မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ငါတို့၏ဘုရားယေဟောဝါသည် တစ်ဆူတည်းသော ယေဟောဝါဖြစ်’

‘ငါတို့၏ဘုရားယေဟောဝါသည် တစ်ဆူတည်းသော ယေဟောဝါဖြစ်’

‘အိုအစ္စရေးအမျိုး၊ နားထောင်လော့။ ငါတို့၏ဘုရားယေဟောဝါသည် တစ်ဆူတည်းသော ယေဟောဝါ ဖြစ်တော်မူ၏။’—တရား. ၆:၄

သီချင်း– ၁၃၈၊ ၁၁၂

၁၊ ၂။ (က) တရားဟောရာ ၆:၄ မှာပါတဲ့ စကားတွေက ဘာကြောင့် လူသိများသလဲ။ (ခ) အဲဒီစကားတွေကို မောရှေ ဘာကြောင့် ပြောခဲ့သလဲ။

ဂျူးတွေ နှစ်ပေါင်းများစွာ သုံးခဲ့တဲ့ အထူးဆုတောင်းချက်ထဲမှာ တရားဟောရာ ၆:၄ ထဲက စကားတွေလည်း ပါဝင်တယ်။ အဲဒီဆုတောင်းချက်ကို ရှီမာ လို့ခေါ်တယ်။ ရှီမာဟာ ဟီဘရူးစကားနဲ့ရေးထားတဲ့ အဲဒီအခန်းငယ်ရဲ့ ပထမဆုံးစကားလုံး ဖြစ်တယ်။ မနက်တိုင်း၊ ညနေတိုင်း အဲဒီဆုတောင်းချက်ကို ဂျူးတွေ ရွတ်ဆိုပြီး ဘုရားသခင်ကိုပဲ အကြွင်းမဲ့ဝတ်ပြုတယ်ဆိုတာ ဖော်ပြကြတယ်။

တရားဟောရာ ၆:၄ မှာပါတဲ့ စကားတွေဟာ ဘီစီ ၁၄၇၃ မှာ အစ္စရေးလူမျိုးကို မောရှေပြောခဲ့တဲ့ နောက်ဆုံးအမှာစကားထဲမှာ ပါဝင်တယ်။ အဲဒီတုန်းက အစ္စရေးတွေဟာ မောဘလွင်ပြင်မှာ ရောက်ရှိနေပြီး ဂျော်ဒန်မြစ်ကို ကူးဖို့၊ ကတိထားရာပြည်ကို သိမ်းပိုက်ဖို့ အသင့်ဖြစ်နေကြတယ်။ (တရား. ၆:၁၊ ၂) အစ္စရေးတွေကို မောရှေ ဦးဆောင်လာခဲ့တာ နှစ်ပေါင်း ၄၀ ရှိပြီ။ ရှေ့မှာကြုံရမယ့် အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ သူတို့ကို မောရှေ သတ္တိရှိစေချင်တယ်။ ယေဟောဝါကို ဘုရားသခင်အဖြစ် သူတို့ ယုံကြည်ကိုးစားဖို့၊ သစ္စာရှိဖို့ လိုအပ်တယ်။ မောရှေရဲ့ နောက်ဆုံးအမှာစကားတွေက သူတို့အတွက် အားပေးမှုဖြစ်ခဲ့မှာ သေချာတယ်။ ပညတ်တော်ဆယ်ပါးနဲ့ တခြားပညတ်တွေကို ပြောပြီးနောက် တရားဟောရာ ၆:၄၊ ၅ (ဖတ်ပါ။) မှာပါတဲ့ စကားတွေကို မောရှေပြောခဲ့တယ်။

၃။ ဒီဆောင်းပါးမှာ ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။

ယေဟောဝါဟာ ‘တစ်ဆူတည်းသော ယေဟောဝါ’ ဖြစ်တယ်ဆိုတာ အစ္စရေးတွေ မသိဘူးလား။ သိတာပေါ့။ ဘိုးဘေးတွေ ကိုးကွယ်တဲ့ တစ်ဆူတည်းသောဘုရားကိုပဲ သစ္စာရှိအစ္စရေးတွေ ကိုးကွယ်ကြတယ်။ ဒါဆို ယေဟောဝါဟာ ‘တစ်ဆူတည်းသော ယေဟောဝါ’ ဖြစ်တယ်လို့ မောရှေ ဘာကြောင့် ပြန်ပြောရတာလဲ။ အဲဒီအချက်က ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ ချစ်တာနဲ့ ဘယ်လို ဆက်စပ်နေသလဲ။ တရားဟောရာ ၆:၄၊ ၅ မှာပါတဲ့ စကားတွေက ကျွန်တော်တို့နဲ့ ဘယ်လို သက်ဆိုင်သလဲ။

