မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ညီအစ်ကိုညီအစ်မတွေ ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ ဘုရားရေးရာဘက်မှာ ဘယ်လိုအကူအညီတွေ လိုအပ်နေမှန်း သိအောင် ကြိုးစားပါ

အသင်းတော်မှာ သင် ကူညီပေးနိုင်မလား

အသင်းတော်မှာ သင် ကူညီပေးနိုင်မလား

ယေရှုဟာ ကောင်းကင်ပေါ် ပြန်မတက်ခင် တပည့်တွေကို ‘သင်တို့သည် မြေကြီးစွန်းတိုင်အောင် ငါ့အကြောင်း သက်သေခံသူများ ဖြစ်ကြလိမ့်မည်’ လို့ ပြောတယ်။ (တ. ၁:၈) သူတို့အနေနဲ့ တစ်ကမ္ဘာလုံးမှာ ဟောဖို့ ဘယ်လို ဖြစ်နိုင်မလဲ။

“တာဝန်ရှိနေတယ်ဆိုတဲ့ အသိတရားက ဒီခရစ်ယာန်တွေကို အစောပိုင်း ရောမအင်ပါယာမှာရှိတဲ့ ဂျူးတွေအပါအဝင် တခြားဘာသာရေး အုပ်စုတွေနဲ့ လုံးဝ ကွဲပြားခြားနားစေတယ်” လို့ အောက်စ်ဖို့ဒ်တက္ကသိုလ် ပါမောက္ခ မာတင်ဂွတ်မန်း ပြောတယ်။ ယေရှုဟာ တစ်နေရာပြီးတစ်နေရာ လှည့်လည်ဟောပြောခဲ့တယ်။ ခရစ်ယာန်စစ်တွေလည်း ယေရှုရဲ့ ပုံနမူနာကို တုပပြီး “ဘုရားသခင်၏နိုင်ငံတော် သတင်းကောင်း” ကို နေရာတိုင်းမှာ ဟောရမယ်။ အမှန်တရားအကြောင်း သိချင်သူတွေကို ရှာဖွေရမယ်။ (လု. ၄:၄၃) ဒါကြောင့် ပထမရာစုမှာ “တမန်တော်များ” ရှိခဲ့တာ ဖြစ်တယ်။ အဲဒီစကားလုံးဟာ တစ်ခုခုလုပ်ဆောင်ဖို့ စေလွှတ်ခံရသူတွေလို့ အဓိပ္ပာယ်ရှိတယ်။ (မာ. ၃:၁၄) ‘သွား၍ လူမျိုးတကာမှ လူတို့ကို ငါ့တပည့်ဖြစ်စေကြလော့’ လို့ နောက်လိုက်တွေကို ယေရှု မိန့်မှာခဲ့တယ်။—မ. ၂၈:၁၈-၂၀

ဒီနေ့ခေတ်မှာ ယေရှုရဲ့ တမန်တော် ၁၂ ယောက် မြေကြီးပေါ် မရှိတော့ပေမဲ့ ယေဟောဝါရဲ့ ကျေးကျွန်များစွာဟာ အမှုဆောင်လုပ်ငန်းမှာ သူတို့ရဲ့ ပုံနမူနာကို တုပနေကြတယ်။ ပိုလိုအပ်တဲ့ဒေသမှာ ဟောပြောဖို့ ဖိတ်ခေါ်ခံရတဲ့အခါ “အကျွန်ုပ် ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ” လို့ ပြောနေကြတယ်။ (ဟေရှာ. ၆:၈) တချို့က ဂိလဒ်ကျောင်းဆင်း ထောင်ပေါင်းများစွာလို ဝေးလံတဲ့တိုင်းပြည်တွေကို ပြောင်းရွှေ့ကြတယ်။ တချို့ကတော့ ကိုယ့်နိုင်ငံအတွင်းမှာပဲ တခြားဒေသကို ပြောင်းရွှေ့ကြတယ်။ အသင်းတော် ဒါမှမဟုတ် အုပ်စုတစ်ခုကို ကူညီပေးဖို့ ဘာသာစကားအသစ် သင်ယူကြတယ်။ အဲဒီလို လုပ်ဖို့ အမြဲတော့ မလွယ်ကူပါဘူး။ ဒါပေမဲ့ ဒီညီအစ်ကိုညီအစ်မအားလုံးဟာ ယေဟောဝါနဲ့ လူတွေကို ချစ်ကြောင်း ဖော်ပြဖို့ လိုလိုလားလား ကိုယ်ကျိုးစွန့်ကြတယ်။ ကုန်ကျစရိတ်ကို သေချာတွက်ချက်ပြီး အချိန်၊ ခွန်အားနဲ့ ငွေကြေးကို ပိုလိုအပ်တဲ့ဒေသမှာ ဟောပြောဖို့ အသုံးပြုကြတယ်။ (လု. ၁၄:၂၈-၃၀) အဲဒီညီအစ်ကိုညီအစ်မတွေရဲ့ လုပ်ဆောင်မှုဟာ သိပ်အကျိုးရှိတယ်။

