မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တခြားသူတွေရဲ့ အမှားကြောင့် တိုက်မိမလဲပါနဲ့

တခြားသူတွေရဲ့ အမှားကြောင့် တိုက်မိမလဲပါနဲ့

‘အချင်းချင်း ဆက်၍ အကြွင်းမဲ့ ခွင့်လွှတ်ကြလော့။’—ကော. ၃:၁၃

သီချင်း– ၁၂၁၊ ၇၅

၁၊ ၂။ ယေဟောဝါလူမျိုးရဲ့ တိုးတက်မှုကို ကျမ်းစာမှာ ဘယ်လို ကြိုဟောထားသလဲ။

ယေဟောဝါရဲ့ သစ္စာရှိသက်သေတွေနဲ့ ဖွဲ့စည်းထားတဲ့ ထူးခြားတဲ့အဖွဲ့အစည်းတစ်ခု ကမ္ဘာပေါ်မှာ ရှိတယ်။ အဲဒီအဖွဲ့အစည်းကို မစုံလင်သူတွေ၊ အမှားမကင်းသူတွေနဲ့ ဖွဲ့စည်းထားပေမဲ့ သန့်ရှင်းသောစွမ်းအားတော်အားဖြင့် ယေဟောဝါ လမ်းညွှန်ပေးနေတယ်။ သူတို့ကို ယေဟောဝါ ကောင်းချီးပေးနေတဲ့ နည်းလမ်းတချို့အကြောင်း ဆွေးနွေးကြည့်ကြစို့။

၁၉၁၄ တုန်းက ကမ္ဘာပေါ်မှာ ဘုရားသခင့်ကျေးကျွန် လက်တစ်ဆုပ်စာပဲရှိခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့ ဟောပြောခြင်းလုပ်ငန်းကို ယေဟောဝါ ကောင်းချီးပေးတယ်။ ရလဒ်အနေနဲ့ လူသန်းပေါင်းများစွာဟာ ကျမ်းစာအမှန်တရား သိလာပြီး ယေဟောဝါသက်သေတွေ ဖြစ်လာကြတယ်။ အဲဒီအံ့ဖွယ်တိုးတက်မှုအကြောင်း ယေဟောဝါ အခုလို ကြိုဟောခဲ့တယ်– ‘သူငယ်တစ်ယောက်သည် လူတစ်ထောင်ဖြစ်ရလိမ့်မည်။ အားနည်းသောသူတစ်ယောက်သည် အားကြီးသောလူမျိုး ဖြစ်ရလိမ့်မည်။ ငါယေဟောဝါသည် အချိန်ရောက်လျှင် ထိုအမှုကို နှိုးဆော်မည်။’ (ဟေရှာ. ၆၀:၂၂) အဲဒီပရောဖက်ပြုချက် ပြည့်စုံနေတာကို ဒီနေ့ခေတ်မှာ အထင်အရှား တွေ့မြင်နိုင်တယ်။ နိုင်ငံပေါင်းများစွာရဲ့ စုစုပေါင်းလူဦးရေထက် ယေဟောဝါသက်သေဦးရေက ပိုများနေတယ်။

၃။ ဘုရားသခင့်ကျေးကျွန်တွေက မေတ္တာကို ဘယ်လို တင်ပြနေကြသလဲ။

ဒီနောက်ဆုံးကာလမှာ ယေဟောဝါဟာ သူ့ရဲ့ အဓိကအရည်အသွေးဖြစ်တဲ့ မေတ္တာကို မွေးမြူနိုင်အောင် ကျေးကျွန်တွေကို ကူညီပေးနေတယ်။ (၁ ယော. ၄:၈) ဘုရားသခင့်မေတ္တာကို တုပတဲ့ ယေရှုက နောက်လိုက်တွေကို အခုလို ပြောတယ်– “အချင်းချင်းချစ်ကြလော့ဟူသော ပညတ်သစ်ကို ငါပေး၏။ သင်တို့အချင်းချင်းချစ်ကြလျှင် ထိုချစ်ခြင်းမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်များဖြစ်ကြောင်း လူအပေါင်းတို့ သိရကြလိမ့်မည်။” (ယော. ၁၃:၃၄၊ ၃၅) မကြာသေးခင်နှစ်တွေအတွင်း တိုင်းပြည်တွေ စစ်ဖြစ်ချိန်မှာ ယေဟောဝါရဲ့လူမျိုးကတော့ အဲဒီမေတ္တာကို တင်ပြခဲ့ကြတယ်။ ဥပမာ၊ ဒုတိယကမ္ဘာစစ်မှာ လူပေါင်း ၅၅ သန်းလောက် သေဆုံးခဲ့ပေမဲ့ အဲဒီသတ်ဖြတ်မှုမှာ ယေဟောဝါသက်သေတစ်ယောက်မှ မပါဝင်ခဲ့ဘူး။ (မိက္ခာ ၄:၁၊ ကိုဖတ်ပါ။) ဒါကြောင့် ‘လူအပေါင်းတို့၏သွေးပြစ်နှင့် ကင်းလွတ်’ နိုင်ခဲ့ကြတယ်။—တ. ၂၀:၂၆

