မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာက သင့်အသက်တာကို ပြုပြင်ပြောင်းလဲပေးနေဆဲလား

ကျမ်းစာက သင့်အသက်တာကို ပြုပြင်ပြောင်းလဲပေးနေဆဲလား

“သင်တို့၏စိတ်သဘောကို ပြုပြင်ပြောင်းလဲကြလော့။”—ရော. ၁၂:၂

သီချင်း– ၆၁၊ ၅၂

၁-၃။ (က) နှစ်ခြင်းခံပြီးနောက် ဘယ်ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ခက်နေနိုင်သလဲ။ (ခ) တိုးတက်အောင်လုပ်ဖို့ ခက်နေတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ မေးနိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

ကယ်ဗန်ဟာ လောင်းကစားသမား၊ အရက်သမား၊ ဆေးသမားနဲ့ ဆေးလိပ်ချိုး ဖြစ်ခဲ့တာ နှစ်ပေါင်းများစွာပဲ။ [၁] နောက်ပိုင်း ယေဟောဝါအကြောင်း သိလာပြီး ကိုယ်တော်နဲ့ ရင်းနှီးချင်လာတယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်ဖို့ ဘဝမှာ အကြီးအကျယ် ပြုပြင်ပြောင်းလဲရမယ်။ ယေဟောဝါရဲ့ အကူအညီနဲ့ ကျမ်းစာရဲ့ အစွမ်းတန်ခိုးကြောင့် သူ ပြောင်းလဲနိုင်ခဲ့တယ်။—ဟေဗြဲ ၄:၁၂

ကယ်ဗန်ဟာ နှစ်ခြင်းခံပြီးနောက်မှာလည်း ခရစ်ယာန်အရည်အသွေးတွေ တိုးတက်လာအောင် ဆက်ပြုပြင်ပြောင်းလဲနေရတုန်းပဲ။ (ဧ. ၄:၃၁၊ ၃၂) ဥပမာ၊ သူက ထစ်ခနဲဆို ဒေါသထွက်တတ်တယ်။ ဒေါသကို ထိန်းဖို့ သူ့အတွက် သိပ်ခက်တယ်။ “အကျင့်ဆိုးတွေကို ဖြတ်ဖို့ထက် ဒေါသကို ထိန်းဖို့က ပိုခက်တယ်” လို့ သူ ပြောတယ်။ ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းပြီး ကျမ်းစာကို အသေအချာ လေ့လာခြင်းအားဖြင့် သူ ပြောင်းလဲနိုင်ခဲ့တယ်။

ကျွန်တော်တို့ အများစုလည်း နှစ်ခြင်းမခံခင်မှာ ကျမ်းစာတောင်းဆိုချက်တွေနဲ့ ကိုက်ညီအောင် ဘဝကို အကြီးအကျယ် ပြောင်းလဲခဲ့ရတယ်။ ဒါပေမဲ့ ဘုရားသခင်ကိုရော ခရစ်တော်ကိုပါ ပိုတုပနိုင်အောင် ပြုပြင်ပြောင်းလဲစရာ အသေးအမွှားတွေ အခုထိ ရှိနေတုန်းပဲ။ (ဧ. ၅:၁၊ ၂; ၁ ပေ. ၂:၂၁) ဥပမာ၊ ကျွန်တော်တို့က တအား ညည်းညူတတ်တာ၊ အတင်းပြောတတ်တာ၊ တခြားသူတွေကို မှိုချိုးမျှစ်ချိုး ပြောတတ်တာ ဖြစ်နိုင်တယ်။ တခြားသူတွေ ဝေဖန်ကဲ့ရဲ့မှာကို ကြောက်တတ်တာ ဖြစ်နိုင်တယ်။ ပြုပြင်ပြောင်းလဲဖို့ နှစ်ပေါင်းများစွာ ကြိုးစားလာပေမဲ့ ထပ်ခါထပ်ခါ မှားနေတုန်းပဲ။ ဒါကြောင့် ‘အပြောင်းအလဲကြီးတွေ လုပ်နိုင်ခဲ့ပြီးမှ ဒီသေးသေးလေးတွေကို ပြုပြင်ဖို့ ဘာကြောင့် ဒီလောက်တောင် ခက်ရတာလဲ။ ငါ့အသက်တာမှာ ကျမ်းစာရဲ့ ပြုပြင်ပြောင်းလဲပေးမှုကို ဘယ်လို ဆက်ခွင့်ပြုနိုင်သလဲ’ လို့ တွေးမိနိုင်တယ်။

