မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်တို့၊ နှစ်ခြင်းခံဖို့ ဘယ်လို အသင့်ပြင်နိုင်သလဲ

လူငယ်တို့၊ နှစ်ခြင်းခံဖို့ ဘယ်လို အသင့်ပြင်နိုင်သလဲ

“အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်၏အလိုကိုဆောင်ရာ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ၏။”—ဆာ. ၄၀:၈

သီချင်း– ၅၁၊ ၅၈

၁၊ ၂။ (က) နှစ်ခြင်းဟာ ဘာကြောင့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ဖြစ်မှန်း ရှင်းပြပါ။ (ခ) နှစ်ခြင်းမခံခင် ဘယ်အချက်တွေကို သေချာအောင် လုပ်ဆောင်သင့်သလဲ။

သင်ဟာ နှစ်ခြင်းခံဖို့ စဉ်းစားနေတဲ့ လူငယ်တစ်ယောက်လား။ ဒါဟာ သင် ရရှိနိုင်သမျှမှာ အကြီးမားဆုံး အခွင့်ထူးဖြစ်တယ်။ ရှေ့ဆောင်းပါးမှာ ဖော်ပြခဲ့တဲ့အတိုင်း နှစ်ခြင်းဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် ယေဟောဝါဆီ ဆက်ကပ်နှံထားမှန်း၊ တစ်နည်းအားဖြင့် ယေဟောဝါကို ထာဝစဉ် ဝတ်ပြုဖို့၊ ဘုရားအလိုကို ဘဝမှာ ဦးစားပေးဖို့ ကတိပေးထားမှန်း လူရှေ့သူရှေ့ ဖော်ပြလိုက်တာ ဖြစ်တယ်။ ဒါဟာ သိပ်အရေးကြီးတဲ့ကတိဖြစ်တယ်။ ဒါကြောင့် ဆုံးဖြတ်ချက်ချနိုင်လောက်တဲ့အထိ ရင့်ကျက်မှ၊ ကိုယ့်စိတ်ဆန္ဒရှိမှ၊ ဆက်ကပ်အပ်နှံခြင်းရဲ့ အဓိပ္ပာယ်ကို နားလည်မှ နှစ်ခြင်းခံသင့်တယ်။

ဒါပေမဲ့ နှစ်ခြင်းခံဖို့ အသင့်မဖြစ်သေးဘူးလို့ သင် ခံစားရနိုင်တယ်။ ဒါမှမဟုတ် သင့်ဘက်က အသင့်ဖြစ်ပေမဲ့ မိဘတွေက သင် အသက်နည်းနည်း ကြီးလာပြီး အတွေ့အကြုံပိုရလာတဲ့အထိ စောင့်စေချင်တာ ဖြစ်နိုင်တယ်။ သင် ဘာလုပ်မလဲ။ စိတ်ဓာတ်မကျပါနဲ့။ ရရှိထားတဲ့အချိန်အတွင်း ဆက်တိုးတက်အောင် ကြိုးစားပါ။ ဒါမှ နှစ်ခြင်းခံဖို့ မြန်မြန်ဆန်ဆန် အရည်အချင်း ပြည့်မီလာနိုင်မှာဖြစ်တယ်။ အဲဒီရည်ရွယ်ချက်ကို စိတ်ထဲထားပြီး ဒီကဏ္ဍသုံးခုမှာ တိုးတက်ဖို့ ပန်းတိုင်ထားနိုင်တယ်– (၁) သင့်ယုံကြည်စိတ်ချမှု၊ (၂) သင့်လုပ်ရပ်နဲ့ (၃) ကျေးဇူးတင်လေးမြတ်မှုတို့ ဖြစ်တယ်။

