မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်တို့၊ နှစ်ခြင်းခံဖို့ အသင့်ဖြစ်ပြီလား

လူငယ်တို့၊ နှစ်ခြင်းခံဖို့ အသင့်ဖြစ်ပြီလား

“သင်တို့တွင် တစ်ယောက်သောသူသည် မျှော်စင်ကို တည်ဆောက်လိုလျှင် ထိုမျှော်စင်ပြီးအောင် ငွေလောက်မည်၊ မလောက်မည်ကို သိရန် ဦးစွာထိုင်၍ ကုန်ကျစရိတ်ကို မတွက်ချက်ဘဲ နေမည်လော။”—လု. ၁၄:၂၈

သီချင်း– ၁၂၀၊ ၆၄

ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးဟာ နှစ်ခြင်းခံဖို့ စဉ်းစားနေတဲ့ လူငယ်တွေအတွက် ရေးသားထားတာဖြစ်တယ်

၁၊ ၂။ (က) ဒီနေ့ခေတ်မှာ ဘယ်အရာက ဘုရားသခင့်လူမျိုးကို ဝမ်းသာစေသလဲ။ (ခ) နှစ်ခြင်းရဲ့ အဓိပ္ပာယ်ကို လူငယ်တွေ နားလည်အောင် ခရစ်ယာန်မိဘတွေနဲ့ အကြီးအကဲတွေ ဘယ်လို ကူညီပေးနိုင်သလဲ။

“မင်းကို မွေးကတည်းက အန်ကယ်သိတာ။ အခု မင်း နှစ်ခြင်းခံချင်တယ်လို့ ကြားရတော့ ဝမ်းသာမိတယ်။ ဒါပေမဲ့ ‘ဘာကြောင့် နှစ်ခြင်းခံချင်တာလဲ’ လို့ အန်ကယ် မေးကြည့်ချင်တယ်။” အကြီးအကဲတစ်ယောက်က အသက် ၁၂ အရွယ် ခရစ္စတိုဖာကို အဲဒီလို မေးခဲ့တယ်။ မေးသင့်တဲ့ အကြောင်းကောင်းတွေလည်း ရှိပါတယ်။ နှစ်တိုင်း လူငယ်ထောင်ပေါင်းများစွာ နှစ်ခြင်းခံတာကို မြင်ရလို့ ကျွန်တော်တို့ သိပ်ဝမ်းသာကြတယ်။ (ဒေ. ၁၂:၁) ဒါပေမဲ့ လူငယ်တွေ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချခဲ့မှန်း၊ နှစ်ခြင်းရဲ့ အဓိပ္ပာယ်ကို ကောင်းကောင်း နားလည်မှန်း သေချာအောင် ခရစ်ယာန်မိဘတွေနဲ့ အကြီးအကဲတွေ လုပ်ဆောင်သင့်တယ်။

ဆက်ကပ်အပ်နှံခြင်းနဲ့ နှစ်ခြင်းဟာ ခရစ်ယာန်တစ်ယောက်အတွက် ဘဝသစ်ရဲ့အစ ဖြစ်တယ်လို့ ကျမ်းစာဖော်ပြတယ်။ အဲဒီအချိန်ကစပြီး ယေဟောဝါရဲ့ ကောင်းချီးတွေ ခံစားရမှာဖြစ်သလို စာတန်ရဲ့ ဆန့်ကျင်မှုတွေကိုလည်း ကြုံတွေ့ရမှာဖြစ်တယ်။ (သု. ၁၀:၂၂; ၁ ပေ. ၅:၈) ဒါကြောင့် ခရစ်တော်ရဲ့တပည့်ဖြစ်ခြင်းမှာ ဘာတွေပါဝင်မှန်း သားသမီးတွေကို ခရစ်ယာန်မိဘတွေ အချိန်ယူသင်ပေးရမယ်။ ခရစ်ယာန်မိဘတွေမရှိတဲ့ လူငယ်တွေကို အသင်းတော်အကြီးအကဲတွေက ဆက်ကပ်အပ်နှံခြင်းနဲ့ နှစ်ခြင်းရဲ့အဓိပ္ပာယ်ကို နားလည်လာအောင် မေတ္တာပါပါ ကူညီပေးပါလိမ့်မယ်။ (လုကာ ၁၄:၂၇–၃၀ ကိုဖတ်ပါ။) အိမ်တစ်လုံးကို ပြီးစီးအောင် ဆောက်လုပ်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှု လိုအပ်သလို လူငယ်တွေလည်း နှစ်ခြင်းမခံခင် ကြိုတင်ပြင်ဆင်ဖို့ လိုအပ်တယ်။ ဒါမှ ယေဟောဝါကို “အဆုံးတိုင်အောင်” သစ္စာရှိရှိ ဝတ်ပြုသွားနိုင်မှာဖြစ်တယ်။ (မ. ၂၄:၁၃) ယေဟောဝါကို ထာဝစဉ် ဝတ်ပြုသွားမယ်လို့ ဆုံးဖြတ်နိုင်အောင် ဘယ်အရာက လူငယ်တွေကို ကူညီပေးမလဲ။ သုံးသပ်ကြည့်ကြစို့။

