မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သဘောထားကွဲလွဲမှုတွေကို မေတ္တာနဲ့ဖြေရှင်းပါ

သဘောထားကွဲလွဲမှုတွေကို မေတ္တာနဲ့ဖြေရှင်းပါ

“အချင်းချင်း သင့်တင့်ငြိမ်သက်စွာ နေကြလော့။”—မာ. ၉:၅၀

သီချင်း– ၃၉၊ ၇၇

၁၊ ၂။ ကမ္ဘာဦးကျမ်းမှာ ဘယ်ပြဿနာတွေအကြောင်း ဖော်ပြထားသလဲ။ အဲဒါတွေကို ဘာကြောင့် စိတ်ဝင်စားသင့်သလဲ။

ကျမ်းစာမှာပါတဲ့ အငြင်းပွားမှုတွေအကြောင်း သင် စဥ်းစားဖူးသလား။ ကမ္ဘာဦးကျမ်းရဲ့ အစပိုင်း အခန်းကြီးတွေမှာ အာဗေလကို ကာဣန သတ်တဲ့အကြောင်း (က. ၄:၃-၈)၊ လူငယ်တစ်ယောက်ကို လာမက် သတ်တဲ့အကြောင်း (က. ၄:၂၃)၊ အာဗြဟံရဲ့ သိုးထိန်းတွေနဲ့ လောတရဲ့ သိုးထိန်းတွေ စကားများတဲ့အကြောင်း (က. ၁၃:၅-၇)၊ စာရာကို မလေးမစားလုပ်တဲ့ ဟာဂရကို စာရာ စိတ်ဆိုးတဲ့အကြောင်း (က. ၁၆:၃-၆)၊ လူတိုင်းကို ရန်လုပ်ပြီး လူတိုင်းကလည်း ပြန်ရန်လုပ်တဲ့ ဣရှမေလအကြောင်း (က. ၁၆:၁၂) ကျွန်တော်တို့ ဖတ်ရတယ်။

အဲဒီလိုအငြင်းပွားမှုတွေကို ကျမ်းစာမှာ ဘာကြောင့် ဖော်ပြထားတာလဲ။ ပြဿနာဖြစ်ခဲ့တဲ့ အဲဒီမစုံလင်သူတွေဆီကနေ ကျွန်တော်တို့ သင်ခန်းစာယူနိုင်ဖို့ ဖြစ်တယ်။ ကျွန်တော်တို့လည်း မစုံလင်သူတွေဖြစ်ပြီး သူတို့လိုပဲ ဘဝပြဿနာတွေ ရှိတယ်။ ဒါကြောင့် ကျမ်းစာမှာပါတဲ့ ပုံနမူနာကောင်းတွေကို တုပနိုင်ပြီး မကောင်းတဲ့ ပုံနမူနာတွေကို ရှောင်နိုင်တယ်။ (ရော. ၁၅:၄) အဲဒီပုံနမူနာတွေက တခြားသူတွေနဲ့ သင့်သင့်မြတ်မြတ် နေနိုင်အောင် ကူညီပေးပါလိမ့်မယ်။

၃။ ဒီဆောင်းပါးမှာ ဘယ်အကြောင်းတွေ ဆွေးနွေးမလဲ။

သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းဖို့ ဘာကြောင့် လိုအပ်မှန်း၊ ဘယ်လို ဖြေရှင်းနိုင်မှန်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ ပြဿနာတွေ ဖြေရှင်းရာမှာ ကူညီပေးနိုင်တဲ့၊ ယေဟောဝါနဲ့ရော တခြားသူတွေနဲ့ပါ ဆက်ဆံရေးကောင်းရှိစေနိုင်တဲ့ ကျမ်းစာမူတချို့ကိုလည်း ဆွေးနွေးပါမယ်။

သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းဖို့ ဘာကြောင့် လိုအပ်

၄။ လောကမှာ ဘယ်သဘောထား ပျံ့နှံ့နေသလဲ။ ဘာရလဒ် ရရှိနေသလဲ။

လူတွေ သဘောထားကွဲလွဲပြီး ပြဿနာတွေ ဖြစ်ရတဲ့ အဓိကအကြောင်းရင်းက စာတန်ကြောင့်ပဲ။ ဘာကြောင့် အဲဒီလို ပြောနိုင်သလဲ။ လူတိုင်းဟာ ဘုရားမပါဘဲ ကိုယ့်ဘာသာကိုယ် အကောင်းအဆိုး ဆုံးဖြတ်နိုင်ပြီး ဆုံးဖြတ်သင့်တယ်လို့ ဧဒင်ဥယျာဥ်မှာ စာတန် ပြောခဲ့တယ်။ (က. ၃:၁-၅) အဲဒီလိုသဘောထားရဲ့ ဆိုးကျိုးတွေကို ဒီနေ့ခေတ်မှာ အထင်းသား မြင်နေရတယ်။ ကိုယ့်ဘာသာကိုယ် အကောင်းအဆိုး ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ လူများစွာ ယူမှတ်ကြတယ်။ မာနကြီးပြီး အပြိုင်အဆိုင်စိတ်ဓာတ် ရှိကြတယ်။ ဘယ်သူသေသေ၊ ငတေမာပြီးရောဆိုတဲ့ သဘောထားမျိုး ရှိကြတယ်။ အဲဒီလိုသဘောထားတွေကြောင့် ရန်ပွဲတွေ ဖြစ်ကြရတယ်။ ထစ်ခနဲဆို ဒေါသထွက်ရင် သဘောထားကွဲလွဲမှုတွေ ဖြစ်လာပြီး အပြစ်အများကြီး လုပ်မိလိမ့်မယ်လို့ ကျမ်းစာမှာ သတိပေးထားတယ်။—သု. ၂၉:၂၂

၅။ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းဖို့ တပည့်တွေကို ယေရှု ဘယ်လို သင်ပေးသလဲ။

ကိုယ့်အကျိုးထိခိုက်နိုင်ရင်တောင် အချင်းချင်း သင့်သင့်မြတ်မြတ်နေဖို့ တောင်ပေါ်တရားတော်မှာ တပည့်တွေကို ယေရှု သင်ပေးခဲ့တယ်။ သဘောထားကွဲလွဲမှုဖြစ်စေနိုင်တဲ့ အခြေအနေတွေကို ဖြေရှင်းဖို့ အကောင်းဆုံး အကြံဉာဏ်တွေပေးခဲ့တယ်။ ဥပမာ၊ ကြင်နာတတ်ဖို့၊ သင့်မြတ်အောင်လုပ်ဆောင်ဖို့၊ ဒေါသစိတ်ကို ဖျောက်ဖျက်ဖို့၊ သဘောထားကွဲလွဲမှုတွေကို အမြန်ဆုံး ဖြေရှင်းဖို့၊ ရန်သူတွေကို ချစ်ဖို့ ယေရှု သင်ပေးတယ်။—မ. ၅:၅၊ ၉၊ ၂၂၊ ၂၅၊ ၄၄

၆၊ ၇။ (က) ပြဿနာတွေကို ချက်ချင်း ဖြေရှင်းဖို့ ဘာကြောင့် အရေးကြီးသလဲ။ (ခ) ယေဟောဝါရဲ့ ကျေးကျွန်အားလုံး ကိုယ့်ကိုယ်ကိုယ် ဘယ်လို မေးသင့်သလဲ။

ဆုတောင်းတာ၊ အစည်းအဝေးတက်တာ၊ အမှုဆောင်လုပ်ငန်းမှာ ပါဝင်တာတွေက ယေဟောဝါကို ဝတ်ပြုနေတာဖြစ်တယ်။ ဒါပေမဲ့ တခြားသူတွေနဲ့ သင့်မြတ်အောင် မလုပ်ဆောင်ဘူးဆိုရင် ကျွန်တော်တို့ရဲ့ ဝတ်ပြုမှုကို ယေဟောဝါ လက်ခံမှာမဟုတ်ဘူး။ (မာ. ၁၁:၂၅) တခြားသူတွေရဲ့ အမှားတွေကို ကျွန်တော်တို့ ခွင့်မလွှတ်ရင် ယေဟောဝါရဲ့ မိတ်ဆွေ မဖြစ်နိုင်ဘူး။လုကာ ၁၁:၄ နဲ့ ဧဖက် ၄:၃၂ တို့ကိုဖတ်ပါ။