ယေဟောဝါကို သင် ပျော်ရွှင်စေနိုင်

၄။ ယေဟောဝါကို ပျော်ရွှင်စေချင်တဲ့ဆန္ဒရှိပေမဲ့ တစ်ခါတလေ မလုပ်ဆောင်နိုင်တာ ဘာကြောင့်လဲ။

ယေဟောဝါကို ကျွန်တော်တို့ ချစ်တဲ့အတွက် ပျော်ရွှင်စေချင်တဲ့ဆန္ဒ အပြည့်အဝ ရှိတယ်။ ဒါပေမဲ့ မစုံလင်သူတွေ ဖြစ်တဲ့အတွက် ဆန္ဒရှိသလောက် တစ်ခါတလေ မလုပ်ဆောင်နိုင်ဘူး။ “ငါသည် ကောင်းရာကို ကျင့်လိုသောစိတ်ရှိသော်လည်း ကျင့်ဆောင်နိုင်စွမ်းကား မရှိ” လို့ ပြောခဲ့တဲ့ တမန်တော်ပေါလုလို ကျွန်တော်တို့ ခံစားရနိုင်တယ်။—ရော. ၇:၁၈; ယာ. ၃:၂

၅။ နှစ်ခြင်းမခံခင် ဘယ်အပြောင်းအလဲတွေ လုပ်ခဲ့ရသလဲ။ ဘယ်အားနည်းချက်တွေ ရှိနေနိုင်သေးသလဲ။

ကျွန်တော်တို့ဟာ ခရစ်ယာန်အသင်းသားတစ်ယောက် ဖြစ်နိုင်ဖို့ ယေဟောဝါ မကြိုက်တဲ့ အကျင့်တွေကို ဖြတ်ခဲ့ရတယ်။ (၁ ကော. ၆:၉၊ ၁၀) ဒါပေမဲ့ မစုံလင်သူတွေ ဖြစ်နေတုန်းပဲ။ (ကော. ၃:၉၊ ၁၀) ဒါကြောင့် နှစ်ခြင်းခံပြီးတာ နှစ်ပေါင်းများစွာ ရှိနေရင်တောင် အမှားတွေ လုပ်မိနေတုန်းပဲ။ မှားယွင်းတဲ့ ဆန္ဒတွေ၊ ခံစားချက်တွေ ပေါ်လာနိုင်တုန်းပဲ။ အားနည်းချက်တစ်ခုခုကို ထိန်းချုပ်ဖို့ အခက်တွေ့ နိုင်တုန်းပဲ။ အားနည်းချက်တစ်ခုတည်းကို နှစ်ပေါင်းများစွာ တိုက်လှန်နေရတာတောင် ဖြစ်နိုင်တယ်။

၆၊ ၇။ (က) မစုံလင်ပေမဲ့ ယေဟောဝါနဲ့ မိတ်ဆွေဖြစ်နိုင်တာ ဘာကြောင့်လဲ။ (ခ) ယေဟောဝါဆီမှာ ခွင့်လွှတ်မှုတောင်းခံဖို့ ဘာကြောင့် မတွန့်ဆုတ်သင့်သလဲ။

ကျွန်တော်တို့ မစုံလင်ပေမဲ့ ယေဟောဝါနဲ့ မိတ်ဆွေ ဖြစ်နိုင်ပြီး ကိုယ်တော့်ကို ဆက်ဝတ်ပြုနိုင်တယ်။ ဒီအချက်ကို စဥ်းစားကြည့်ပါ– ကျွန်တော်တို့ကို ယေဟောဝါ သွေးဆောင်တုန်းက ကျွန်တော်တို့ အမှားလုပ်တတ်မှန်း သိတယ်။ (ယော. ၆:၄၄) စိတ်နှလုံးကို စစ်ဆေးနိုင်တဲ့အတွက် ကျွန်တော်တို့မှာ ဘယ်အားနည်းချက်တွေ ရှိမှန်း ယေဟောဝါ သိတယ်။ ဒါပေမဲ့ မိမိနဲ့ မိတ်ဆွေ ဖြစ်စေချင်လို့ ကျွန်တော်တို့ကို သွေးဆောင်ထားတယ်။