သင့်ယုံကြည်စိတ်ချမှု

၃၊ ၄။ တိမောသေရဲ့ ပုံနမူနာကနေ လူငယ်တွေ ဘာသင်ယူနိုင်သလဲ။

ဒီမေးခွန်းတွေကို သင် ဘယ်လို ဖြေမလဲဆိုတာ စဉ်းစားကြည့်ပါ– ဘုရားသခင် ရှိတယ်လို့ ငါ ဘာကြောင့် ယုံကြည်တာလဲ။ ကျမ်းစာဟာ ဘုရားဆီကလာတဲ့စာအုပ် ဖြစ်တယ်လို့ ငါ ဘာကြောင့် ယုံတာလဲ။ လောကစံနှုန်းတွေအတိုင်း နေထိုင်တာထက် ဘုရားသခင့် ကိုယ်ကျင့်တရားစံနှုန်းတွေအတိုင်း နေထိုင်တာက ပိုကောင်းတယ်လို့ ငါ ဘာကြောင့် ထင်တာလဲ။ အဲဒီမေးခွန်းတွေက ‘ဘုရားသခင့် အလိုတော်အတိုင်း ကောင်းမြတ်သောအရာ၊ လက်ခံဖွယ်သောအရာ၊ စုံလင်သောအရာတို့ကို သိမှတ်ပါ’ ဆိုတဲ့ တမန်တော်ပေါလုရဲ့ တိုက်တွန်းချက်ကို လိုက်နာဖို့ ကူညီပေးနိုင်တယ်။ (ရော. ၁၂:၂) သင် ဘာကြောင့် အဲဒီလို သိမှတ်ဖို့ လိုအပ်သလဲ။

တိမောသေဟာ ကိုယ်တိုင် စဉ်းစားဆင်ခြင်ပြီး ယုံကြည်စိတ်ချလာလို့ အမှန်တရားကို လက်ခံခဲ့တာ ဖြစ်တယ်

ကျမ်းစာပုံနမူနာတစ်ခုကို သုံးသပ်ကြည့်ပါ။ တိမောသေဟာ “နို့စို့အရွယ်” ကစပြီး အမေနဲ့ အဖွားရဲ့ သွန်သင်မှုရရှိခဲ့တဲ့အတွက် ကျမ်းစာကို သိပ်ကျွမ်းကျင်ပိုင်နိုင်တယ်။ ဒါတောင် “ထိုသူတို့ သင်ပေးပြီး ယုံကြည်စိတ်ချစေသောအရာများတွင် တည်မြဲတည်နေလော့” လို့ တိမောသေကို ပေါလု တိုက်တွန်းခဲ့တယ်။ (၂ တိ. ၃:၁၄၊ ၁၅) မှန်ပါတယ်။ တိမောသေဟာ ကျမ်းစာထဲမှာ အမှန်တရားကို ရှာတွေ့နိုင်မှန်း ယုံကြည်စိတ်ချလာအောင် လုပ်ဆောင်ခဲ့ရတယ်။ အမေနဲ့ အဖွား တိုက်တွန်းလို့မဟုတ်ဘဲ သိရှိလာတာတွေကို ကိုယ်တိုင် စဉ်းစားဆင်ခြင်ပြီး ယုံကြည်စိတ်ချလာလို့ အမှန်တရားကို လက်ခံခဲ့တာ ဖြစ်တယ်။ရောမ ၁၂:၁ ကိုဖတ်ပါ။

၅၊ ၆။ “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကို အသုံးပြုတတ်အောင် ငယ်ငယ်ကတည်းက သင်ယူထားဖို့ ဘာကြောင့် အရေးကြီးသလဲ။

သင်ကော ဘယ်လိုလဲ။ အမှန်တရားကို သင် သိခဲ့တာ အတော်ကြာပြီ ဖြစ်နိုင်တယ်။ ဒါဆို သင် ယုံကြည်ရတဲ့ အကြောင်းရင်းတွေကို ဆန်းစစ်ဖို့ ပန်းတိုင်ထားပါ။ သင့်ရဲ့ ယုံကြည်စိတ်ချမှု တိုးများလာပါလိမ့်မယ်။ အဲဒီအပြင် ရွယ်တူချင်းဖိအား၊ လောက အတွေးအခေါ် ဒါမှမဟုတ် ကိုယ်တိုင်ရဲ့ ခံစားချက်ကြောင့် မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေ မချမိအောင် အကူအညီ ရရှိပါလိမ့်မယ်။

