှင်းပြခဲ့တယ်။ ဥပမာ၊ ဒီသွေးဆောင်မှုနဲ့ ယေရှုကို တောင်ပေါ် ခေါ်သွားပြီး လောကတိုင်းနိုင်ငံရှိသမျှကို ပြတဲ့ သွေးဆောင်မှု နှစ်ခုကို ၁၉၆၁၊ မတ် ၁ ကင်းမျှော်စင်မှာ နှိုင်းယှဉ်ပြတယ်။ လောကတိုင်းနိုင်ငံရှိသမျှကို မြင်နိုင်လောက်အောင် မြင့်မားတဲ့တောင် မရှိဘူး။ ဒါကြောင့် ဒီတစ်ကြိမ်မှာလည်း ယေရှုကို တကယ့် ဗိမာန်တော်ဆီ ခေါ်သွားတာ မဖြစ်နိုင်ဘူးလို့ အဲဒီ ကင်းမျှော်စင် မှာ ရှင်းပြတယ်။ ဒါပေမဲ့ ဗိမာန်တော်အပေါ်ကနေ ခုန်ချလိုက်ရင် သေသွားနိုင်တယ်ဆိုတော့ မြင့်တဲ့နေရာမှာ သူတို့ တကယ်ရောက်နေတာ ဖြစ်ရမယ်လို့ နောက်လထုတ် ကင်းမျှော်စင် တွေမှာ ရှင်းပြပြန်တယ်။

တချို့ကလည်း ယေရှုဟာ လေဝိသား မဟုတ်တဲ့အတွက် ဗိမာန်တော်ရဲ့ သန့်ရှင်းရာဌာန အမိုးပေါ်မှာ ရပ်ခွင့်မရှိဘူးလို့ ပြောကြတယ်။ ဒါကြောင့် စိတ်အာရုံကတစ်ဆင့် ယေရှုကို စာတန် သွေးဆောင်တာဖြစ်ရမယ်လို့ သူတို့ ပြောတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကလည်း ယေဇကျေလဟာ စိတ်အာရုံကတစ်ဆင့် ဗိမာန်တော်ဆီ ခေါ်ဆောင်သွားခံရတယ်။—ယေဇ. ၈:၃၊ ၇-၁၀; ၁၁:၁၊ ၂၄; ၃၇:၁၊ ၂

ဒါပေမဲ့ ယေရှုကို စိတ်အာရုံကတစ်ဆင့် ဗိမာန်တော်ဆီ စာတန် ခေါ်ဆောင်သွားတယ်ဆိုရင် တချို့ အခုလို တွေးမိနိုင်တယ်-

  • အဲဒီလိုသာဆိုရင် ဗိမာန်တော်အပေါ်ကနေ ခုန်ချဖို့ ယေရှုအတွက် တကယ့် သွေးဆောင်မှုဖြစ်ပါ့မလား။

  • စာတန်ဟာ ကျောက်ခဲကို မုန့်ဖြစ်အောင် တကယ် လုပ်ဖို့၊ သူ့ကို တကယ် ရှိခိုးဦးချဖို့ ယေရှုကို သွေးဆောင်ခဲ့တယ်။ ဒါကြောင့် ဒီတစ်ကြိမ်မှာလည်း ဗိမာန်တော်အပေါ်ကနေ တကယ် ခုန်ချဖို့ သွေးဆောင်တာ မဖြစ်နိုင်ဘူးလား။

ဒါပေမဲ့ ယေရှုကို စိတ်အာရုံကတစ်ဆင့် မဟုတ်ဘဲ ဗိမာန်တော်ဆီ စာတန် တကယ် ခေါ်သွားခဲ့တယ်ဆိုရင်လည်း တချို့ အခုလို တွေးမိနိုင်တယ်-

  • အဲဒီလိုသာဆိုရင် ဗိမာန်တော်ရဲ့ သန့်ရှင်းရာဌာန အမိုးပေါ်မှာ ရပ်တဲ့အတွက် ပညတ်တရားကို ယေရှု ချိုးဖောက်ခဲ့တာလား။