၃။ (က) နှစ်ခြင်းရဲ့ အရေးကြီးမှုနဲ့ပတ်သက်ပြီး ယေရှုနဲ့ ပေတရုရဲ့ စကားတွေက ဘာသင်ပေးသလဲ။ (မ. ၂၈:၁၉၊ ၂၀; ၁ ပေ. ၃:၂၁) (ခ) ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။ ဘာကြောင့်လဲ။

သင်ဟာ နှစ်ခြင်းခံဖို့ စဉ်းစားနေတဲ့ လူငယ်တစ်ယောက်လား။ ဒါဆို ချီးမွမ်းစရာပဲ။ ယေဟောဝါသက်သေတစ်ယောက်အနေနဲ့ နှစ်ခြင်းခံရတာဟာ အခွင့်ထူးကြီးပါပဲ။ ဒါဟာ ခရစ်ယာန်တစ်ယောက် လုပ်ဆောင်ရမယ့်အရာလည်း ဖြစ်တယ်။ ကြီးစွာသောဒုက္ခအတွင်း ကယ်တင်ခံရဖို့ဆိုရင် ဒီအဆင့်ကို မဖြစ်မနေ တက်လှမ်းဖို့ လိုအပ်တယ်။ (မ. ၂၈:၁၉၊ ၂၀; ၁ ပေ. ၃:၂၁) နှစ်ခြင်းခံတာဟာ ယေဟောဝါကို ထာဝစဉ် ဝတ်ပြုဖို့ ကတိပေးထားမှန်း ဖော်ပြတာဖြစ်တယ်။ အဲဒီကတိအတိုင်း သင်လုပ်ဆောင်ချင်တယ်။ ဒါကြောင့် နှစ်ခြင်းခံဖို့ အသင့်ဖြစ်,မဖြစ် သိနိုင်အောင် ဒီမေးခွန်းတွေက ကူညီပေးပါလိမ့်မယ်– (၁) ဆုံးဖြတ်ချက်ချနိုင်လောက်တဲ့အထိ ငါ ရင့်ကျက်ပြီလား။ (၂) ကိုယ့်စိတ်ဆန္ဒအရ နှစ်ခြင်းခံချင်တာလား။ (၃) ယေဟောဝါဆီ ဆက်ကပ်အပ်နှံခြင်းရဲ့ အဓိပ္ပာယ်ကို ငါ နားလည်သလား။ အဲဒီမေးခွန်းတွေကို ဆွေးနွေးကြည့်ကြစို့။

ဆုံးဖြတ်ချက်ချနိုင်လောက်တဲ့အထိ ရင့်ကျက်ချိန်

၄၊ ၅။ (က) နှစ်ခြင်းဟာ အသက်ကြီးသူတွေအတွက်ပဲ ဘာကြောင့် မဟုတ်သလဲ။ (ခ) ခရစ်ယာန်တစ်ယောက်အတွက် ရင့်ကျက်မှုဆိုတာ ဘာလဲ။