ညီအစ်ကိုညီအစ်မတွေကို သင် ချက်ချင်း ခွင့်လွှတ်သလား

အချင်းချင်းခွင့်လွှတ်ဖို့၊ သင့်သင့်မြတ်မြတ်နေဖို့ ကျေးကျွန်အားလုံးဆီကနေ ယေဟောဝါ မျှော်လင့်တယ်။ ဒါကြောင့် ‘ညီအစ်ကိုညီအစ်မတွေကို ငါ ချက်ချင်း ခွင့်လွှတ်သလား။ သူတို့နဲ့ ပေါင်းသင်းဆက်ဆံရတာ ငါ ပျော်သလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ ဒီကိစ္စမှာ ပိုတိုးတက်ဖို့ လိုနေမှန်း သိလာရင် ယေဟောဝါဆီ ဆုတောင်းပါ။ အဲဒီလို နှိမ့်ချတဲ့ဆုတောင်းချက်တွေကို ကျွန်တော်တို့ရဲ့ ကောင်းကင်ဖခင် နားထောင်ဖြေကြားပေးပါလိမ့်မယ်။—၁ ယော. ၅:၁၄၊ ၁၅

စိတ်ထိခိုက်စရာကိစ္စကို လျစ်လျူရှုလိုက်နိုင်မလား

၈၊ ၉။ ကိုယ်စိတ်ထိခိုက်တဲ့အခါ ဘာလုပ်သင့်သလဲ။

လူသားအားလုံး မစုံလင်တဲ့အတွက် ကျွန်တော်တို့ စိတ်ထိခိုက်အောင် တခြားသူတွေ ပြောဆိုပြုမူတာကို ကြုံလာရနိုင်တယ်။ (ဒေ. ၇:၂၀; မ. ၁၈:၇) အဲဒီအခါ ဘယ်လို တုံ့ပြန်မလဲ။ အောက်ပါအခြေအနေကနေ အရေးကြီး သင်ခန်းစာတစ်ခု သင်ယူနိုင်တယ်– ညီအစ်မတစ်ယောက်က စုဆုံပွဲမှာ ညီအစ်ကို နှစ်ယောက်ကို နှုတ်ဆက်လိုက်တယ်။ ညီအစ်မရဲ့နှုတ်ဆက်ပုံကြောင့် ညီအစ်ကိုတစ်ယောက် စိတ်ဆိုးသွားပြီး နှစ်ယောက်တည်းကျန်ခဲ့ချိန်မှာ အဲဒီညီအစ်မအကြောင်း မကောင်းပြောလာတယ်။ အဲဒီညီအစ်မ စိတ်ထိခိုက်အောင် လုပ်ဖို့ မရည်ရွယ်ဘူးဆိုတာ နောက်ညီအစ်ကို သေချာသိတယ်။ ဒါနဲ့ အခက်အခဲတွေကြား ယေဟောဝါကို ဒီညီအစ်မ သစ္စာရှိရှိ ဝတ်ပြုလာတာ နှစ်ပေါင်း ၄၀ လောက် ရှိပြီလို့ သတိပေးလိုက်တယ်။ စိတ်ဆိုးသွားတဲ့ညီအစ်ကိုက သေချာစဥ်းစားပြီးနောက် “ခင်ဗျားပြောတာ မှန်တယ်” လို့ ပြောပြီး ဖြစ်ခဲ့တာကို မေ့ပစ်လိုက်တယ်။