၄။ ယေဟောဝါလူမျိုးရဲ့ တိုးတက်မှုက ဘာကြောင့် ထူးခြားသလဲ။

ဒီလောကကို ‘လောကစနစ်ရဲ့ဘုရား’ စာတန် အုပ်ချုပ်နေတာတောင် ယေဟောဝါရဲ့လူမျိုးကတော့ ဆက်တိုးတက်နေတယ်။ (၂ ကော. ၄:၄) လောကနိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေကို သုံးပြီး ဟောပြောခြင်းလုပ်ငန်း ရပ်တန့်သွားအောင် စာတန် ကြိုးစားနေပေမဲ့ မအောင်မြင်ဘူး။ ဒါပေမဲ့ သူ့အချိန် တစ်ခဏပဲကျန်တော့တာ သိတဲ့အတွက် ယေဟောဝါကို ကျွန်တော်တို့ ဝတ်မပြုတော့အောင် နည်းအမျိုးမျိုးနဲ့ ဆက်ကြိုးစားနေတယ်။—ဗျာ. ၁၂:၁၂

သစ္စာစောင့်သိမှုနဲ့ပတ်သက်တဲ့ စမ်းသပ်မှု

၅။ ကျွန်တော်တို့ စိတ်ထိခိုက်အောင် တခြားသူတွေ ဘာကြောင့် ပြောဆိုပြုမူမိနိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

ဘုရားသခင်နဲ့ လူသားချင်းကို ချစ်ဖို့ အရေးကြီးမှန်း ဘုရားသခင့်ကျေးကျွန်တွေ သိတယ်။ “‘သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှဖြင့် တစ်သက်တာလုံး ချစ်လော့။’ ဤပညတ်သည် အကြီးမြတ်ဆုံးနှင့် ပထမဆုံးပညတ်ဖြစ်၏။ ဤပညတ်နှင့်ဆင်တူသည့် ဒုတိယပညတ်ကား ‘လူသားချင်းကို ကိုယ်နှင့်အမျှ ချစ်လော့’ ဟူ၍ဖြစ်၏” လို့ ယေရှု ပြောတယ်။ (မ. ၂၂:၃၅-၃၉) လူသားအားလုံးဟာ အာဒံရဲ့ အပြစ်ကြောင့် မစုံလင်မှုကို အမွေခံခဲ့ရတယ်လို့ ကျမ်းစာပြောတယ်။ (ရောမ ၅:၁၂၊ ၁၉ ကိုဖတ်ပါ။) ဒါကြောင့် ညီအစ်ကိုညီအစ်မတချို့ရဲ့ အပြောအဆို၊ အပြုအမူက ကျွန်တော်တို့ကို စိတ်ထိခိုက်မိစေနိုင်တယ်။ အဲဒီအခါ ယေဟောဝါနဲ့ ညီအစ်ကိုညီအစ်မတွေအပေါ်ထားတဲ့မေတ္တာ စမ်းသပ်ခံရနိုင်တယ်။ အဲဒီလိုအခြေအနေမျိုးမှာ ဘာဆက်လုပ်ကြမလဲ။ ရှေးခေတ် သစ္စာရှိကျေးကျွန်တွေတောင် တခြားသူတွေ စိတ်ထိခိုက်အောင် ပြောဆိုပြုမူခဲ့ကြတဲ့အကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ သူတို့ဆီကနေ ဘာသင်ယူနိုင်တယ်ဆိုတာ ကြည့်ကြစို့။

