မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကို သင် ဘယ်လိုချသလဲ

ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကို သင် ဘယ်လိုချသလဲ

“ယေဟောဝါဘုရား၏ အလိုတော်ကို သိမြင်လျက်နေကြလော့။”—ဧ. ၅:၁၇

သီချင်း– ၆၉၊ ၅၇

၁။ ဘုရားသခင့် ပညတ်တချို့ကို ဖော်ပြပါ။ အဲဒါတွေကို လိုက်နာခြင်းက ကျွန်တော်တို့ကို ဘယ်လို အကျိုးပြုသလဲ။

ကျမ်းစာမှာ သတ်သတ်မှတ်မှတ် ပညတ်အတော်များများကို ယေဟောဝါ ပေးထားတယ်။ ဥပမာ၊ ရုပ်တုမကိုးကွယ်ရ၊ မခိုးရ၊ လိင်အကျင့်မယိုယွင်းရ၊ မသောက်ကြူးရဆိုတဲ့ ပညတ်တွေ ဖြစ်တယ်။ (၁ ကော. ၆:၉၊ ၁၀) အဲဒီအပြင် ယေဟောဝါရဲ့ သားတော် ယေရှုကလည်း နောက်လိုက်တွေကို “လူမျိုးတကာမှ လူတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော စွမ်းအားတော်၏နာမ၌ နှစ်ခြင်းပေးကြလော့။ သင်တို့အား ငါမိန့်မှာသမျှကို စောင့်ရှောက်စေရန် သွန်သင်ပေးကြလော့။ ငါသည်လည်း ဤလောကစနစ် နိဂုံးပိုင်းတိုင်အောင် သင်တို့နှင့်အတူ အစဥ်မပြတ်ရှိသည်” ဆိုပြီး သတ်သတ်မှတ်မှတ် မိန့်မှာခဲ့တယ်။ (မ. ၂၈:၁၉၊ ၂၀) ယေဟောဝါနဲ့ ယေရှု မိန့်မှာသမျှဟာ ကျွန်တော်တို့ရဲ့ အကျိုးအတွက်ပဲ။ ယေဟောဝါရဲ့ ပညတ်တွေက ကိုယ်တိုင်နဲ့ မိသားစုကို ကြည့်ရှုပြုစုတတ်အောင်၊ ပျော်ရွှင်ကျန်းမာအောင် ကူညီပေးတယ်။ အရေးကြီးဆုံးကတော့ ဟောပြောပါဆိုတဲ့ ပညတ်အပါအဝင် ယေဟောဝါရဲ့ ပညတ်တွေကို ကျွန်တော်တို့ နာခံမယ်ဆိုရင် ယေဟောဝါရဲ့ နှစ်သက်မှုနဲ့ ကောင်းချီး ရရှိပါလိမ့်မယ်။

၂၊ ၃။ (က) ကျမ်းစာမှာ ဘဝအခြေအနေတိုင်းအတွက်တော့ စည်းမျဥ်းတွေ မဖော်ပြထားတာ ဘာကြောင့်လဲ။ (ခ) ဒီဆောင်းပါးမှာ ဘယ်မေးခွန်းတွေကို ဆွေးနွေးမလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

ဒါပေမဲ့ ကျမ်းစာမှာ ဘဝအခြေအနေတိုင်းအတွက်တော့ စည်းမျဥ်းတွေ မဖော်ပြထားဘူး။ ဥပမာ၊ ဘာဝတ်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး တိတိကျကျ လမ်းညွှန်ထားတာ မရှိဘူး။ ယေဟောဝါရဲ့ ဉာဏ်ပညာ သိပ်ထင်ရှားတယ်။ ခေတ်တွေတစ်လျှောက် လောကရဲ့ အဝတ်အစား စတိုင်နဲ့ဖက်ရှင် အမျိုးမျိုး ပြောင်းလဲလာတယ်။ တကယ်လို့ ကျမ်းစာမှာ လက်ခံစရာ ဝတ်စားဖြီးလိမ်းပုံစတိုင်တွေကို စာရင်း အတိအကျ ဖော်ပြထားရင် အခုဆို ခေတ်နောက်ကျနေလောက်ပြီ။ ဒါကြောင့် အဝတ်အစား၊ အလုပ်အကိုင်၊ ဖျော်ဖြေရေး၊ ကျန်းမာရေးစတာတွေနဲ့ပတ်သက်ပြီး ကျမ်းစာမှာ စည်းမျဥ်း အများကြီး မထုတ်ထားဘူး။ အဲဒီကိစ္စတွေကို တစ်ယောက်ချင်းဖြစ်စေ၊ အိမ်ထောင်ဦးစီးတွေဖြစ်စေ ဆုံးဖြတ်ဖို့ ယေဟောဝါ ခွင့်ပြုထားတယ်။