ဒီဖြစ်ရပ်က ဘာဖော်ပြသလဲ။ စိတ်ထိခိုက်စရာအခြေအနေကို ဘယ်လို တုံ့ပြန်မယ်ဆိုတာ ကိုယ့်စိတ်ကြိုက်ရွေးနိုင်တယ်။ မေတ္တာရှိသူကတော့ ခွင့်လွှတ်တတ်တယ်။ (သုတ္တံ ၁၀:၁၂ နဲ့ ၁ ပေတရု ၄:၈ တို့ကိုဖတ်ပါ။) ‘အမှားကို ဗွေမယူ’ တတ်သူဟာ ယေဟောဝါရှေ့မှာ လှပတယ်။ (သု. ၁၉:၁၁ကဘ; ဒေ. ၇:၉) ဒါကြောင့် စိတ်ထိခိုက်အောင် တခြားသူတွေ နောက်တစ်ကြိမ် ပြောဆိုပြုမူတဲ့အခါ ‘ဒီစိတ်ထိခိုက်စရာကိစ္စကို ငါ လျစ်လျူရှုလိုက်နိုင်မလား။ ဒါကို ရေးကြီးခွင့်ကျယ် လုပ်ဖို့ လိုအပ်လို့လား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။

၁၀။ (က) တခြားသူတွေ မကောင်းပြောတာကို ညီအစ်မတစ်ယောက် အစပိုင်းမှာ ဘယ်လို တုံ့ပြန်ခဲ့သလဲ။ (ခ) စိတ်ငြိမ်သက်မှု မပျောက်သွားအောင် အဲဒီညီအစ်မကို ဘယ်ကျမ်းချက်က ကူညီပေးခဲ့သလဲ။

၁၀ ကိုယ့်အကြောင်း တခြားသူတွေ မကောင်းပြောတဲ့အခါ လျစ်လျူရှုပစ်လိုက်ဖို့ ခက်ခဲနိုင်တယ်။ လူစီလို့ခေါ်တဲ့ ရှေ့ဆောင်ညီအစ်မအကြောင်း စဥ်းစားကြည့်ပါ။ သူ့ရဲ့ အမှုဆောင်လုပ်ငန်းအကြောင်း၊ အချိန်အသုံးပြုပုံအကြောင်း ညီအစ်ကိုညီအစ်မတချို့ မကောင်းပြောတဲ့အခါ စိတ်ထိခိုက်သွားပြီး ရင့်ကျက်တဲ့ညီအစ်ကိုတချို့ဆီမှာ အကြံဉာဏ်တောင်းတယ်။ ဘာရလဒ်ရရှိခဲ့သလဲ။ “သူတို့ပေးတဲ့ ကျမ်းစာ အကြံဉာဏ်က တခြားသူတွေရဲ့ အမြင်ကို သိပ်ထည့်မစဥ်းစားဘဲ ယေဟောဝါရဲ့ အမြင်ကိုပဲ အာရုံစိုက်ဖို့ ကျွန်မကို ကူညီပေးတယ်” လို့ သူ ပြောပြတယ်။ မဿဲ ၆:၁-၄ (ဖတ်ပါ။) ကိုဖတ်တဲ့အခါ လူစီ အားရှိသွားတယ်။ ယေဟောဝါကို ပျော်ရွှင်စေဖို့က အရေးကြီးဆုံးပဲဆိုတာ အဲဒီအခန်းငယ်တွေက အမှတ်ရစေတယ်။ ဒါကြောင့် တခြားသူတွေ မကောင်းပြောတာကို လျစ်လျူရှုလိုက်ဖို့ သူ ဆုံးဖြတ်လိုက်တယ်။ အခုတော့ သူ့ရဲ့ အမှုဆောင်လုပ်ငန်းနဲ့ပတ်သက်ပြီး တခြားသူတွေ မကောင်းပြောရင်တောင် ယေဟောဝါကို အကောင်းဆုံးပေးဆက်နေတယ်ဆိုတဲ့ အသိစိတ်ကြောင့် လူစီ ပျော်ရွှင်နေတယ်။

စိတ်ထိခိုက်စရာကိစ္စကို လျစ်လျူမရှုနိုင်တဲ့အခါ

၁၁၊ ၁၂။ (က) ကိုယ့်ညီအစ်ကိုက ကိုယ့်ကို “မကျေမနပ်ဖြစ်နေ” တယ်လို့ ခရစ်ယာန်တစ်ယောက် ထင်တဲ့အခါ ဘာလုပ်သင့်သလဲ။ (ခ) အငြင်းပွားမှုကို အာဗြဟံ ဖြေရှင်းပုံကနေ ဘာသင်ယူနိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