ကျွန်တော်တို့ကို ယေဟောဝါချစ်လွန်းလို့ ယေရှုကို မြေကြီးပေါ်စေလွှတ်ပြီး ရွေးနုတ်ဖိုးအဖြစ် အသေခံစေခဲ့တယ်။ အဖိုးတန်လက်ဆောင်ပဲ။ (ယော. ၃:၁၆) ဒါကြောင့် အပြစ်လုပ်မိတဲ့အခါ ရွေးနုတ်ဖိုးကို အခြေခံပြီး ခွင့်လွှတ်မှုတောင်းခံမယ်ဆိုရင် ယေဟောဝါ ခွင့်လွှတ်မှာဖြစ်ပြီး ကိုယ်တော်နဲ့မိတ်ဆွေ ဆက်ဖြစ်နိုင်ပါလိမ့်မယ်။ (ရော. ၇:၂၄၊ ၂၅; ၁ ယော. ၂:၁၊ ၂) နောင်တရတဲ့ အပြစ်သားတွေအတွက် ယေရှုအသေခံခဲ့တယ်ဆိုတာ သတိရပါ။ ဒါကြောင့် ကိုယ့်လုပ်ရပ် သိပ်ဆိုးတယ်လို့ ခံစားနေရရင်တောင် ယေဟောဝါရဲ့ ခွင့်လွှတ်မှု တောင်းခံဖို့ မတွန့်ဆုတ်သင့်ဘူး။ ခွင့်လွှတ်မှု မတောင်းခံတာက ညစ်ပတ်နေတဲ့လက်ကို မဆေးတာနဲ့တူတယ်။ မစုံလင်တဲ့အခြေအနေမှာတောင် ယေဟောဝါနဲ့ မိတ်ဆွေဖြစ်ခွင့်ရနိုင်တဲ့အတွက် ကျေးဇူးတင်စရာပဲ။—၁ တိမောသေ ၁:၁၅ ကိုဖတ်ပါ။

ယေဟောဝါနဲ့ မိတ်ဆွေဖြစ်ချင်ရင် ကိုယ်တော်နဲ့ သားတော်ယေရှုကို ဆက်တုပနေရမယ်

၈။ ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကို ဘာကြောင့် လျစ်လျူမရှုသင့်သလဲ။

ကျွန်တော်တို့က ကိုယ့်ရဲ့အားနည်းချက်တွေကို လျစ်လျူမရှုသင့်ဘူး၊ ဆင်ခြေမပေးသင့်ဘူး။ ယေဟောဝါနဲ့ မိတ်ဆွေ ဆက်ဖြစ်ချင်ရင် ကိုယ်တော်ဖြစ်စေချင်တဲ့ လူစားမျိုးဖြစ်အောင် ကြိုးစားရမယ်။ (ဆာ. ၁၅:၁-၅) ယေဟောဝါနဲ့ သားတော်ယေရှုကို တုပဖို့၊ မှားယွင်းတဲ့ဆန္ဒတွေကို ထိန်းချုပ်ဖို့၊ ဖြစ်နိုင်ရင် ဖျောက်ဖျက်ဖို့တောင် ကြိုးစားရမယ်။ နှစ်ခြင်းခံပြီးတာ ဘယ်လောက်ကြာနေပါစေ ခရစ်ယာန်အရည်အသွေးတွေ တိုးတက်အောင် ဆက်ကြိုးစားနေရမယ်။—၂ ကော. ၁၃:၁၁