ကျမ်းစာမှာ သတ်သတ်မှတ်မှတ် ပညတ်မရှိပေမဲ့ ကိုယ့်ဘဝအပေါ် အကျိုးသက်ရောက်မယ့် အရေးကြီး ဆုံးဖြတ်ချက် ချတဲ့အခါ အခုလို စဥ်းစားမိနိုင်တယ်– ‘ငါ ချမယ့်ဆုံးဖြတ်ချက်ကို ယေဟောဝါ စိတ်ဝင်စားသလား။ ကျမ်းစာပညတ်ကို မချိုးဖောက်သရွေ့ ငါ ဘာလုပ်လုပ် ယေဟောဝါ နှစ်သက်မလား။ ယေဟောဝါ နှစ်သက်မယ့်အရာကို ငါ ဘယ်လို သိနိုင်မလဲ။’

ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေက အရေးကြီးသလား

၄၊ ၅။ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေက ကိုယ်တိုင်နဲ့ တခြားသူတွေအပေါ် ဘယ်လို အကျိုးသက်ရောက်နိုင်သလဲ။

ကိုယ်ကြိုက်တာ ဘာမဆိုလုပ်နိုင်တယ်လို့ လူတချို့ ထင်ကြတယ်။ ဒါပေမဲ့ ယေဟောဝါ နှစ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ဆိုရင် ကျမ်းစာမှာပါတဲ့ ပညတ်တွေ၊ မူတွေကို ထည့်စဥ်းစားပြီး လိုက်နာရမယ်။ ဥပမာ၊ သွေးကိစ္စနဲ့ပတ်သက်တဲ့ ဘုရားပညတ်တွေကို လိုက်နာမှ ဘုရားနှစ်သက်မှု ရရှိမယ်။ (က. ၉:၄; တ. ၁၅:၂၈၊ ၂၉) ကျမ်းစာပညတ်တွေ၊ မူတွေအပေါ်အခြေခံပြီး ဆုံးဖြတ်ချက်ချနိုင်အောင် ကူညီပေးဖို့ ယေဟောဝါဆီ ကျွန်တော်တို့ ဆုတောင်းနိုင်တယ်။

ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေက ကျွန်တော်တို့အပေါ် အကျိုးသက်ရောက်နိုင်တယ်။ ပညာရှိဆုံးဖြတ်ချက်က ယေဟောဝါနဲ့ ပိုရင်းနှီးအောင် ကူညီပေးနိုင်တယ်။ ပညာမဲ့ဆုံးဖြတ်ချက်ကတော့ ယေဟောဝါနဲ့ ဆက်ဆံရေး ပြတ်တောက်စေနိုင်တယ်။ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေက တခြားသူတွေကိုလည်း ထိခိုက်နိုင်တယ်။ သူတို့ရဲ့ ယုံကြည်ခြင်းကို အားနည်းသွားစေနိုင်တယ်။ အသင်းတော်စည်းလုံးမှုကို ပျက်စီးစေနိုင်တယ်။ ဒါကြောင့် ပညာရှိဆုံးဖြတ်ချက်တွေ ချဖို့ အရေးကြီးတယ်။ရောမ ၁၄:၁၉ နဲ့ ဂလာတိ ၆:၇ တို့ကိုဖတ်ပါ။

၆။ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ဘယ်အရာအပေါ် အခြေခံသင့်သလဲ။

ကျမ်းစာမှာ ပညတ် အတိအကျ မရှိတဲ့ အခြေအနေတွေမှာ ပညာရှိဆုံးဖြတ်ချက်တွေ ဘယ်လို ချနိုင်မလဲ။ ကိုယ်ကြိုက်တာ ကိုယ်လုပ်မယ့်အစား ကိုယ့်အခြေအနေကို အသေအချာ စဥ်းစားပြီး ယေဟောဝါ နှစ်သက်မယ့်အရာအပေါ် အခြေခံ ဆုံးဖြတ်ရမယ်။ ဒါဆို ရလဒ်ကောင်းတွေရအောင် ယေဟောဝါ ကူညီပေးမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ဆာလံ ၃၇:၅ ကိုဖတ်ပါ။