  • တောကန္တာရကနေ ဂျေရုဆလင်ဗိမာန်တော်ကို ယေရှု ဘယ်လို ရောက်သွားတာလဲ။

ဒီနောက်ဆုံးမေးခွန်းနှစ်ခုကို ဖြေဆိုနိုင်ဖို့ ထပ်ဆင့်ရှာဖွေလေ့လာမှုတွေက ကူညီပေးတယ်။

ပါမောက္ခ ဒီအေကာဆန်က မဿဲနဲ့ လုကာ အသုံးပြုခဲ့တဲ့ “ဗိမာန်တော်” ဆိုတဲ့ ဂရိစကားလုံးဟာ လေဝိသားတွေပဲ ဝင်ထွက်ခွင့်ရှိတဲ့ သန့်ရှင်းရာဌာနလောက်ကိုသာ မဟုတ်ဘဲ ဗိမာန်တော်ဧရိယာတစ်ခုလုံးကို ဆိုလိုတာဖြစ်နိုင်တယ်လို့ ပြောတယ်။ ဗိမာန်တော်ရဲ့ အရှေ့တောင်ဘက်ထောင့်မှာ အမိုးပြားအဆောက်အအုံ ရှိတယ်။ အဲဒီနေရာဟာ ဗိမာန်တော်မှာ အမြင့်ဆုံးနေရာ ဖြစ်တယ်။ အဲဒီအမိုးပေါ်မှာ ယေရှု ရပ်ခဲ့တာဖြစ်နိုင်တယ်။ အဲဒီနေရာကနေ ကေဒြုန်ချိုင့်ဝှမ်း ကြမ်းပြင်အထိ ပေ ၄၅၀ (၁၃၇ မီတာ) လောက် ကွာဝေးတယ်။ အဲဒီနေရာဟာ မြင့်လွန်းလို့ လူတစ်ယောက် အဲဒီမှာရပ်ပြီး ငုံ့ကြည့်ရင် “ခေါင်းမူးသွားလိမ့်မယ်” လို့ သမိုင်းပညာရှင် ဂျိုစီဖတ်စ် ပြောတယ်။ လေဝိသားမဟုတ်တဲ့ ယေရှုဟာ အဲဒီနေရာမှာ ရပ်ခွင့်ရှိပြီး ဘယ်သူမှ တားမြစ်မှာမဟုတ်ဘူး။

တောကန္တာရကနေ ဂျေရုဆလင်ဗိမာန်တော်ကို ယေရှု ဘယ်လို ရောက်သွားနိုင်သလဲ။ ကျွန်တော်တို့ အတိအကျ မသိဘူး။ စာတန်ဟာ ယေရှုကို ဂျေရုဆလင်မြို့ဆီ ခေါ်ဆောင်သွားတယ်လို့ပဲ ကျမ်းစာ ပြောတယ်။ ဂျေရုဆလင်မြို့နဲ့ ဘယ်လောက် အကွာအဝေးမှာ ယေရှု ရှိနေတယ် ဒါမှမဟုတ် စာတန်ရဲ့ သွေးဆောင်မှုကို ဘယ်လောက်ကြာကြာ ကြုံခဲ့ရတယ်လို့ ကျမ်းစာမှာ မပြောထားဘူး။ ဒါကြောင့် ဂျေရုဆလင်မြို့ကို ယေရှု လမ်းလျှောက်သွားတာ ဖြစ်နိုင်တယ်။ အဲဒီလိုလျှောက်ဖို့ အချိန်အတော်ကြာနိုင်တယ်။