အသက်ကြီးသူတွေ ဒါမှမဟုတ် အသက်အရွယ်တစ်ခုခုရောက်သူတွေပဲ နှစ်ခြင်းခံနိုင်တယ်လို့ ကျမ်းစာမှာ မပြောထားဘူး။ ‘ကလေးတစ်ယောက်ကိုတောင် အမူအကျင့်တွေ ဖြူစင်မှု၊ မှန်ကန်မှုရှိမရှိ သူ့လုပ်ရပ်ကိုကြည့်ပြီး သိနိုင်တယ်’ လို့ သုတ္တံ ၂၀:၁၁ (ကဘ) မှာ ဖော်ပြထားတယ်။ ဒါကြောင့် မှန်ရာကို လုပ်ဆောင်တာ၊ ဖန်ဆင်းရှင်ဆီ ဆက်ကပ်အပ်နှံတာဟာ ဘာကို ဆိုလိုမှန်း ကလေးတစ်ယောက် နားလည်နိုင်တယ်။ ယေဟောဝါဆီ ဆက်ကပ်အပ်နှံထားပြီး အတိုင်းအတာတစ်ခုအထိ ရင့်ကျက်မှန်း ဖော်ပြနေတဲ့ လူငယ်တစ်ယောက်အတွက် နှစ်ခြင်းဟာ အရေးကြီးပြီး သင့်တော်တဲ့လုပ်ဆောင်မှု ဖြစ်တယ်။—သု. ၂၀:၇

ရင့်ကျက်မှုဆိုတာ ဘာလဲ။ ရင့်ကျက်မှုဆိုတာ လူတစ်ယောက်ရဲ့ အသက်အရွယ် ဒါမှမဟုတ် ကိုယ်ခန္ဓာဖွံ့ဖြိုးမှုကိုပဲ အမြဲ မဆိုလိုဘူး။ ရင့်ကျက်သူဟာ အမှားအမှန်ကို ခွဲခြားသိနိုင်ဖို့ ‘ပိုင်းခြားသိမြင်နိုင်စွမ်း’ ကို လေ့ကျင့်ထားသူ ဖြစ်တယ်လို့ ကျမ်းစာ ပြောတယ်။ (ဟေဗြဲ ၅:၁၄) ရင့်ကျက်သူဟာ ယေဟောဝါရဲ့အမြင်မှာ မှန်ကန်ရာကို သိရှိတယ်။ အဲဒီအတိုင်း လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ ဒါကြောင့် အလွယ်တကူ အမှားလုပ်မိမှာ မဟုတ်သလို မှန်တာလုပ်ဖို့ တစ်ယောက်ယောက်က အမြဲ တိုက်တွန်းနေစရာလည်း မလိုဘူး။ မိဘတွေ၊ တခြားလူကြီးတွေ မရှိချိန်မှာတောင် ဘုရားသခင့်စံနှုန်းတွေအတိုင်း မှန်ရာကို လုပ်ဆောင်မယ်လို့ နှစ်ခြင်းခံမယ့်လူငယ်ဆီက မျှော်လင့်တာ သဘာဝကျပါတယ်။—ဖိလိပ္ပိ ၂:၁၂ နဲ့နှိုင်းယှဉ်ပါ။

၆၊ ၇။ (က) ဗာဗုလုန်မှာ ဒံယေလ ကြုံရတဲ့ အခက်အခဲတွေကို ဖော်ပြပါ။ (ခ) ရင့်ကျက်မှုရှိမှန်း ဒံယေလ ဘယ်လို ဖော်ပြခဲ့သလဲ။

လူငယ်တစ်ယောက်ဟာ အဲဒီလို ရင့်ကျက်မှုမျိုး ရှိနိုင်ပါ့မလား။ ကျမ်းစာမှာပါတဲ့ ဒံယေလအကြောင်း စဉ်းစားကြည့်ပါ။ သူဟာ ဆယ်ကျော်သက်အရွယ်လောက်မှာ မိဘတွေနဲ့ဝေးရာ ဗာဗုလုန်မြို့ကို ခေါ်ဆောင်သွားခံရတာ ဖြစ်နိုင်တယ်။ ဘုရားပညတ်တွေကို မနာခံသူတွေကြားထဲ ဗြုန်းစားကြီး ရောက်သွားတယ်။ နောက်အခက်အခဲတစ်ခုကိုလည်း သူ ကြုံရတယ်– ဗာဗုလုန်လူတွေဟာ သူ့ကို အထူးအရေးတယူ ဆက်ဆံကြတယ်။ တကယ်တော့ ဘုရင့်အမှုတော်ထမ်းဖို့ ရွေးချယ်ခံရတဲ့ လက်ရွေးစင် လူငယ်တွေထဲမှာ ဒံယေလလည်း ပါဝင်တယ်။ (ဒံ. ၁:၃-၅၊ ၁၃) အစ္စရေးမှာ တစ်ခါမှ မရခဲ့ဖူးတဲ့ အခွင့်အရေးတွေကို ဒံယေလ ရရှိနေပုံပဲ။