ယေဟောဝါရဲ့ အလိုတော်ကို သိမြင်ပါ

၇။ ကိစ္စတစ်ခုနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ပညတ်အတိအကျ မရှိတဲ့အခါ ဘုရားသခင့်အလိုတော်ကို ဘယ်လို သိနိုင်သလဲ။

ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး ကျမ်းစာမှာ ပညတ် အတိအကျ မရှိတဲ့အခါ ယေဟောဝါ နှစ်သက်တဲ့အရာကို ဘယ်လို သိနိုင်မလဲ။ “ယေဟောဝါဘုရား၏ အလိုတော်ကို သိမြင်လျက်နေကြလော့” လို့ ဧဖက် ၅:၁၇ မှာ ပြောတယ်။ မှန်ပါတယ်။ ကျမ်းစာမှာ ပညတ် အတိအကျ မရှိတဲ့အခါ ယေဟောဝါရဲ့ အလိုတော်ကို ဘယ်လို ပိုင်းခြားသိမြင်နိုင်မလဲ။ ဆုတောင်းခြင်း၊ သန့်ရှင်းသောစွမ်းအားတော်သုံးပြီး ဘုရားလမ်းပြပေးတာကို ခံယူခြင်းအားဖြင့် ဖြစ်တယ်။

၈။ ယေဟောဝါရဲ့ အလိုတော်ကို ယေရှု ဘယ်လို ပိုင်းခြားသိမြင်ခဲ့သလဲ။ ဥပမာပေးပါ။

ယေဟောဝါရဲ့ အလိုတော်ကို ယေရှု ဘယ်လို ပိုင်းခြားသိမြင်ခဲ့တယ်ဆိုတာ စဥ်းစားကြည့်ပါ။ ဥပမာ၊ လူတွေ ဆာလောင်တဲ့အခါ ယေရှု ဆုတောင်းပြီးနောက် အံ့ဖွယ်နည်းနဲ့ နှစ်ကြိမ် ကျွေးမွေးခဲ့တယ်။ (မ. ၁၄:၁၇-၂၀; ၁၅:၃၄-၃၇) ဒါပေမဲ့ တောကန္တာရမှာ သူ ဆာလောင်တဲ့အခါ ကျောက်ခဲကို မုန့်ဖြစ်အောင် လုပ်ဖို့ မာရ်နတ် သွေးဆောင်တာကို ငြင်းဆိုခဲ့တယ်။ (မဿဲ ၄:၂-၄ ကိုဖတ်ပါ။) ဖခင်ရဲ့ စဥ်းစားပုံကို ယေရှု ကောင်းကောင်း သိတယ်။ သန့်ရှင်းသောစွမ်းအားတော်ကို ကိုယ့်အကျိုးအတွက် မသုံးစေချင်မှန်း သူ သိတယ်။ မာရ်နတ် သွေးဆောင်တာကို ငြင်းဆိုခြင်းအားဖြင့် ယေဟောဝါရဲ့ လမ်းညွှန်မှုနဲ့ ထောက်မမှုကို အားကိုးမှန်း ယေရှု ဖော်ပြခဲ့တယ်။