ကျွန်တော်တို့အားလုံးဟာ ပိုလိုအပ်တဲ့ဒေသကို ပြောင်းရွှေ့ဖို့၊ ဘာသာစကားအသစ် သင်ယူဖို့ ဖြစ်နိုင်ချင်မှ ဖြစ်နိုင်မယ်။ ဒါပေမဲ့ ကိုယ့်အသင်းတော်မှာပဲ သာသနာပြုစိတ်ဓာတ် တင်ပြနိုင်ပါတယ်။

သင့်အသင်းတော်မှာ သာသနာပြုအဖြစ် လုပ်ဆောင်ပါ

တခြားသူတွေကို ဒီနည်းတွေနဲ့ ကူညီပေးပါ–

ပထမရာစုခရစ်ယာန်တွေမှာ သာသနာပြုစိတ်ဓာတ် ရှိတာ ထင်ရှားတယ်။ ဒါပေမဲ့ သူတို့အများစုဟာ သာသနာပြုတွေ မဟုတ်ဘူး။ ကိုယ့်ဇာတိမြို့မှာပဲ နေထိုင်သူတွေ ဖြစ်တယ်။ “ဧဝံဂေလိတရားဟောပြောသူ၏အမှုကို ဆောင်ရွက်လော့။ အမှုတော်ကို အကုန်အစင် ပြီးမြောက်စေလော့” လို့ တိမောသေကို ပေါလု ပြောတယ်။ (၂ တိ. ၄:၅) အဲဒီစကားတွေဟာ ပထမရာစု ခရစ်ယာန်တွေနဲ့ သက်ဆိုင်ပေမဲ့ ဒီနေ့ခေတ်နဲ့လည်း သက်ဆိုင်နေဆဲပါပဲ။ နိုင်ငံတော်သတင်း ဟောပြောပြီး တပည့်ဖြစ်စေပါဆိုတဲ့ မိန့်မှာချက်ကို ခရစ်ယာန်အားလုံး နာခံရမယ်။ ကိုယ့်အသင်းတော်မှာပဲ သာသနာပြုအဖြစ် လုပ်ဆောင်နိုင်တဲ့ကဏ္ဍ များစွာ ရှိပါတယ်။