“လောကတိုင်းနိုင်ငံရှိသမျှ” ကို ပြပြီး ယေရှုကို စာတန် သွေးဆောင်တာရော ဘယ်လို ပြောမလဲ။ အဲဒီနိုင်ငံအားလုံးကို ယေရှု တကယ် မြင်ခဲ့တာ မဖြစ်နိုင်ဘူး။ အဲဒါတွေအားလုံးကို မြင်နိုင်လောက်အောင် မြင့်မားတဲ့ ပကတိတောင် မရှိဘူး။ ဒါကြောင့် စိတ်အာရုံကတစ်ဆင့် စာတန် ပြတာ ဖြစ်နိုင်တယ်။ ကမ္ဘာ့တခြားဒေသတွေရဲ့ ဓာတ်ပုံတွေကို ဖန်သားပြင်မှာ ပြသလိုပေါ့။ စာတန်ဟာ ယေရှုကို စိတ်အာရုံကတစ်ဆင့် တိုင်းနိုင်ငံအားလုံးကို ပြခဲ့တာ ဖြစ်နိုင်ပေမဲ့ သူ့ကို “ကိုးကွယ်” ဖို့ကျတော့ စိတ်ကူးနဲ့မဟုတ်ဘဲ တကယ် လုပ်စေချင်တာ ဖြစ်တယ်။ (မ. ၄:၈၊ ၉) ဒါကြောင့် ယေရှုကို ဗိမာန်တော်ဆီ ခေါ်သွားတဲ့အခါ တကယ် ခုန်ချစေချင်ပြီး သေစေချင်တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ယေရှု အဲဒီလို မလုပ်ခဲ့ဘူး။ ယေရှုသာ စိတ်အာရုံကတစ်ဆင့် သွေးဆောင်ခံရတယ်ဆိုရင် ဒီလောက်အထိ သွေးဆောင်မှုဖြစ်ခဲ့မှာ မဟုတ်ဘူး။

ဒါကြောင့် ဂျေရုဆလင်ကို ယေရှု တကယ် သွားခဲ့တာဖြစ်နိုင်ပြီး ဗိမာန်တော်ရဲ့ အမြင့်ဆုံးနေရာမှာ တကယ် ရပ်ခဲ့တာ ဖြစ်နိုင်တယ်။ ဆောင်းပါးအစမှာ ပြောသလို ယေရှုကို သွေးဆောင်ဖို့ ဗိမာန်တော်ကို စာတန် ဘယ်လို ပြခဲ့တယ်ဆိုတာ ကျွန်တော်တို့ အတိအကျ မသိဘူး။ ဒါပေမဲ့ အမှားလုပ်ဖို့ ယေရှုကို စာတန် တကယ် သွေးဆောင်ခဲ့ပြီး အကြိမ်တိုင်းမှာ ယေရှု ပြတ်ပြတ်သားသား ငြင်းခဲ့တာကိုတော့ စိတ်ချနိုင်ပါတယ်။

^ စာပိုဒ်၊ 2 ယေဇကျေလ ၃၇:၁-၁၄ နဲ့ ဗျာဒိတ် ၁၁:၇-၁၂ နှစ်ခုစလုံးဟာ ၁၉၁၉ မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်အကြောင်း ဖော်ပြတယ်။ ယေဇကျေလ ၃၇:၁-၁၄ မှာပါတဲ့ ပရောဖက်ပြုချက်က ကြာရှည်တဲ့သုံ့ပန်းဘဝ ပြီးနောက် ၁၉၁၉ မှာ ဘုရားသခင့်လူမျိုးအားလုံး စစ်မှန်တဲ့ဝတ်ပြုရေး ပြန်ထူထောင်တဲ့အကြောင်း ကြိုဟောတယ်။ ဗျာဒိတ် ၁၁:၇-၁၂ မှာပါတဲ့ ပရောက်ဖက်ပြုချက်ကတော့ ဘုရားသခင့်လူမျိုးကို ဦးဆောင်နေတဲ့ ဘိသိက်ခံညီအစ်ကို အုပ်စုငယ်လေးဟာ မလှုပ်မရှားဖြစ်အောင် အချိန်တစ်ခဏ အတင်းအကျပ် ပြုလုပ်ခံရပြီးနောက် ၁၉၁၉ မှာ ပြန်သက်ဝင်လှုပ်ရှားလာတဲ့အကြောင်း ကြိုဟောတယ်။