လူငယ် ဒံယေလ ဘယ်လို တုံ့ပြန်သလဲ။ ရွှေပုံပေါ်မှာ ပျော်ပြီး စိတ်ပြောင်းသွားသလား ဒါမှမဟုတ် ယုံကြည်ခြင်း အားနည်းသွားသလား။ လုံးဝ မဖြစ်ခဲ့ဘူး။ အဲဒီအစား ‘ကိုယ်ကိုမညစ်ညူးစေဖို့၊’ တစ်နည်းအားဖြင့် မှားယွင်းတဲ့ ဝတ်ပြုရေးနဲ့ ပတ်သက်သမျှကို ဝေးဝေးရှောင်ဖို့ ‘စိတ်ပိုင်းဖြတ်ထားတယ်’ လို့ ကျမ်းစာ ပြောတယ်။ (ဒံ. ၁:၈ကဘ) တကယ်ရင့်ကျက်တယ်ဆိုတာဖော်ပြလိုက်တာပဲ။

ရင့်ကျက်တဲ့လူငယ်ဟာ နိုင်ငံတော်ခန်းမမှာတော့ ဘုရားသခင့်မိတ်ဆွေ ပုံစံဖမ်းပြီး ကျောင်းမှာတော့ လောကရဲ့ မိတ်ဆွေလို မပြုမူဘူး (အပိုဒ် ၈ ကိုကြည့်ပါ)

၈။ ဒံယေလရဲ့ ပုံနမူနာကနေ ဘာသင်ယူနိုင်သလဲ။

ဒံယေလရဲ့ ပုံနမူနာကနေ ဘာသင်ယူနိုင်သလဲ။ ရင့်ကျက်တဲ့လူငယ်ဟာ ခက်ခဲတဲ့ အခြေအနေတွေမှာတောင် ကိုယ့်ယုံကြည်ချက်တွေအတိုင်း မားမားမတ်မတ် ရပ်တည်ပါလိမ့်မယ်။ ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီး အရောင်ပြောင်းတတ်တဲ့ ပုတ်သင်ညိုလို ဖြစ်မှာမဟုတ်ဘူး။ နိုင်ငံတော်ခန်းမမှာတော့ ဘုရားသခင့်မိတ်ဆွေ ပုံစံဖမ်းပြီး ကျောင်းမှာတော့ လောကရဲ့ မိတ်ဆွေလို မပြုမူဘူး။ အဲဒီအစား စမ်းသပ်မှုကြုံရချိန်မှာတောင် ဆက်သစ္စာရှိနေပါလိမ့်မယ်။ဧဖက် ၄:၁၄၊ ၁၅ ကိုဖတ်ပါ။

ရင့်ကျက်တဲ့လူငယ်ဟာ ခက်ခဲတဲ့ အခြေအနေတွေမှာတောင် ကိုယ့်ယုံကြည်ချက်တွေအတိုင်း မားမားမတ်မတ် ရပ်တည်ပါလိမ့်မယ်

၉၊ ၁၀။ (က) ပြီးခဲ့တဲ့တစ်ခေါက် ယုံကြည်ခြင်းစမ်းသပ်မှု ကြုံရတုန်းက သင် ဘယ်လို တုံ့ပြန်ခဲ့တယ်ဆိုတာ ပြန်တွေးကြည့်ခြင်းက ဘာကြောင့် အကျိုးရှိနိုင်သလဲ။ (ခ) နှစ်ခြင်းက ဘာကို ဆိုလိုသလဲ။