၁၁ ‘ကျွန်တော်တို့အားလုံး ခဏခဏ မှားတတ်ကြတယ်။’ (ယာ. ၃:၂) သင့်ရဲ့အပြောအဆို၊ အပြုအမူကြောင့် ညီအစ်ကိုတစ်ယောက် စိတ်ထိခိုက်သွားမှန်း သင် သိလာတယ်ဆိုပါစို့။ ဘာလုပ်သင့်သလဲ။ “သင်သည် ယဇ်ပလ္လင်သို့ ယဇ်ကို ယူဆောင်လာခဲ့ပြီးမှ သင့်ညီအစ်ကိုက သင့်ကို မကျေမနပ်ဖြစ်နေသည်ဟု ခံစားမိလျှင် သင်၏ယဇ်ကို ပလ္လင်ရှေ့၌ ချထား၍ သွားဦးလော့။ သင်၏ညီအစ်ကိုနှင့် သင့်မြတ်အောင် အရင်ပြုဦးလော့။ သို့ပြီးမှ ပြန်လာ၍ သင်၏ယဇ်ကို ပူဇော်လော့” လို့ ယေရှု ပြောတယ်။ (မ. ၅:၂၃၊ ၂၄) ဒါကြောင့် သင့်ညီအစ်ကိုနဲ့ သွားဆွေးနွေးပါ။ ရည်ရွယ်ချက်က သူနဲ့ ပြန်သင့်မြတ်ဖို့ ဖြစ်သင့်တယ်။ သင်ဟာ အမှားကို ဝန်ခံသင့်တယ်။ သူ့ကို အပြစ်မတင်သင့်ဘူး။ ညီအစ်ကိုတွေနဲ့ ပြန်သင့်မြတ်ဖို့က အရေးကြီးဆုံး ဖြစ်တယ်။

ရည်ရွယ်ချက်က ညီအစ်ကိုညီအစ်မတွေနဲ့ ပြန်သင့်မြတ်ဖို့ ဖြစ်သင့်တယ်

၁၂ သဘောထားကွဲလွဲမှုတွေကို ဘယ်လို ဖြေရှင်းနိုင်တယ်ဆိုတာ ကျမ်းစာမှာ ဖော်ပြထားတယ်။ ဥပမာ၊ အာဗြဟံရော သူ့တူလောတပါ တိရစ္ဆာန်အများကြီး ပိုင်ဆိုင်တယ်။ တိရစ္ဆာန်အားလုံးအတွက် စားကျက်မြေ မလုံလောက်လို့ သူတို့ရဲ့ သိုးထိန်းတွေ စကားများကြတယ်။ သင့်သင့်မြတ်မြတ် ဖြစ်စေချင်တဲ့အတွက် အကောင်းဆုံးမြေကို အရင်ရွေးဖို့ လောတကို အာဗြဟံ အခွင့်ပေးလိုက်တယ်။ (က. ၁၃:၁၊ ၂၊ ၅-၉) သိပ်ကောင်းတဲ့ပုံနမူနာပါပဲ။ အာဗြဟံဟာ ကိုယ့်အကျိုးထက် အချင်းချင်း သင့်မြတ်ဖို့ကို ဦးစားပေးခဲ့တယ်။ သူ့ရဲ့ ရက်ရောမှုကြောင့် တစ်သက်လုံး ဆုံးၡုံးသွားသလား။ မဆုံးၡုံးပါဘူး။ အာဗြဟံကို အကြီးအကျယ် ကောင်းချီးပေးမယ်လို့ ယေဟောဝါ ချက်ချင်းပဲ ကတိပေးခဲ့တယ်။ (က. ၁၃:၁၄-၁၇) ဒီကနေ ဘာသင်ယူရသလဲ။ သဘောထားကွဲလွဲမှုတွေကို မေတ္တာနဲ့ဖြေရှင်းတဲ့အခါ အနည်းငယ် ဆုံးၡုံးရတာတွေ ရှိနိုင်ပေမဲ့ ယေဟောဝါ ကောင်းချီးပေးမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ [၁]