၉၊ ၁၀။ ပညာရှိဆုံးဖြတ်ချက်တွေချဖို့ ဘာက ကူညီပေးမလဲ။ ဥပမာပေးပါ။

ကျွန်တော်တို့လည်း ယေရှုလိုပဲ ယေဟောဝါရဲ့ လမ်းညွှန်မှုကို အားကိုးမယ်ဆိုရင် ပညာရှိဆုံးဖြတ်ချက်တွေ ချနိုင်ပါလိမ့်မယ်။ ‘ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားပါ။ ကိုယ့်ရဲ့သိနားလည်နိုင်စွမ်းကို အားမကိုးနဲ့။ ဘာပဲလုပ်လုပ် ဘုရားကို ထည့်စဥ်းစားပါ။ ဘုရားက သင့်ရဲ့လမ်းခရီးတွေကို ဖြောင့်ဖြူးစေမယ်။ ကိုယ့်ကိုယ်ကိုယ် ပညာရှိတယ်လို့ မထင်နဲ့။ ယေဟောဝါကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကို ရှောင်ပါ’ လို့ ကျမ်းစာ ပြောတယ်။ (သု. ၃:၅-၇ကဘ) ကျမ်းစာလေ့လာတဲ့အခါ ယေဟောဝါ စဥ်းစားသလို စဥ်းစားတတ်လာတယ်။ အဲဒီအခါ သတ်သတ်မှတ်မှတ် အခြေအနေ တစ်ခုနဲ့ပတ်သက်ပြီး ယေဟောဝါရဲ့ အလိုတော်ကို ကျွန်တော်တို့ နားလည်လာပါလိမ့်မယ်။ ယေဟောဝါ စဥ်းစားသလို စဥ်းစားတတ်လေ ကိုယ်တော်နှစ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ ပိုလွယ်ကူလေ ဖြစ်လာပါလိမ့်မယ်။ ဒီနည်းအားဖြင့် ဘုရားသခင့် လမ်းညွှန်မှုကို ပိုနားလည်လာပါလိမ့်မယ်။

၁၀ ဥပမာ၊ အိမ်ရှင်မတစ်ယောက်ဟာ တစ်ယောက်တည်း ဈေးဝယ်ထွက်ရင်း သိပ်လှတဲ့ ဖိနပ်တစ်ရန်ကို တွေ့သွားတယ်။ ဒါပေမဲ့ ဈေးကလည်း ကြီးနေတယ်။ ‘ဒီလောက် ဈေးကြီးပေးဝယ်ရင် ငါ့ယောက်ျား ဘယ်လို ထင်မလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးလိုက်တယ်။ အဖြေကို သူ သိနေတယ်။ ဘာကြောင့်လဲ။ အိမ်ထောင်သက်တမ်းတစ်လျှောက် ဘတ်ဂျက်သုံးစွဲပုံနဲ့ပတ်သက်ပြီး သူ့ယောက်ျားရဲ့ စဥ်းစားပုံကို သိနေလို့ပဲ။ ကျွန်တော်တို့လည်း ယေဟောဝါရဲ့ စဥ်းစားပုံနဲ့ လုပ်ဆောင်ပုံတွေကို သိလာတဲ့အခါ အခြေအနေ အမျိုးမျိုးမှာ ယေဟောဝါ ဘာလုပ်စေချင်တယ်ဆိုတာ သိလာပါလိမ့်မယ်။

ယေဟောဝါရဲ့ စဥ်းစားပုံကို သိမြင်ပါ

၁၁။ ကျမ်းစာဖတ်ရှုလေ့လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ မေးနိုင်သလဲ။ (“ ကျမ်းစာလေ့လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ” လေးထောင့်ကွက်ကို ကြည့်ပါ။)

၁၁ ယေဟောဝါရဲ့ စဥ်းစားပုံကို ဘယ်လို သိမြင်နိုင်သလဲ။ ကျမ်းစာကို ပုံမှန်ဖတ်ရှုလေ့လာခြင်းအားဖြင့် ဖြစ်တယ်။ ဖတ်ရှုလေ့လာရင်း ‘ဒီအကြောင်းအရာက ယေဟောဝါအကြောင်း၊ ဖြောင့်မတ်တဲ့လုပ်ဆောင်ပုံတွေအကြောင်း၊ ကိုယ်တော့်စဥ်းစားပုံအကြောင်း ငါ့ကို ဘာသင်ပေးသလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ‘အို ယေဟောဝါ၊ ကျွန်တော့်ကို ကိုယ်တော့်လမ်းစဥ်တွေအကြောင်း သိနားလည်စေပါ။ နည်းလမ်းတွေအကြောင်း သင်ကြားပေးလှည့်ပါ။ ကိုယ်တော့် အမှန်တရားလမ်းပေါ် လျှောက်လှမ်းစေပါ။ ကျွန်တော့်ကို သင်ကြားပေးပါ။ ကိုယ်တော်ဟာ ကျွန်တော့်ကို ကယ်တင်တဲ့ ဘုရားသခင်ပါ။ ကိုယ်တော့်ကို တစ်နေ့လုံး မျှော်လင့်နေပါတယ်’ လို့ ပြောခဲ့တဲ့ ဆာလံဆရာဒါဝိဒ်ရဲ့ သဘောထားမျိုး ကျွန်တော်တို့မှာရှိဖို့ လိုအပ်တယ်။ (ဆာ. ၂၅:၄၊ ၅ကဘ) ကျမ်းစာဖတ်ပြီး တွေးတောဆင်ခြင်တဲ့အခါ ‘ဒီအချက်ကို မိသားစုမှာ၊ အလုပ်မှာ၊ ကျောင်းမှာ၊ အမှုဆောင်လုပ်ငန်းမှာ ငါ ဘယ်လို ကျင့်သုံးနိုင်သလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ ဘယ်ကဏ္ဍမှာ ကျင့်သုံးရမယ်ဆိုတာ သိလာပြီဆိုရင် ဘယ်လို ကျင့်သုံးရမယ်ဆိုတာ သိဖို့ ပိုလွယ်ကူလာပါလိမ့်မယ်။