ဥပမာ၊ သာသနာပြုတွေဟာ တခြားနိုင်ငံကို ပြောင်းရွှေ့တဲ့အခါ ဘဝပုံစံသစ်နဲ့ လိုက်လျောညီထွေ နေတတ်အောင် သင်ယူရတယ်။ ပိုလိုအပ်တဲ့ဒေသကို ကျွန်တော်တို့ မပြောင်းရွှေ့နိုင်ပေမဲ့ ကိုယ့်ဒေသမှာပဲ လူတွေကို ဟောပြောနိုင်မယ့် နည်းလမ်းသစ်တွေ သင်ယူနိုင်မလား။ ဥပမာ၊ ၁၉၄၀ တုန်းက တစ်ပတ်မှာ တစ်ရက် လမ်းပေါ်သက်သေခံဖို့ ညီအစ်ကိုတွေကို အဖွဲ့အစည်းက အားပေးတယ်။ သင်လည်း ဒီလုပ်ငန်းမှာပါဝင်ဖို့ စမ်းကြည့်နေသလား။ စာပေတွေပြထားတဲ့ လက်တွန်းစင်တွေကို စသုံးနေပြီလား။ အဓိကအချက်ကတော့ သတင်းကောင်းဟောနိုင်မယ့် နည်းသစ်တွေကို သင် လိုလိုလားလား စမ်းသုံးကြည့်နေသလားဆိုတဲ့ အချက်ပဲ။

“ဧဝံဂေလိတရားဟောပြောသူ၏အမှုကို ဆောင်ရွက်” ဖို့ တခြားသူတွေကို အားပေးပါ

သင့်မှာ အပြုသဘောထားရှိမယ်ဆိုရင် အမှုဆောင်လုပ်ငန်းမှာ ဇွဲထက်သန်နေပါလိမ့်မယ်။ ပိုလိုအပ်တဲ့ဒေသကို ပြောင်းရွှေ့သူတွေ၊ ဘာသာစကားအသစ် သင်ယူသူတွေဟာ အများအားဖြင့် သိပ်အရည်အချင်းရှိတဲ့ ကြေညာသူတွေ ဖြစ်ပြီး အသင်းတော်ကို အများကြီး ထောက်ကူပေးနိုင်တယ်။ ဥပမာ၊ ဟောပြောခြင်းလုပ်ငန်းမှာ ဦးဆောင်ပေးကြတယ်။ သာသာနာပြုတွေဟာ ဒေသခံညီအစ်ကိုတွေ အရည်အချင်းပြည့်မီလာတဲ့အထိ အသင်းတော်ကို ဦးဆောင်ပေးလေ့ရှိတယ်။ သင်ဟာ နှစ်ခြင်းခံပြီးသား ညီအစ်ကို ဖြစ်မယ်ဆိုရင် တက်လှမ်းဖို့ “ကြိုးစား” နေသလား။ ဆိုလိုတာက အသင်းတော်အမှုထမ်း ဒါမှမဟုတ် အကြီးအကဲအဖြစ် အမှုဆောင်ရင်း အသင်းတော်မှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေရဲ့အကျိုး သယ်ပိုးလိုစိတ်ရှိသလား။—၁ တိ. ၃:၁

“အားပေးထောက်မသူ” ဖြစ်ပါ

လက်တွေ့ကျကျ ကူညီပေးပါ

တခြားနည်းလမ်းတွေနဲ့လည်း အသင်းတော်ကို ကူညီပေးနိုင်တယ်။ လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ၊ ညီအစ်ကိုဖြစ်စေ၊ ညီအစ်မဖြစ်စေ ကျွန်တော်တို့အားလုံးဟာ အကူအညီလိုအပ်နေတဲ့ ယုံကြည်သူချင်းတွေအတွက် “အားပေးထောက်မသူ” တွေ ဖြစ်နိုင်ပါတယ်။—ကော. ၄:၁၁