“စဉ်းစားဆင်ခြင်နိုင်စွမ်း” ကို အသုံးပြုတတ်အောင် ငယ်ငယ်ကတည်းက သင်ယူထားမယ်ဆိုရင် ရွယ်တူချင်းတွေရဲ့ မေးခွန်းတွေကို ဖြေဆိုနိုင်ပါလိမ့်မယ်။ ဥပမာ၊ ‘ဘုရားသခင် ရှိတယ်လို့ ဘာကြောင့် တထစ်ချ ပြောနိုင်တာလဲ။ ငါတို့ကို ဘုရားသခင် ချစ်ရင် ဆင်းရဲဒုက္ခတွေကို ဘာကြောင့် လက်ပိုက်ကြည့်နေတာလဲ။ ဘုရားသခင်ကို ဘယ်သူဖန်ဆင်းသလဲ’ စတဲ့ မေးခွန်းတွေ ဖြစ်တယ်။ သင့်မှာ ကျမ်းစာလေ့လာမှု အလေ့အထကောင်း ရှိမယ်ဆိုရင် အဲဒီမေးခွန်းတွေကြောင့် သံသယဝင်လာမယ့်အစား ယုံကြည်ခြင်းတောင် ပိုသန်စွမ်းလာပါလိမ့်မယ်။

၇–၉။ သင့်ယုံကြည်စိတ်ချမှု တိုးများလာအောင် ဘယ်လို လုပ်ဆောင်နိုင်သလဲ။

ဝီရိယရှိရှိ ကိုယ်ပိုင်လေ့လာမှု ပြုလုပ်ခြင်းက မေးခွန်းတွေကို ဖြေဆိုနိုင်အောင်၊ သံသယတွေကို ဖယ်ရှားနိုင်အောင်၊ ယုံကြည်စိတ်ချမှု တိုးများလာအောင် ကူညီပေးနိုင်တယ်။ (တ. ၁၇:၁၁) လေ့လာမှုမှာ အသုံးပြုနိုင်တဲ့ ကိရိယာများစွာကို ကျွန်တော်တို့ ရရှိထားတယ်။ သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော ဘရိုရှာနဲ့ သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော စာအုပ်က လူများစွာကို အကျိုးပြုနေတယ်။ လူငယ်အတော်များများဟာ jw.org မှာ တင်ထားတဲ့ “သမ္မာကျမ်းစာ သွန်သင်ရာက ဘာလဲ” ဆိုတဲ့ လေ့လာမှုလမ်းညွှန် ဆောင်းပါးတွဲတွေကနေ အကျိုးရရှိနေကြတယ်။ သမ္မာကျမ်းစာ သွန်သင်ချက်များ > ဆယ်ကျော်သက်များ ခေါင်းစဉ်အောက်မှာ တွေ့ရှိနိုင်တယ်။ အဲဒီဆောင်းပါးတွဲတွေမှာပါတဲ့ လေ့လာမှုလမ်းညွှန်တိုင်းဟာ ကျမ်းစာအကြောင်းအရာတွေအပေါ် သင့်ယုံကြည်စိတ်ချမှု တိုးများလာအောင် ကူညီပေးတယ်။

သင်ဟာ ကျမ်းစာနဲ့ အကျွမ်းတဝင် ရှိတဲ့အတွက် လေ့လာမှုလမ်းညွှန်မှာပါတဲ့ မေးခွန်းတချို့ကို ချက်ချင်း ဖြေဆိုနိုင်မှာပဲ။ ဒါပေမဲ့ ကိုယ့်အဖြေ မှန်တယ်ဆိုတာ သေချာရဲ့လား။ ကျမ်းချက်အတော်များများကို စဉ်းစားဆင်ခြင်ဖို့၊ ပြီးနောက် ယုံကြည်ရတဲ့ အကြောင်းရင်းတွေကို ချရေးဖို့ လေ့လာမှုလမ်းညွှန်တွေက ကူညီပေးပါလိမ့်မယ်။ ကိုယ့်ယုံကြည်ချက်တွေအကြောင်း တခြားသူတွေကို ဘယ်လို ရှင်းပြရမယ်ဆိုတာ သင် သိရှိလာပါလိမ့်မယ်။ အွန်လိုင်းမှာတင်ထားတဲ့ အဲဒီလေ့လာမှုလမ်းညွှန်တွေကို သင် ရရှိနိုင်တယ်ဆိုရင် ကိုယ်ပိုင်လေ့လာမှုမှာ အသုံးပြုနိုင်တယ်။ သင့်ယုံကြည်စိတ်ချမှု တိုးများလာပါလိမ့်မယ်။