၉။ စရိုက်သစ်ကို ဆက်ဝတ်ဆင်နိုင်မှန်း ကျွန်တော်တို့ ဘယ်လို သိရသလဲ။

“သင်တို့သည် ဘဝလမ်းစဥ်ဟောင်းအတိုင်း လှည့်ဖြားတတ်သော ဆန္ဒများနှင့်အညီ ယိုယွင်းလျက်ရှိသော ပင်ကိုစရိုက်ဟောင်းကို ချွတ်ပယ်ရန် သွန်သင်ခံကြရပြီ။ သင်တို့၏စိတ်သဘောကို [ဆက်၍] အသစ်ပြုပြင်ကြရမည်။ ထို့ပြင် စစ်မှန်သော ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်သိခြင်းတို့နှင့်အညီ ဘုရားသခင်၏ အလိုတော်အတိုင်း ဖန်ဆင်းခံရသော စရိုက်သစ်ကို ဝတ်ဆင်သင့်၏” လို့ တမန်တော်ပေါလု ပြောတယ်။ (ဧ. ၄:၂၂-၂၄) ဆိုလိုတာက ပြုပြင်ပြောင်းလဲဖို့၊ “စရိုက်သစ်ကို ဝတ်ဆင်” ဖို့ ဆက်ကြိုးစားနေရမယ် ဆိုတဲ့သဘောဖြစ်တယ်။ ဒါကြောင့် ယေဟောဝါကို ဝတ်ပြုလာတာ ဘယ်လောက်ကြာနေပါစေ စရိုက်သစ်မှာပါဝင်တဲ့ ခရစ်ယာန်အရည်အသွေးတွေကို ဆက်မွေးမြူနေရမယ်။ အဲဒီလိုဖြစ်နိုင်အောင် ကျမ်းစာက ကူညီပေးနိုင်ပါတယ်။

ဘာကြောင့် သိပ်ခက်တာလဲ

၁၀။ ကျမ်းစာရဲ့အကူအညီနဲ့ ဆက်ပြောင်းလဲနိုင်ဖို့ ဘာလုပ်ရမလဲ။ ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ မေးနိုင်သလဲ။

၁၀ ကိုယ့်အသက်တာကို ကျမ်းစာက ဆက်ပြုပြင်ပြောင်းလဲပေးဖို့ဆိုရင် ကျွန်တော်တို့ဘက်က အစွမ်းကုန် ကြိုးစားအားထုတ်ရမယ်။ ဘာကြောင့် အဲဒီလိုကြိုးစားအားထုတ်ဖို့ လိုအပ်သလဲ။ သိပ်ကြိုးစားအားထုတ်စရာမလိုဘဲ အကျင့်ဆိုးတွေကို ဖျောက်ဖျက်နိုင်အောင် ယေဟောဝါ မလုပ်ပေးနိုင်ဘူးလား။

၁၁-၁၃။ အားနည်းချက်တွေကို ချိုးနှိမ်နိုင်အောင် ကြိုးစားအားထုတ်ဖို့ ယေဟောဝါ ဘာကြောင့် မျှော်လင့်သလဲ။

၁၁ စကြဝဠာအကြောင်း စဥ်းစားလိုက်တဲ့အခါ ယေဟောဝါရဲ့ တန်ခိုးကို သိရှိနိုင်တယ်။ ဥပမာ၊ စွမ်းအင်ကြီးမားတဲ့ နေကို ဘုရားသခင် ဖန်ဆင်းထားတယ်။ နေဟာ ဒြပ်ထု တန်ပေါင်း ငါးသန်းကို စွမ်းအင်အဖြစ် စက္ကန့်တိုင်း ပြောင်းလဲပေးတယ်။ အဲဒီစွမ်းအင်ရဲ့ ပမာဏ အနည်းငယ်ပဲ ကမ္ဘာပေါ်ရောက်ရှိလာပြီး သက်ရှိတွေ ရှင်သန်နိုင်ဖို့ လိုအပ်တဲ့ အလင်းရောင်နဲ့ အပူချိန်ကို ထောက်ပံ့ပေးတယ်။ (ဆာ. ၇၄:၁၆; ဟေရှာ. ၄၀:၂၆) ယေဟောဝါက မြေကြီးပေါ်မှာရှိတဲ့ ကျေးကျွန်တွေကိုလည်း လိုအပ်တဲ့ အစွမ်းတန်ခိုး ပေးတယ်။ (ဟေရှာ. ၄၀:၂၉) ဒါကြောင့် အားနည်းချက်တွေကို တိုက်လှန်ရ သိပ်လွယ်ကူအောင်၊ မှားယွင်းတဲ့ဆန္ဒတွေ ပျောက်သွားအောင် ယေဟောဝါလုပ်ပေးနိုင်တာ သေချာတယ်။ ဒါပေမဲ့ ဘာကြောင့် မလုပ်ပေးတာလဲ။