ကျမ်းစာကို ပုံမှန်ဖတ်ရှုလေ့လာခြင်းအားဖြင့် ယေဟောဝါရဲ့ စဥ်းစားပုံကို သိမြင်နိုင်တယ်

၁၂။ ကိစ္စအမျိုးမျိုးနဲ့ပတ်သက်ပြီး ယေဟောဝါရဲ့ စဥ်းစားပုံကို သိလာအောင် ကျမ်းစာစာပေတွေနဲ့ အစည်းအဝေးတွေက ဘယ်လို ကူညီပေးနိုင်သလဲ။

၁၂ ယေဟောဝါရဲ့ စဥ်းစားပုံကို သိမြင်နိုင်တဲ့ နောက်တစ်နည်းကတော့ အဖွဲ့အစည်းကလာတဲ့ ကျမ်းစာလမ်းညွှန်ချက်တွေကို ဂရုပြုခြင်း ဖြစ်တယ်။ ဥပမာ၊ ဆုံးဖြတ်ချက်ချတဲ့အခါ ယေဟောဝါသက်သေတွေအတွက် ကျမ်းစာလေ့လာမှုလမ်းညွှန် စာအုပ်က ယေဟောဝါရဲ့ စဥ်းစားပုံကို သိမြင်အောင် ကူညီပေးနိုင်တယ်။ ခရစ်ယာန်အစည်းအဝေးတွေမှာ အာရုံစိုက် နားထောင်ခြင်း၊ မှတ်ချက်ပေးခြင်း၊ သိရှိလာတဲ့အရာတွေကို တွေးတောဆင်ခြင်ခြင်းကနေလည်း အကျိုးရရှိနိုင်တယ်။ ယေဟောဝါပြင်ဆင်ပေးတဲ့ ပုံဆောင်အစာကို ဝီရိယရှိရှိ စားသုံးခြင်းအားဖြင့် ကိုယ်တော့်စဥ်းစားပုံကို ပိုသိမြင်လာပါလိမ့်မယ်။ ရလဒ်အနေနဲ့ ဘုရားသခင်နှစ်သက်ပြီး ကောင်းချီးပေးမယ့် ဆုံးဖြတ်ချက်တွေ ချနိုင်ပါလိမ့်မယ်။

ဆုံးဖြတ်ချက်ချတဲ့အခါ ယေဟောဝါရဲ့ စဥ်းစားပုံက သင့်ကို လမ်းညွှန်ပါစေ

၁၃။ ယေဟောဝါရဲ့ စဥ်းစားပုံကို ထည့်သုံးသပ်ခြင်းက ပညာရှိဆုံးဖြတ်ချက်တွေ ချနိုင်အောင် ဘယ်လို ကူညီပေးတယ်ဆိုတာ ဖော်ပြတဲ့ ဥပမာတစ်ခု ပေးပါ။