ဘုရားသခင်ဟာ ‘တစ်ဆူတည်းသော ယေဟောဝါဖြစ်’

၄၊ ၅။ (က) ‘တစ်ဆူတည်းသော ယေဟောဝါ’ ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်တစ်ခုက ဘာလဲ။ (ခ) ယေဟောဝါဟာ တခြားဘုရားတွေနဲ့ ဘယ်လိုကွာခြားသလဲ။

ပြိုင်ဘက်ကင်း။ ဟီဘရူးစကားနဲ့ တခြားစကားတွေမှာ “တစ်ဆူတည်း” ဆိုတဲ့ စကားလုံးဟာ ကိန်းဂဏန်းလောက်ကိုသာ ဆိုလိုတာ မဟုတ်ဘူး။ ပြိုင်ဘက်ကင်းတယ်၊ ဘယ်သူမှ တုနှုိင်းလို့မရဘူးဆိုတဲ့ အဓိပ္ပာယ်လည်းရှိတယ်။ အဲဒီစကားလုံးကို မောရှေ ဘာကြောင့်သုံးခဲ့သလဲ။ သုံးပါးပေါင်းတစ်ဆူ အယူဝါဒမှားတယ်ဆိုတာ သက်သေပြဖို့ သုံးခဲ့တာ မဖြစ်နိုင်ဘူး။ ယေဟောဝါဟာ ကောင်းကင်မြေကြီး ဖန်ဆင်းရှင်၊ စကြဝဠာအချုပ်အခြာအာဏာရှင် ဖြစ်တယ်။ ကိုယ်တော်ကလွဲလို့ တခြားဘုရားမရှိဘူး။ ကိုယ်တော်သာ စစ်မှန်တဲ့ ဘုရားသခင်ဖြစ်တယ်။ (၂ ရာ. ၇:၂၂) ဒါကြောင့် ယေဟောဝါကိုပဲ အကြွင်းမဲ့ဝတ်ပြုဖို့ အစ္စရေးတွေကို မောရှေ သတိပေးခဲ့တာဖြစ်တယ်။ မှားယွင်းတဲ့ဘုရားတွေကို ကိုးကွယ်တဲ့ ပတ်ဝန်းကျင်ကလူတွေကို အတုမခိုးသင့်ဘူး။ အဲဒီဘုရားတွေက သဘာဝတရားရဲ့ အစိတ်အပိုင်းတစ်ခုခုကို ထိန်းချုပ်ထားတယ်လို့ သူတို့ ယုံကြည်ကြတယ်။

ဥပမာ၊ နေဘုရား ရာ၊ ကောင်းကင်ဘုရားမ နပ်၊ မြေဘုရား ဂက်၊ နိုင်းမြစ်ဘုရား ဟာပီနဲ့ တခြားတိရစ္ဆာန်များစွာကို အီဂျစ်တွေ ကိုးကွယ်ကြတယ်။ ယေဟောဝါဟာ အီဂျစ်ပြည်အပေါ် ကပ်ဘေးဆယ်ခု ကျရောက်စေချိန်မှာ အဲဒီဘုရားတွေထက် ပိုတန်ခိုးကြီးတယ်ဆိုတာ ဖော်ပြခဲ့တယ်။ ခါနာန်လူတွေရဲ့ အဓိကဘုရား ဗာလဟာ မျိုးပွားဘုရား ဖြစ်ပြီး ကောင်းကင်ဘုရား၊ မိုးဘုရားနဲ့ မုန်တိုင်းဘုရားလည်း ဖြစ်တယ်။ ဒေသများစွာမှာ လူတွေဟာ အကာအကွယ်ရဖို့ ဗာလကို အားကိုးကြတယ်။ (တော. ၂၅:၃) ဒါပေမဲ့ ယေဟောဝါဟာ “စစ်မှန်တဲ့ဘုရားသခင်” ဖြစ်ပြီး ‘တစ်ဆူတည်းသော ယေဟောဝါ’ ဖြစ်တယ်ဆိုတာ အစ္စရေးတွေ အမှတ်ရနေရမယ်။—တရား. ၄:၃၅၊ ၃၉ကဘ။