သင်သာ ဧလိနဲ့ သူ့သားတွေလက်ထက်တုန်းက အစ္စရေးမှာ အသက်ရှင်ခဲ့ရင် ဘယ်လို တုံ့ပြန်မိမလဲ (အပိုဒ် ၆ ကိုကြည့်ပါ)

၆။ ဧလိဟာ ဘယ်သဘောနဲ့ သားတွေကိုဆုံးမဖို့ ပျက်ကွက်ခဲ့သလဲ။

ဥပမာ၊ ယဇ်ပုရောဟိတ်မင်းဧလိရဲ့ သားနှစ်ယောက်က ယေဟောဝါရဲ့ ပညတ်တွေကို မနာခံဘူး။ ‘ဧလိ၏သားတို့သည် ယေဟောဝါကို မသိ၊ အဓမ္မလူဖြစ်ကြ၏’ လို့ ကျမ်းစာပြောတယ်။ (၁ ရာ. ၂:၁၂) ဖခင်ဟာ စစ်မှန်တဲ့ဝတ်ပြုရေးမှာ အဓိကတာဝန်ရှိသူဖြစ်ပေမဲ့ သားနှစ်ယောက်ကတော့ အပြစ်ကြီးတွေ ကျူးလွန်နေကြတယ်။ သားနှစ်ယောက်ရဲ့ လုပ်ရပ်ဆိုးကို ဧလိ သိပေမဲ့ ခပ်ပေါ့ပေါ့ပဲ ဆုံးမခဲ့တယ်။ ဒါကြောင့် ဧလိနဲ့ သားနှစ်ယောက်ကို ယေဟောဝါ အပြစ်ပေးခဲ့တယ်။ နောက်ပိုင်း၊ ယဇ်ပုရောဟိတ်မင်းအဖြစ် အမှုဆောင်ဖို့ ဧလိရဲ့သားစဥ်မြေးဆက်တွေကို ယေဟောဝါ ခွင့်မပြုတော့ဘူး။ (၁ ရာ. ၃:၁၀-၁၄) သင်သာ ဧလိခေတ်မှာ အသက်ရှင်ခဲ့မယ်ဆိုရင် သားတွေ အပြစ်လုပ်တာကို ဧလိ လွှတ်ထားလို့ တိုက်မိလဲသွားမလား။ ယေဟောဝါအပေါ် ယုံကြည်ခြင်းအားနည်းလာပြီး ဆက်ဝတ်မပြုတော့တဲ့အထိတောင် ဖြစ်သွားမလား။

၇။ ဘယ်အပြစ်ကြီးတွေကို ဒါဝိဒ် ကျူးလွန်ခဲ့သလဲ။ ဘုရားသခင် ဘယ်လို တုံ့ပြန်သလဲ။

ဒါဝိဒ်ကို ယေဟောဝါ သိပ်ချစ်တယ်။ “စိတ်နှလုံးတော်နှင့်ညီညွတ်သောသူ” လို့တောင် ခေါ်ခဲ့တယ်။ (၁ ရာ. ၁၃:၁၃၊ ၁၄; တ. ၁၃:၂၂) ဒါပေမဲ့ နောက်ပိုင်းမှာ အပြစ်ကြီးတွေကို ဒါဝိဒ် ကျူးလွန်ခဲ့တယ်။ ဥရိယ စစ်တိုက်ထွက်နေတုန်း သူ့မိန်းမ ဗာသရှေဘနဲ့ အိမ်ထောင်ရေးဖောက်ပြန်ပြီး ဗာသရှေဘမှာ ကိုယ်ဝန်ရှိလာတယ်။ အပြစ်ပေါ်မှာစိုးလို့ ဥရိယကို ရှေ့တန်းကနေ ပြန်ခေါ်ပြီး အိမ်ပြန်ခိုင်းတယ်။ သူသာ အိမ်ပြန်သွားရင် မွေးလာတဲ့ကလေးကို သူ့ကလေးလို့ လူတွေ ထင်မှာပဲ။ ဒါပေမဲ့ ဥရိယ အိမ်မပြန်ဘူး။ ဒါကြောင့် တိုက်ပွဲမှာ ဥရိယသေအောင် ဒါဝိဒ် စီစဥ်ခဲ့တယ်။ သူ့ရဲ့ အပြစ်ကြီးတွေကြောင့် သူရော မိသားစုပါ ဆိုးကျိုးတွေ ခံစားခဲ့ရတယ်။ (၂ ရာ. ၁၂:၉-၁၂) ဒါပေမဲ့ အသက်တာတစ်လျှောက်လုံးနီးပါး “ဖြောင့်မတ်စုံလင်သောစိတ်သဘော” နဲ့ ကျင့်ကြံခဲ့တဲ့ သူ့ကို ယေဟောဝါ မေတ္တာပြပြီး ခွင့်လွှတ်ခဲ့တယ်။ (၃ ရာ. ၉:၄) သင်သာ အဲဒီခေတ်မှာ အသက်ရှင်နေမယ်ဆိုရင် ဒါဝိဒ်ရဲ့ လုပ်ရပ်အတွက် ဘယ်လိုခံစားရမလဲ။ ယေဟောဝါကို ဆက်ဝတ်မပြုတော့ဘဲ တိုက်မိလဲသွားမလား။