၁၃ ယေဟောဝါရဲ့ စဥ်းစားပုံကို ထည့်သုံးသပ်ခြင်းက ပညာရှိဆုံးဖြတ်ချက်တွေ ချနိုင်အောင် ဘယ်လို ကူညီပေးတယ်ဆိုတဲ့ ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ သင်က ကြေညာသူတစ်ယောက် ဖြစ်ပြီး ရှေ့ဆောင်လုပ်ချင်တယ်ဆိုပါစို့။ အဲဒီလိုလုပ်ဖို့ ဘဝကို ရိုးရိုးရှင်းရှင်း ထားရမယ်။ ဒါပေမဲ့ ရိုးရှင်းတဲ့ဘဝနဲ့ ပျော်အောင် နေနိုင်ပါ့မလားလို့ သင် စိုးရိမ်မိတယ်။ ရှေ့ဆောင်လုပ်ရမယ်ဆိုတဲ့ ကျမ်းစာပညတ် အတိအကျ မရှိဘူး။ ကြေညာသူအနေနဲ့လည်း ယေဟောဝါကို သစ္စာရှိရှိ ဆက်ဝတ်ပြုနိုင်တယ်။ ဒါပေမဲ့ နိုင်ငံတော်အတွက် စွန့်လွှတ်အနစ်နာခံသူတွေကို ယေဟောဝါ ကောင်းချီးပေးမယ်လို့ ယေရှု ကတိပေးထားတယ်။ (လုကာ ၁၈:၂၉၊ ၃၀ ကိုဖတ်ပါ။) အဲဒီအပြင် ယေဟောဝါကို ချီးမွမ်းဖို့၊ စစ်မှန်တဲ့ဝတ်ပြုရေး တိုးတက်ဖို့ အတတ်နိုင်ဆုံး ကြိုးစားတာကို ယေဟောဝါ နှစ်သက်တယ်လို့ ကျမ်းစာ ပြောတယ်။ (ဆာ. ၁၁၉:၁၀၈; ၂ ကော. ၉:၇) လမ်းညွှန်မှုရဖို့ ဆုတောင်းပြီး အဲဒီကျမ်းချက်တွေကို တွေးတောဆင်ခြင်တဲ့အခါ ယေဟောဝါရဲ့ စဥ်းစားပုံကို သိရှိလာပြီး လက်တွေ့ကျတဲ့၊ ဘုရားကောင်းချီးပေးမယ့် ဆုံးဖြတ်ချက် ချနိုင်ပါလိမ့်မယ်။

၁၄။ အဝတ်အစားပုံစံတစ်ခုကို ယေဟောဝါ နှစ်သက်,မနှစ်သက် ဘယ်လို ဆုံးဖြတ်နိုင်သလဲ။

၁၄ နောက်ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ– အဝတ်အစားပုံစံတစ်ခုကို ကိုယ်သိပ်ကြိုက်ပေမဲ့ အသင်းတော်မှာရှိတဲ့သူတချို့ ကြိုက်မှာမဟုတ်ဘူးဆိုတာ သင် သိတယ်။ ဒီအဝတ်အစားပုံစံကို တားမြစ်ထားတဲ့ ကျမ်းစာပညတ်လည်း အတိအကျ မရှိဘူး။ ဒါဆို ယေဟောဝါရဲ့ စဥ်းစားပုံကို ဘယ်လို သိနိုင်မလဲ။ “အမျိုးသမီးတို့သည်လည်း ဣန္ဒြေရှိခြင်း၊ သမာသတိရှိခြင်းနှင့်တကွ တင့်တယ်သောအဝတ်အစားဖြင့် ကိုယ်ကို ဆင်ယင်စေလို၏။ ဆံပင်ထုံးဖွဲ့နည်းအမျိုးမျိုး၊ ရွှေ၊ ပုလဲ၊ တန်ဖိုးကြီးသောအဝတ်တန်ဆာနှင့် ကိုယ်ကို မဆင်ယင်ဘဲ၊ ဘုရားသခင်ကို ကြည်ညိုပါသည်ဟု ဝန်ခံသော အမျိုးသမီးများ ဆင်ယင်သင့်သည့်အတိုင်း ကောင်းသောအကျင့်များဖြင့် ကိုယ်ကို ဆင်ယင်ရန် ငါအလိုရှိ၏” လို့ တမန်တော် ပေါလု ပြောတယ်။ (၁ တိ. ၂:၉၊ ၁၀) ဒီအကြံဉာဏ်က အမျိုးသားတွေနဲ့လည်း သက်ဆိုင်တယ်။ ယေဟောဝါဆီ ဆက်ကပ်အပ်နှံထားတဲ့ ကျေးကျွန်တွေအနေနဲ့ ကျွန်တော်တို့ဟာ ကိုယ့်အကြိုက်ကိုပဲ ဦးစားမပေးဘူး။ ကိုယ့်ရွေးချယ်မှုကြောင့် တခြားသူတွေ ဘယ်လို ထိခိုက်မလဲဆိုတာကိုပါ ထည့်စဥ်းစားတယ်။ ကျွန်တော်တို့ဟာ ဣန္ဒြေရှိပြီး မေတ္တာရှိမယ်ဆိုရင် ညီအစ်ကိုညီအစ်မတွေကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မှာမဟုတ်ဘူး။ (၁ ကော. ၁၀:၂၃၊ ၂၄; ဖိ. ၃:၁၇) ကျမ်းစာအကြံဉာဏ်တွေကို ထည့်စဥ်းစားခြင်းက ယေဟောဝါရဲ့ စဥ်းစားပုံကို သိရှိလာစေပြီး ကိုယ်တော် နှစ်သက်မယ့် ဆုံးဖြတ်ချက်တွေ ချနိုင်အောင် လမ်းညွှန်ပေးပါလိမ့်မယ်။