၆၊ ၇။ ‘တစ်ဆူတည်းသော ယေဟောဝါ’ ဆိုတဲ့စကားလုံးရဲ့ နောက်ထပ်အဓိပ္ပာယ်က ဘာလဲ။ ယေဟောဝါဟာ “တစ်ဆူတည်း” ဖြစ်ကြောင်း ဘယ်လိုဖော်ပြသလဲ။

မပြောင်းလဲတတ်၊ သစ္စာရှိ။ ‘တစ်ဆူတည်းသော ယေဟောဝါ’ ဆိုတဲ့စကားလုံးဟာ ကိုယ်တော့် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်မှုတွေကို အမြဲ ယုံကြည်စိတ်ချနိုင်တယ် ဆိုတဲ့အဓိပ္ပာယ်လည်း ရှိတယ်။ ယေဟောဝါဟာ စိတ်ဝေခွဲမရဖြစ်တဲ့၊ စိတ်ထင်တိုင်းလုပ်တတ်တဲ့ ဘုရား မဟုတ်ဘူး။ အဲဒီအစား အမြဲ သစ္စာရှိတယ်၊ ကတိတည်တယ်။ မပြောင်းလဲတတ်ဘူး။ ဥပမာ၊ အာဗြဟံရဲ့သားမြေးတွေကို ကတိထားရာပြည် ပေးမယ်လို့ သူ့ကို ဘုရားသခင် ကတိပေးခဲ့တယ်။ အဲဒီကတိပြည့်စုံစေဖို့ အံ့ဖွယ်အမှုများစွာ ပြုလုပ်ခဲ့တယ်။ နောက်နှစ်ပေါင်း ၄၃၀ ကြာသွားတာတောင် ယေဟောဝါရဲ့ ကတိ မပြောင်းလဲခဲ့ဘူး။—က. ၁၂:၁၊ ၂၊ ၇; ထွ. ၁၂:၄၀၊ ၄၁

နှစ်ပေါင်းများစွာကြာပြီးနောက် ယေဟောဝါက အစ္စရေးလူမျိုးကို မိမိရဲ့သက်သေဖြစ်စေခဲ့ပြီး ‘ငါဟာ မပြောင်းလဲတတ်တဲ့ အရှင်ပဲ။ ငါ့အရင် ဘယ်ဘုရားသခင်မှ မရှိခဲ့ဘူး။ ငါ့နောက်မှာလည်း ဘယ်ဘုရားမှ ရှိမှာမဟုတ်ဘူး’ လို့ ပြောခဲ့တယ်။ အဲဒီနောက် ‘ငါဟာ ဘယ်တော့မှ မပြောင်းလဲတဲ့ အရှင်ပဲ’ လို့ပြောပြီး မိမိရည်ရွယ်ချက် ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူးဆိုတာ ဖော်ပြခဲ့တယ်။ (ဟေရှာ. ၄၃:၁၀၊ ၁၃ကဘ; ၄၄:၆; ၄၈:၁၂) ဘယ်တော့မှမပြောင်းလဲတတ်တဲ့၊ သစ္စာရှိတဲ့ ယေဟောဝါဘုရားကို ဝတ်ပြုခွင့်ရတာ အစ္စရေးလူမျိုးအတွက်ရော ကျွန်တော်တို့အတွက်ပါ တကယ့်အခွင့်ထူးပါပဲ။—မာလ. ၃:၆; ယာ. ၁:၁၇

၈၊ ၉။ (က) မိမိကို ဝတ်ပြုသူတွေဆီကနေ ယေဟောဝါ ဘာမျှော်လင့်သလဲ။ (ခ) မောရှေပြောခဲ့တဲ့စကားကို ယေရှု ဘယ်လို အလေးပေးဖော်ပြခဲ့သလဲ။