ယုံကြည်စိတ်ချမှု တိုးများအောင် လုပ်ဆောင်တာက နှစ်ခြင်းဆိုတဲ့ အရေးကြီးအဆင့်ကို တက်လှမ်းနေတာဖြစ်တယ်။ “နှစ်ခြင်းခံဖို့ မဆုံးဖြတ်ခင် ကျမ်းစာကို ကျွန်မ သေသေချာချာ လေ့လာတယ်။ ဒါ အမှန်တရားပဲဆိုတာ သိလာတယ်။ နေ့တိုင်း အဲဒီယုံကြည်စိတ်ချမှု တိုးများလာတယ်” လို့ ဆယ်ကျော်သက် ညီအစ်မတစ်ယောက် ပြောတယ်။

သင့်လုပ်ရပ်

၁၀။ ယုံကြည်ခြင်းကို လုပ်ရပ်နဲ့ သက်သေပြဖို့ နှစ်ခြင်းခံပြီးသား ခရစ်ယာန်တစ်ယောက်ဆီကနေ မျှော်လင့်တာ ဘာကြောင့် သင့်လျော်သလဲ။

၁၀ ‘ယုံကြည်ခြင်းသည် အကျင့်မရှိလျှင် အသေဖြစ်၏’ လို့ ကျမ်းစာ ပြောတယ်။ (ယာ. ၂:၁၇) သင့်မှာ ခိုင်မာတဲ့ ယုံကြည်စိတ်ချမှုရှိရင် အဲဒါကို လုပ်ရပ်နဲ့ သက်သေပြပါလိမ့်မယ်။ ဘယ်လုပ်ရပ်တွေလဲ။ ‘သန့်ရှင်းသောအမူအကျင့်များနှင့် ဘုရားတရားဆည်းကပ်မှုများ’ လို့ ကျမ်းစာပြောထားတဲ့ လုပ်ရပ်တွေဖြစ်တယ်။၂ ပေတရု ၃:၁၁ ကိုဖတ်ပါ။

၁၁။ “သန့်ရှင်းသောအမူအကျင့်များ” ဆိုတဲ့ အသုံးအနှုန်းကို ရှင်းပြပါ။

၁၁ “သန့်ရှင်းသောအမူအကျင့်များ” ကို တင်ပြနိုင်ဖို့ဆိုရင် သင်ဟာ ကိုယ်ကျင့်တရား သန့်ရှင်းရမယ်။ ဥပမာ၊ လွန်ခဲ့တဲ့ခြောက်လကို ပြန်တွေးကြည့်ပါ။ အမှားလုပ်ဖို့ သွေးဆောင်ခံရတဲ့အခါ အမှားအမှန်ကို သင် “ပိုင်းခြားသိမြင်” နိုင်ခဲ့သလား။ (ဟေဗြဲ ၅:၁၄) သွေးဆောင်မှု ဒါမှမဟုတ် ရွယ်တူချင်းဖိအားကို တွန်းလှန်နိုင်ခဲ့တဲ့ သတ်သတ်မှတ်မှတ် အခြေအနေတွေ ရှိသလား။ ကျောင်းမှာ သင့်လုပ်ရပ်က သင့်ယုံကြည်ချက်အကြောင်း ကောင်းကောင်း ဖော်ပြသလား။ ယေဟောဝါဘက် သင် ရပ်တည်သလား ဒါမှမဟုတ် သူငယ်ချင်းတွေ လှောင်ပြောင်တာ မခံရဖို့ ရောယောင်နေလိုက်သလား။ (၁ ပေ. ၄:၃၊ ၄) ဘယ်သူမှ မစုံလင်တာ မှန်ပါတယ်။ ယေဟောဝါကို နှစ်ပေါင်းများစွာ ဝတ်ပြုလာသူတွေတောင် တစ်ခါတလေ ရှက်စိတ်ဝင်ပြီး ဟောပြောဖို့ အခက်တွေ့နိုင်တယ်။ ဒါပေမဲ့ ယေဟောဝါဆီ ဆက်ကပ်အပ်နှံထားသူဟာ ယေဟောဝါသက်သေဖြစ်ရတာကို ဂုဏ်ယူပါလိမ့်မယ်။ သူ့ရဲ့ သန့်ရှင်းတဲ့အကျင့်အားဖြင့် အဲဒီလိုဂုဏ်ယူကြောင်း ဖော်ပြတယ်။