၁၅၊ ၁၆။ (က) လိင်အကျင့်ယိုယွင်းတဲ့အကြောင်း ကျွန်တော်တို့ စိတ်ကူးယဥ်တဲ့အခါ ယေဟောဝါ ဘယ်လို ခံစားရသလဲ။ (ခ) ဖျော်ဖြေမှု ရွေးချယ်ရာမှာ ယေဟောဝါနှစ်သက်တဲ့အရာကို ဘယ်လိုသိနိုင်သလဲ။ (ဂ) ကြီးလေးတဲ့ဆုံးဖြတ်ချက်တွေ ဘယ်လိုချသင့်သလဲ။

၁၅ လူတွေ လမ်းဆိုးလိုက်ပြီး ‘စိတ်နှလုံးအကြံအစည် ဆိုးညစ်’ တာကို ယေဟောဝါ မြင်တဲ့အခါ စိတ်ထိခိုက်တယ်လို့ ကျမ်းစာ ပြောတယ်။ (ကမ္ဘာဦး ၆:၅၊ ၆ ကိုဖတ်ပါ။) လိင်အကျင့်ယိုယွင်းတဲ့အကြောင်း စိတ်ကူးယဥ်ခြင်းက မှားတယ်ဆိုတာ ဒီကျမ်းချက်ကနေ သိရတယ်။ အဲဒီလိုစိတ်ကူးယဥ်ခြင်းက ကြီးလေးတဲ့ အပြစ်လုပ်မိအောင် တွန်းပို့ပေးနိုင်တယ်။ ယေဟောဝါက သန့်ရှင်းစင်ကြယ်တာတွေကို တွေးတောစေချင်တယ်။ “အထက်မှဉာဏ်ပညာမူကား ဦးစွာ စင်ကြယ်၏။ ထို့နောက် သင့်မြတ်စွာနေတတ်၏။ အကျိုးသင့်အကြောင်းသင့်သဘောရှိ၏။ နာခံရန် အသင့်ရှိ၏။ သနားကြင်နာခြင်းနှင့်လည်းကောင်း၊ ကောင်းသောအကျင့်များနှင့်လည်းကောင်း ပြည့်စုံ၏။ မျက်နှာလိုက်ခြင်းမရှိ။ အရေခြုံခြင်းမရှိ” လို့ တပည့်တော်ယာကုပ် ပြောတယ်။ (ယာ. ၃:၁၇) ဒါကြောင့် မသန့်ရှင်းတဲ့ အတွေးတွေ၊ ဆန္ဒတွေကို တောက်လောင်စေနိုင်တဲ့ ဘယ်ဖျော်ဖြေရေးကိုမဆို ရှောင်ရမယ်လို့ ကျမ်းစာသွန်သင်တယ်။ ယေဟောဝါ နှစ်သက်တဲ့အရာနဲ့ မုန်းတဲ့အရာကို ရှင်းရှင်းလင်းလင်း သိထားမယ်ဆိုရင် ဘယ်စာအုပ်၊ ဘယ်ရုပ်ရှင်၊ ဘယ်ဂိမ်းတွေကို ရွေးချယ်ရမယ်ဆိုတာ သိဖို့ ပိုလွယ်ကူလာပါလိမ့်မယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဘာလုပ်ရမယ်ဆိုတာ တခြားသူတွေကို မေးဖို့ လိုတော့မှာ မဟုတ်ဘူး။