၁၃။ ရင့်ရင့်သီးသီး ပြောဆိုခံရတဲ့အခါ ကြီးကြပ်မှူးတစ်ယောက် ဘယ်လို တုံ့ပြန်ခဲ့သလဲ။ ဒီကနေ ဘာသင်ယူနိုင်သလဲ။

၁၃ ခေတ်သစ်အခြေအနေတစ်ခုကို စဥ်းစားကြည့်ပါ။ စည်းဝေးကြီးဌာန ကြီးကြပ်မှူးအသစ်က ညီအစ်ကိုတစ်ယောက်ကို ဖုန်းဆက်ပြီး ဌာနမှာ လုပ်အားပေးနိုင်မလားလို့ မေးတယ်။ အဲဒီညီအစ်ကိုက အရင်ဌာနကြီးကြပ်မှူးကို စိတ်ဆိုးနေတုန်းမို့လို့ ရင့်ရင့်သီးသီး ပြောဆိုပြီး ဖုန်းချလိုက်တယ်။ ကြီးကြပ်မှူးအသစ်က စိတ်မဆိုးပေမဲ့ ဒီအခြေအနေကိုလည်း လျစ်လျူမရှုနိုင်ဘူး။ တစ်နာရီကြာပြီးနောက် အဲဒီညီအစ်ကို,ကို ပြန်ဖုန်းဆက်ပြီး တွေ့ဖို့ ချိန်းလိုက်တယ်။ နောက်တစ်ပတ် နိုင်ငံတော်ခန်းမမှာ သူတို့နှစ်ယောက် တွေ့ကြတယ်။ ယေဟောဝါဆီ ဆုတောင်းပြီးနောက် တစ်နာရီလောက် စကားပြောဖြစ်ကြတယ်။ အရင်ဌာနကြီးကြပ်မှူးနဲ့ ဘာဖြစ်ခဲ့တယ်ဆိုတာ အဲဒီညီအစ်ကို ရှင်းပြတယ်။ ကြီးကြပ်မှူးအသစ်က သေချာနားထောင်ပြီး အထောက်အကူဖြစ်စေတဲ့ ကျမ်းချက်တချို့ ဖတ်ပြတယ်။ ရလဒ်အနေနဲ့ အဲဒီညီအစ်ကို စိတ်ပြေသွားပြီး စည်းဝေးကြီးဌာနမှာ လုပ်အားပေးခဲ့တယ်။ သူ့ကို ကြင်ကြင်နာနာ၊ နူးနူးညံ့ညံ့ ဆက်ဆံခဲ့လို့ ကြီးကြပ်မှူးအသစ်ကို ကျေးဇူးတင်နေတယ်။

အကြီးအကဲတွေကို အသိပေးသင့်သလား

၁၄၊ ၁၅။ (က) မဿဲ ၁၈:၁၅-၁၇ မှာပါတဲ့ အကြံဉာဏ်ကို ဘယ်အချိန်မှာ ကျင့်သုံးသင့်သလဲ။ (ခ) ဘယ်အဆင့်သုံးဆင့်ကို ယေရှု ဖော်ပြခဲ့သလဲ။ အဲဒီအကြံဉာဏ်အတိုင်း လုပ်ဆောင်ရတဲ့ရည်ရွယ်ချက်က ဘာဖြစ်သင့်သလဲ။