ယေဟောဝါရဲ့ မေတ္တာနဲ့ ဂရုစိုက်မှုက ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူးဆိုတာ အစ္စရေးလူမျိုးကို မောရှေ ပြန်အမှတ်ရစေခဲ့တယ်။ အပြန်အလှန်အားဖြင့် မိမိကိုပဲ ကိုးကွယ်ဖို့၊ စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနဲ့ ပြန်ချစ်ဖို့ ယေဟောဝါ မျှော်လင့်တယ်။ မိဘတွေအနေနဲ့ အခွင့်အရေးရတိုင်း ကလေးတွေကို ယေဟောဝါအကြောင်း သင်ပေးသင့်တယ်။ ဒါဆို သူတို့လည်း ယေဟောဝါကိုပဲ အကြွင်းမဲ့ဝတ်ပြုလာပါလိမ့်မယ်။—တရား. ၆:၆-၉

ယေဟောဝါရဲ့ ရည်ရွယ်ချက် ဘယ်တော့မှ မပြောင်းလဲတဲ့အတွက် ဝတ်ပြုသူတွေဆီကနေ တောင်းဆိုထားတဲ့ အခြေခံတောင်းဆိုချက်တွေလည်း ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ ဝတ်ပြုမှုကို ယေဟောဝါ လက်ခံဖို့ဆိုရင် ကိုယ်တော့်ကိုပဲ အကြွင်းမဲ့ဝတ်ပြုပြီး စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနဲ့ ချစ်ရမယ်။ အဲဒါက အရေးကြီးဆုံးပညတ်ပဲလို့ ယေရှုပြောခဲ့တယ်။ (မာကု ၁၂:၂၈-၃၁ ကိုဖတ်ပါ။) ‘ငါတို့၏ဘုရားယေဟောဝါသည် တစ်ဆူတည်းသော ယေဟောဝါ’ ဖြစ်တယ်ဆိုတာ ယုံကြည်ကြောင်း လုပ်ရပ်နဲ့ ဘယ်လိုတင်ပြနိုင်မှန်း ဆွေးနွေးကြည့်ကြစို့။

ယေဟောဝါကိုပဲ အကြွင်းမဲ့ဝတ်ပြုပါ

၁၀၊ ၁၁။ (က) ဘယ်လိုသဘောနဲ့ ယေဟောဝါကိုပဲ အကြွင်းမဲ့ ဝတ်ပြုရမလဲ။ (ခ) ယေဟောဝါကိုပဲ အကြွင်းမဲ့ဝတ်ပြုကြောင်း ဗာဗုလုန်မှာရောက်နေတဲ့ ဟီဘရူးလူငယ်တွေ ဘယ်လိုတင်ပြကြသလဲ။

၁၀ ယေဟောဝါဟာ စစ်မှန်ပြီး တစ်ဆူတည်းသောဘုရား ဖြစ်တဲ့အတွက် ကိုယ်တော့်ကိုပဲ အကြွင်းမဲ့ ဝတ်ပြုသင့်တယ်။ တခြားဘုရားတွေနဲ့ ရောပြီး ဝတ်ပြုလို့မရဘူး။ ကျွန်တော်တို့ရဲ့ ဝတ်ပြုမှုမှာ မှားယွင်းတဲ့အတွေးအခေါ်တွေ၊ အပြုအမူတွေ ရောနှောလို့ မရဘူး။ ယေဟောဝါဟာ ဘုရားတွေထဲက ဘုရားတစ်ပါးလောက်သာ ဒါမှမဟုတ် ဘုရားတွေထဲမှာ တန်ခိုးအကြီးဆုံးဘုရားလောက်သာ မဟုတ်ဘူး။ ကိုယ်တော်တစ်ပါးတည်းသာ စစ်မှန်တဲ့ဘုရားဖြစ်တယ်။ ကိုယ်တော့်ကိုပဲ ဝတ်ပြုသင့်တယ်။ဗျာဒိတ် ၄:၁၁ ကိုဖတ်ပါ။

၁၁ ဒံယေလကျမ်းမှာ ဟီဘရူးလူငယ်တွေဖြစ်တဲ့ ဒံယေလ၊ ဟာနနိ၊ မိရှေလနဲ့ အာဇရိတို့အကြောင်း ဖတ်ရတယ်။ သူတို့က မသန့်ရှင်းတဲ့ အစားအစာတွေကို မစားရုံသာမက နေဗုခဒ်နေဇာ တည်ထားတဲ့ ရွှေရုပ်တုကို ဦးမချခြင်းအားဖြင့်လည်း ယေဟောဝါကိုပဲ အကြွင်းမဲ့ဝတ်ပြုကြောင်း တင်ပြကြတယ်။ ယေဟောဝါသာ သူတို့အတွက် အရေးကြီးဆုံးဖြစ်ပြီး ကိုယ်တော့်အပေါ် သစ္စာစောင့်သိကြတယ်။—ဒံ. ၁:၁-၃:၃၀