ဘယ်သူမှ မစုံလင်တာ မှန်ပါတယ်။ လူငယ်ရော လူကြီးပါ အမှားတွေ လုပ်မိနိုင်တယ်။ (ဒေ. ၇:၂၀) ဒါပေမဲ့ နှစ်ခြင်းခံဖို့ စဉ်းစားနေသူတစ်ယောက်အနေနဲ့ သင်ဟာ ယေဟောဝါရဲ့ ပညတ်တွေကို နာခံဖို့ ဘယ်လောက် အခိုင်အမာ စိတ်ပိုင်းဖြတ်ထားတယ်ဆိုတာ ဆန်းစစ်ခြင်းက ပညာရှိရာရောက်တယ်။ ‘ယေဟောဝါရဲ့ ပညတ်တွေကို ငါ ဘယ်လောက် နာခံခဲ့ပြီလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ ပြီးခဲ့တဲ့တစ်ခေါက် ယုံကြည်ခြင်းစမ်းသပ်မှု ကြုံရတုန်းက ဘယ်လို တုံ့ပြန်ခဲ့တယ်ဆိုတာ ပြန်တွေးကြည့်ပါ။ မှန်ရာကို သင် ပိုင်းခြားသိမြင်နိုင်ခဲ့သလား။ သင့်အစွမ်းအစတွေကို စာတန့်လောကမှာ အသုံးချဖို့ ဒံယေလလို တွန်းအားပေးခံရရင် ဘယ်လို လုပ်မလဲ။ အဲဒီလို စမ်းသပ်မှုမျိုး ကြုံရချိန်မှာ “ယေဟောဝါဘုရား၏ အလိုတော်ကို သိမြင်” နိုင်မလား။—ဧ. ၅:၁၇

၁၀ အဲဒီမေးခွန်းတွေရဲ့ အဖြေကို သိဖို့ ဘာကြောင့် အရေးကြီးသလဲ။ ဘာကြောင့်လဲဆိုတော့ နှစ်ခြင်းရဲ့ အရေးကြီးမှုကို သင် နားလည်အောင် ကူညီပေးမှာဖြစ်လို့ပဲ။ နှစ်ခြင်းဟာ ယေဟောဝါကို အရေးကြီးတဲ့ ကတိတစ်ခု ပေးထားမှန်း ဖော်ပြတဲ့ အမှတ်အသား ဖြစ်တယ်။ သင်ဟာ ယေဟောဝါကို ချစ်ပြီး စိတ်နှလုံးအကြွင်းမဲ့ ထာဝစဉ် ဝတ်ပြုသွားပါ့မယ်လို့ ကတိပေးထားတယ်။ (မာ. ၁၂:၃၀) နှစ်ခြင်းခံသူတိုင်းဟာ အဲဒီကတိတည်ဖို့ စိတ်ပိုင်းဖြတ်ထားသင့်တယ်။ဒေသနာ ၅:၄၊ ၅ ကိုဖတ်ပါ။

သင့်ရဲ့ စိတ်ဆန္ဒအရလား

၁၁၊ ၁၂။ (က) နှစ်ခြင်းခံဖို့ စဉ်းစားနေသူတစ်ယောက်ဟာ ဘယ်အချက်ကို သေချာအောင် ဆန်းစစ်ဖို့ လိုသလဲ။ (ခ) နှစ်ခြင်းနဲ့ပတ်သက်ပြီး ယေဟောဝါရဲ့ အမြင်မျိုးရှိအောင် ဘာက ကူညီပေးမလဲ။

၁၁ လူငယ်တွေအပါအဝင် ယေဟောဝါရဲ့ လူမျိုးအားလုံးဟာ ကိုယ်တော့်ကို လိုလိုလားလား ဝတ်ပြုကြလိမ့်မယ်လို့ ကျမ်းစာ ပြောတယ်။ (ဆာ. ၁၁၀:၃) ဒါကြောင့် နှစ်ခြင်းခံဖို့ စဉ်းစားနေသူတစ်ယောက်ဟာ ကိုယ်ကိုယ်တိုင်ရဲ့ စိတ်ဆန္ဒအရ အဲဒီလို လုပ်ဆောင်ချင်တာလားဆိုတာ သေချာအောင် ဆန်းစစ်ဖို့ လိုတယ်။ အထူးသဖြင့် အမှန်တရားထဲမှာ ကြီးပြင်းလာသူတွေဟာ အဲဒီလို ဆန်းစစ်ဖို့ ပိုလိုအပ်နိုင်တယ်။