၁၂ ယေဟောဝါက ကျွန်တော်တို့ကို လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် ပေးထားတယ်။ ဘုရားအလိုတော်အတိုင်း လုပ်ဆောင်ဖို့ ရွေးချယ်ပြီး ကြိုးစားအားထုတ်ခြင်းအားဖြင့် ဘုရားသခင်ကို ဘယ်လောက်ချစ်မှန်း၊ ဘယ်လောက် ပျော်ရွှင်စေချင်မှန်း ဖော်ပြနိုင်တယ်။ ယေဟောဝါရဲ့ အုပ်ချုပ်ပိုင်ခွင့်ကို စာတန် စိန်ခေါ်ထားတယ်။ ဒါပေမဲ့ ယေဟောဝါကို နာခံခြင်းအားဖြင့် ကိုယ်တော့်အုပ်ချုပ်ပိုင်ခွင့်ကို ထောက်ခံကြောင်း ကျွန်တော်တို့ ဖော်ပြနေကြတယ်။ နာခံဖို့ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို ကောင်းကင်ဖခင် တန်ဖိုးထားတယ်ဆိုတာ စိတ်ချနိုင်တယ်။ (ယောဘ ၂:၃-၅; သု. ၂၇:၁၁) အားနည်းချက်တွေကို ထိန်းချုပ်ဖို့ ကြိုးစားအားထုတ်စရာမလိုအောင် ယေဟောဝါ လုပ်ပေးမယ်ဆိုရင် ကျွန်တော်တို့ သစ္စာစောင့်သိတယ်၊ ယေဟောဝါရဲ့ အုပ်ချုပ်ပိုင်ခွင့်ကို ထောက်ခံတယ်လို့ ပြောတာက ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်ဘူး။

၁၃ ခရစ်ယာန်အရည်အသွေးတွေကို မွေးမြူနိုင်အောင် “အစွမ်းကုန် ကြိုးစားအားထုတ်” ပါလို့ ယေဟောဝါ ပြောတယ်။ (၂ ပေတရု ၁:၅-၇ ကိုဖတ်ပါ; ကော. ၃:၁၂) ကိုယ့်အတွေးနဲ့ ခံစားချက်တွေကို ထိန်းချုပ်နိုင်အောင် ကြိုးစားအားထုတ်ဖို့လည်း ကိုယ်တော် မျှော်လင့်တယ်။ (ရော. ၈:၅; ၁၂:၉) ပြုပြင်ပြောင်းလဲဖို့ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှု အောင်မြင်တဲ့အခါ ပျော်ရွှင်ကျေနပ်မှု ခံစားရတယ်။

ကျမ်းစာရဲ့ ပြုပြင်ပြောင်းလဲပေးမှုကို ခွင့်ပြုပါ

၁၄၊ ၁၅။ ယေဟောဝါနှစ်သက်တဲ့ အရည်အသွေးတွေ မွေးမြူဖို့ ဘာလုပ်နိုင်သလဲ။ (“ ဆုတောင်းခြင်းနဲ့ ကျမ်းစာက သူတို့ရဲ့အသက်တာကို ပြောင်းလဲပေး” လေးထောင့်ကွက်ကို ကြည့်ပါ။)