၁၂။ “ဘုရားတရားဆည်းကပ်” မှုကို ဖော်ပြတဲ့ လုပ်ရပ်တချို့က ဘာတွေလဲ။ အဲဒါတွေကို ဘယ်လို သဘောထားသင့်သလဲ။

၁၂ “ဘုရားတရားဆည်းကပ်” မှုကို ဖော်ပြတဲ့ လုပ်ရပ်တွေက ဘာတွေလဲ။ အဲဒီထဲမှာ အစည်းအဝေးတက်တာ၊ ဟောပြောတာစတဲ့ ဘုရားရေးရာ လုပ်ဆောင်မှုတွေ ပါဝင်တယ်။ ယေဟောဝါဆီ သီးသန့်ဆုတောင်းတာ၊ ကိုယ်ပိုင်လေ့လာမှုလုပ်တာစတဲ့ တခြားသူတွေမမြင်တဲ့ လုပ်ဆောင်မှုတွေလည်း ပါဝင်တယ်။ ယေဟောဝါဆီ ဆက်ကပ်အပ်နှံထားသူဟာ အဲဒီလုပ်ဆောင်မှုတွေကို ဝန်ထုပ်ဝန်ပိုးအဖြစ် ယူမှတ်မှာမဟုတ်ဘူး။ အဲဒီအစား “အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်၏အလိုကိုဆောင်ရာ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ၏။ ကိုယ်တော်၏တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာရှိပါ၏” လို့ ပြောခဲ့တဲ့ ဘုရင်ဒါဝိဒ်လို ခံစားရပါလိမ့်မယ်။—ဆာ. ၄၀:၈

ဆုတောင်းတဲ့အခါ သင် ဘယ်လောက် တိတိကျကျ ဆုတောင်းသလဲ။ သင့်ဆုတောင်းချက်တွေက ယေဟောဝါအပေါ်ထားတဲ့ မေတ္တာအကြောင်း ဘာဖော်ပြသလဲ

၁၃၊ ၁၄။ “ဘုရားတရားဆည်းကပ်” မှုကို ဖော်ပြတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်ဖို့ ဘာက ကူညီပေးနိုင်သလဲ။ လူငယ်တချို့ ဘယ်လို အကျိုးရရှိနေသလဲ။

၁၃ မေးခွန်းတချို့ကို သုံးသပ်ပြီး အဖြေတွေကို ချရေးခြင်းက “ဘုရားတရားဆည်းကပ်” မှုကို ဖော်ပြတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်ဖို့ ကူညီပေးနိုင်တယ်။ “ဆုတောင်းတဲ့အခါ သင် ဘယ်လောက် တိတိကျကျ ဆုတောင်းသလဲ။ သင့်ဆုတောင်းချက်တွေက ယေဟောဝါအပေါ်ထားတဲ့ မေတ္တာအကြောင်း ဘာဖော်ပြသလဲ။” “သင့်ရဲ့ ကိုယ်ပိုင်လေ့လာမှုမှာ ဘာတွေ ပါဝင်သလဲ။” “မိဘတွေ မပါဝင်ရင်တောင် အမှုဆောင်လုပ်ငန်းမှာ သင် ပါဝင်သလား” စတဲ့မေးခွန်းတွေ ဖြစ်တယ်။ [၁] ဆုတောင်းတာ၊ ကိုယ်ပိုင်လေ့လာမှု ပြုလုပ်တာ၊ ဟောပြောတာနဲ့ပတ်သက်ပြီး သင် ချမှတ်လိုတဲ့ ဘယ်ပန်းတိုင်ကိုမဆိုလည်း ချရေးနိုင်တယ်။