၈။ (က) ပြောတဲ့အတိုင်းလုပ်ဖို့ ဘယ်လိုနည်းနဲ့ ပေတရု ပျက်ကွက်ခဲ့သလဲ။ (ခ) ပေတရု မှားပြီးနောက် သူ့ကို ယေဟောဝါ ဘာကြောင့် ဆက်အသုံးပြုခဲ့သလဲ။

ကျမ်းစာပုံနမူနာ နောက်တစ်ခုကတော့ တမန်တော် ပေတရု ဖြစ်တယ်။ သူ့ကို တမန်တော်အဖြစ် ယေရှု ရွေးချယ်ခဲ့တယ်။ ဒါတောင် တစ်ခါတလေ သူ ပြောမှားဆိုမှား၊ လုပ်မှားကိုင်မှား ဖြစ်ခဲ့တယ်။ ဥပမာ၊ ယေရှုကို တခြားသူတွေ စွန့်သွားရင်တောင် သူကတော့ လုံးဝမစွန့်ဘူးလို့ အပြောကြီးခဲ့တယ်။ (မာ. ၁၄:၂၇-၃၁၊ ၅၀) တကယ်တမ်း ယေရှုအဖမ်းခံရတဲ့အခါ ပေတရုအပါအဝင် တမန်တော်အားလုံး စွန့်ခွာထွက်ပြေးကြတယ်။ အဲဒီနောက် ယေရှုကို မသိပါဘူးလို့ သုံးကြိမ်တိတိ ပေတရု ငြင်းဆိုခဲ့တယ်။ (မာ. ၁၄:၅၃၊ ၅၄၊ ၆၆-၇၂) ဒါပေမဲ့ သူ့လုပ်ရပ်ကို အကြီးအကျယ်နောင်တရတဲ့အတွက် သူ့ကို ယေဟောဝါ ခွင့်လွှတ်ပြီး ဆက်အသုံးပြုခဲ့တယ်။ သင်သာ အဲဒီတုန်းက တပည့်တစ်ယောက်ဖြစ်မယ်ဆိုရင် ပေတရုရဲ့လုပ်ရပ်ကြောင့် ယေဟောဝါအပေါ် သစ္စာစောင့်သိမှု ထိခိုက်သွားမလား။