၁၆ ကိစ္စအတော်များများကို ယေဟောဝါနှစ်သက်တဲ့နည်းနဲ့ အမျိုးမျိုး ဆုံးဖြတ်နိုင်တယ်။ ဒါပေမဲ့ ကြီးလေးတဲ့ဆုံးဖြတ်ချက်တွေ ချရတော့မယ်ဆိုရင် အကြီးအကဲတစ်ယောက်ဆီမှာဖြစ်စေ၊ ရင့်ကျက်တဲ့ ညီအစ်ကိုညီအစ်မဆီမှာဖြစ်စေ အကြံဉာဏ်တောင်းနိုင်တယ်။ (တိ. ၂:၃-၅; ယာ. ၅:၁၃-၁၅) ဒါပေမဲ့ ကိုယ့်အတွက် ဆုံးဖြတ်ချက်ချပေးဖို့တော့ မတောင်းဆိုသင့်ဘူး။ လေ့ကျင့်ထားတဲ့ ‘ပိုင်းခြားသိမြင်နိုင်စွမ်း’ ကို သုံးပြီး ကိုယ်တိုင် ဆုံးဖြတ်ရမယ်။ (ဟေဗြဲ ၅:၁၄) “လူအသီးသီးသည် မိမိတို့၏ဝန်ကို ထမ်းရွက်ကြရမည်” လို့ တမန်တော်ပေါလု ပြောတယ်။—ဂလ. ၆:၅

၁၇။ ယေဟောဝါနှစ်သက်တဲ့ ဆုံးဖြတ်ချက်တွေချတဲ့အခါ ကျွန်တော်တို့ ဘယ်လို အကျိုးရရှိသလဲ။

၁၇ ယေဟောဝါနှစ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချမယ်ဆိုရင် ကိုယ်တော်နဲ့ ပိုရင်းနှီးလာပါလိမ့်မယ်။ (ယာ. ၄:၈) ကိုယ်တော့် မျက်နှာသာနဲ့ကောင်းချီးလည်း ရရှိပါလိမ့်မယ်။ ယုံကြည်ခြင်း သန်စွမ်းလာပါလိမ့်မယ်။ ဒါကြောင့် ဆုံးဖြတ်ချက်ချတဲ့အခါ ကျမ်းစာပညတ်နဲ့ မူတွေက သင့်ကို လမ်းညွှန်ပါစေ။ ဒါဆို ဘုရားသခင့် စဥ်းစားပုံကို သိရှိလာပါလိမ့်မယ်။ ယေဟောဝါနဲ့ပတ်သက်ပြီး သင်ယူစရာအသစ်တွေ အမြဲရှိမှာ မှန်ပါတယ်။ (ယောဘ ၂၆:၁၄) ဒါပေမဲ့ ဝီရိယရှိရှိ ကြိုးစားအားထုတ်မယ်ဆိုရင် အခုအချိန်မှာ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်အောင် လိုအပ်တဲ့ ဉာဏ်ပညာရရှိပါလိမ့်မယ်။ (သု. ၂:၁-၅) လူသားတွေရဲ့ စိတ်ကူးတွေ၊ အကြံအစည်တွေ ပြောင်းလဲနေပေမဲ့ ယေဟောဝါကတော့ ဘယ်တော့မှ မပြောင်းလဲဘူး။ ‘ယေဟောဝါရဲ့ ဆုံးဖြတ်ချက်တွေက ထာဝစဥ်တည်လိမ့်မယ်။ ဘုရားရဲ့ စိတ်ကူးကြံစည်မှုတွေလည်း လူမျိုးအဆက်ဆက်တိုင်အောင် တည်လိမ့်မယ်’ လို့ ဆာလံဆရာ ပြောတယ်။ (ဆာ. ၃၃:၁၁ကဘ) ကျွန်တော်တို့ဟာ ယေဟောဝါစဥ်းစားသလို စဥ်းစားပြီး ကိုယ်တော် နှစ်သက်တာကို လုပ်ဆောင်မယ်ဆိုရင် အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချနိုင်ပါလိမ့်မယ်။