၁၂။ ယေဟောဝါကို အကြွင်းမဲ့ဝတ်ပြုချင်တယ်ဆိုရင် ဘာကို သတိထားရမလဲ။

၁၂ ကျွန်တော်တို့ရဲ့ဘဝမှာ ယေဟောဝါက ပထမနေရာမှာ ရှိရမယ်။ ယေဟောဝါကို အကြွင်းမဲ့ဝတ်ပြုချင်တယ်ဆိုရင် ကိုယ်တော့်နေရာမှာ တခြားအရာတွေ မဝင်လာအောင် သတိထားရမယ်။ ဘယ်အရာတွေ ဖြစ်နိုင်သလဲ။ မိမိကလွဲလို့ တခြားဘုရားတွေကို မကိုးကွယ်ဖို့၊ ရုပ်တုကိုးကွယ်မှု ပုံစံအမျိုးမျိုးကိုရှောင်ဖို့ ပညတ်တော်ဆယ်ပါးမှာ ယေဟောဝါ မိန့်မှာထားတယ်။ (တရား. ၅:၆-၁၀) ဒီနေ့အချိန်မှာ ရုပ်တုကိုးကွယ်မှုပုံစံ အမျိုးမျိုးရှိပြီး တချို့ကို ခွဲခြားသိရှိဖို့ ခက်နိုင်တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ တောင်းဆိုချက်တွေကတော့ မပြောင်းလဲဘူး။ ကိုယ်တော်ဟာ ‘တစ်ဆူတည်းသော ယေဟောဝါ’ ဖြစ်နေဆဲပါပဲ။ ဒါကြောင့် ရုပ်တုကိုးကွယ်မှုကို ဘယ်လိုရှောင်နိုင်မလဲဆိုတာ ကြည့်ကြစို့။

၁၃။ ယေဟောဝါထက် ဘယ်အရာတွေကို ပိုချစ်မိနိုင်သလဲ။

၁၃ ကျွန်တော်တို့ရဲ့ အကြွင်းမဲ့ဝတ်ပြုမှုကို ထိခိုက်စေနိုင်တဲ့ အရာတွေအကြောင်း ကောလောသဲ ၃:၅ (ဖတ်ပါ။) မှာ ဖတ်ရတယ်။ တပ်မက်ခြင်းကို ရုပ်တုကိုးကွယ်ခြင်းနဲ့ ဆက်စပ်ထားတယ်။ ဘာကြောင့်လဲဆိုတော့ ချမ်းသာဖို့၊ ဇိမ်ကျကျနေနိုင်ဖို့ စတဲ့ အလိုဆန္ဒတွေက ကျွန်တော်တို့ရဲ့ဘဝကို ဘုရားတစ်ပါးလို ထိန်းချုပ်လာနိုင်လို့ပဲ။ အဲဒီကျမ်းချက်မှာပါတဲ့ တခြားအပြစ်တွေလည်း ရုပ်တုကိုးကွယ်မှု ပုံစံတစ်မျိုးဖြစ်တဲ့ တပ်မက်ခြင်းနဲ့ ဆက်စပ်နေတယ်။ အဲဒီအရာတွေကို ငမ်းငမ်းတက် လိုချင်လာပြီဆိုရင် ယေဟောဝါကို အချစ်လျော့သွားနိုင်တယ်။ အဲဒီအခါ ယေဟောဝါက ကျွန်တော်တို့အတွက် ‘တစ်ဆူတည်းသော ယေဟောဝါ’ ဖြစ်တော့မှာ မဟုတ်ဘူး။ အဲဒီလို ဘယ်တော့မှ မဖြစ်ချင်ကြဘူး။