၉။ ယေဟောဝါရဲ့လုပ်ရပ် အမြဲမျှတတယ်ဆိုတာ သင် ဘာကြောင့် ယုံကြည်စိတ်ချသလဲ။

တခြားသူတွေ အကြီးအကျယ်ထိခိုက်အောင် ယေဟောဝါရဲ့ ကျေးကျွန်တချို့ လုပ်ခဲ့တယ်ဆိုတာ အထက်မှာဖော်ပြခဲ့တဲ့ ဥပမာတွေကနေ သိရတယ်။ ဒီနေ့ခေတ်မှာသာ အဲဒီလို ဖြစ်ခဲ့ရင် သင် ဘာလုပ်မလဲ။ အစည်းအဝေးတွေ မတက်တော့ဘဲ နေမလား။ ယေဟောဝါနဲ့ ကိုယ်တော့်လူမျိုးကို စွန့်သွားမလား။ ဒါမှမဟုတ် ယေဟောဝါဟာ သနားကြင်နာတတ်ပြီး လူတစ်ယောက် နောင်တရဖို့ စောင့်နေတာဖြစ်နိုင်တယ်လို့ သင် ယူမှတ်မလား။ ကြီးလေးတဲ့အပြစ် ကျူးလွန်သူတွေဟာ ယေဟောဝါရဲ့ ကြင်နာမှုကို လျစ်လျူရှုပြီး နောင်တမယူတဲ့အခါတွေ ရှိနိုင်တယ်။ သူတို့ကို အချိန်တန်တဲ့အခါ ယေဟောဝါ စီရင်မယ်၊ အသင်းတော်ကနေတောင် ဖယ်ရှားပစ်နိုင်တယ်ဆိုတာ သင် ယုံကြည်စိတ်ချမလား။ ယေဟောဝါရဲ့လုပ်ရပ် အမြဲမှန်ကန်၊ မျှတတယ်ဆိုတာ သင် ယုံကြည်သလား။

ဆက်သစ္စာစောင့်သိပါ

၁၀။ ယုဒရှကာရုတ်နဲ့ ပေတရုရဲ့ အမှားတွေနဲ့ပတ်သက်ပြီး ယေရှု ဘာသိထားသလဲ။

၁၀ အနီးဝန်းကျင်က လူတချို့ ကြီးလေးတဲ့အပြစ်တွေလုပ်ပေမဲ့ ယေဟောဝါနဲ့ ကိုယ်တော့်လူမျိုးအပေါ် ဆက်သစ္စာစောင့်သိခဲ့သူများစွာအကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ ဥပမာ၊ ယေရှုဟာ ဖခင်ဆီ တစ်ညလုံး ဆုတောင်းပြီးနောက် တမန်တော် ၁၂ ယောက်ကို ရွေးချယ်ခဲ့တယ်။ ဒါပေမဲ့ သူတို့ထဲက တစ်ယောက်ဖြစ်တဲ့ ယုဒရှကာရုတ်က နောက်ပိုင်းမှာ ယေရှုကို သစ္စာဖောက်ခဲ့တယ်။ တမန်တော်ပေတရုလည်း ယေရှုကို မသိဘူးလို့ ငြင်းပယ်ခဲ့တယ်။ ဒါပေမဲ့ ယေရှုကတော့ ယေဟောဝါနဲ့ ဆက်ဆံရေးကို အထိအခိုက် မခံခဲ့ဘူး။ (လု. ၆:၁၂-၁၆; ၂၂:၂-၆၊ ၃၁၊ ၃၂) သူတို့လုပ်ရပ်တွေက ယေဟောဝါရဲ့ အမှားမဟုတ်ဘူး၊ ကိုယ်တော့်လူမျိုးရဲ့အမှားလည်း မဟုတ်ဘူးဆိုတာ သူသိတယ်။ တမန်တော်တချို့က စိတ်ပျက်အောင်လုပ်ပေမဲ့ လုပ်စရာရှိတာကို ယေရှု သစ္စာရှိရှိ ဆက်လုပ်ဆောင်ခဲ့တယ်။ ရလဒ်အနေနဲ့ သူ့ကို ယေဟောဝါ ထမြောက်ပေးပြီး ကောင်းကင်နိုင်ငံတော်ဘုရင်အဖြစ် နောက်ပိုင်းမှာ ခန့်အပ်ခဲ့တယ်။—မ. ၂၈:၇၊ ၁၈-၂၀

၁၁။ ဒီနေ့ခေတ် ဘုရားသခင့်လူမျိုးနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘယ်လို ကြိုဟောထားသလဲ။