၁၄ ယေဟောဝါနှစ်သက်တဲ့ အရည်အသွေးတွေ မွေးမြူဖို့ ဘာလုပ်ရမလဲ။ ဘာတွေ ပြောင်းလဲရမယ်ဆိုတာ ပိုင်းဖြတ်ရုံသာမက ကိုယ့်ကို ဘုရားသခင် လမ်းညွှန်ဖို့လည်း ခွင့်ပြုရမယ်။ “သင်တို့သည် လောကစနစ်၏ပုံစံကို မလိုက်ကြနှင့်တော့။ ဘုရားသခင့် အလိုတော်အတိုင်း ကောင်းမြတ်တော်မူသောအရာ၊ လက်ခံတော်မူဖွယ်သောအရာ၊ စုံလင်တော်မူသောအရာတို့ကို သိမှတ်နိုင်မည်အကြောင်း သင်တို့၏စိတ်သဘောကို ပြုပြင်ပြောင်းလဲကြလော့” လို့ ရောမ ၁၂:၂ မှာပြောတယ်။ အလိုတော်ကို သိအောင်၊ အလိုတော်အတိုင်း လုပ်နိုင်အောင်၊ လိုအပ်သလို ပြုပြင်ပြောင်းလဲနိုင်အောင် ကျမ်းစာနဲ့ သန့်ရှင်းသောစွမ်းအားတော်အားဖြင့် ယေဟောဝါ ကူညီပေးတယ်။ ဒါကြောင့် ကျမ်းစာကို နေ့တိုင်းဖတ်ပြီး တွေးတောဆင်ခြင်ရမယ်၊ သန့်ရှင်းသောစွမ်းအားတော်ရအောင် ဆုတောင်းရမယ်။ (လု. ၁၁:၁၃; ဂလ. ၅:၂၂၊ ၂၃) ဒီနည်းအားဖြင့် ယေဟောဝါနှစ်သက်တဲ့အရာကို သိလာပြီး ကိုယ်တော်စဥ်းစားသလို စဥ်းစားတတ်လာပါလိမ့်မယ်။ ရလဒ်အနေနဲ့ ကျွန်တော်တို့ရဲ့ အတွေးအခေါ်၊ အပြောအဆို၊ လုပ်ရပ်တွေကို ယေဟောဝါ ပိုနှစ်သက်လာပါလိမ့်မယ်။ အားနည်းချက်တွေကို ကျွန်တော်တို့ ပိုထိန်းချုပ်တတ်လာပါလိမ့်မယ်။ ဒါပေမဲ့ ဆက်ပြီးတိုက်လှန်နေဖို့တော့ လိုအပ်တယ်။—သု. ၄:၂၃

သင့်အားနည်းချက်တွေနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေ၊ ကျမ်းချက်တွေကို စုဆောင်းပြီး ပြန်ဖတ်ရှုခြင်းက အကူအညီဖြစ်စေနိုင် (အပိုဒ် ၁၅ ကိုကြည့်ပါ)

၁၅ ကျမ်းစာကို နေ့စဥ်ဖတ်ရှုတဲ့အပြင် အဖွဲ့အစည်းထုတ် စာပေတွေကိုသုံးပြီး လေ့လာဖို့လည်း လိုအပ်တယ်။ အဲဒီစာပေတွေမှာပါတဲ့ ဆောင်းပါးတွေက ယေဟောဝါရဲ့ အရည်အသွေးတွေကို ဘယ်လိုတုပနိုင်တယ်၊ အားနည်းချက်တွေကို ဘယ်လိုတိုက်လှန်ရမယ်ဆိုတာ သင်ပေးတယ်။ ကျွန်တော်တို့ကို အထူးထောက်ကူပေးတဲ့ ကျမ်းချက်တွေ၊ ကင်းမျှော်စင် နဲ့ နိုးလော့! ဆောင်းပါးတွေကို စုဆောင်းထားနိုင်ပြီး မကြာခဏ ပြန်ဖတ်ရှုနိုင်တယ်။

၁၆။ ချက်ချင်း မပြောင်းလဲနိုင်တဲ့အခါ ဘာကြောင့် စိတ်ဓာတ်မကျသင့်သလဲ။

၁၆ ယေဟောဝါရဲ့ အရည်အသွေးတွေကို တုပရာမှာ တိုးတက်ဖို့ အချိန် လိုအပ်တယ်။ ဒါကြောင့် တိုးတက်မှု နှေးကွေးတယ်လို့ ထင်ရရင်တောင် စိတ်ရှည်ပါ။ ကျမ်းစာရဲ့ ပြုပြင်ပြောင်းလဲပေးမှုကို ဆက်ခွင့်ပြုပါ။ အစပိုင်းမှာတော့ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ဖို့ လိုအပ်နိုင်တယ်။ ဒါပေမဲ့ ယေဟောဝါ နှစ်သက်တဲ့နည်းအတိုင်း စဥ်းစား၊ ပြုမူလေ ဘုရားစဥ်းစားသလို စဥ်းစားဖို့၊ မှန်ရာကို လုပ်ဆောင်ဖို့ ပိုလွယ်ကူလေ၊ ပိုကျင့်သားရလေ ဖြစ်လာပါလိမ့်မယ်။—ဆာ. ၃၇:၃၁; သု. ၂၃:၁၂; ဂလ. ၅:၁၆၊ ၁၇