၁၄။ တမန်တော်ယောဟန် ဘယ်လို သတိပေးခဲ့သလဲ။

၁၄ တမန်တော်ယောဟန်လည်း အလားတူအချက်ကို ဖော်ပြခဲ့တယ်။ “သွေးသားတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကစည်းစိမ်၌ ဝါကြွားခြင်း” စတဲ့ လောကမှာရှိတဲ့အရာတွေကို ချစ်တဲ့သူဟာ ‘ခမည်းတော်ကို မချစ်တဲ့သူ’ ဖြစ်တယ်လို့ သတိပေးခဲ့တယ်။ (၁ ယော. ၂:၁၅၊ ၁၆) ဒါကြောင့် လောကကို ချစ်နေသလားဆိုတာ သိနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ပုံမှန်ဆန်းစစ်သင့်တယ်။ ကျွန်တော်တို့က လောကရဲ့ ဖျော်ဖြေရေး၊ အပေါင်းအသင်း၊ ဝတ်စားဖြီးလိမ်းပုံတွေကို နှစ်သက်နေတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် အဆင့်မြင့်ပညာ ဆည်းပူးခြင်းအားဖြင့် “ကြီးစွာသောအရာ” တွေကို လိုချင်နေတာ ဖြစ်နိုင်တယ်။ (ယေ. ၄၅:၄၊ ၅) ကမ္ဘာသစ် အရမ်းနီးနေပြီဖြစ်လို့ မောရှေရဲ့စကားကို အမှတ်ရနေဖို့ အရေးကြီးတယ်။ ‘ငါတို့၏ဘုရားယေဟောဝါသည် တစ်ဆူတည်းသော ယေဟောဝါ’ ဖြစ်တယ်ဆိုတာ နားလည်ပြီး အခိုင်အမာယုံကြည်မယ်ဆိုရင် ကိုယ်တော်နှစ်သက်တဲ့နည်းနဲ့ အကြွင်းမဲ့ဝတ်ပြု နိုင်ပါလိမ့်မယ်။—ဟေဗြဲ ၁၂:၂၈၊ ၂၉

ခရစ်ယာန်စည်းလုံးမှုကို ဆက်ထိန်းသိမ်းပါ

၁၅။ ဘုရားသခင်ဟာ ‘တစ်ဆူတည်းသော ယေဟောဝါ’ ဖြစ်တယ်လို့ ခရစ်ယာန်တွေကို ပေါလု ဘာကြောင့် ပြန်သတိရစေခဲ့သလဲ။

၁၅ ‘တစ်ဆူတည်းသော ယေဟောဝါ’ ဆိုတဲ့ အသုံးအနှုန်းက ယေဟောဝါဟာ မိမိကျေးကျွန်တွေကို စည်းလုံးစေချင်ပြီး ရည်ရွယ်ချက် တစ်ခုတည်းရှိစေချင်မှန်း ဖော်ပြတယ်။ ပထမရာစု အသင်းတော်မှာ ဂျူး၊ ဂရိ၊ ရောမနဲ့ တခြားလူမျိုးတွေ ရှိတယ်။ သူတို့ရဲ့ ဘာသာရေးနောက်ခံ၊ ဓလေ့ထုံးစံနဲ့ အကြိုက်တွေ မတူတဲ့အတွက် ဝတ်ပြုမှု ပုံစံအသစ်ကို လက်ခံဖို့၊ အကျင့်ဟောင်းတွေကို စွန့်လွှတ်ဖို့ တချို့ အခက်တွေ့ခဲ့ကြတယ်။ ဒါကြောင့် ခရစ်ယာန်တွေမှာ ဘုရားသခင် ယေဟောဝါ တစ်ဆူတည်းပဲရှိတယ်ဆိုတာ သူတို့ကို ပေါလု ပြန်သတိရစေခဲ့တယ်။—၁ ကောရိန္သု ၈:၅၊ ၆ ကိုဖတ်ပါ။

၁၆၊ ၁၇။ (က) ဒီနေ့အချိန်မှာ ဘယ်ပရောဖက်ပြုချက် ပြည့်စုံနေသလဲ။ ဘာရလဒ် ရရှိသလဲ။ (ခ) ကျွန်တော်တို့ရဲ့ စည်းလုံးမှုကို ဘာက ပျက်စီးစေနိုင်သလဲ။