၁၄ ပန်းတိုင်တွေကို ချရေးခြင်းက နှစ်ခြင်းခံဖို့ စဉ်းစားနေတဲ့ လူငယ်များစွာကို သိပ်အကျိုးပြုတယ်။ တီလ်ဒါလို့ခေါ်တဲ့ ညီအစ်မငယ်တစ်ယောက် အခုလို ပြောတယ်– “ပန်းတိုင်တွေ ချမှတ်နိုင်ဖို့ လေ့ကျင့်ခန်းစာရွက်တွေကို ကျွန်မ သုံးတယ်။ ပန်းတိုင် တစ်ခုပြီးတစ်ခု ပြည့်မီနိုင်ခဲ့ပြီး တစ်နှစ်လောက်အကြာမှာ နှစ်ခြင်းခံဖို့ အသင့်ဖြစ်လာတယ်။” ပက်ထရစ်လို့ခေါ်တဲ့ ညီအစ်ကိုငယ်လည်း အလားတူ အောင်မြင်ခဲ့တယ်။ “ကိုယ့်ပန်းတိုင် ကိုယ်သိပါတယ်။ ဒါပေမဲ့ အဲဒါတွေကို ချရေးတာက ပန်းတိုင်ရောက်အောင် ကြိုးစားဖို့ အကူအညီဖြစ်စေတယ်” လို့ ပြောတယ်။

မိဘတွေ ယေဟောဝါကို ဝတ်မပြုတော့ရင်တောင် သင် ဆက်ဝတ်ပြုမလား (အပိုဒ် ၁၅ ကိုကြည့်ပါ)

၁၅။ ဆက်ကပ်အပ်နှံခြင်းဟာ ဘာကြောင့် ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြစ်သင့်တယ်ဆိုတာ ရှင်းပြပါ။

၁၅ အဖြေချရေးရမယ့် အရေးကြီးမေးခွန်းတစ်ခုကတော့ “မိဘတွေ၊ သူငယ်ချင်းတွေ ယေဟောဝါကို ဝတ်မပြုတော့ရင်တောင် သင် ဆက်ဝတ်ပြုမလား” ဆိုတဲ့မေးခွန်း ဖြစ်တယ်။ ယေဟောဝါဆီ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံပြီးသူတစ်ယောက်အနေနဲ့ သင့်မှာ ယေဟောဝါနဲ့ နှစ်ကိုယ်ကြားဆက်ဆံရေး ရှိရတော့မှာဖြစ်တယ်။ ဒါကြောင့် ယေဟောဝါကို ဝတ်ပြုတာဟာ မိဘတွေ၊ တခြားသူတွေအပေါ် မမူတည်သင့်ဘူး။ သင့်ရဲ့ သန့်ရှင်းတဲ့အမူအကျင့်တွေနဲ့ ဘုရားတရားဆည်းကပ်မှုကို ဖော်ပြတဲ့ လုပ်ရပ်တွေက သင်ဟာ အမှန်တရားကို တွေ့ရှိထားပြီး ဘုရားသခင့်စံနှုန်းတွေအတိုင်း လိုက်လျှောက်လိုစိတ်ရှိတယ်ဆိုတဲ့ သက်သေအထောက်အထား ဖြစ်တယ်။ ဒီလိုနဲ့ မကြာခင်မှာပဲ နှစ်ခြင်းခံဖို့ သင် အရည်အချင်း ပြည့်မီလာပါလိမ့်မယ်။

ကျေးဇူးတင်လေးမြတ်မှု

၁၆၊ ၁၇။ (က) လူတစ်ယောက် ခရစ်ယာန်ဖြစ်ချင်တဲ့ အကြောင်းရင်းဟာ ဘာဖြစ်သင့်သလဲ။ (ခ) ရွေးနုတ်ဖိုးအတွက် ကျေးဇူးတင်လေးမြတ်မှုကို ဘယ်လို ဥပမာပေးရှင်းပြနိုင်သလဲ။