၁၁ ယေရှုရဲ့ ပုံနမူနာက ယေဟောဝါနဲ့ ကိုယ်တော့်လူမျိုးအပေါ် သစ္စာစောင့်သိဖို့ ကျွန်တော်တို့ကို ကူညီပေးတယ်။ အဲဒီလိုလုပ်သင့်တဲ့ အကြောင်းကောင်းတွေ ရှိတယ်။ ဒီနောက်ဆုံးကာလမှာ မိမိကျေးကျွန်တွေကို ယေဟောဝါ လမ်းညွှန်ပေးနေတယ်။ တစ်ကမ္ဘာလုံးမှာ ဟောပြောဖို့ သူတို့ကို ကူညီပေးနေတယ်။ သူတို့ပဲ ဒီလုပ်ငန်းကို လုပ်ဆောင်နေကြတယ်။ ယေဟောဝါရဲ့ သွန်သင်မှုကြောင့် သူတို့ စည်းလုံး၊ ပျော်ရွှင်နေကြတယ်။ “ငါ၏ကျွန်တို့သည် ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုကြလိမ့်မည်” ဆိုတဲ့ ကြိုဟောချက်က ဘုရားသခင့်လူမျိုးရဲ့ အခြေအနေကို ဖော်ပြနေတယ်။—ဟေရှာ. ၆၅:၁၄

၁၂။ တခြားသူတွေရဲ့အမှားကြောင့် ဘယ်လိုလုပ်တာက ပညာမဲ့ရာကျသလဲ။

၁၂ ကောင်းမှုများစွာ လုပ်ဆောင်နိုင်ဖို့ ယေဟောဝါ လမ်းညွှန်၊ ကူညီပေးနေတဲ့အတွက် ကျွန်တော်တို့ ပျော်ရွှင်ကြတယ်။ စာတန့်လောကမှာရှိတဲ့ လူတွေကတော့ အနာဂတ်မျှော်လင့်ချက် မရှိဘူး။ ဒါကြောင့် ညီအစ်ကိုညီအစ်မ တစ်ယောက်ယောက်ရဲ့ အမှားကြောင့် ယေဟောဝါနဲ့ ကိုယ်တော့်လူမျိုးကို စွန့်သွားတာဟာ သိပ်ပညာမဲ့ရာကျတယ်။ အဲဒီအစား ယေဟောဝါအပေါ် ဆက်သစ္စာစောင့်သိပြီး လမ်းညွှန်ချက်တွေကို လိုက်နာဖို့ လိုအပ်တယ်။ တခြားသူတွေရဲ့အမှားကို ဘယ်လိုရှုမြင်ရမယ်၊ ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာလည်း သင်ယူဖို့ လိုအပ်တယ်။

သင် ဘယ်လိုတုံ့ပြန်သင့်သလဲ

၁၃၊ ၁၄။ (က) အချင်းချင်းကို ဘာကြောင့် စိတ်ရှည်သင့်သလဲ။ (ခ) ဘယ်ကတိစကားကို အမှတ်ရနေသင့်သလဲ။

၁၃ သင် စိတ်ထိခိုက်အောင် ညီအစ်ကိုညီအစ်မ တစ်ယောက်ယောက် ပြောဆိုပြုမူတဲ့အခါ ဘာလုပ်သင့်သလဲ။ “အမျက်ထွက်သည်တိုင်အောင် စိတ်မတိုနှင့်။ အမျက်သည် မိုက်သောသူ၏စိတ်နှလုံး၌ နေရာကျတတ်၏” လို့ ကျမ်းစာ အကြံပေးတယ်။ (ဒေ. ၇:၉) ကျွန်တော်တို့အားလုံး စုံလင်မှုနဲ့ ဝေးကွာလာတာ အနှစ် ၆,၀၀၀ လောက်ရှိပြီ။ မစုံလင်သူတွေဖြစ်တဲ့အတွက် မှားတတ်ကြတယ်။ ဒါကြောင့် ညီအစ်ကိုညီအစ်မတွေဆီက တရားလွန် မမျှော်လင့်သင့်ဘူး။ သူတို့ရဲ့အမှားတွေကို တနုံ့နုံ့ တွေးမနေသင့်ဘူး။ အဲဒီလိုသာ တွေးနေမယ်ဆိုရင် ယေဟောဝါရဲ့အမှုတော်မှာ ပျော်ရွှင်တော့မှာ မဟုတ်ဘူး။ ပိုဆိုးတာက ယုံကြည်ခြင်းအားနည်းလာပြီး ယေဟောဝါရဲ့ အဖွဲ့အစည်းကိုတောင် စွန့်သွားမိနိုင်တယ်။ အဲဒီအခါ ယေဟောဝါရဲ့ အလိုတော်ထမ်းဆောင်ခွင့်အပြင် ကမ္ဘာသစ်အသက်တာ မျှော်လင့်ချက်ပါ ဆုံးၡုံးသွားနိုင်တယ်။