၁၄ ပြဿနာအများစုကို နှစ်ယောက်ချင်း ဖြေရှင်းနိုင်ပြီး ဖြေရှင်းသင့်တယ်။ ဒါပေမဲ့ အကြီးအကဲတွေကို အသိပေးသင့်တဲ့ အခြေအနေတချို့လည်း ရှိနိုင်တယ်လို့ ယေရှု ပြောတယ်။ (မဿဲ ၁၈:၁၅-၁၇ ကိုဖတ်ပါ။) အပြစ်လုပ်တဲ့သူဟာ ကိုယ့်ညီအစ်ကိုနဲ့၊ သက်သေတွေနဲ့၊ တာဝန်ရှိညီအစ်ကိုတွေနဲ့ ဆွေးနွေးပြီးနောက် နောင်တမယူဘူးဆိုရင် “ထိုသူကို လူမျိုးခြားကဲ့သို့လည်းကောင်း၊ အခွန်ခံကဲ့သို့လည်းကောင်း ယူမှတ်” သင့်တယ်လို့ ယေရှု ပြောတယ်။ ဒီနေ့ခေတ်မှာတော့ သူ့ကို နှင်ထုတ်သင့်တယ်ဆိုတဲ့သဘော ဖြစ်တယ်။ ယေရှုပြောတဲ့ “အပြစ်” ဆိုတာ သဘောထားကွဲလွဲမှု အသေးအဖွဲတွေကို မဆိုလိုဘူး။ (၁) သက်ဆိုင်သူအချင်းချင်း ဖြေရှင်းလို့ ရနိုင်တဲ့အပြစ်၊ (၂) ဖြေရှင်းလို့မရရင် နှင်ထုတ်နိုင်လောက်တဲ့အပြစ်ကို ဆိုလိုတယ်။ အဲဒီအပြစ်တွေထဲမှာ လိမ်လည်မှု၊ အသရေဖျက်မှု စတာတွေ ပါဝင်နိုင်တယ်။ ဒါပေမဲ့ အိမ်ထောင်ရေးဖောက်ပြန်မှု၊ လိင်တူပေါင်းသင်းမှု၊ အယူဖောက်ပြန်မှု၊ ရုပ်တုကိုးကွယ်မှုစတဲ့ ကြီးလေးတဲ့အပြစ်တွေတော့ မပါဝင်ဘူး။ အဲဒီအပြစ်တွေက အကြီးအကဲတွေ သေချာပေါက် ကိုင်တွယ်ဖို့ လိုအပ်တဲ့အပြစ်တွေ ဖြစ်တယ်။

ပြန်သင့်မြတ်ဖို့ဆိုရင် သင့်ညီအစ်ကိုနဲ့ တစ်ကြိမ်ထက်မက ပြောဆိုဆွေးနွေးဖို့ လိုအပ်နိုင်တယ် (အပိုဒ် ၁၅ ကိုကြည့်ပါ)

၁၅ ယေရှုပေးတဲ့ အကြံဉာဏ်ရဲ့ အဓိကရည်ရွယ်ချက်က ကိုယ့်ညီအစ်ကို,ကို မေတ္တာနဲ့ကူညီပေးဖို့ ဖြစ်တယ်။ (မ. ၁၈:၁၂-၁၄) ယေရှုရဲ့ အကြံဉာဏ်ကို ဘယ်လို လိုက်လျှောက်နိုင်သလဲ။ (၁) တခြားသူတွေမပါဘဲ ပြဿနာကို နှစ်ယောက်ချင်း ဖြေရှင်းဖို့ ကြိုးစားသင့်တယ်။ သူနဲ့ အကြိမ်ကြိမ် ဆွေးနွေးဖို့ လိုအပ်နိုင်တယ်။ ဒါတောင် ပြဿနာမပြေလည်သေးရင် ဘာလုပ်သင့်သလဲ။ (၂) အခြေအနေကို နားလည်ထားသူ တစ်ယောက်ယောက်ကိုဖြစ်စေ၊ တကယ် မှား,မမှား ဆုံးဖြတ်နိုင်သူ တစ်ယောက်ယောက်ကိုဖြစ်စေ ခေါ်သွားပြီး ဆွေးနွေးသင့်တယ်။ ပြဿနာပြေလည်သွားရင် ‘သင့်ညီအစ်ကို,ကို ရပြီ။’ ဒါပေမဲ့ အကြိမ်ကြိမ် ဆွေးနွေးပြီးတာတောင် ပြဿနာမပြေလည်ဘူးဆိုရင် (၃) အကြီးအကဲတွေကို အသိပေးသင့်တယ်။

၁၆။ ယေရှုရဲ့အကြံဉာဏ်ကို လိုက်လျှောက်ခြင်းက လက်တွေ့ကျပြီး မေတ္တာပါတယ်ဆိုတာ ဘာက ဖော်ပြသလဲ။