၁၆ တစ်နေ့မှာ၊ မောရှေပညတ်ကို ကျွမ်းကျင်ပိုင်နိုင်သူတစ်ယောက်က ‘ပညတ်ကျမ်းမှာ ဘယ်ပညတ်ဟာ အရေးကြီးဆုံးလဲ’ လို့ ယေရှုကို မေးတဲ့အခါ “သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှဖြင့် တစ်သက်တာလုံး ချစ်လော့” လို့ ယေရှု ပြန်ဖြေတယ်။ (မ. ၂၂:၃၅-၃၇) လူတစ်ယောက် နှစ်ခြင်းခံချင်တဲ့၊ ခရစ်ယာန်ဖြစ်ချင်တဲ့ အကြောင်းရင်းဟာ ယေဟောဝါကို ချစ်တဲ့မေတ္တာကြောင့် ဖြစ်သင့်တယ်ဆိုပြီး ယေရှု ရှင်းပြတယ်။ ယေဟောဝါကို ချစ်တဲ့မေတ္တာ တိုးများလာစေတဲ့ အကောင်းဆုံးနည်းကတော့ လူသားတွေကို ပေးထားတဲ့ အကြီးမားဆုံးလက်ဆောင် ရွေးနုတ်ဖိုးအကြောင်း တွေးတောခြင်းဖြစ်တယ်။ (၂ ကောရိန္သု ၅:၁၄၊ ၁၅ နဲ့ ၁ ယောဟန် ၄:၉၊ ၁၉ တို့ကိုဖတ်ပါ။) အဲဒီလိုတွေးတောမယ်ဆိုရင် ရွေးနုတ်ဖိုးအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြဖို့ လှုံ့ဆော်ခံရပါလိမ့်မယ်။

၁၇ ရွေးနုတ်ဖိုးအတွက် ကျေးဇူးတင်လေးမြတ်မှုကို အခုလို ဥပမာပေးနိုင်တယ်– ရေနစ်နေတဲ့ သင့်ကို တစ်ယောက်ယောက် လာကယ်တယ်လို့ မြင်ယောင်ကြည့်ပါ။ ကုန်းပေါ်ရောက်လာပြီးနောက် ချက်ချင်း အိမ်ပြန်၊ ရေမိုးချိုး၊ အဝတ်အစားလဲပြီး လာကယ်တဲ့သူကို မေ့ထားလိုက်မလား။ အဲဒီလိုမလုပ်ပါဘူး။ လာကယ်တဲ့သူကို သင် တဖွဖွ ကျေးဇူးတင်နေမှာပဲ။ အဲဒီလိုပဲ၊ ရွေးနုတ်ဖိုးအတွက် ယေဟောဝါနဲ့ ယေရှုကို သိပ်ကျေးဇူးတင်သင့်တယ်။ သူတို့အပေါ် ကျွန်တော်တို့ အသက်ကြွေး တင်နေတယ်။ အပြစ်နဲ့သေခြင်းအောက်ကနေ ကျွန်တော်တို့ကို ကယ်တင်ထားတယ်။ သူတို့ရဲ့မေတ္တာကြောင့်သာ ပရဒိသု မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက်ရရှိလာတာ ဖြစ်တယ်။

၁၈၊ ၁၉။ (က) သင့်ကို ယေဟောဝါ ပိုင်ဆိုင်မှာ ဘာကြောင့် မကြောက်သင့်သလဲ။ (ခ) ယေဟောဝါကို ဝတ်ပြုခြင်းက သင့်ဘဝကို ဘယ်လို တိုးတက်ကောင်းမွန်စေသလဲ။