၁၆ ဒီနေ့ခေတ် အသင်းတော်မှာကော ဘယ်လိုလဲ။ “နောက်ဆုံးသောကာလ” မှာ လူမျိုးအားလုံးထဲက လူတွေဟာ ယေဟောဝါကို အတူဝတ်ပြုကြလိမ့်မယ်လို့ ပရောဖက် ဟေရှာယ ကြိုဟောခဲ့တယ်။ “လမ်းခရီးတော်တို့ကို [ယေဟောဝါ] ပြသသွန်သင်တော်မူ၍ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်” လို့ သူတို့ ပြောကြလိမ့်မယ်။ (ဟေရှာ. ၂:၂၊ ၃) ဒီနေ့အချိန်မှာ အဲဒီပရောဖက်ပြုချက် ပြည့်စုံနေတာ မြင်ရလို့ ဝမ်းသာစရာပဲ။ ရလဒ်အနေနဲ့ အသင်းတော်တွေမှာ လူမျိုး၊ ဘာသာစကား၊ ယဥ်ကျေးမှု နောက်ခံအမျိုးမျိုးရှိသူတွေဟာ ယေဟောဝါကို စည်းစည်းလုံးလုံး ဝတ်ပြုနေကြတယ်။ ဒါပေမဲ့ အဲဒီကွဲပြားမှုတွေကြောင့် တစ်ခါတလေ ပြဿနာတွေ ပေါ်လာနိုင်တယ်။

အသင်းတော်မှာ စည်းလုံးငြိမ်သက်မှုရှိအောင် သင် လုပ်ဆောင်နေသလား (အပိုဒ် ၁၆-၁၉ ကိုကြည့်ပါ)

၁၇ ဥပမာ၊ သင်နဲ့ ယဥ်ကျေးမှု မတူတဲ့ ညီအစ်ကိုညီအစ်မတွေကို သင် ဘယ်လို ရှုမြင်သလဲ။ သူတို့ရဲ့ မိခင်ဘာသာစကား၊ ဝတ်စားပုံ၊ ပြုမူပုံ၊ အစားအသောက်တွေက သင်နဲ့ သိပ်ကွာခြားနိုင်တယ်။ သူတို့ကို ရှောင်ဖယ်ရှောင်ဖယ်လုပ်ပြီး သင်နဲ့နောက်ခံတူသူတွေကိုပဲ ပေါင်းသင်းသလား။ သင့်ထက် အသက်ငယ်တဲ့ ဒါမှမဟုတ် သင်နဲ့ လူမျိုး၊ ယဥ်ကျေးမှုမတူတဲ့ အကြီးအကဲတွေကို ဘယ်လို ရှုမြင်သလဲ။ သတိမထားဘူးဆိုရင် အဲဒီကွဲပြားမှုတွေက ကျွန်တော်တို့ကြားမှာရှိတဲ့ စည်းလုံးငြိမ်သက်မှုကို ပျက်စီးစေနိုင်တယ်။

၁၈၊ ၁၉။ (က) ဧဖက် ၄:၁-၃ မှာ ဘယ်အကြံဉာဏ်တွေကို တွေ့ရသလဲ။ (ခ) အသင်းတော်မှာ စည်းလုံးငြိမ်သက်မှု ဆက်ရှိနိုင်ဖို့ ဘယ်လို လုပ်ဆောင်နိုင်သလဲ။

၁၈ အဲဒီအန္တရာယ်တွေကို ဘယ်လို ရှောင်နိုင်သလဲ။ ချမ်းသာကြွယ်ဝပြီး နောက်ခံအမျိုးမျိုးရှိသူတွေ နေထိုင်တဲ့ ဧဖက်မြို့ကခရစ်ယာန်တွေကို ပေါလု လက်တွေ့ကျအကြံဉာဏ်တွေ ပေးခဲ့တယ်။ (ဧဖက် ၄:၁-၃ ကိုဖတ်ပါ။) စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း၊ မေတ္တာစတဲ့ အရည်အသွေးတွေကို ပေါလု ဖော်ပြခဲ့တယ်။ အဲဒီအရည်အသွေးတွေဟာ အိမ်တစ်လုံးကို ထောက်မပေးတဲ့ တိုင်တွေနဲ့ တူတယ်။ ဒါပေမဲ့ တိုင်လုံးတွေရှိရုံနဲ့ မလုံလောက်ဘူး။ အိမ်မပျက်စီးအောင် ပုံမှန် ထိန်းသိမ်းစောင့်ရှောက်ဖို့လည်း လိုအပ်တယ်။ အဲဒီလိုပဲ ဧဖက်မြို့ကခရစ်ယာန်တွေလည်း ‘စွမ်းအားတော်ကြောင့်ရတဲ့ တစ်လုံးတစ်ဝတည်းအဖြစ်ကို ကြိုးစားအားထုတ်ပြီး စောင့်ရှောက်’ ဖို့၊ တစ်နည်းအားဖြင့် စည်းလုံးမှုကို ထိန်းသိမ်းဖို့ လိုအပ်တယ်လို့ ပေါလု ပြောခဲ့တယ်။