၁၂ သင့်မိတ်ဆွေတွေ၊ မောင်နှမတွေစတဲ့ တခြားသူတွေ နှစ်ခြင်းခံတာကို နှစ်တွေတစ်လျှောက် သင် မြင်တွေ့ခဲ့ရမှာပဲ။ ဒါပေမဲ့ တခြားသူတွေ နှစ်ခြင်းခံလို့ ဒါမှမဟုတ် အသက်အရွယ်တစ်ခုခုရောက်လာလို့ နှစ်ခြင်းခံရတော့မယ်လို့ ခံစားရတာမျိုး မဖြစ်ဖို့ သတိပြုရမယ်။ နှစ်ခြင်းနဲ့ပတ်သက်ပြီး သင့်မှာ ယေဟောဝါရဲ့ အမြင်မျိုးရှိမှန်း သေချာအောင် ဘယ်လို လုပ်ဆောင်နိုင်သလဲ။ နှစ်ခြင်းဟာ ဘာကြောင့် သိပ်အရေးကြီးမှန်း မကြာခဏ အချိန်ယူစဉ်းစားပါ။ ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးမှာ အကြောင်းရင်းများစွာကို သင် သိရှိရပါလိမ့်မယ်။

၁၃။ သင့်စိတ်ဆန္ဒအရ နှစ်ခြင်းခံဖို့ ဆုံးဖြတ်တာလားဆိုတာ ဘယ်လို သိနိုင်သလဲ။

၁၃ သင့်စိတ်ဆန္ဒအရ နှစ်ခြင်းခံဖို့ ဆုံးဖြတ်တာလားဆိုတာဆန်းစစ်နိုင်တဲ့နည်းလမ်းတွေရှိတယ်။ တစ်နည်းကတော့ သင့်ရဲ့ဆုတောင်းချက်တွေကို ဆန်းစစ်ခြင်းဖြစ်တယ်။ သင် ဘယ်လောက် မကြာမကြာ ဆုတောင်းသလဲ။ ဘယ်လောက် တိတိကျကျ ဆုတောင်းသလဲ။ အဲဒါတွေက ယေဟောဝါနဲ့ သင့်ဆက်ဆံရေး အခြေအနေကို ဖော်ပြနိုင်တယ်။ (ဆာ. ၂၅:၄) ဆုတောင်းချက်များစွာကို ကျမ်းစာကတစ်ဆင့် ယေဟောဝါ အဖြေပေးလေ့ရှိတယ်။ ဒါကြောင့် ယေဟောဝါနဲ့ တကယ် ရင်းနှီးချင်မှန်း၊ ကိုယ့်စိတ်ဆန္ဒအရ ဝတ်ပြုချင်တာဖြစ်မှန်း သိအောင် ကူညီပေးနိုင်တဲ့ နောက်နည်းလမ်းတစ်ခုကတော့ ကိုယ့်ရဲ့ လေ့လာမှုအလေ့အထကို ဆန်းစစ်ခြင်း ဖြစ်တယ်။ (ယောရှု ၁:၈) ‘ကျမ်းစာကို ငါ ဘယ်လောက် ပုံမှန်လေ့လာသလဲ။ မိသားစု ဝတ်ပြုမှုမှာ ငါ လိုလိုလားလား ပါဝင်သလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ အဲဒီမေးခွန်းတွေက သင့်စိတ်ဆန္ဒအရ နှစ်ခြင်းခံဖို့ ဆုံးဖြတ်တာလားဆိုတာ ဆန်းစစ်နိုင်အောင် ကူညီပေးပါလိမ့်မယ်။

ဆက်ကပ်အပ်နှံခြင်းရဲ့ အဓိပ္ပာယ်

၁၄။ ဆက်ကပ်အပ်နှံခြင်းနဲ့ နှစ်ခြင်းရဲ့ ကွာခြားမှုကို ရှင်းပြပါ။

၁၄ ဆက်ကပ်အပ်နှံခြင်းနဲ့ နှစ်ခြင်းရဲ့ ကွာခြားမှုကို လူငယ်တချို့ ရောထွေးနေနိုင်တယ်။ ဥပမာ၊ ကိုယ့်ဘဝကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီးပြီ ဖြစ်ပေမဲ့ နှစ်ခြင်းခံဖို့ အသင့်မဖြစ်သေးဘူးလို့ လူငယ်တချို့ ပြောကြတယ်။ အဲဒါ အဓိပ္ပာယ်ရှိရဲ့လား။ ဆက်ကပ်အပ်နှံတယ်ဆိုတာ ယေဟောဝါကို ထာဝစဉ် ဝတ်ပြုပါ့မယ်လို့ ဆုတောင်းပြီး ကတိပေးတာ ဖြစ်တယ်။ နှစ်ခြင်းခံတယ်ဆိုတာ ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီးပြီဖြစ်မှန်း လူရှေ့သူရှေ့ ဖော်ပြတာဖြစ်တယ်။ ဒါကြောင့် နှစ်ခြင်းမခံခင် သင်ဟာ ဘုရားသခင်ဆီ ဆက်ကပ်အပ်နှံခြင်းရဲ့ အဓိပ္ပာယ်ကို နားလည်ဖို့ လိုအပ်တယ်။