၁၄ တခြားသူတွေရဲ့ အမှားကြောင့် စိတ်အနှောင့်အယှက်ဖြစ်တဲ့အခါ ပျော်ရွှင်မှု မပျောက်သွားအောင် ဘာလုပ်နိုင်သလဲ။ “ကြည့်ရှုလော့။ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အရင်မိုးကောင်းကင်နှင့် မြေကြီးကို မအောက်မေ့ရ။ နှလုံးမမှတ်မိရ” ဆိုတဲ့ ကတိစကားကို အမှတ်ရပါ။ (ဟေရှာ. ၆၅:၁၇; ၂ ပေ. ၃:၁၃) သင်သာ ဆက်သစ္စာစောင့်သိမယ်ဆိုရင် အဲဒီကောင်းချီးတွေကို ခံစားရပါလိမ့်မယ်။

၁၅။ တခြားသူတွေ အမှားလုပ်တဲ့အခါ ဘာလုပ်သင့်တယ်လို့ ယေရှု ပြောခဲ့သလဲ။

၁၅ ကျွန်တော်တို့ ကမ္ဘာသစ်ထဲ မရောက်သေးတဲ့အတွက် တစ်ယောက်ယောက်က ကျွန်တော်တို့ စိတ်ထိခိုက်အောင် ပြောဆိုပြုမူတဲ့အခါ ယေဟောဝါ ဘယ်လို တုံ့ပြန်စေချင်တယ်ဆိုတာ စဥ်းစားဖို့လိုတယ်။ ဥပမာ၊ “သင်တို့သည် သူတစ်ပါး၏ပြစ်မှားမှုများကို ခွင့်လွှတ်လျှင် ကောင်းကင်ဘုံရှိ သင်တို့၏အဖသည်လည်း သင်တို့၏ပြစ်မှားမှုများကို ခွင့်လွှတ်တော်မူလိမ့်မည်။ သူတစ်ပါး၏ပြစ်မှားမှုများကို ခွင့်မလွှတ်လျှင် ကောင်းကင်ဘုံရှိ သင်တို့၏အဖသည် သင်တို့၏ပြစ်မှားမှုများကို ခွင့်လွှတ်တော်မမူ” လို့ ယေရှု ပြောခဲ့တယ်။ နောက်တစ်ကြိမ်မှာလည်း ပေတရုက “ခုနစ်ကြိမ်တိုင်အောင်” ခွင့်လွှတ်ရမလားလို့ မေးတဲ့အခါ ယေရှုက “ခုနစ်ကြိမ်တိုင်အောင် မဟုတ်။ ခုနစ်ဆယ့်ခုနစ်ကြိမ်တိုင်အောင် ခွင့်လွှတ်ရမည်” လို့ ပြန်ဖြေခဲ့တယ်။ ဆိုလိုတာက တခြားသူတွေကို ခွင့်လွှတ်ဖို့ အမြဲ လိုလိုလားလားရှိရမယ် ဆိုတဲ့သဘောဖြစ်တယ်။—မ. ၆:၁၄၊ ၁၅; ၁၈:၂၁၊ ၂၂