လှပတဲ့ အနာဂတ်အကြောင်း စဥ်းစားပါ

၁၇။ ယေဟောဝါအပေါ် သစ္စာစောင့်သိသူတွေဟာ ဘယ်အနာဂတ်ကို စောင့်မျှော်နိုင်သလဲ။

၁၇ ယေဟောဝါအပေါ် သစ္စာစောင့်သိသူတွေဟာ တဖြည်းဖြည်း စုံလင်လာပြီး ကိုယ်တော့်ကို ထာဝစဥ် ဝတ်ပြုခွင့်ရမယ့်အချိန်ကို စောင့်မျှော်နေကြတယ်။ အဲဒီအချိန်ကျရင် အားနည်းချက်တွေကို တိုက်လှန်စရာ လိုတော့မှာ မဟုတ်ဘူး။ ယေဟောဝါကို တုပဖို့လည်း ပိုလွယ်ကူလာပါလိမ့်မယ်။ ဒီအတောအတွင်းမှာတော့ ရွေးနုတ်ဖိုးကြောင့် ယေဟောဝါကို ဝတ်ပြုခွင့် ရရှိထားကြတယ်။ ကျွန်တော်တို့ဟာ မစုံလင်ပေမဲ့ ကျမ်းစာ ပြောတဲ့အတိုင်း လိုအပ်သလို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားအားထုတ်မယ်ဆိုရင် ယေဟောဝါကို ပျော်ရွှင်စေနိုင်ပါတယ်။

၁၈၊ ၁၉။ ကျမ်းစာရဲ့ ပြုပြင်ပြောင်းလဲပေးနိုင်စွမ်းကို ဘယ်လို ယုံကြည်စိတ်ချလာနိုင်သလဲ။

၁၈ ဆောင်းပါးအစမှာ ဖော်ပြခဲ့တဲ့ ကယ်ဗန်ဟာ ဒေါသကို ထိန်းချုပ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားတယ်။ ကျမ်းစာမူတွေကို တွေးတောဆင်ခြင်ပြီး လက်တွေ့ကျင့်သုံးတယ်။ ခရစ်ယာန်ချင်းတွေပေးတဲ့ အကြံဉာဏ်ကို လက်ခံတယ်။ နှစ်အနည်းငယ်အတွင်းမှာ တိုးတက်လာပြီး အသင်းတော်အမှုထမ်းအဖြစ် အမှုဆောင်ဖို့ အရည်အချင်း ပြည့်မီလာတယ်။ အခု၊ အသင်းတော်အကြီးအကဲအဖြစ် အမှုဆောင်နေတာ နှစ်ပေါင်း ၂၀ ရှိပြီ။ ဒါတောင် အားနည်းချက်တွေကို ဆက်တိုက်လှန်နေရဦးမယ်ဆိုတာ သူ သိတယ်။

၁၉ ဘဝမှာ လိုအပ်သလို ပြုပြင်ပြောင်းလဲနိုင်ဖို့ ကျမ်းစာက ကူညီပေးမှန်း ကယ်ဗန်ရဲ့ အဖြစ်အပျက်က ဖော်ပြတယ်။ ကျမ်းစာရဲ့ ပြုပြင်ပြောင်းလဲပေးနိုင်စွမ်းကို လက်ခံမယ်ဆိုရင် ယေဟောဝါနဲ့ ဆက်ရင်းနှီးနေပါလိမ့်မယ်။ (ဆာ. ၂၅:၁၄) ဘုရားသခင့် နှစ်သက်မှုရအောင် ပြုပြင်ပြောင်းလဲဖို့ အတတ်နိုင်ဆုံး ကြိုးစားမယ်ဆိုရင် အောင်မြင်အောင် ကိုယ်တော် ကူညီပေးပါလိမ့်မယ်။ အဲဒီအခါ ကျမ်းစာရဲ့ ပြုပြင်ပြောင်းလဲပေးနိုင်စွမ်းကို ကျွန်တော်တို့ ယုံကြည်စိတ်ချလာပါလိမ့်မယ်။—ဆာ. ၃၄:၈

^ [၁] (အပိုဒ် ၁) နာမည်ပြောင်းထားပါတယ်။