၁၅။ ဆက်ကပ်အပ်နှံခြင်းက ဘာကို ဆိုလိုသလဲ။

၁၅ သင်ဟာ ကိုယ့်ဘဝကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံတဲ့အခါ ကိုယ့်ကို ယေဟောဝါ ပိုင်သွားပြီလို့ ပြောလိုက်တာ ဖြစ်တယ်။ အရာရာထက် ယေဟောဝါရဲ့ အလိုကို ဦးစားပေးပါ့မယ်လို့ ကတိပေးလိုက်တာ ဖြစ်တယ်။ (မဿဲ ၁၆:၂၄ ကိုဖတ်ပါ။) ယေဟောဝါကို ပေးလိုက်တဲ့ အဲဒီကတိဟာ သိပ်အရေးကြီးတယ်။ (မ. ၅:၃၃) ဒါဆို ကိုယ့်ကိုယ်ကိုယ် မပိုင်တော့ဘဲ ယေဟောဝါ ပိုင်သွားပြီဆိုတာကို သိရှိမှန်း ဘယ်လို ဖော်ပြနိုင်သလဲ။—ရော. ၁၄:၈

၁၆၊ ၁၇။ (က) ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်တယ်ဆိုတာ ဘာကို ဆိုလိုမှန်း ရှင်းပြပါ။ (ခ) ယေဟောဝါဆီ ဆက်ကပ်အပ်နှံတာဟာ တကယ်တော့ ဘယ်လို ပြောလိုက်တာ ဖြစ်သလဲ။

၁၆ ဥပမာ၊ သူငယ်ချင်းတစ်ယောက်က သင့်ကို ကားတစ်စီး လက်ဆောင်ပေးတယ်ဆိုပါစို့။ ကားရဲ့ တရားဝင် စာချုပ်စာတမ်းတွေကို သင့်လက်ထဲ ထည့်ပေးပြီး “ကားကို ခင်ဗျား ပိုင်သွားပြီ” လို့ ပြောတယ်။ ဒါပေမဲ့ “သော့ကိုတော့ ကျွန်တော်ပဲ ယူထားမယ်။ ကျွန်တော်ပဲ မောင်းမယ်” လို့ ဆက်ပြောတယ်။ ဒီလက်ဆောင်နဲ့ ပတ်သက်ပြီး သင် ဘယ်လို ခံစားရမလဲ။ လက်ဆောင်ပေးတဲ့သူငယ်ချင်းကိုကော သင် ဘယ်လို ထင်မလဲ။

၁၇ လူတစ်ယောက် ကိုယ့်ဘဝကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံတာဟာ “ကျွန်တော့်ဘဝကို ပေးအပ်ပါတယ်။ ကျွန်တော့်ကို ကိုယ်တော် ပိုင်သွားပြီ” လို့ ကတိပေးလိုက်တာ ဖြစ်တယ်။ ဒါကြောင့် အဲဒီကတိတည်ဖို့ ယေဟောဝါ မျှော်လင့်ထိုက်တယ်။ ဒါပေမဲ့ အဲဒီလူက ယေဟောဝါကို မနာခံတော့ဘဲ မယုံကြည်သူတစ်ယောက်နဲ့ တိတ်တခိုး ရည်းစားထားတယ် ဒါမှမဟုတ် အစည်းအဝေးနဲ့ အမှုဆောင်အတွက် အချိန်သိပ်မပေးနိုင်တဲ့ အလုပ်မျိုး လက်ခံလိုက်တယ်ဆိုပါစို့။ သူဟာ ကားသော့ယူထားတဲ့သူလို ကတိမတည်သူ ဖြစ်သွားပါလိမ့်မယ်။ တကယ်တော့ ယေဟောဝါဆီ ဆက်ကပ်အပ်နှံတုန်းက “ကျွန်တော့်ဘဝကို ကျွန်တော် မပိုင်တော့ပါဘူး။ ကိုယ်တော်ပဲ ပိုင်ပါတယ်” လို့ ပြောလိုက်တာ ဖြစ်တယ်။ ဒါကြောင့် ကိုယ့်အလိုနဲ့ ယေဟောဝါရဲ့ အလို ဆန့်ကျင်လာချိန်မှာတောင် ယေဟောဝါရဲ့ အလိုအတိုင်း ကျွန်တော်တို့ အမြဲလုပ်ဆောင်ပါလိမ့်မယ်။ “ငါသည် ငါ့အလိုအတိုင်း ဆောင်ရွက်ရန် ကောင်းကင်မှ ဆင်းသက်သည် မဟုတ်။ ငါ့ကို စေလွှတ်တော်မူသော အရှင်၏အလိုတော်ကို ဆောင်ရန် ဆင်းသက်လာ၏” လို့ ပြောခဲ့တဲ့ ယေရှုကို တုပကြပါစို့။—ယော. ၆:၃၈