၁၈ သင့်အတွက် ယေဟောဝါ လုပ်ဆောင်ပေးထားတာတွေကို ကျေးဇူးတင်လေးမြတ်သလား။ ဒါဆို ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံတာဟာ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရပ်ဖြစ်တယ်။ ဆက်ကပ်အပ်နှံတယ်ဆိုတာ ဘုရားသခင့်အလိုတော်ကို ထာဝစဉ် ထမ်းဆောင်ပါ့မယ်လို့ ကတိပေးတာ ဖြစ်တယ်။ အဲဒီလို ကတိပေးရမှာကို ကြောက်သင့်သလား။ မကြောက်သင့်ပါဘူး။ ယေဟောဝါက သင့်ဘဝကို အကောင်းဆုံး ဖြစ်စေချင်တယ်ဆိုတာ မမေ့ပါနဲ့။ အလိုတော်ထမ်းဆောင်သူတွေကို ကိုယ်တော် ဆုချပါလိမ့်မယ်။ (ဟေဗြဲ ၁၁:၆) ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံလိုက်လို့ သင့်ဘဝ ပိုဆိုးသွားမှာမဟုတ်ဘူး။ အဲဒီအစား ပိုတိုးတက်ကောင်းမွန်လာပါလိမ့်မယ်။ ဆယ်ကျော်သက်အရွယ် မရောက်ခင် နှစ်ခြင်းခံခဲ့ပြီး အခု အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ညီအစ်ကိုတစ်ယောက် အခုလို ပြောတယ်– “အသက်ပိုကြီးရင်တော့ အသိပညာ ပိုစုံနိုင်တာပေါ့။ ဒါပေမဲ့ ယေဟောဝါဆီ ဆက်ကပ်အပ်နှံဖို့ ဆုံးဖြတ်ခဲ့လို့ လောကနောက် ပါမသွားအောင် အကာအကွယ်ရခဲ့တယ်။”

စာတန်က တစ်ကိုယ်ကောင်းသမား ဖြစ်ပြီး သင့်ကို ထည့်မတွက်ဘူး

၁၉ ယေဟောဝါက သင့်ဘဝကို အကောင်းဆုံး ဖြစ်စေချင်တယ်။ စာတန်ကတော့ တစ်ကိုယ်ကောင်းသမားဖြစ်ပြီး သင့်ကို ထည့်မတွက်ဘူး။ သူ့နောက်လိုက်လို့လည်း သင် ဘာကောင်းကျိုးမှ ရမှာမဟုတ်ဘူး။ သူ့မှာ ဘာသတင်းကောင်းမှ မရှိဘူး။ ဘာမျှော်လင့်ချက်မှ မရှိဘူး။ သူ့မှာ မရှိတဲ့အရာကို ဘယ်လိုလုပ် ပေးနိုင်မှာလဲ။ သူ့မှာ မည်းမှောင်တဲ့ အနာဂတ်ပဲရှိလို့ သင့်ကိုလည်း အဲဒါပဲ ပေးနိုင်မယ်။—ဗျာ. ၂၀:၁၀

၂၀။ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံတဲ့အထိ တိုးတက်ဖို့ လူငယ်တစ်ယောက် ဘာလုပ်ဆောင်နိုင်သလဲ။ (“သင့်ကို တိုးတက်အောင် ကူညီပေးဖို့” ဆိုတဲ့ လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

၂၀ သင့်ဘဝကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံခြင်းဟာ ချခဲ့သမျှမှာ အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်ပါလိမ့်မယ်။ အဲဒီဆုံးဖြတ်ချက်ချဖို့ သင် အသင့်ဖြစ်ပြီလား။ အသင့်ဖြစ်ပြီဆိုရင် တုံ့ဆိုင်းမနေပါနဲ့။ အသင့်မဖြစ်သေးဘူးဆိုရင်လည်း ဒီဆောင်းပါးမှာပါတဲ့ အကြံပြုချက်တွေကို သုံးပြီး ဆက်တိုးတက်အောင် လုပ်ဆောင်ပါ။ “ငါတို့သည် တိုးတက်နိုင်သမျှ တိုးတက်ရန် တစ်ပုံစံတည်းဖြင့် စနစ်တကျ လျှောက်လှမ်းနေကြစို့” လို့ ဖိလိပ္ပိအသင်းတော်ကို ပေါလု အားပေးခဲ့တယ်။ (ဖိ. ၃:၁၆) အဲဒီအကြံဉာဏ်အတိုင်း သင် လိုက်လျှောက်မယ်ဆိုရင် မကြာခင်မှာ ဘဝကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံချင်လာပါလိမ့်မယ်။

^ [၁] (အပိုဒ် ၁၃) လူငယ်တချို့ဟာ လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၂၊ စာမျက်နှာ ၃၀၈-၃၀၉ [လိပ်] မှာပါတဲ့ လေ့ကျင့်ခန်းစာရွက်တွေကို အသုံးပြုပြီး အကျိုးရရှိနေကြတယ်။