ညီအစ်ကိုညီအစ်မတွေကို ကူညီဖို့ဆိုရင် သူတို့အကြောင်း ကောင်းကောင်းသိဖို့ လိုအပ်တယ်။ အစည်းအဝေးတွေမှာ “အချင်းချင်း ထောက်ထားစာနာ” ဖို့ ကျမ်းစာမှာ အားပေးထားတယ်။ (ဟေဗြဲ ၁၀:၂၄) အဲဒီလိုပြောလို့ တခြားသူတွေရဲ့ အတွင်းရေးကို နှိုက်နှိုက်ချွတ်ချွတ် စပ်စုရမယ်လို့ မဆိုလိုဘူး။ အဲဒီအစား ညီအစ်ကိုညီအစ်မတွေအကြောင်း၊ သူတို့ရဲ့ လိုအပ်ရာတွေအကြောင်း နားလည်အောင် ကြိုးစားသင့်တယ်လို့ ဆိုလိုတယ်။ သူတို့ဟာ ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ ဘုရားရေးရာဘက်မှာ အကူအညီလိုအပ်နေတာ ဖြစ်နိုင်တယ်။ ကိစ္စတချို့ကိုတော့ အကြီးအကဲတွေနဲ့ အသင်းတော်အမှုထမ်းတွေပဲ ကူညီပေးနိုင်တာ မှန်ပါတယ်။ (ဂလ. ၆:၁) ဒါပေမဲ့ ပြဿနာကြုံနေရတဲ့ သက်ကြီးညီအစ်ကိုညီအစ်မတွေကိုဖြစ်စေ၊ မိသားစုတစ်စုလုံးကိုဖြစ်စေ ကျွန်တော်တို့အားလုံး ကူညီပေးနိုင်ပါတယ်။

ဘဝပြဿနာတွေနဲ့ လုံးပန်းနေရသူတွေကို အားပေးပါ

အဲဒီလိုမျိုး အကူအညီကို ညီအစ်ကိုဆာလ်ဗာတို ရရှိခဲ့တယ်။ ငွေကြေးပြဿနာကြီးတစ်ခုကြောင့် သူ့ရဲ့ စီပွားရေးလုပ်ငန်း၊ အိမ်နဲ့ မိသားစုပိုင်ပစ္စည်းအများစုကို ထုခွဲရောင်းချဖို့ လိုအပ်လာတယ်။ မိသားစုအတွက် သူ တအား စိုးရိမ်မိတယ်။ သူ အကူအညီလိုအပ်နေမှန်း အသင်းတော်မှာရှိတဲ့ နောက်မိသားစုတစ်စု သတိပြုမိတယ်။ သူ့ကို ငွေရေးကြေးရေး ကူညီပေးတယ်။ သူနဲ့ သူ့ဇနီးကို အလုပ်ရအောင် ကူညီပေးတယ်။ ညနေခင်း အတော်များများမှာလည်း သူတို့မိသားစုနဲ့ အချိန်ပေး ပေါင်းသင်းတယ်။ သူတို့ ပြောတာတွေကို နားထောင်ပေးပြီး အားပေးတယ်။ ဒီလိုနဲ့ သိပ်ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်လာတယ်။ အခုတော့၊ သိပ်ခက်ခဲချိန်ကို အတူဖြတ်ကျော်ခဲ့တဲ့ ပျော်ရွှင်စရာအမှတ်တရတွေ မိသားစုနှစ်စုစလုံးမှာ ရှိနေတယ်။

ခရစ်ယာန်စစ်တွေဟာ ကိုယ့်ယုံကြည်ချက်တွေအကြောင်း တခြားသူတွေကို မတွန့်မဆုတ် ဝေမျှပေးကြတယ်။ ယေရှုကို တုပပြီး ကျမ်းစာပါ အံ့ဖွယ်ကတိတွေအကြောင်း လူတိုင်းကို အသိပေးရမယ်။ ပိုလိုအပ်တဲ့ဒေသကို ပြောင်းရွှေ့နိုင်တာပဲဖြစ်ဖြစ်၊ မပြောင်းရွှေ့နိုင်တာပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံးဟာ ကိုယ့်အသင်းတော်မှာ တခြားသူတွေကို အတတ်နိုင်ဆုံး ကူညီပေးနိုင်တယ်။ (ဂလ. ၆:၁၀) ဒီနည်းအားဖြင့် ပေးကမ်းခြင်းကနေရရှိတဲ့ ပျော်ရွှင်မှု ခံစားရမှာဖြစ်ပြီး “ကောင်းသောအမှုအမျိုးမျိုး၌ သီးပွင့်ဖြစ်ထွန်း” နိုင်ပါလိမ့်မယ်။—ကော. ၁:၁၀; တ. ၂၀:၃၅