၁၆ အခြေအနေအများစုမှာတော့ မဿဲ ၁၈:၁၅-၁၇ မှာပါတဲ့ အဆင့်အားလုံးကို လုပ်ဆောင်ဖို့ မလိုအပ်ပါဘူး။ အားရှိစရာပါပဲ။ အများအားဖြင့် နှင်ထုတ်တဲ့အဆင့်အထိ မရောက်ခင် ပြဿနာပြေလည်သွားလေ့ရှိလို့ပဲ။ အပြစ်ပြုသူဟာ အမှားကို ဝန်ခံပြီး ပြုပြင်လေ့ရှိတယ်။ အဲဒီအခါ ပြစ်မှားခံရသူကလည်း သင့်သင့်မြတ်မြတ်ဖြစ်အောင် ခွင့်လွှတ်သင့်တယ်။ ဒါကြောင့် ထစ်ခနဲနေ အကြီးအကဲတွေဆီ သွားဖို့ မလိုအပ်ဘူးဆိုတာ ယေရှုရဲ့ အကြံဉာဏ်က ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ ပထမအဆင့် နှစ်ဆင့်ကို လုပ်ပြီးမှသာ၊ သက်သေအထောက်အထား ခိုင်လုံမှသာ အကြီးအကဲတွေကို အသိပေးသင့်တယ်။

၁၇။ “အသင့်အတင့်နေခြင်းကို ရှာ၍ မီအောင်လိုက်” မယ်ဆိုရင် ဘယ်ကောင်းချီးတွေ ခံစားရမလဲ။

၁၇ ဒီစနစ်ဆိုးရှိနေသရွေ့ လူသားအားလုံး စုံလင်ဦးမှာမဟုတ်ဘဲ တခြားသူတွေကို ထိခိုက်အောင် လုပ်မိနေဦးမှာပဲ။ “စကားအားဖြင့် မှားခြင်းမရှိလျှင် ထိုသူသည် စုံလင်သောသူ၊ တစ်ကိုယ်လုံးကိုလည်း ထိန်းနိုင်သောသူဖြစ်၏” လို့ တပည့်တော်ယာကုပ် ပြောတယ်။ (ယာ. ၃:၂) သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းနိုင်ဖို့ဆိုရင် “သူတစ်ပါးနှင့် အသင့်အတင့်နေခြင်းကို ရှာ၍ မီအောင်လိုက်” ဖို့ အတတ်နိုင်ဆုံး ကြိုးစားရမယ်။ (ဆာ. ၃၄:၁၄) ညီအစ်ကိုညီအစ်မတွေနဲ့ သင့်မြတ်အောင် ဆက်ကြိုးစားမယ်ဆိုရင် သူတို့နဲ့ ဆက်ဆံရေးကောင်းရှိမှာဖြစ်ပြီး စည်းလုံးနေပါလိမ့်မယ်။ (ဆာ. ၁၃၃:၁-၃) အရေးကြီးဆုံးကတော့ “ငြိမ်သက်ခြင်းကို ပေးသနားတော်မူသော ဘုရားသခင်” ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိပါလိမ့်မယ်။ (ရော. ၁၅:၃၃) သဘောထားကွဲလွဲမှုတွေကို မေတ္တာနဲ့ဖြေရှင်းမယ်ဆိုရင် အဲဒီကောင်းချီးအားလုံးကို ခံစားရပါလိမ့်မယ်။

^ [၁] (အပိုဒ် ၁၂) ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းခဲ့တဲ့ တခြားသူတွေကတော့ ဧသောနဲ့ဖြေရှင်းခဲ့တဲ့ ယာကုပ် (က. ၂၇:၄၁-၄၅; ၃၃:၁-၁၁)၊ အစ်ကိုတွေနဲ့ ဖြေရှင်းခဲ့တဲ့ ယောသပ် (က. ၄၅:၁-၁၅)၊ ဧဖရိမ်လူတွေနဲ့ဖြေရှင်းခဲ့တဲ့ ဂိဒေါင် (သူကြီး. ၈:၁-၃) တို့ဖြစ်တယ်။ အလားတူ ကျမ်းစာပုံနမူနာတွေကိုလည်း သင် စဥ်းစားကြည့်နိုင်တယ်။