နှစ်ခြင်းဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး အခွင့်ထူးကြီးလည်း ဖြစ်တယ်

၁၈၊ ၁၉။ (က) နှစ်ခြင်းဟာ ကောင်းချီးတွေရရှိစေတဲ့ အခွင့်ထူးဖြစ်မှန်း ရို့စ်နဲ့ ခရစ္စတိုဖာရဲ့ စကားတွေက ဘယ်လို ဖော်ပြသလဲ။ (ခ) နှစ်ခြင်းခံရတဲ့အခွင့်ထူးနဲ့ပတ်သက်ပြီး သင် ဘယ်လို ခံစားရသလဲ။

၁၈ နှစ်ခြင်းဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ဖြစ်တာ ထင်ရှားတယ်။ ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံရတာဟာ တကယ့် အခွင့်ထူးကြီးပါပဲ။ ယေဟောဝါကို ချစ်ပြီး ဆက်ကပ်အပ်နှံခြင်းရဲ့ အဓိပ္ပာယ်ကို နားလည်တဲ့ လူငယ်တွေဟာ ကိုယ့်ဘဝကို ဘုရားသခင်ဆီ ဆက်ကပ်အပ်နှံဖို့၊ နှစ်ခြင်းခံဖို့ မတွန့်ဆုတ်ကြဘူး။ ကိုယ့်ဆုံးဖြတ်ချက်အတွက် နောင်တမရကြဘူး။ နှစ်ခြင်းခံပြီးသား ဆယ်ကျော်သက်ညီအစ်မ ရို့စ် အခုလို ပြောတယ်– “ယေဟောဝါကို ကျွန်မ ချစ်တယ်။ ကိုယ်တော့်ကို ဝတ်ပြုရတာထက် ပိုပျော်တဲ့အရာ မရှိနိုင်တော့ဘူး။ ကျွန်မဘဝမှာ နှစ်ခြင်းခံဖို့ ဆုံးဖြတ်တာထက် ပိုသေချာတဲ့ ဆုံးဖြတ်ချက်မျိုး မရှိခဲ့ဘူး။”

၁၉ ဆောင်းပါးအစမှာ ဖော်ပြခဲ့တဲ့ ခရစ္စတိုဖာအကြောင်း ပြန်သုံးသပ်ကြည့်ပါ။ အသက် ၁၂ နှစ်မှာ နှစ်ခြင်းခံဖို့ ဆုံးဖြတ်တာကို သူ ဘယ်လို ခံစားရသလဲ။ အဲဒီလို ဆုံးဖြတ်ခဲ့လို့ သိပ်ပျော်တယ်လို့ သူ ပြောတယ်။ အသက် ၁၇ နှစ်မှာ မှန်မှန်ရှေ့ဆောင် စလုပ်ပြီး ၁၈ နှစ်မှာ အသင်းတော်အမှုထမ်း ဖြစ်လာတယ်။ အခု ဗေသလမှာ အမှုဆောင်နေတယ်။ “နှစ်ခြင်းခံဖို့ ဆုံးဖြတ်တာဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲ။ ယေဟောဝါအတွက်၊ အဖွဲ့အစည်းအတွက် ကျွန်တော့်ဘဝမှာ ကျေနပ်စရာအလုပ်တွေ အပြည့်ပဲ” လို့ သူ ပြောတယ်။ သင်ဟာ နှစ်ခြင်းခံဖို့ စဉ်းစားနေတယ်ဆိုရင် ဘယ်လို အသင့်ပြင်နိုင်သလဲ။ အဲဒီမေးခွန်းကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။