၁၆။ ဘယ်စံနမူနာကောင်းကို ယောသပ် ချမှတ်ခဲ့သလဲ။

၁၆ တခြားသူတွေ အမှားလုပ်တဲ့အခါ ဘယ်လိုတုံ့ပြန်ရမယ် ဆိုတာနဲ့ပတ်သက်ပြီး ယောသပ် စံနမူနာကောင်း ချမှတ်ခဲ့တယ်။ သူဟာ ယာကုပ်နဲ့ ရာခေလရဲ့ သားနှစ်ယောက်ထဲက အကြီးဖြစ်တယ်။ ယာကုပ်မှာ နောက်ထပ် သားဆယ်ယောက်လည်း ရှိသေးတယ်။ အားလုံးထဲမှာ ယောသပ်ကို ပိုချစ်တဲ့အတွက် အစ်ကိုဆယ်ယောက်က မနာလိုဖြစ်ပြီး ကျွန်အဖြစ် ရောင်းစားခဲ့တယ်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ယောသပ်ဟာ သူ့ရဲ့လုပ်ရပ်ကောင်းကြောင့် အီဂျစ်ပြည်ရဲ့ ဒုတိယအုပ်စိုးရှင် ဖြစ်လာတယ်။ နောက်ပိုင်း၊ အငတ်ဘေးကျရောက်တဲ့အခါ အစားအစာဝယ်ဖို့ အီဂျစ်ပြည်ကို ယောသပ်အစ်ကိုတွေ ရောက်လာကြတယ်။ သူတို့ကို ယောသပ်မှတ်မိပေမဲ့ သူတို့ကတော့ ယောသပ်ကို မမှတ်မိဘူး။ သူတို့ရဲ့ ရက်စက်မှုအတွက် ကလဲ့စားချေဖို့ အချိန်အခါကောင်းပဲ။ ဒါပေမဲ့ သူတို့ရဲ့ စိတ်သဘောထား ပြောင်းမပြောင်းသိဖို့ ယောသပ် စမ်းသပ်ခဲ့တယ်။ သူတို့ ပြောင်းလဲတာကို သိသွားတဲ့အခါ သူဘယ်သူလဲဆိုတာ ဖွင့်ပြောပြီး “မစိုးရိမ်ကြနှင့်။ သင်တို့နှင့် သူငယ်များကို ကျွန်ုပ်ကျွေးမွေးမည်” လို့ ပြောခဲ့တယ်။ “သူတို့ကို နှစ်သိမ့်စေ၍ မေတ္တာစကားကို ပြောလေ၏” လို့ ကျမ်းစာမှာ ဆက်ဖော်ပြတယ်။—က. ၅၀:၂၁

၁၇။ တခြားသူတွေ အမှားလုပ်တဲ့အခါ သင် ဘယ်လို တုံ့ပြန်ချင်သလဲ။

၁၇ လူတိုင်း အမှားမကင်းတဲ့အတွက် သင်လည်း တခြားသူတွေ စိတ်ထိခိုက်အောင် လုပ်မိနိုင်တယ်ဆိုတာ သတိရပါ။ တစ်ယောက်ယောက်ကို စိတ်ထိခိုက်အောင် လုပ်မိမှန်း သိလာတဲ့အခါ ကျမ်းစာအကြံဉာဏ်ကို လိုက်နာပါ။ ခွင့်လွှတ်ဖို့ တောင်းပန်ပါ။ သူနဲ့ ပြန်သင့်မြတ်အောင် ကြိုးစားပါ။ (မဿဲ ၅:၂၃၊ ၂၄ ကိုဖတ်ပါ။) တခြားသူတွေရဲ့ ခွင့်လွှတ်မှုကို ကျွန်တော်တို့ ရချင်သလို ကိုယ့်ဘက်ကလည်း သူတို့ကို ခွင့်လွှတ်သင့်တယ်။ “တစ်ဦးနှင့် တစ်ဦး မကျေနပ်စရာအကြောင်းရှိလျှင် အချင်းချင်း ဆက်၍သည်းခံလျက် အကြွင်းမဲ့ခွင့်လွှတ်ကြလော့။ ယေဟောဝါဘုရားသည် သင်တို့ကို အကြွင်းမဲ့ခွင့်လွှတ်တော်မူသကဲ့သို့ သင်တို့လည်း ထိုနည်းတူပြုကြလော့” လို့ ကောလောသဲ ၃:၁၃ မှာ ပြောတယ်။ မေတ္တာက “ထိခိုက်နစ်နာမှုကို မှတ်၍မထားတတ်” လို့ ၁ ကောရိန္သု ၁၃:၅ မှာ ပြောတယ်။ တခြားသူတွေကို ခွင့်လွှတ်ရင် ယေဟောဝါလည်း ကျွန်တော်တို့ကို ခွင့်လွှတ်ပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့အမှားလုပ်တဲ့အခါ ဖခင်ယေဟောဝါ ကရုဏာပြသလို ကျွန်တော်တို့လည်း တခြားသူတွေ အမှားလုပ်တဲ့အခါ ကရုဏာပြကြပါစို့။ဆာလံ ၁၀၃:၁၂-၁၄ ကိုဖတ်ပါ။