၁၉ အသင်းတော်စည်းလုံးမှုကို ထိန်းသိမ်းကာကွယ်ဖို့ ကျွန်တော်တို့ယောက်တိုင်းမှာ တာဝန်ရှိတယ်။ ဘယ်လို ထိန်းသိမ်းနိုင်သလဲ။ ဦးဆုံး၊ ပေါလုပြောခဲ့တဲ့ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း၊ မေတ္တာစတဲ့ အရည်အသွေးတွေကို မွေးမြူပြီး တင်ပြရမယ်။ ဒုတိယ၊ စည်းလုံးစေတဲ့ “ငြိမ်သက်ခြင်း အနှောင်အဖွဲ့” ပိုခိုင်မာလာအောင် ကြိုးစားအားထုတ်ရမယ်။ နားလည်မှုလွဲတာတွေက ငြိမ်သက်မှုကို ပျက်စီးစေတဲ့ အက်ကြောင်းတွေနဲ့တူတယ်။ ဒါကြောင့် စည်းလုံးငြိမ်သက်မှု ဆက်ရှိနိုင်ဖို့ နားလည်မှုလွဲတာတွေကို ကြိုးစားဖြေရှင်းသင့်တယ်။

၂၀။ ‘ငါတို့၏ဘုရားယေဟောဝါသည် တစ်ဆူတည်းသော ယေဟောဝါ’ ဖြစ်တယ်ဆိုတာ နားလည်ကြောင်း ကျွန်တော်တို့ ဘယ်လို တင်ပြနိုင်သလဲ။

၂၀ ‘ငါတို့၏ဘုရားယေဟောဝါသည် တစ်ဆူတည်းသော ယေဟောဝါ ဖြစ်တော်မူ၏။’ တကယ့်ကို ထိမိတဲ့စကားပါပဲ။ ကတိထားရာပြည်ထဲဝင်ပြီး သိမ်းပိုက်ချိန်မှာ ကြုံရမယ့် အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ အဲဒီစကားတွေက အစ္စရေးတွေကို ကူညီပေးခဲ့တယ်။ မကြာခင်ရောက်လာတော့မယ့် ကြီးစွာသောဒုက္ခကို ရင်ဆိုင်နိုင်ဖို့၊ ကမ္ဘာသစ်မှာ စည်းလုံးငြိမ်သက်မှု ဆက်ရှိနေအောင် လုပ်ဆောင်ဖို့ အဲဒီစကားတွေက ကျွန်တော်တို့ကိုလည်း ကူညီပေးပါလိမ့်မယ်။ ယေဟောဝါကို ချစ်ပြီး စိတ်နှလုံးအကြွင်းမဲ့ အမှုဆောင်ခြင်းအားဖြင့်၊ အသင်းတော်မှာ စည်းလုံးငြိမ်သက်မှုရှိအောင် ကြိုးစားခြင်းအားဖြင့် ယေဟောဝါကိုပဲ အကြွင်းမဲ့ဝတ်ပြုကြောင်း တင်ပြကြပါစို့။ အဲဒီလိုလုပ်ဆောင်မယ်ဆိုရင် ကျွန်တော်တို့ကို သိုးတွေအဖြစ် ယေရှု စီရင်ပါလိမ့်မယ်။ “ငါ့ခမည်းတော်၏ ကောင်းချီးမင်္ဂလာကို ခံရသောသူတို့၊ ဤလောကတည်ချိန်မှစ၍ သင်တို့အတွက် ပြင်ဆင်ထားသောနိုင်ငံကို လာ၍ အမွေခံကြလော့” ဆိုတဲ့စကားတွေ ပြည့်စုံတာကိုလည်း ကျွန်တော်တို့ မြင်တွေ့ရပါလိမ့်မယ်။—မ. ၂၅:၃၄